← Chapters

သေဆုံးခြင်း

Vol. 186 Ch. 2653

သေဆုံးခြင်း

Vol. 186 Ch. 2653

ထျန်းယန်မြို့သခင်က ဒူးထောက်လျက် သေဆုံးသွားခဲ့ရလေသည်။

ထျန်းယန်မြို့သခင်အိမ်တော်အတွင်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ အားလုံးသော တိုက်ခိုက်မှုများက ရပ်တန့်သွားပြီး လူတိုင်းက ဝမ်ကျန်း အသတ်ခံလိုက်ရသည့်နေရာသို့ ကြည့်နေခဲ့ကြသည်။ မြေပြင်ပေါ်၌ အက်ကြောင်းများ ရှိနေခဲ့ပြီး မြို့သခင်အိမ်တော် တစ်ခုလုံးကို ကွဲထွက်သွားစေခဲ့သည်။

ဝမ်မိသားစုထဲမှ လူတိုင်း၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်နေခဲ့၏။ ကောင်းကင်ဒေသ အင်ပါယာနန်းတော်မှ လူများသည်ပင် ရီဖူရှင်း၏ သတ်ဖြတ်မှုကို မရပ်တန့်နိုင်ခဲ့ပေ။ သူတို့အား ကယ်တင်ရန် မည်သူမှ ကြိုးစားနိုင်မည် မဟုတ်ချေ။

ထျန်းယန်မြို့သခင်အိမ်တော်သည် ပြန်တိုက်ခိုက်ရန် မည်သည့် စွမ်းရည်မှ မရှိဘဲ အခြားလူများ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ တစ်ချိန်တစ်ခါက ထျန်းယန်မြို့သည် လူအများ လေးစားရသည့် အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ မြို့သခင်အိမ်တော်မှ မည်သူဖြစ်စေ အထူးသဖြင့် ဝမ်မိသားစု၏ မျိုးဆက်များက ယုံကြည်ချက်အပြည့်နှင့် မောက်မာကြသည်။ သူတို့က မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လေးစားကြည်ညိုခံကြရသည်။

ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

အရာအားလုံးမှာ မူလဘုံမှ ကျင့်ကြံသူတစ်ယောက်ကြောင့် ဖြစ်ပေသည်။ ဤဘေးဒုက္ခအတွက် မည်သူ့တွင် တာဝန်ရှိသနည်း။

မြို့သခင်အိမ်တော်အပြင်မှ ကျင့်ကြံသူများသည်လည်း ဆွံ့အမှင်တက်နေခဲ့ကြသည်။ သူတို့သည် မြို့သခင်အိမ်တော်၏ ပျက်စီးခြင်းအား မျက်မြင်တွေ့ခဲ့ကြရသည်။ ထျန်းယန်မြို့အား ထျန်းယန်​မြို့သခင်အိမ်တော်က အုပ်ချုပ်ခြင်း ဖြစ်သည်။ မြို့သခင်အိမ်တော် ဖျက်ဆီးခံလိုက်ရသည့် အခိုက်အတန့်သည် သူတို့အတွက် အလွန်တရာ ဝမ်းနည်းပူဆွေးဖွယ် ကောင်းလှပေသည်။

၎င်းမှာ ထျန်းယန်မြို့၏ ဂုဏ်သရေမှာ ထာဝရပျောက်ကွယ်သွားတော့မည်ဟု ဆိုလိုပေသည်။

ယခုမှစကာ ထျန်းယန်မြို့က ထျန်းယန်နယ်မြေ၏ အဓိကမြို့တော် မဟုတ်တော့ဘဲ ၎င်း၏ ယခင် ဂုဏ်သရေကို မည်သည့်အခါမှ ပြန်လည်ရရှိတော့မည် မဟုတ်ပေ။

အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ထျန်းယန်နယ်မြေသခင်အိမ်တော်မှ လူများသည်လည်း ထိုနေရာသို့ ကြည့်​နေကြပြီး သူတို့၏ နှလုံးသားထဲတွင် သုံးသပ်ချက်အချို့ ရှိနေခဲ့သည်။ ရီဖူရှင်း ထျန်းယန်မြို့အား ဖျက်ဆီးရာ၌ မည်သူမှ သူ့ကို မဖျောင်းဖျနိုင်သလို မည်သူမှ မတားဆီးနိုင်ခဲ့ပေ။ သူတို့က စွဲမြဲစွာ တိုက်တွန်းနေခဲ့လျှင် ရီဖူရှင်းက တွေဝေခြင်းမရှိ နတ်ဘုရားလက်နက်နှင့် သူတို့ကို တိုက်ခိုက်ပေလိမ့်မည်။ နတ်ဘုရားလက်နက်နှင့် ရီဖူရှင်း၏ တိုက်ခိုက်မှုကို မည်သူမှ ခံယူရဲလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ သူ၏ ခွန်အားက အထွတ်အထိပ်တွင် ရှိနေခဲ့ပြီး ဖန်းရူအဆင့်မှ တစ်စုံတစ်ယောက်သာလျှင် ယှဥ်ပြိုင်ရန် ကြိုးစားနိုင်ပေလိမ့်မည်။

သူတို့က ဒေါသထွက်လျှင်ပင် သူတို့ရှေ့၌ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။ ကံမကောင်းစွာနှင့် မဟာအင်ပါယာက ရီဖူရှင်းအား သူ့လက်နှင့် မတိုက်ခိုက်ဟု ကတိပေးထားခဲ့သည်။ မဟုတ်ပါက သူသည် ထိုကဲ့သို့ လက်လွတ်စပယ် အပြုအမူမျိုး ပြုမူနိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ထျန်းယန်မြို့သခင် ဝမ်ကျန်းအား သတ်ဖြတ်ပြီးနောက် ကောင်းကင်၌ ရပ်နေခဲ့ပြီး ကျယ်ပြောသော မြို့သခင်အိမ်တော်အတွင်းသို့ လေ့လာဆန်းစစ်နေကာ သူ့ရှေ့မှ ကျင့်ကြံသူများကို ကြည့်၍ ပြောလိုက်၏။

"ဦးလေးထျယ် ထျန်းယန်မြို့ထဲမှာရှိတဲ့ တန်ဖိုးရှိ လက်နက်တွေ၊ လက်နက်ပြုလုပ်တဲ့နည်းစနစ်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ အကုန် စုဆောင်းလိုက်ပါ။"

"ကောင်းပြီ။"

မျက်မ​မြင်ထျယ်က ပြောလိုက်သည်။ သူက သူနှင့်အတူ အခြားလူများစွာကို ခေါ်ဆောင်ကာ မြို့သခင်အိမ်တော်အတွင်း နတ်အာရုံတို့ဖြင့် လွှမ်းခြုံသွားစေကာ စတင် လုယက်တော့သည်။

"လှုပ်ရှားမှုလုပ်လာတဲ့ ဘယ်သူမဆို သက်ညှာခြင်းမရှိ အသတ်ခံရမယ်။"

ရီဖူရှင်းက အောက်ဘက်ရှိ လူအုပ်ကို ကြည့်ကာ ကြေညာလိုက်သည်။ ထျန်းယန်မြို့သခင်အိမ်တော်အတွင်းမှ ကျင့်ကြံသူများသည် ရွေးချယ်စရာမရှိဘဲ သူတို့မျက်စိရှေ့၌ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေခဲ့သည်။

ပြီးသွားပြီ... ထျန်းယန်မြို့သခင်အိမ်တော် အပြင်ဘက်မှ ကျင့်ကြံသူများက တီးတိုးရေရွတ်လိုက်ကြသည်။ ထျန်းယန်မြို့သခင်အိမ်တော်မှ နှစ်ပေါင်းများစွာ ပိုင်ဆိုင်လာခဲ့သည့် ရတနာများအားလုံးက မည်သည်မှ မရှိတော့သည်အထိ ရီဖူရှင်း၏ လုယက်ခြင်းကို ခံလိုက်ကြရတော့မည် ဖြစ်သည်။ အမှန်တကယ်ပင် သူက ထိုရတနာများကို ထားခဲ့ပေးလိမ့်မည် မဟုတ်ပေ။

ယခင်က သူတို့ထဲမှ အချို့သည် ရတနာတချို့တစ်ဝက်ကို ရယူနိုင်လိမ့်မည်ဟု အနည်းငယ် မျှော်လင့်ထားခဲ့ကြသော်လည်း အခြေအနေကို လျှော့ပေါ့မျှော်လင့်ထားမိပုံရ​လေသည်။ ရီဖူရှင်းက ၎င်းတို့အားလုံးကို သိမ်းပိုက်ချင်နေသည်။

ဆူညံသံများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အဆောက်အဦးများစွာ ဖြိုချဖျက်ဆီးခံလိုက်ရသည်။ မြို့သခင်အိမ်တော်အတွင်းမှ ရတနာသိုက်က တူးဖော်ခံလိုက်ရသည်။ ကောင်းကင်ဒေသအတွင်း လက်နက်ပြုလုပ်သည့် ထိပ်တန်းသန့်စင်မြင့်မြတ်နယ်မြေအနေနှင့် ၎င်း၏ အရင်းအမြစ်က ကြွယ်ဝလှပေသည်။ ယခု ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်အတွင်း ချပ်ဝတ်တန်ဆာ လက်နက်ပြုလုပ်မည့် ပန်းပဲနန်းတော်ကို တည်ထောင်ထားလေရာ သူက ထျန်းယန်မြို့မှ ရရှိနိုင်မည့် အရင်းအမြစ်များကို မည်သို့ လျစ်လျူရှုနိုင်ပါမည်နည်း။

တုယွီနှင့် အခြားသူများက အဖြစ်အပျက်များကို စောင့်ကြည့်နေခဲ့ပြီး သူတို့၏ မျက်နှာများထက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာတို့ ရှိနေခဲ့သည်။ ထျန်းယန်မြို့သည် ကောင်းကင်ဒေသအတွင်း လက်နက်ပြုလုပ်သည့် ထိပ်တန်းသန့်စင်မြင့်မြတ်မြေ ဖြစ်ကာ ကောင်းကင်ဒေသ၏ တစ်စိတ်တစ်ဒေသ ဖြစ်လေသည်။ ရီဖူရှင်း၏ လုယက်နေသည့် အပြုအမူများသည် အရာအားလုံးကို ရှင်းလင်းကာ ယူဆောင်သွားချင်ပုံရလေသည်။

"ရီဖူရှင်း မင်းက ကောင်းကင်ဒေသရဲ့ လူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း လုယက်နေတာ မသင့်တော်ဘူးနော်။"

ထျန်းယန်နယ်​မြေသခင်က ရီဖူရှင်း၏ လုပ်ရပ်ကို သဘောမကျသကဲ့သို့ မှတ်ချက်ပြုလိုက်သည်။

ရီဖူရှင်းက သူ့ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

"အရင်တုန်းက ထျန်းယန်မြို့သခင် ကျုပ်နဲ့ ဘယ်လို ရင်ဆိုင်ခဲ့လဲ။ ထျန်းယန်မြို့က စီဝေ့ကို အကြိမ်ကြိမ် ဆန့်ကျင်တိုက်ခိုက်ခဲ့တာ ဘာအတွက်ကြောင့်လဲ။ အဲဒီနောက်ကွယ်က အ​ကြောင်းပြချက်ကို ခင်ဗျား မသိဘူးလို့တော့ မပြောနဲ့နော်။"

ထျန်းယန်မြို့သခင်က သူ ဆက်ခံထားခဲ့သည့် မဟာအင်ပါယာများ၏ အမွေအနှစ်များ၊ သူ ပိုင်ဆိုင်ခဲ့သော နတ်ဘုရားရုပ်ကြွင်းအစရှိသည့် သူ၏ အရာအားလုံးကို လုယက်ချင်ခဲ့သည်။

ယခု သူက ရန်သူအား တူညီသော အပြုအမူဖြင့်သာ ဆက်ဆံခြင်း ဖြစ်ပေသည်။ အနိုင်ရသူက ရှုံးနိမ့်သူများ၏ အထက်မှ ဘုရင်ဖြစ်သည်။ သူသည် ထျန်းယန်မြို့သခင် မလုပ်နိုင်ခဲ့သည့်အရာကို အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။

ထျန်းယန်နယ်မြေသခင်က မတုန့်ပြန်ခဲ့ပေ။ သူသည် ရီဖူရှင်း ပြောသည်က အမှန်ဖြစ်ကြောင်း သိရှိပေသည်။ ရှေးဟောင်းနတ်ဘုရားကလန်များနှင့် အခြားအင်အားစုများက ရီဖူရှင်းအား ထပ်ကာတလဲလဲ တိုက်ခိုက်နေရသည့် နောက်ကွယ်မှ အကြောင်းပြချက်မှာ သူပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကြောင့် ဖြစ်လေသည်။ ယခု သူတို့က လက်စားချေခြင်း၏ ခါးသီးသော အသီးအပွင့်များကို မြည်းစမ်း​နေရခြင်းဖြစ်ပြီး ၎င်းက ထျန်းယန်မြို့တစ်မြို့လုံးကို ကျဆုံးစေခဲ့သည်။

ယခုအချိန်၌ ရီဖူရှင်းက မည်သည်ကို လုပ်ဆောင်ရန် အလိုရှိသည်ဖြစ်စေ မည်သူမှ သူ့အား ဝေဖန်နိုင်ခြင်းမရှိပေ။ ဤအရာအားလုံးမှာ ထျန်းယန်နယ်မြေက သူ့အား ပြုလုပ်ချင်ခဲ့သည့် အရာများ ​ဖြစ်လေသည်။

ပို၍ အရေးကြီးသည်မှာ သူတို့က ၎င်းကို သဘောမကျလျှင်ပင် ရီဖူရှင်းအား မည်သူက ရပ်တန့်နိုင်ပါမည်နည်း။

အချိန်ခဏကြာပြီးနောက် မျက်မမြင်ထျယ်နှင့် အခြားလူများက စုဆောင်း၍ ပြီးစီးသွားကာ ရီဖူရှင်းဘေးသို့ ပြန်ရောက်ရှိလာသည်။ သူက ပြောလိုက်၏။

"နန်းတော်သခင် အများစုကို ရှင်းလင်းပြီးပါပြီ။"

"ကောင်းပြီ။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဆက်လက်၍ အမိန့်ပေးလိုက်၏။

"ထျန်းယန်မြို့သခင်အိမ်တော်က ရန်ဟောင်အဆင့်နဲ့အထက် ကျင့်ကြံသူတွေ ကျုပ်နဲ့အတူ စီဝေ့ကြယ်ကမ္ဘာကို လိုက်ခဲ့ကြ။ ရန်ဟောင်အဆင့်အောက်က လူတွေကို ချမ်းသာပေးမယ်။ မင်းတို့ ဒီအခွင့်အရေးကို ဖြုန်းတီးမပစ်ဖို့ အကြံပေးချင်တယ်။"

ဖိအားများက ထျန်းယန်မြို့တစ်ခွင်လုံးကို လွှမ်းခြုံထားသည်။ ထျန်းယန်မြို့အတွင်းမှ ကျင့်ကြံသူအချို့က စိတ်ပျက်အားငယ်နေသော်လည်း အချို့အတွက်မူ မျှော်လင့်ချက် ရှိနေသေးပေသည်။ အနည်းဆုံး ရီဖူရှင်းက ရန်ဟောင်အဆင့်အောက်မှ ကျင့်ကြံသူများကို ချမ်းသာပေးခဲ့ပြီး သူတို့်အား သတ်ဖြတ်ရန် အစီအစဥ်မရှိခဲ့ပေ။ သို့သော် ရန်ဟောင်အဆင့်နှင့် အထက်မှ လူများကို မည်သို့ လုပ်လိမ့်မည်နည်း။

ရီဖူရှင်းက သူတို့အား စီဝေ့ကြယ်ကမ္ဘာသို့ ခေါ်ဆောင်သွားသည်မှာ မည်သည့်အတွက်နည်း။

သူတို့က ဧည့်သည်တော်များ ဖြစ်လိမ့်မည်တော့ မဟုတ်ပေ။ သူတို့ စီဝေ့ကြယ်ကမ္ဘာသို့ ရောက်သည့်အခါ သေချာပေါက် ရီဖူရှင်း၏ အကျဥ်းသားများ ဖြစ်လာလိမ့်မည် ဖြစ်ပြီး သူတို့ အသက်များက အခြားသူများ၏ လက်ထဲ၌ ရှိနေပေလိမ့်မည်။ သို့သော် သူတို့က ငြင်းဆန်ရန် မလုပ်ဆောင်နိုင်ကြပေ။

သူတို့ အသက်များက တစ်ဖက်လူများ၏ လက်ထဲတွင် ရှိနေခဲ့ပြီး ရီဖူရှင်းက သူတို့၏ သားမြေးမျိုးဆက်များ အသက်တို့ကို ချမ်းသာပေးခဲ့သည်ကပင် ထောက်ထားရာကျနေခဲ့ပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်းအား ထပ်မံဆန့်ကျင်လိုက်လျှင် သူတို့၏ အသက်များကို အန္တရာယ်​တောထဲ ပို့လိုက်သလို ဖြစ်သွားပေလိမ့်မည်။

"ကျုပ်မှာ အချိန်အများကြီး မရှိဘူး။"

မည်သူမှ တုန့်ပြန်မလာသည်ကို ကြည့်ရင်း ရီဖူရှင်းက အေးစက်သည့်အသံနှင့် ထပ်ပြောလိုက်သည်။ ၎င်းက ထျန်းယန်မြို့သခင်အိမ်တော်မှ ကျင့်ကြံသူများကို တုန်ယင်သွားစေခဲ့၏။ ထို့နောက် အဖွဲ့တစ်ဖွဲ့က လေထဲသို့ တက်လာခဲ့ပြီး သူတို့အားလုံးက ရန်ဟောင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

"ကျုပ်တို့ မင်းနဲ့အတူ သွားမယ်။"

အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။ ကြည့်ရသည်မှာ အသက်ရှင်ကျန်နေသူများကြား၌ သူက ခေါင်းဆောင်တစ်ဦး ဖြစ်ပုံရသည်။ သူ၏ ကျင့်ကြံခြင်းက အထွတ်အထိပ်ရန်ဟောင် ဖြစ်လေသည်။

ပြီးခဲ့သည့် တိုက်ပွဲအတွင်း ရန်ဟောင်အဆင့်အထက်မှ ကျင့်ကြံသူများ အသတ်ခံခဲ့ရပြီး ဖြစ်သည်။ ၎င်းအဆင့်မှ လူများမှာ အစကတည်းက များများစားစား မရှိခဲ့ပေ။ စီဝေ့ကြယ်ကမ္ဘာမှ လူများ၏ ပစ်မှတ်ထားခြင်းခံလိုက်ရသည်နှင့် သူတို့က မည်သို့ ရှင်သန်နိုင်ရန် နည်းလမ်းရှိပါမည်နည်း။ ထိုအဆင့်မှ လူများက ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဖြစ်ရာ အသက်ရှင်ခွင့်ပေးရန် အကြောင်းမရှိပေ။ အကျဥ်းသားများအဖြစ် ထိန်းသိမ်းထားလျှင်ပင် အနာဂတ်၌ တစ်စုံတစ်ရာ ချွတ်ချော်သွားပါက ပို၍ အန္တရာယ်ရှိနိုင်ပေသည်။

စီဝေ့ကြယ်ကမ္ဘာ၏ လက်ရှိအင်အားနှင့် ရန်ဟောင်အဆင့်မှ ကျင့်ကြံသူများက ပိုမို ထိန်းချုပ်ရလွယ်သည်။ ယခု စီဝေ့ကြယ်ကမ္ဘာအတွင်း နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူများရှိပြီး အထွတ်အထိပ် ရန်ဟောင်များက ပို၍ပင် များပြားသေးသည်။ လူများစွာက ထိုအဆင့်၌ ရပ်တန့်နေကြခြင်း ​ဖြစ်သည်။

ထို့ကြောင့် ဤအဆင့်ကျင့်ကြံသူများကို စီဝေ့ကြယ်ကမ္ဘာသို့ ခေါ်ဆောင်သွားသည့်အခါ အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။

သခင်ချန်နှင့် မျက်မမြင်ထျယ်က ရှေ့သို့ ထွက်လာပြီး သူတို့၏ မဟာလမ်းစဥ်စွမ်းအားများက ထိုရန်ဟောင်များကို လွှမ်းခြုံသွားကာ ထိန်းချုပ်လိုက်သည်။

"သွားကြစို့။"

ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူတို့က ထျန်းယန်မြို့သခင်အိမ်တော်မှ ရန်ဟောင်များအားလုံးကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြပေသည်။

ထျန်းယန်မြို့အတွင်းမှ မရေတွက်နိုင်သော လူများစွာက ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရပြီး သူတို့ထွက်ခွာသွားသည်အား စောင့်ကြည့်နေခဲ့ကြသည်။ တခဏကြာပြီးနောက် ထိုလူစုက မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ထျန်းယန်မြို့သခင်အိမ်တော်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ လူတိုင်းက အပျက်အစီးများကို မြင်လိုက်ကြရပြီး ၎င်း၏ ကံကြမ္မာကြောင့် စိတ်မကောင်းရုံသာ တတ်နိုင်သည်။

ဤနေရာသည် ထျန်းယန်မြို့အတွင်း အခမ်းနားအထည်ဝါဆုံး နေရာဖြစ်ခဲ့သည်။ ၎င်းသည် ထျန်းယန်နယ်​မြေအတွင်းမှ နယ်မြေသခင်အိမ်တော်ထက်ပင် ကျော်ကြားထင်ရှားပေသည်။

နောက်ဆုံး လက်နက်ပြုလုပ်သည့် ပြိုင်ပွဲ၌ ထျန်းယန်မြို့က ကောင်းကင်ဒေသမှ လူတိုင်းကို ဖိတ်ကြားကာ အခမ်းအနားကို လေ့လာစေခဲ့သည်။ အင်ပါယာနန်းတော်ကပင် သံတမန်စေလွှတ်ပေးခဲ့ပြီး ဒွန်ဟောင်တိယွမ်က လူကိုယ်တိုင်ရောက်ရှိလာကာ ဝမ်ရှောင်၏ အမည်ကို တစ်လောကလုံးတွင် ကျော်ကြားစေခဲ့သည်။ ထိုအချိန်၌ ထျန်းယန်​မြို့၏ ဂုဏ်သရေက အထွတ်အထိပ်သို့ပင် ရောက်ရှိခဲ့ပေသည်။ သို့သော် ထိုနေ့တွင် ရီဖူရှင်း ထွက်ပေါ်လာခဲ့ပြီး ဝမ်ရှောင်နှင့် တ်ိုက်ခိုက်ခဲ့သည်။

ထိုနေ့က အရာအားလုံး၏ စမှတ်ပင် ဖြစ်သည်။ ထိုအချိန်မှစကာ ထျန်းယန်မြို့သည် ၎င်း၏ အထွတ်အထိပ် အခြေအနေမှ ကျဆင်းခဲ့ရသည်။

ယနေ့ ထျန်းယန်မြို့သခင်နှင့် မြို့သခင်ဟောင်း နှစ်ယောက်လုံး အသတ်ခံလိုက်ရပြီး သူတို့၏ နတ်ဘုရားကပ်ဘေးကျင့်ကြံသူများအားလုံး ကျဆုံးခဲ့သည်။ ရန်ဟောင်အဆင့် ကျင့်ကြံသူများပင် ခေါ်ဆောင်သွားခံရပြီး ထျန်းယန်မြို့သခင်အိမ်တော်အတွင်းမှ အရာအားလုံး လုယက်ခံလိုက်ရသည်။ ထျန်းယန်မြို့သခင်အိမ်တော်က ပြောပလောက်စရာတန်ဖိုး မရှိတော့ပေ။

မြို့သခင်အိမ်တော်အတွင်းမှ အချို့က တိတ်တဆိတ် မျက်ရည်ဝဲနေကြ​ပြီး အချို့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးက ဝမ်းနည်းမှုအား နင့်နင့်နဲနဲ ခံစား​နေကြရပေသည်။

"ထျန်းယန်မြို့သခင်အိမ်တော်က ကောင်းကင်ဒေသရဲ့ အင်အားစုတွေထဲက တစ်ခုပဲ။ အင်ပါယာနန်းတော်နဲ့ နယ်မြေသခင်အိမ်တော် နှစ်ခုလုံးက ဒီမှာ ရောက်နေကြတယ်။ ခင်ဗျားတို့ ဘာလို့ သူ့ကို မတားကြတာလဲ။"

ထိုအချိန်မှာပင် အကြောက်အလန့်ကင်းမဲ့သည့် လူငယ်လေးက ကောင်းကင်ထက်ရှိ ကျင့်ကြံသူများကို မော့ကြည့်ကာ မေးလိုက်သည်။ သူက သူတို့အား အပြစ်တင်သံဖြင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

သူ့မျက်လုံးများက သွေးရောင်လွှမ်းကာ တောက်ပနေခဲ့သည်။ သူက အလွန် ဒေါသထွက်နေသည့်အတွက် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားလေသည်။

အင်ပါယာနန်းတော်နှင့် နယ်မြေသခင်အိမ်တော်မှ ကျင့်ကြံသူများက သူကို ငုံ့ကြည့်လိုက်ကြပြီး သနားရုံသာ တတ်နိုင်ပေသည်။ သူတို့က သူ၏ စွပ်စွဲချက်များကို ဖြေရှင်းပေးရန် မရွေးချယ်ခဲ့ကြပေ။

"ဒီလိုအပျက်အစီးတွေ ဖြစ်စေတာက ထျန်းယန်မြို့ရဲ့ နတ်ဘုရားလက်နက်ပဲ။ ကျုပ်တို့က ဘယ်လိုရပ်တန့်ပေးရမလဲ။"

တစ်ယောက်က ပြောလိုက်ပြီး အောက်ဘက်ရှိ လူတိုင်းကို ပါးစပ်ပိတ်သွားစေခဲ့သည်။ ကြည့်ရသည်မှာ နောက်ဆုံး၌ သူတို့ကို ပျက်စီးမှုနှင့် ကြုံတွေ့စေခဲ့သည့်အရာမှာ သူတို့၏ နတ်ဘုရားလက်နက်ဖြစ်သည့် ကောင်းကင်တူ ဖြစ်ပုံရလေသည်။

ကောင်းကင်တူကြောင့်သာ မဟုတ်လျှင် သူတို့က ပြန်လည်တိုက်ခိုက်နိုင်ရန် စွမ်းအားရှိလိမ့်ဦးမည်ဖြစ်ကာ ယခုကဲ့သို့ ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်ခဲ့ရလိမ့်မည် မဟုတ်ပေ။

သို့ဆိုလျှင် အရာအားလုံးက သူတို့၏ ဘိုးဘေးဖြစ်သော ထျန်းယန်မဟာအင်ပါယာ၏ အမှားပေလား။

မည်မျှ ဝမ်းနည်းဖွယ် ကောင်းလိုက်သနည်း။

အင်ပါယာနန်းတော်နှင့် နယ်မြေသခင်အိမ်တော်မှ ကျင့်ကြံသူများက စတင်ထွက်ခွာသွားကြပြီး ပျက်စီးသွားပြီဖြစ်သည့် မြို့သခင်အိမ်တော်ကို နောက်၌ ချန်ရစ်ခဲ့သည်။ သူတို့ထွက်ခွာသွားပြီးနောက် မြို့သခင်အိမ်တော်အပြင်ဘက်မှ ကျင့်ကြံသူများက အထဲသို့ စွန့်စားဝင်ရောက်ရန် ကြိုးစားလိုက်ကြသည်။ ကျင့်ကြံသူအချို့က မြို့သခင်အိမ်တော်အတွင်းသို့ ဝင်ကာ အဖိုးတန်သည့် ရတနာတစ်ခုတစ်လေ ကျန်ရစ်ခဲ့မလား ရှာဖွေချင်ကြသည်။

စီဝေ့ကြယ်ကမ္ဘာမှ လူများက တန်ဖိုးမရှိ တွေးထားခဲ့သည့် ပစ္စည်းများသည် အခြားလူများအတွက်လည်း တန်ဖိုးမရှိဟု မဆိုလိုပေ။

ဤမြို့သခင်အိမ်တော်က ရတနာများနှင့် ပြည့်နှက်နေခဲ့ပေသည်။

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။"

မြို့သခင်အိမ်တော်အတွင်းမှ လူများက သူတို့ကို အေးစက်စွာ မေးလိုက်သည်။ သူတို့၏ စိတ်ဓာတ်အကျရဆုံးအချိန်၌ ဤလူများက သူတို့ထံမှ လုယက်ရန် ကြံစည်နေသည်လား။

သို့သော် သူတို့၏ ဟန့်တားမှုကို မည်သူကမှ အရေးမစိုက်ကြပေ။ ဤနေရာသို့ ရောက်လာကြသူများမှာ သူတို့ကိုယ်ပိုင် အတွေးစိတ်ကူးးများရှိကြပေသည်။ ယခု ထျန်းယန်မြို့က အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သူများကို မည်သူက ဂရုစိုက်နေပါဦးမည်နည်း။

မြင်ရသည်မှာ အလွန် စိတ်မကောင်းဖွယ်ပင် ဖြစ်သည်။

မြို့သခင်အိမ်တော်၏ ဝမ်မိသားစုမှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ထိုလူများက ရီဖူရှင်းထက် ပို၍ မုန်းစရာကောင်းပေသည်။ ထျန်းယန်မြို့သခင်အိမ်တော်သည် တစ်ချိန်က ထျန်းယန်မြို့ကို အုပ်ချုပ်ခဲ့ဖူးပြီး ထျန်းယန်မြို့တစ်ခွင်လုံးက မြို့သခင်အိမ်တော်၏ အမိန့်အောက်တွင် ရှိခဲ့သည်။

ယခု မြို့သခင်အိမ်တော်က ဖျက်ဆီးခံလိုက်ရသည့်အခါ ထိုနှလုံးသားမဲ့သည့်သူများက လုယက်ခိုးဝှက်ရန် ပါဝင်လာသည်။ ဤအဖြစ်မှန်က မည်မျှ ရက်စက်လိုက်သနည်း။

All Chapters