← Chapters

ကမ္ဘာပျက်လောက်အောင်

Vol. 186 Ch. 2655

ကမ္ဘာပျက်လောက်အောင်

Vol. 186 Ch. 2655

ရီဖူရှင်းက အချိန်တစ်ခုအတွင်း အခြားရှေးဟောင်းနတ်ဘုရားကလန်များကို လက်စားချေလိမ့်ဦးမည် မဟုတ်ပေ။ သူတို့က ထိုကလန်များကို အမြစ်ဖြတ်ချေမှုန်းရန် မဖြစ်နိုင်သေးချေ။ သို့သော် ယခုအချိန်က ယခင်ကနှင့် မတူပေ။ စီဝေ့က ၎င်းတို့၏ အကာအကွယ်ကို ဆုံးရှုံးသွားရပြီ ဖြစ်သည်။ သူက အခြားသူများ၏ နယ်မြေသို့ စိတ်တိုင်းကျသွားနိုင်သည်မှာ သေချာပေမယ့် အခြားသူများကလည်း တူညီစွာ လုပ်လာနိုင်ပေသည်။

စီဝေ့အင်ပါယာနန်းတော်တစ်ခုတည်းသာ ဖြစ်ပါလျှင် သူတို့က ပြန်လည်တိုက်ခိုက်နိုင်သည့်အတွက် ပြဿနာမရှိပေ။ သို့သော် ရှေးဟောင်းနတ်ဘုရားကလန် ခြောက်ခုက ပူးပေါင်းကာ စီဝေ့ကြယ်ကမ္ဘာကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပါက သူက ကာကွယ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ရွေးချယ်စရာ မရှိဘဲ အချိန်တစ်ခုခန့် နောက်ဆုတ်ကာ ဆေးလုံးများ ဖော်စပ်ရင်း ကျင့်ကြံရန်သာ တတ်နိုင်ပေသည်။

ယနေ့ စီဝေ့အင်ပါယာနန်းတော်က ရှေးဟောင်းနတ်ဘုရားကလန်များထက် ပို၍ ကျင့်ကြံခြင်းအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ရှိသည်။ စီဝေ့မဟာအင်ပါယာ၏ စွမ်းအား မရှိတော့သော်လည်း အင်ပါယာကြယ်များစွာ ကျန်ရှိနေသေးသည်။ ထို့ပြင် အခြားသော မဟာအင်ပါယာများ၏ နယ်မြေများမှ ရရှိထားသည့် အဆင့်မြင့်ဆေးလုံးများနှင့် ကျင့်စဥ်အမျိုးမျိုးလည်း ရှိသေးသည်။ ထိုက်ချူတော်ဝင်မြေ၊ ရှန်းကလန်နှင့် ထျန်းယန်မြို့ များမှ ရရှိခဲ့သည့် ကျင့်စဥ်များက အလွန် ထူးခြားကောင်းမွန်လှပေသည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ ခွန်အားက အချိန်နှင့်အမျှ တိုးတက်လာနေသည်။ သူတို့ကြားတွင် လူအတော်များများက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ဖန်းစွင်က နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ဖန်းစွင်၏ အဖေ ဖန်းဟွမ်သည်လည်း ကျော်ဖြတ်နိုင်ခဲ့ပေသည်။ သူသည် တစ်ချိန်က လေးမျက်နှာကျေးရွာမှ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ပြီး မဟာလမ်းစဥ် သဘာဝခန္ဓာကို ပိုင်ဆိုင်ထားပေသည်။

ဖန်းဟွမ် ပြီးနောက် သော်ယွီနှင့် ထျယ်ထို နှစ်ဦးလုံးသည်လည်း မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့၏။ လေးမျက်နှာကျေးရွာမှ လာသည့် ကျင့်ကြံသူအများစုက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ဤသည်မှာ ကျေးရွာ၏ ထူးခြားသော ပင်ကိုလက္ခဏာနှင့် သက်ဆိုင်နိုင်သည်။ ယခင်က လေးမျက်နှာကျေးရွာသည် လောကအရေးကိစ္စများနှင့် ပတ်သတ်ခြင်းမရှိဘဲ မဟာလမ်းစဥ် သဘာဝခန္ဓာကို ပိုင်ဆိုင်ထားသူများအား မွေးထုတ်ပေးခဲ့သည်။ ဆရာသခင်၏ လမ်းညွှန်ချက်များနှင့် စီဝေ့အင်ပါယာနန်းတော်မှ ထောက်ပံ့ထားသော ကျင့်ကြံမှုအခြေအနေများကြောင့် သူတို့က တစ်ယောက်ပြီးတစ်ယောက် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးများကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

ထိုကျင့်ကြံသူများ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်သည့်အခါ သူတို့၏ မွေးရာပါအရည်အချင်းများကြောင့် အန္တရာယ်က ပိုမိုများပြားခဲ့ပြီး ယခင်က အင်ပါယာရှီ ဖြတ်ကျော်စဥ်ကထက် အားကောင်းသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် သူတို့၌ နတ်ဘုရားလက်နက်ကဲ့သို့သော အစွမ်းထက်လက်နက်များ ရှိနေသည့်အတွက် နတ်ဘုရားကပ်လေးက သူတို့တစ်ဦးတစ်ယောက်ကိုမှ အန္တရာယ်မဖြစ်စေခဲ့ပေ။

ထို့ပြင် ဘုံကိုးဘုံနယ်မြေများမှ ရီဖူရှင်း၏ မိတ်ဆွေများနှင့် ညီအစ်ကိုများသည်လည်း ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ စီနီယာအစ်ကို ဓားသူတော်စင်၊ သူ့မိတ်ဆွေကောင်းများနှင့် ညီအစ်ကိုများကဲ့သို့သော ရီဝူချင်း၊ သောကျောက်၊ လုံချန်၊ တပည့် ရှောင်မုယွီနှင့် ဖေးရွှီသည်ပင် အလွန် လျင်မြန်စွာ တိုးတက်လာသည်။ ရီဖူရှင်းက ရှန်ကလန်၏ ကျင့်စဥ်ကို ဖေးရွှီထံ လွှဲပြောင်းပေးပြီးနောက် သူမက ပို၍ တိုးတက်လာပေသည်။ အဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှန်ကလန်သွေးများ စီးဆင်းနေပေသည်။ ကွာခြားသွားမှုမှာ သူမသည် မူလဘုံအတွင်းရှိ ရှန်ကလန်ခွဲမှ လူဖြစ်လေသည်။

သို့သော် ဖေးရွှီ၏ ခန္ဓာကိုယ်အတွင်း ထူးခြားသာလွန်သည့် တစ်စုံတစ်ရာ ရှိပေသည်။

ရီဖူရှင်း၏ နတ်ဆိုးသားရဲ သိမ်းငှက်လေးနှင့် စီဖုန်းသည်လည်း အချင်းချင်း မေတ္တာမျှနေကြသည်။ သနားစရာသိမ်းငှက်လေးမှာ ရီဖူရှင်း၏ စွမ်းရည်များကို သင်ယူနိုင်စွမ်းရှိသော်လည်း တိုက်ခိုက်ရာ၌ စီဖုန်းကို အနိုင်မယူနိုင်သေးပေ။ ထိုအရာအားလုံးမှာ သူတို့၏ သဘာဝမှ ပေးအပ်သည့် ပါရမီနှင့် အဆုံးအဖြတ်ပေးသွားခြင်း ဖြစ်သည်။

အရှင်ထိုက်ရွှမ်နှင့် အခြားလူများသည်လည်း သူတို့၏ ကျင့်ကြံခြင်းလမ်းစဥ်ကို ဆေးလုံးများ အထောက်အပံ့နှင့် တိုးတက်လာစေကာ ထိုက်ချူကျင့်စဥ်ဖြင့် ပြန်လည်ပုံသွင်းခဲ့သည်။ ယခု သူတို့သည်လည်း တိုးတက်လာကြပြီ ဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်၏ ခွန်အားက အဆက်မပြတ် တိုးတက်လာနေခဲ့သည်။

သို့သော် ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်နိုင်သူက အရေအတွက် မများလှသေးပေ။ အဆုံးမှာတော့ ထိုအဆင့်သို့ တက်ရောက်ရန်မှာ ပို၍ စိန်ခေါ်မှုများပြီး အချိန်ပိုယူရန် လိုအပ်သည်။ ထိုအဆင့်သို့ မည်သူ အရင်ရောက်ရှိမည်ကို မပြောနိုင်ပေ။

စီဝေ့အင်ပါယာနန်းတော်အတွင်း ရှီးချီယောင်က လူအနည်းငယ်ကို ဦးဆောင်၍ ရီဖူရှင်းနှင့် လာတွေ့ခဲ့သည်။ သူမက ရီဖူရှင်းကို သိုလှောင်လက်စွပ်တစ်ကွင်း ပေးခဲ့ပြီး ရီဖူရှင်းက ၎င်းကို စစ်ဆေးပြီးသောအခါ အပြုံးနှင့် ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်။"

"ဒါက ဘာမှမဟုတ်ပါဘူး။ စိတ်ထဲထားမနေပါနဲ့။"

ရှီးချီယောင်က ဂရုမစိုက်စွာ ပြောလိုက်သည်။ နတ်ဘုရားကပ်ဘေးအဆင့်သို့ ရောက်နေပြီဖြစ်သည့် ရှီးချီယောင်က ထူးချွန်သာလွန်သည့် အရှိန်အဝါကို ပိုင်ဆ်ိုင်ထားသည်။ သူမက မြင့်မြတ်တော်ဝင်ကာ မာနကြီးသည်။ သူမသည် ဧကရီတစ်ပါး၏ မျိုးဆက်ကဲ့သို့ ဖြစ်ပေသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။ ဤနှစ်များတလျှောက် အနောက်အင်ပါယာနန်းတော်နှင့် သူ၏ ဆက်ဆံရေးက ကောင်းမွန်ခဲ့သည်။ အနောက်အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသ၏ နေရာအနှံ့အပြားမှ အဖိုးတန်သည့် ဆေးဖက်ဝင်ပစ္စည်းများ စုဆောင်းပေးခဲ့ကာ သူက သူဖော်စပ်ပြီးသည့် ဆေးလုံးများကို ပြန်လည်ပေးအပ်ခဲ့သည်။ သူတို့က တစ်ဖက်လူကို တန်ဖိုးအား သက်သေပြခဲ့ပြီး သူတို့၏ ဆက်ဆံရေးက ပိုမိုခိုင်မာလာသည်။

ရှီးချီယောင် ကိုယ်တိုင်သည်လည်း စီဝေ့အင်ပါယာနန်းတော်အတွင်း ကျင့်ကြံရင်း အချိန်ဖြုန်းလေ့ရှိသည်။

ပုံမှန်အားဖြင့် ရီဖူရှင်းသည် ၎င်းက နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေဖြစ်ကြောင်း နားလည်ပေသည်။ သူ အနောက်အင်ပါယာနန်းတော်သို့ ပေးခဲ့သည့် ဆေးလုံးအချို့မှာ ထိပ်တန်းအဆင့်ဖြစ်ပြီး ဒုတိယကပ်ဘေးအဆင့် ဆေးလုံးများပါဝင်သည်။ ရီဖူရှင်းက ရန်ဟောင်အထွတ်အထိပ်အဆင့်၌သာ ရှိသေးသော်လည်း သူ၏ အခြေအနေက အခြားမည်သူနှင့်မျှ မတူပေ။ သူက နတ်ဘုရားကပ်ဘေးကို နှစ်ကြိမ်ကြုံတွေ့ခဲ့ရသည့် ရန်ဟောင်တစ်ပါးဖြစ်ပြီး အလွန် သန့်စင်သော နတ်ဘုရားတစ်ပိုင်းဆေးလုံးများကို ဖော်စပ်နိုင်သည်။ သို့သော် သူက ထိုထူးဆန်းသော အခြေအနေအား နားလည်ခြင်းမရှိခဲ့ပေ။ ၎င်းက သူ၏ အခြေခံအကျဆုံးလမ်းစဥ်ဖြင့် ကိုက်ညီသော သက်စောင့်ဝိညာဥ်နှင့် သက်ဆိုင်နေမည်ဟုသာ သိရှိပေသည်။

ထို့ကြောင့် သူ ဖော်စပ်သည့် ဆေးလုံးများက အလွန် သက်ရောက်မှုကောင်းခြင်း ဖြစ်သည်။

ဤနှစ်များတလျှောက် ထျန်းယန်မြို့ဖျက်ဆီးခံခဲ့ရပြီးနောက် ကောင်းကင်ဒေသအတွင်း အခြားရှေးဟောင်းနတ်ဘုရားကလန်များ အားလုံးကလည်း တဖြေးဖြေး အားနည်းလာခဲ့သည်။ အနောက်အင်ပါယာနန်းတော်သာလျှင် ၎င်း၏ စွမ်းအားကို တိတ်တဆိတ် တိုးချဲ့နေခဲ့သည်။ သူသည် ဖော်စပ်ခဲ့သည့် ဆေးလုံးအသုတ်ပေါင်းများစွာကို သူတို့ထံ ပေးခဲ့သော်လည်း အနောက်အင်ပါယာနန်းတော်က အပြင်ဘက်လောကသို့ အနည်းငယ်မျှ မပေါက်ကြားစေခဲ့ဘဲ တိတ်ဆိတ်စွာဖြင့် သူတို့ကိုယ်သူတို့ တိုးတက်လာစေရန်သာ အာရုံစိုက်နေသည်။

ရီဖူရှင်းက မည်သည့်အခါမှ မမေးခဲ့သော်လည်း သူသည် အနောက်အင်ပါယာနန်းတော်က သိသိသာသာ တိုးတက်နေခဲ့မည်ဖြစ်ကြောင်း သိရှိပေသည်။

"စီဝေ့အင်ပါယာနန်းတော်က အခု အာခီမီနန်းတော်အပြင် ပန်းပဲနန်းတော်ပါ ထပ်ပေါင်းထည့်လိုက်တယ်။ အနာဂတ်မှာ ရှင်တို့က အားအကောင်းဆုံး အာခီမီအင်အားစုတင်မကဘဲ ထိပ်တန်းလက်နက်ပြုလုပ်တဲ့ အင်အားစုပါ ဖြစ်လာတော့မှာပဲ။ ရှင် စိတ်ဝင်စားရင် ကျွန်မတို့က လက်နက်ပြုလုပ်တဲ့နေရာမှာလည်း တွဲဖက်ဖြစ်ပေးနိုင်ပါတယ်။ အနောက်အင်ပါယာနန်းတော်က လက်နက်ပြုလုပ်တဲ့နေရာမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ထောက်ပံ့ပေးနိုင်တယ်။ ရှင်က ကျွန်မတို့ကို နတ်လက်နက်တွေ ပြန်ထောက်ပံ့ပေးပေါ့။"

ရှီးချီယောင်က အပြုံးနှင့် အကြံပြုလိုက်သည်။

ရီဖူရှင်းက အပြုံးနှင့် သူမအား ကြည့်လိုက်၏။

"ပန်းပဲနန်းတော်ရဲ့ လက်နက်အရည်အသွေးက အကန့်အသတ်ရှိနေတုန်းပဲ။ ဦးလေးထျယ်က သူ လိုအပ်တဲ့ အဆင့်ကို မရောက်သေးဘူး။ ထျန်းယန်မြို့က ယူလာတဲ့ အရင်းအမြစ်တွေက ကျုပ်တို့အတွက် နှစ်တော်တော်ကြာကြာ ဖူလုံနိုင်တယ်။ အနောက်အင်ပါယာနန်းတော်က ကျုပ်တို့ကို ကုန်ကြမ်းတွေ ထောက်ပံ့ပေးရင်တောင် အခုချက်ချင်း အသုံးပြုနိုင်မှာ မဟုတ်သေးဘူး။ နောက်ပိုင်းမှာ လိုအပ်လာရင်တော့ မင်းကို မေးပါ့မယ်။"

"နှမြောစရာပဲ။ ကျွန်မတို့က စီဝေ့အင်ပါယာနန်းတော်နဲ့ နက်ရှိုင်းတဲ့ ပူးပေါင်းဆက်ဆံရေး တည်ထောင်ချင်တာ။ ဒါပေမယ့် နန်းတော်သခင်ရီက အညှာအတာမရှိ ငြင်းပယ်လိုက်တာပဲ။"

ရှီးချီယောင်က နောက်ပြောင်လိုက်သည်။

ရီဖူရှင်းက ပြုံးကာ ခေါင်းယမ်းလိုက်သည်။

"စီဝေ့အင်ပါယာနန်းတော်နဲ့ အနောက်အင်ပါယာနန်းတော်က အမြဲ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ နတ်မိမယ်ချီယောင်က ဒီဆက်ဆံရေးကို မနက်ရှိုင်းသေးဘူးလို့ ထင်နေတာလား။"

"နက်ရှိုင်းလေ ပိုကောင်းလေပေါ့။"

ရှီးချီယောင်၏ လှပသော မျက်လုံးများက ရီဖူရှင်းအား တိုက်ရိုက်ကြည့်လိုက်သည်။

"အဖေ့မှာ သူ့အကြံဉာဏ်နဲ့ သူရှိတယ်။ သူက စီဝေ့အင်ပါယာနန်းတော်နဲ့ အနောက်အင်ပါယာနန်းတော်ကို လက်ထပ်ခြင်းနဲ့ ပေါင်းစည်းချင်နေတယ်။"

ရှီးချီယောင်၏ အနီးဝန်းကျင်မှ လူများက ထိုစကားများကို ကြားသည့်အခါ အံ့သြမှင်တက်သွားကြသည်။ သူမက မည်သည်ကို ဆိုလိုသန​ည်း။

အနောက်အင်ပါယာနန်းတော်က စီဝေ့အင်ပါယာနန်းတော်သို့ လက်ထပ်ခြင်းဖြင့် ဝင်ရောက်လိုလျှင် သူတို့နှစ်ဦးမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်သနည်း။

ရီဖူရှင်းသည်လည်း မှင်တက်သွားခဲ့သည်။ သူသည် အချိန်တခဏအထိ ထိုစကားဝိုင်းကို မည်သို့ရှေ့ဆက်ရမည်အား မသိခဲ့ပေ။ ရှီးချီယောင်က ပြုံးကာ ပြောလိုက်၏။

"ကျွန်မက အဲဒီလိုမတွေးပါဘူး။ အဲဒါက ရှင့်အတွက် အရမ်းလွယ်ကူသွားစေလိမ့်မယ်။"

ရှီးချီယောင် အနောက်မှ ကျင့်ကြံသူများက အချင်းချင်း ကြည့်လိုက်ကြပြီး အဘိုးအိုတစ်ယောက်က ရေရွတ်လိုက်သည်။

"နတ်မိမယ်က သဘောမတူမှတော့ ဘာလို့ အလုပ်ရှုပ်ခံပြီး တစ်ဖက်လူကို ပြောပြနေသေးလဲ။"

သို့သော် သူက ပြောပြီးသည်နှင့် ချက်ချင်းပင် ခေါင်းကို ငုံ့ကာ တိတ်ဆိတ်သွားသည်။ အမှန်တကယ်ပင် သူ၏ မှတ်ချက်က ရှီးချီ​ယောင်အား ခေတ္တမျှ ကြောင်အသွားစေခဲ့သည်။ သူမက ဖြေးညင်းစွာ လှည့်ကြည့်လိုက်ပြီး သူမ၏ အာရုံက စကားပြောလိုက်သည့် အဘိုးအိုထံ ရောက်ရှိသွားသည်။ သူမ မျက်နှာက အနည်းငယ် နီနေခဲ့၏။

"ရှင် စကားများလွန်းတယ်။"

ရှီးချီယောင်၏ အသံ၌ ဒေါသတို့ပါဝင်နေသည်။ နတ်မိမယ်တစ်ပါးအနေနှင့် သူမက သိက္ခာကို ထိန်းသိမ်းရန် လိုအပ်နေဆဲ ဖြစ်သည်။

"စကားပြောတာ မြန်သွားလို့ တောင်းပန်ပါတယ်။"

အဘိုးအိုက ဖြေရှင်းလိုက်သည်။

"ကျုပ် ဆိုလိုတာက နတ်မိမယ် သဘောတူဖို့ စိတ်ကူးမရှိရင် ထုတ်ပြောနေဖို့ မလိုအပ်ဘူးလို့ပါ။"

“…”

ရှီးချီယောင်က သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်ဝန်းများထဲမှ မီးလျှံများ ထွက်လာလုမတတ်ပင် ဖြစ်သည်။ ဤအဘိုးကြီးက သူမအား တမင်သက်သက် ဒေါသထွက်အောင် ဆွနေသည်လား။

ထိုသူမှာ စီနီယာတစ်ယောက်သာ မဟုတ်ခဲ့လျှင် ရှီးချီယောင်က ထိုအဘိုးအိုအား သူမ ဓားနှင့် ထိုးသတ်ပြီးဖြစ်နေလိမ့်မည်။

"မဟာမိတ်လက်ထပ်ပွဲက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"

ရီဖူရှင်းက ပြောလိုက်သည်။ ရှီးချီယောင်သည် ထင်မထားသည့် တုန့်ပြန်မှုကြောင့် အံ့​သြသွားကာ ပြန်လှည့်လာပြီး သူမ၏ လှပသော မျက်လုံးများနှင့် သူ့ကို စူးစိုက်ကြည့်လာသည်။ ရီဖူရှင်းက ပြုံးကာ ဆက်ပြောလိုက်သည်။

"အခု စီဝေ့အင်ပါယာနန်းတော်မှာ ထူးချွန်တဲ့ လူငယ်လေးတွေ အများကြီးရှိတယ်။ ကျုပ် တပည့် ဖန်းစွင်၊ သော်ယွီနဲ့ ထျယ်ထိုတို့ အားလုံးလည်း မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ပြီးပြီ။ နတ်မိမယ်ချီယောင် ဒါမှမဟုတ် အနောက်အင်ပါယာနန်းတော်က ထူးချွန်တဲ့ အမျိုးသမီးလေးတွေအနေနဲ့ စိတ်ဝင်စားတဲ့ တစ်စုံတစ်ယောက်များ ရှိရင် အချင်းချင်း ပိုသိလာအောင် လုပ်ဖို့ ကျုပ် ကန့်ကွက်မှာ မဟုတ်ဘူး။"

ရှီးချီယောင်က အံ့အားတသင့်နှင့် ရီဖူရှင်းအား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် လှည့်ထွက်သွားလေသည်။

သူမနောက်မှ လူများက ရီဖူရှင်းအား မကျေနပ်ကြည့်လိုက်ကြသည်။

"မြည်းငတုံးကောင်။"

အဘိုးအိုတစ်ယောက်က သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပေ။

"ဒီကောင်က တုံးပဲတုံးတာလား။ ဒါမှမဟုတ် ရိုင်းတာလားပဲ။"

ရီဖူရှင်းက ထွက်ခွာသွားသည့် သူများကို ကြည့်ရင်း သူ့မျက်နှာထက်၌ ဇဝေဇဝါအကြည့်တို့ ဖြစ်ပေါ်လာသည်။ သူပြောတာ တစ်ခုခု မှားသွားခဲ့သလား။

"ဆရာ.."

ထိုအခိုက်အတန့်တွင် လူအနည်းငယ်က သူရှိရာသို့ ပြေးလာနေကြသည်။ ၎င်းတို့က သူ၏ တပည့်ငယ်လေးများ ဖြစ်ကြပေသည်။

အမှန်တွင် ဖန်းစွင်နှင့် အခြားလူများက 'ကလေး' များ မဟုတ်ကြတော့ပေ။ စီဝေ့အင်ပါယာနန်းတော်၏ ဂျူနီယာစောင့်ရှောက်သူလေးယောက်တွင် သုံးယောက်က မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်သည်။ သူတို့က မူလမဟာစောင့်ရှောက်သူလေးယောက်ထက်ပင် ပို၍ အားကောင်းကြသေးသည်။

"ပြန်လာပြီလား။"

ရီဖူရှင်းက ပြောလိုက်သည်။ သော်ယွီနှင့် ထျယ်ထိုနှစ်ယောက်လုံး မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ရီဖူရှင်းသည် သူတို့အား လေးမျက်နှာကျေးရွာသို့ ပြန်၍ ဆရာသခင်ကို လေးစားစွာဖြင့် သတင်းသွားပို့ရန် တိုက်တွန်းခဲ့သည်။ ဆရာသခင်သည်လည်း သူတို့၏ ဆရာသာ ဖြစ်သောကြောင့် သူတို့လေးယောက်က သဘောတူခဲ့ကြသည်။

"မင်းတို့ သွားတာ အတော်ကြာပြီ။ ဆရာသခင်ဆီကနေ သင်ယူနေကြတာလား။"

ရီဖူရှင်းက သိချင်စိတ်နှင့် မေးလိုက်သည်။

ရှောင်လင်းက နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"ဆရာသိတဲ့အတိုင်းပဲ ဒီသုံးယောက်က ဘာတစ်ခုမှ သင်ယူဖို့ စိတ်ထဲမရှိကြဘူး။ သူတို့ ဆရာသခင်ဆီ သွားလည်ပြီးတော့ ရွာကနေ ထွက်သွားတယ်လေ။ သူတို့ ဘယ်သွားခဲ့လဲ ဆရာ မှန်းကြည့်။"

"ဘယ်နေရာလဲ။"

ရီဖူရှင်းက သိချင်စိတ်နှင့် ကြည့်လိုက်သည်။

"ဆရာ မှန်းကြည့်လေ။"

ရှောင်လင်းက ပြောလိုက်၏။ ရီဖူရှင်း၏ ရှေ့တွင် သူမက မိန်းမငယ်လေးကဲ့သို့ ပြုမူနေသည်။

ရီဖူရှင်းက ရယ်မောရင်း သူတို့ကို ကြည့်လိုက်သည်။ ရှန်ချင်းနယ်​မြေအတွင်း၌ သူတို့ သွားနိုင်သော နေရာက သိပ်မများလှပေ။

"နယ်မြေသခင်အိမ်တော် မဟုတ်ရင် နန်ဟိုင်မိသားစုလား။"

ရီဖူရှင်းက မေးလိုက်သည်။

"ဟုတ်တယ်။"

ရှောင်လင်းက ပြန်ဖြေလိုက်သည်။

"ရှန်ချင်းနယ်မြေသခင်အိမ်တော်က အဓိကအင်အားစုတွေ အားလုံးကို စုဝေးဖို့ ဆင့်ခေါ်ထားပြီး ဒီသုံးယောက်ကလည်း သူတို့ရဲ့ ဧည့်ခံပွဲကို သွားတက်တယ်လေ။"

"သူတို့ရဲ့ 'ဧည့်ခံပွဲ'ကို ရိုးရိုးရှင်းရှင်းပဲ သွားတာလား။"

ရီဖူရှင်းက မေးလိုက်သည်။

"ဆရာ အဲဒီထက် နည်းနည်း ပိုတယ်။ ကျွန်တော်တို့ အကြံပြုချက်တချို့လုပ်ခဲ့တယ်။"

ဖန်းစွင်က ခေါင်းကုတ်ရင်း ပြောလိုက်၏။

"ထျယ်ထို မင်းပြော။"

ရီဖူရှင်းက ထျယ်ထိုအား ကြည့်လိုက်သည်။

"ကျွန်တော်တို့ လူတချို့ကို ရိုက်နှက်ပြီး သူတို့ရဲ့ ပစ္စည်းတချို့ကို ဖျက်ဆီးခဲ့တယ်။"

ထျယ်ထိုက တုံ့ဆိုင်းစွာ ပြောလိုက်၏။

ရီဖူရှင်းက သူ့စကားကို ကြားသည့်အခါ စိတ်ထဲ၌ ပုံရိပ်များ ပေါ်ပေါက်လာပြီး ဖြစ်သည်။

"ရှန်ချင်းနယ်​မြေသခင်အိမ်တော်က ဆရာ့အပေါ် အရိုအသေမဲ့ခဲ့ပြီး ဆရာနဲ့ အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့တယ်။ ဒွန်ဟောင်အင်ပါယာနန်းတော်ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်တို့က သူတို့ရဲ့အသက်တွေကို သေချာပေါက် ချမ်းသာပေးမှာ မဟုတ်ဘူး။ နန်ဟိုင်မိသားစုနဲ့ လက်ထပ်ပြီး ဝင်ရောက်သွားတဲ့ မုယွင်မိသားစုအတွက်လည်း အတူတူပဲ။ သူတို့က ရွာကို သစ္စာဖောက်သွားတယ်လို့ သတ်မှတ်နိုင်တာကြောင့် ကျွန်တော်တို့က အဲဒီ အမှိုက်အားလုံးကို ရှင်းလင်းတဲ့အချိန်မှာ ထောက်ထားညှာတာနေမှာ မဟုတ်ဘူး။"

သော်ယွီက ယုံကြည်ချက်ရှိရှိနှင့် အေးစက်စွာ ပြောလိုက်သည်။

ရီဖူရှင်းက သော်ယွီကို ကြည့်လိုက်သည်။ သူသည် သော်ယွီက ထိုလေးယောက်ထဲတွင် စကားအနည်းဆုံးဟု တွေးထားခဲ့ပေသည်။ သို့သော် ရီဖူရှင်းသည် ၎င်းက သော်ယွီ၏ ကလေးဘဝနှင့် သက်ဆိုင်နေကြောင်း သိရှိပေသည်။ သူက မိဘမရှိဘဲ ကြီးပြင်းလာရပြီး ရွာမှ ပျိုးထောင်ပေးခဲ့သည်။ သူက အမြဲ စိတ်ထဲသိမ်းထားပြီး ထုတ်မပြောသည်က များပေသည်။ ရီဖူရှင်းက သူ့ကို ရွေးချယ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သော်ယွီသည် သာမန်ဘဝ၌ နေထိုင်ရန် ကံကြမ္မာရှိပေသည်။

သူ့တပည့်လေးယောက်ထဲတွင် သော်ယွီက သူ့ကို ကျေးဇူးအတင်ဆုံး​ဖြစ်ပြီး ရီဖူရှင်းထံ၌ ဖြစ်ပျက်သမျှ အရာအားလုံးကို ဂရုအစိုက်ဆုံး ဖြစ်သည်။ ရလဒ်အနေနှင့် သူက ရှန်ချင်းနယ်​မြေသခင်အိမ်တော်နှင့် နန်ဟိုင်မိသားစုအား ပြင်းပြင်းပြပြ မုန်းတီးပေသည်။

"ဖြစ်ပြီးသွားတာက ပြီးသွားပြီပဲ။"

ရီဖူရှင်းက သူတို့ကို အပြစ်မတင်ခဲ့ပေ။ သူသည် သူ့တပည့်များ၏ လှုပ်ရှားမှုတို့ နောက်ကွယ်မှ အကြောင်းရင်းကို နားလည်ပေသည်။ သူတို့​က သူ့ကိုယ်စား ကလဲ့စားချေပေးနေခြင်း ဖြစ်သည်။

"ဆရာက ကျွန်တော်တို့ကို အပြစ်မပေးဘူးဆိုတာ သိသားပဲ။"

ဖန်းစွင်က အပြုံးနှင့် ပြောလိုက်သည်။ ထို့ကြောင့် သူက ရီဖူရှင်း၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရ၏။ အားလုံးထဲတွင် ထိုလူငယ်လေးက အကြီးဆုံး ပြဿနာကောင် ဖြစ်သည်။

ဘုန်း....

သူတို့ စကားပြောနေရင်း မြေပြင်က ရုတ်တရက် လှုပ်ခါသွားကာ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ အဆောက်အဦးများကလည်း တုန်ခါသွားပေသည်။ ၎င်းက ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်သွားသလိုပင် ​​ဖြစ်သည်။ ရီဖူရှင်း၏ မျက်နှာထက်၌ သံသယအကြည့်တို့ ဖြစ်ပေါ်လာပြီး သူက နတ်အာရုံကို ဖြန့်ကျက်ကာ အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံသွားစေသည်။ သို့သော် သူက ပုံမှန်မဟုတ်သော မည်သည့်အရာကိုမှ မတွေ့ခဲ့ပေ။

သူက ခေါင်းကို မော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ ဤနေရာကို တစ်ယောက်ယောက် ရောက်လာပြန်သည်လား။

သူ့မျက်လုံးများက အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်ကာ အလွန် ဝေးကွာသည့် နေရာအထိ ကြည့်လိုက်သည်။ ကောင်းကင်အလွန်ရှိ တစ်နေရာတွင် တောက်ပလှသည့် နတ်အလင်းတစ်ခုက သူ့မျက်လုံးအတွင်း ဝင်ရောက်လာပုံရသည်။

စီဝေ့ကြယ်ကမ္ဘာအပြင်ဘက်ရှိ ၎င်းက မည်သည့်အရာ ဖြစ်သနည်း။

All Chapters