အသဲအသန်အခြေအနေ
Vol. 186 Ch. 2651
စကားပြောလိုက်သည့် စီနီယာမှာ ထျန်းယန်မြို့သခင်ဟောင်း ဖြစ်ပြီး သူက မကောင်းဆိုးဝါးအိုကြီးကဲ့သို့ တည်ရှိမှုဖြစ်သည်။ သူ ပထမဆုံး နာမည်ကျော်ကြားလာချိန်၌ အရှင်ဒွန်ဟောင်ပင် မမွေးသေးပေ။
သူက ထျန်းယန်မြို့ကို လူငယ်မျိုးဆက်များလက်ထဲသို့ လွှဲပေးခဲ့ပြီးနောက် သူ့ကိုယ်သူ ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားခဲ့ပြီး အတားအဆီးအား ချိုးဖျက်ကာ မဟာအင်ပါယာအဆင့်သို့ ဝင်ရောက်ရန် ကြိုးစားနေခဲ့သည်။ သို့သော် ထိုအဆင့်သို့ ရောက်ရှိရန်မှာ စိန်ခေါ်မှုကြီးမားလှသည့်အတွက် သူက သမရိုးကျမဟုတ်သည့် နည်းလမ်းတချို့ကို စိတ်ကူးမိခဲ့သည်။ ၎င်းသည် ယခင်က အခြားမည်သူမှ မလျှောက်ဖူးခဲ့သည့် လမ်းဖြစ်သောကြောင့် အောင်မြင်နိုင်လိမ့်မည်လား နှစ်ပေါင်းမည်မျှ အချိန်ယူရမည်ကို မသိဘဲ စမ်းတဝါးဝါး လုပ်ဆောင်နေရသည်။
သို့သော် သူ မည်သည့်အခါမှ ထင်မှတ်မထားခဲ့သည်မှာ တစ်နေ့၌ ထျန်းယန်မြို့က ဘေးဒုက္ခဆိုးကြီးနှင့် ကြုံတွေ့ရပြီး ထျန်းယန်မြို့ရှင်သန်နိုင်ရန် သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်မှုကို လိုအပ်လာလိမ့်မည်ကိုပင် ဖြစ်သည်။
"ဝမ်ကျန်း။"
ထျန်းယန်မြို့သခင်ဟောင်းက ခေါ်လိုက်သည်။ ဝမ်ကျန်းဟူသည်မှာ လက်ရှိ ထျန်းယန်မြို့သခင်၏ အမည်ဖြစ်ပေသည်။
"ထျန်းယန်မဟာဝင်္ကပါကို အသင့်ပြင်လိုက်။ ဘိုးဘေးက မရှိတော့ရင်တောင် ငါတို့က တတ်နိုင်သလောက် များများ သတ်ပစ်ရမယ်။ ငါ အဲဒီလိုအလုပ်မျိုးကို ကိုယ်တိုင်မလုပ်ရတာ အချိန်အကြာကြီးရှိပြီ။"
ထျန်းယန်မြို့သခင်ဟောင်း၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် အလင်းရောင်တို့နှင့် ပြည့်နှက်နေပြီး ၎င်းတို့အတွင်း၌ သတ်ဖြတ်လိုစိတ်များဖြင့် လောင်ကျွမ်းနေခဲ့သည်။
"ကောင်းပါပြီ။"
ဝမ်ကျန်းက အမိန့်ကို လက်ခံပြီးနောက် စီစဥ်မှုများ ပြုလုပ်လိုက်သည်။
ထျန်းယန်မြို့မှ ကျင့်ကြံသူများက သတင်းလက်ခံရရှိသည့်အခါ နေရာအသီးသီးမှ ကျင့်ကြံသူများက ထျန်းယန်မြို့အတွင်း စတင်စုဝေးလာသည်။ အချိန်ခဏအတွင်း မမြင်ရသည့်ဖိအားတစ်ခုက ထျန်းယန်မြို့ကို လွှမ်းခြုံလာပြီး အခြေအနေကို တင်းမာလာစေရန် ပြုလုပ်နေသည်။
ဤအခြေအနေသည် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု စီဝေ့ကြယ်ကမ္ဘာသို့ ရောက်လာစဥ်ကနှင့် ဆင်တူသည်။ ယခုတွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားရုံသာဖြစ်ပြီး ထိုကဲ့သို့ ကြီးမားသော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်မှာ ထျန်းယန်မြို့ ဖြစ်သွားခဲ့ပေသည်။
တစ်ချိန်က ခမ်းနားထည်ဝါကာ ဂုဏ်သတင်း ကျော်ဇောခဲ့သည့် ထျန်းယန်မြို့က ယနေ့ကဲ့သို့ အဖြစ်မျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
အချိန်က တဖြေးဖြေး ကုန်ဆုံးသွားနေပြီး ထျန်းယန်မြို့အတွင်း အမျိုးမျိုးသော တန်ပြန်တိုက်ခိုက်ရေး အစီအစဥ်များ ချမှတ်နေကြသည်။
နောက်ဆုံးတွင် ထျန်းယန်မြို့အထက် ကောင်းကင်၌ ကျင့်ကြံသူတစ်စု ဆင်းသက်လာပြီး ချောက်ချားဖွယ် ချုပ်ကိုင်လွှမ်းမိုးနိုင်သည့် စွမ်းအားတို့က ထျန်းယန်မြို့ကို လွှမ်းခြုံလာသည်။
"သူတို့ရောက်လာကြပြီ။"
ထျန်းယန်မြို့နယ်နိမိတ်အတွင်းမှ မရေတွက်နိုင်သည့် ကျင့်ကြံသူများက ခေါင်းများကို မော့ကာ ကောင်းကင်၌ ထွက်ပေါ်လာသည့် ထိုလူစုကို ကြည့်လိုက်ကြသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။ ရီဖူရှင်းနှင့် အခြားလူများက ထျန်းယန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ရောက်လာသည့်သူများမှာ အများကြီး မဟုတ်သော်လည်း လူတိုင်းက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးသူများဖြစ်ကြသည်။
ဦးဆောင်လာသူက ရီဖူရှင်း ဖြစ်သည်။
သူတို့က အလွန် လျင်မြန်စွာ လှုပ်ရှားခဲ့ကြပြီး မြို့သခင်အိမ်တော်ထက်မှ ကောင်းကင်တွင် ထွက်ပေါ်လာရန် အချိန်သိပ်မယူခဲ့ရပေ။ မြို့သခင်အိမ်တော်သည် အလွန် ကျယ်ပြောပြီး နေရောင်အောက်၌ အရောင်တောက်ပနေသည့် ကြီးမားကာ ခမ်းနားထည်ဝါသော ရွှေမြို့တော်တစ်ခုနှင့် ဆင်တူသည်။
ထျန်းယန်မြို့သခင် ဝမ်ကျန်းက ကောင်းကင်ထက်သို့ မော့ကာ မြို့သခင်အိမ်တော်ထက် ကောင်းကင်တွင် ရပ်နေသည့် ရီဖူရှင်းနှင့် အခြားလူများကို ကြည့်လိုက်သည်။ အားကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတို့က မြို့တစ်ခွင်ကို ဖုံးလွှမ်းနေပြီး လေထဲရှိ လူတိုင်းက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ရပ်နေကြပေသည်။
သူတို့ထံမှ အရှိန်အဝါကို ခံစားမိသည့်အခါ ဝမ်ကျန်း၏ မျက်လုံးများက ထက်ရှလာသည်။ သူသည် ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာ၏ မဟာအကြီးအကဲ၊ သခင်ချန်နှင့် သူ့ဇနီး ဟွာဂျီယူတို့ ခြံရံ၍ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံးက မဟာလမ်းစဥ် ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူများ ဖြစ်ကြသည်။
ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားသည့် ရီဖူရှင်းအပြင် ဤနေရာသို့ စီဝေ့ကြယ်ကမ္ဘာမှ အထွတ်အထိပ် ကျင့်ကြံသူသုံးယောက် ရောက်လာပေသည်။
ထို့ပြင် နောက်ထပ် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် အစွမ်းထက်ကျင့်ကြံသူအချို့ဖြစ်သော တာအိုဆရာတော်မု၊ မုရုံယွီ၊ အင်ပါယာရှီ၊ မျက်မမြင်ထျယ်၊ ဂူတုံးလျှို၊ ရန်ဝူချီ၊ ဖန်းစွင်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဟွာချင်းချင်းအပြင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ဆေးအင်ပါယာလည်း ရှိနေသည်။
ထိုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်စုသည် ထျန်းယန်မြို့သခင်အိမ်တော်အတွင်းမှ ကျင့်ကြံသူများကို အကြောက်တရားများနှင့် တုန်ယင်လာစေသည်။
သူတို့ရှေ့မှ လူစု၏ အင်အားမှာ မည်သည့် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုချင်းစီမှ ယှဥ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ခဲ့ပေ။ ထျန်းယန်မြို့မှ အားလုံးသော အင်အားစုများကို ဆင့်ခေါ်ခဲ့လျှင်ပက် သူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်နေပေသည်။
ထျန်းယန်မြို့အတွက် မျှော်လင့်ချက်တစ်ခုခု ရှိနိုင်ပါသေးရဲ့လား။
မြို့သခင်အိမ်တော် အပြင်ဘက် ထျန်းယန်မြို့အတွင်းမှ ကျင့်ကြံသူများ၏ နှလုံးသားများသည်လည်း ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ ဤလူစုက မယုံနိုင်လောက်အောင် ထိတ်လန့်အံ့သြဖွယ် ကောင်းလှပေသည်။ တစ်ချိန်က စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကျင့်ကြံသူတစ်ဦးသာလျှင် ဖြစ်သည့် သခင်ချန်က မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့လိမ့်မည်ဟု မည်သူက ထင်လိမ့်ပါမည်နည်း။ သူက မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိသည့် တစ်စုံတစ်ယောက် ဖြစ်ပေသည်။ နှစ်ပေါင်းတစ်ရာအတောအတွင်း စီဝေ့ကြယ်ကမ္ဘာအား ချိပ်စည်းဖွင့်ကာ ရီဖူရှင်းက ဆက်ခံခဲ့ပြီးနောက် ထိုကဲ့သို့ အစွမ်းထက် အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။ မည်မျှ ထိတ်လန့်အံ့သြဖွယ် တိုးတက်မှုဖြစ်သနည်း။
ဤသည်မှာ စီဝေ့ကြယ်ကမ္ဘာ၏ ထိပ်တန်းကျင့်ကြံသူ အများကြီး ထွက်ပေါ်လာသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့၏ ပထမဆုံး တိုက်ပွဲက ထျန်းယန်မြို့၌ ဖြစ်လေသည်။
"ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါကို အသက်သွင်းတော့။"
မြို့သခင်၏ အေးစက်သည့် အမိန့်သံထွက်ပေါ်လာသည်နှင့် ရုတ်ချည်းပင် ရွှေရောင်အလင်းတို့က မြို့သခင်အိမ်တော်မှ ထိုးထွက်လာပြီး ကောင်းကင်အမြင့်သို့ ဦးတည်သွားသည်။ မရေတွက်နိုင်သော နတ်အလင်းတို့က ကျောက်တိုင်များကဲ့သို့ ကောင်းကင်ကိုကျော်လွန်ကာ ကန့်လန့်ဖြတ်၍ ပေါင်းစည်းလာသည်။
မကြာခင်၌ အဆုံးမဲ့ကြီးမားလှသော နတ်ဘုရားဝင်္ကပါတစ်ခုက ကောင်းကင်ထက်တွင် ဖြစ်တည်လာပြီး ထျန်းယန်မြို့သခင်အိမ်တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းက ကြောက်မက်ဖွယ်အကောင်းဆုံး နတ်ဝင်္ကပါတစ်ခုဖြစ်သော ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါ ဖြစ်သည်။ မြို့သခင်အိမ်တော်အတွင်းမှ အားလုံးသော နတ်အလင်းတို့က လောကရှိအရာအားလုံးကို ဒေါသဖြစ်နေသကဲ့သို့ ကောင်းကင်တွင် စုဝေးလာသည်။
ဘုန်း...
မြို့သခင်ဟောင်း၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားကာ ကောင်းကင်ထက်၌ ပြန်လည် ထွက်ပေါ်လာသည်။ သူ၏ မဟာလမ်းစဥ်နယ်မြေနှင့် ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပသည့် နတ်အလင်းတို့ဖြင့် ဖုံးလွှမ်းခံထားရကာ အဆက်မပြတ် ကြီးမားကျယ်ပြန့်လာပြီး မည်သူမှ ဆန့်ကျင်၍ မရနိုင်သော အစွမ်းထက် ကောင်းကင်နတ်ဘုရားနှင့် အလားသဏ္ဌာန်တူလာပေသည်။
"မင်းက ဒီကိုလာပြီး အသေခံချင်မှတော့ ပြန်ထွက်သွားဖို့ စဥ်းစားမနေတော့နဲ့။"
ထျန်းယန်မြို့သခင်ဟောင်းက ရှင်းလင်း ကျယ်လောင်စွာ ပြောလိုက်ပြီး မြို့သခင်အိမ်တော် အတွင်းအပြင်မှ လူတိုင်းက သူ၏ ရှင်းလင်းထင်ရှားသော အသံကို ကြားလိုက်ကြရသည်။
ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါမှ နတ်အလင်းတို့က သူ့ခန္ဓာကိုယ်နှင့် သူ၏ မဟာလမ်းစဥ်တို့ဖြင့် ပေါင်းစပ်သွားကာ တစ်ခုနှင့်တစ်ခု ခွဲထုတ်၍ မရနိုင်တော့ပေ။ သူက နတ်ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ၎င်းကို တိုက်ရိုက်ထိန်းချုပ်နိုင်ပေသည်။
နှစ်ပေါင်းများစွာအတွင်း သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာရန်အတွက် အတားအဆီးအား ချိုးဖျက်ရန် နည်းလမ်းပေါင်းများစွာ ရှာဖွေခဲ့သည်။ သူက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး အဆုံးတွင် သူ့ကိုယ်သူ ထက်ရှသည့် နတ်ဘုရားလက်နက်အဖြစ် ပြောင်းလဲကာ ထိန်းချုပ်သည့် နည်းလမ်းကို အသုံးပြုရန် စတင်ခဲ့သည်။ ၎င်းကို ထျန်းယန်မဟာအင်ပါယာက သူ့အား လမ်းညွှန်ပေးခဲ့ပြီး သူက ထိုလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့သည်။
ရီဖူရှင်းက ခေါင်းမော့ကာ ထျန်းယန်မြို့၏ ဘိုးဘေးကို ကြည့်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များက ပိုမို ပြင်းထန်လာသည်။
"သွား။"
မြို့သခင်ဟောင်းက ရေရွတ်လိုက်သည်။ ရုတ်တရက် ထျန်းယန်မြို့သခင်အိမ်တော်အတွင်းမှ ပုန်းကွယ်နေသည့် လက်နက်များ ပျံသန်းထွက်လာကာ ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါနှင့် တိုက်ရိုက်ပေါင်းစပ်သွားပြီး ဝင်္ကပါမှ အလင်းများကို စုပ်ယူလိုက်သည်။ ၎င်းက နှိုင်းယှဥ်၍ပင် မရနိုင်သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ မြို့သခင်အိမ်တော်တစ်ခုလုံးကို ထိုဖျက်ဆီးခြင်းအရှိန်အဝါတို့က လွှမ်းခြုံသွားသည်။
ဤသို့သော ခွန်အားမျိုးသည် ထျန်းယန်မြို့သခင်အိမ်တော်အတွင်းမှ ကျင့်ကြံသူများအားလုံးကို အံ့အားသင့်သွားစေခဲ့ပြီး သူတို့၏ ယခင် စိုးရိမ်ပူပန်နေမှုများကို လွင့်ပြယ်သွားစေခဲ့သည်။
သူတို့၏ မြို့သခင်ဟောင်းသည် အခြားနတ်လက်နက်များကို ပေါင်းစပ်၍ နတ်ဝင်္ကပါကို ထိန်းချုပ်ရန် ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းက အတိအကျ မည်သည့်စွမ်းအား ဖြစ်သနည်း။
သူက ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဖြစ်ရပေမည်။ ထိုကဲ့သို့သော အဆင့်တွင် သူဖွဲ့စည်းထားသည့် နတ်ဘုရားဝင်္ကပါက ကျိန်းသေ မည်သူ့ကိုမှ ရှင်သန်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
"မင်းက ကောင်းကင်လမ်းကို လျှောက်ရမယ့်အစား ငရဲတံခါးကို လာခေါက်နေတာပဲ။"
ထျန်းယန်မြို့သခင်ဟောင်းက အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။ သူ့အသံက ပုံမှန်ထက်ပို၍ အာဏာဆန်နေပေသည်။
"ထျန်းယန်မြို့မှာ မဟာအင်ပါယာ မတည်ရှိတော့ရင်တောင် ထျန်းယန်မြို့က တည်ရှိနေသေးတယ်။ အဲဒါက မင်းလိုချင်တပ်မက်ရမယ့် အရာမျိုးမဟုတ်ဘူး။"
သူ့စကားသံ ဆုံးသွားသည်နှင့် နတ်ဘုရားလက်နက်များမှ တုနှိုင်းမဲ့အလင်းတို့ကို ထုတ်လွှတ်လိုက်ကာ ရီဖူရှင်းနှင့် သူ့အဖွဲ့ထံ ဦးတည်သွားခဲ့သည်။
ရီဖူရှင်းက နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ထားပြီး ထျန်းယန်မြို့မှ ကျင့်ကြံသူများသည်လည်း ၎င်းကို မြင်တွေ့ကြပေသည်။ ၎င်းသည် အစကနဦး၌ သူတို့ပိုင်ဆိုင်ခဲ့သော နတ်ဘုရားလက်နက်တစ်ခု ဖြစ်ပေသည်။ သို့သော် မဟာအင်ပါယာ၏ စွမ်းအားမရှိတော့သည့်အတွက် ရီဖူရှင်းက ထိုနတ်ဘုရားလက်နက် စွမ်းအားကို အပြည့်အဝ အသုံးချနိုင်လိမ့်မည်မဟုတ်ဘဲ သူ၏ တိုးတက်လာမည့် စွမ်းအားကလည်း အကန့်အသတ်ရှိပေသည်။
ထိုအချိန်တွင် စွမ်းအားမျှင်များက နတ်ဘုရားလက်နက်အတွင်း ဝင်ရောက်လာသည်။ ချက်ချင်းပင် ကောင်းကင်တူက ပြိုင်ဘက်ကင်းနတ်ရောင်ဝါတို့နှင့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။ သူက ခေါင်းကိုမော့ကာ ကောင်းကင်ထက်ရှိ မြို့သခင်ဟောင်းကို ကြည့်လိုက်ပြီး ကောင်းကင်သို့ ခြေလှမ်းလိုက်သည်။ နတ်ဘုရားကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။
တစ်ချိန်တည်းတွင် သူ့လက်ထဲရှိ ကောင်းကင်တူမှ ပြင်းထန်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက ကောင်းကင်တူနှင့် သက်ဆိုင်သည့် လမ်းစဥ်ကို ကောင်းစွာမသိသော်လည်း သူသည် လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်ခုနစ်မှ တစ်ခုဖြစ်သော စောင့်ရှောက်သူ၏ နတ်ဘုရားတူကို ကျွမ်းကျင်ပေသည်။
ဘန်း...
ရီဖူရှင်းက ရှေ့သို့ ထပ်လှမ်းလိုက်ပြီး ခြေတစ်လှမ်းတည်းနှင့် လေဟာနယ်က တုန်ခါသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ ပုံရိပ်က ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သူ တစ်ဖန်ပြန်ထွက်ပေါ်လာသည့်အခါ မြို့သခင်ဟောင်း၏ အရှေ့၌ ဖြစ်လေသည်။ နတ်ဘုရားလက်နက်တစ်ခုဖြစ်သည့် ကောင်းကင်တူက အောက်သို့ ရိုက်ချလိုက်ပြီး ၎င်း၏ စွမ်းအားများက ကောင်းကင်ကို ဖိနှိပ်ကာ တလောကလုံး ရှင်းလင်းသုတ်သင်ခံလိုက်ရသလို တိတ်ဆိတ်သွားခဲ့သည်။
မြို့သခင်ဟောင်း၏ မျက်နှာက ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှုတို့နှင့် လျင်မြန်စွာ ပြောင်းလဲနေခဲ့သည်။ သူသည် ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါအတွင်းမှ နတ်ဘုရားလက်နက်များနှင့် ရှေ့သို့တက်ကာ အရူးအမူး သတ်ဖြတ်ချင်ခဲ့သည်။ သို့သော် မြေပြင်သို့ ဆင်းသက်လာသည့် နတ်ဘုရားကဲ့သို့သော ရီဖူရှင်းက ကောင်းကင်တူကို ကိုင်ဆောင်ရင်း တိုက်ခိုက်မှုအားလုံးကို ချေဖျက်ကာ မြို့သခင်ဟောင်း၏ ရင်ဘတ်သို့ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ချက်ချင်းပင် မရေတွက်နိုင်သော ဖျက်ဆီးခြင်းလှိုင်းများက သူ့ပေါ်သို့ ကျရောက်လာကာ မြို့သခင်ဟောင်း၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ အမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။ သူ့စိတ်ဝိညာဥ်သည်လည်း ချက်ချင်း ပြိုကွဲပျောက်ကွယ်သွားကာ နေရာမှာပင် ဆိုးဆိုးဝါးဝါး သေဆုံးသွားရသည်။
သူ မသေဆုံးခင် အော်ဟစ်ရန် အခွင့်အရေးလေးပင် မရလိုက်ပေ။
ထျန်းယန်မြို့သခင်အိမ်တော်မှ ကျင့်ကြံသူများအားလုံးသည် သူတို့ရှေ့၌ ဖြစ်ပျက်သွားသမျှ အရာအားလုံးကို ပြူးကျယ်သော မျက်လုံးများနှင့် အံ့သြမှင်တက်စွာ ကြည့်နေခဲ့သည်။
သူက ထိုကဲ့သို့ သေဆုံးသွားခဲ့သည်လား။
ရီဖူရှင်းနှင့် အခြားလူများကို ဤနေရာ၌ ထာဝရမြှုပ်နှံပစ်မည်ဟု ကြွေးကြော်ခဲ့သော သူတို့၏ ပြိုင်ဘက်ကင်းအစွမ်းထက်သူ မြို့သခင်ဟောင်းက အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။
ပြီးဆုံးသွားခဲ့ပြီးလား။
သူတို့၏ မရေရာသော မျှော်လင့်ချက်တို့က ပျောက်ဆုံးသွားရကာ တစ်ဖန် စိတ်ပျက်အားငယ်သွားခဲ့ရပေသည်။
မြို့သခင်ဟောင်းသည်ပင် တိုက်ခိုက်မှု တစ်ချက်တည်းနှင့် သေဆုံးသွားခဲ့ရသည်။ ထျန်းယန်မြို့သခင် အိမ်တော်၌ ရီဖူရှင်းနှင့် ယှဥ်ရန် အသုံးပြုရန် မည်သည့်အရာ ရှိပါသေးသနည်း။
"သတ်..."
ထျန်းယန်မြို့သခင်၏ မျက်မှာထက်တွင် ကြောက်မက်ဖွယ်ဖြစ်လာသည် အကြည့်တို့ရှိနေခဲ့ပြီး သူက အမိန့်ပေးလိုက်သည်။ သူ့အသံထွက်ပေါ်လာသည်နှင့် ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါမှ တိုက်ခိုက်မှုများ ထွက်ပေါ်လာသော်လည်း ရီဖူရှင်း လှုပ်ရှားမှုမပြုလုပ်ခင် တစ်ချက်လေးသာ ကြည့်လိုက်သည်။ ကောင်းကင်တူ၏ နောက်ထပ်တိုက်ခိုက်မှုက ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါထက်သို့ တိုက်ရိုက်ကျရောက်လာသည်။ ချက်ချင်းပင် နတ်ဝင်္ကပါပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာပြီး ပြိုကျပျက်စီးသွားခဲ့သည်။
မြို့သခင်အိမ်တော်အပြင်ဘက်မှ ကျင့်ကြံသူများအားလုံးက သူတို့ရှေ့၌ ပြိုကျပျက်စီးသွားသည်ကို မြင်လိုက်ရသည့်အခါ တုန်ယင်သွားကြပေသည်။
ထျန်းယန်မြို့သခင်ဟောင်းက မည်သည့်နေရာသို့ ရောက်သွားပါသနည်း။
ရီဖူရှင်းက ခေါင်းငုံ့ကာ အောက်ဘက်သို့ ကြည့်လိုက်ပြီး သူ၏ အေးစက်သော မျက်လုံးများထဲ၌ အားကောင်းသည့် သတ်ဖြတ်လိုစိတ်များက ကျန်ရှိနေဆဲ ဖြစ်ပေသည်။ ထျန်းယန်မြို့သခင်၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့နေသည့် အရိပ်အယောင်တို့ ပေါ်ပေါက်လာပြီး အမှန်တကယ် စိတ်ပျက်အားငယ်လာပေသည်။
ရီဖူရှင်းက သူတို့၏ နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်တူကို ကိုင်ဆောင်ထားပြီး ထျန်းယန်မြို့မှ လူများသည် ရီဖူရှင်းအား ရပ်တန့်၍ မရနိုင်သည်ကို သိရှိလာကြသည်။ မြို့သခင်ဟောင်းဖြစ်စေ ကောင်းကင်ချုပ်နှောင်နတ်ဝင်္ကပါဖြစ်စေ နှစ်ခုလုံးက တစ်ချက်တည်းနှင့် ဖျက်ဆီးခံလိုက်ရပေသည်။
ဤသည်က ထျန်းယန်မြို့၏ အဆုံးသတ်ပေလား။
"မင်း လိုချင်တာ ဘာဖြစ်ဖြစ် ကျုပ်ပေးနိုင်တယ်။"
ထျန်းယန်မြို့သခင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။
"ထျန်းယန်မြို့က စီဝေ့ကြယ်ကမ္ဘာကို အကြိမ်ပေါင်းများစွာ ကျူးကျော်ခဲ့ပေမယ့် ဘယ်တုန်းကမှ ကတိမဖျက်ခဲ့ဖူးဘူး။"
ထိုစကားလုံးများ ပြောလိုက်သည့်အခါ လူတိုင်းသည် သူက မည်သည့်အခါမှ အနိုင်မရနိုင်သည့်အတွက်ကြောင့် လက်လျှော့သွားခြင်းဖြစ်သည်ကို နားလည်လိုက်ပေသည်။ သူက ရီဖူရှင်းထံ အညံ့ခံ၍ အပေးအယူလုပ်ချင်နေသည်။
"ဒူးထောက်။"
ရီဖူရှင်းက အောက်ဘက်သို့ ကြည့်ကာ ထျန်းယန်မြို့သခင်ကို အေးစက်စွာ ပြောလိုက်သည်။ သူ၏ အမိန့်ပေးမှုကြောင့် ထျန်းယန်မြို့သခင် မျက်နှာက မြင်မကောင်းအောင် အရုပ်ဆိုးသွားခဲ့ပေသည်။
သူ့ကို ဒူးထောက်ရန် ပြောနေသည်လား။
မြို့သခင်အိမ်တော် အတွင်းနှင့်အပြင်မှ ကျင့်ကြံသူများအားလုံး၏ နှလုံးသားတို့က တုန်ယင်သွားခဲ့ပေသည်။
ရီဖူရှင်းက ထျန်းယန်မြို့သခင်ကို ဒူးထောက်ရန် ပြောနေသည်လား။
ရှေးဟောင်းနတ်ဘုရားကလန်များထဲမှ တစ်ခုဖြစ်သော ထျန်းယန်မြို့၏ ခေါင်းဆောင် မြို့သခင်က အစော်ကားခံနေရလေသည်။