ဘုံခုနစ်ခုကို တုန်လှုပ်သွားစေခြင်း
Vol. 186 Ch. 2656
ကောင်းကင်အပြင်ဘက်မှ တုန်ခါမှုတစ်ခု။
ထိုအခိုက်အတန့်တွင် စီဝေ့ကြယ်ကမ္ဘာအတွင်းမှ လူတိုင်းက ထိုတုန်ခါမှုကို ခံစားမိလိုက်ကြပြီး သူတို့၏ နှလုံးသားများကလည်း ၎င်းနှင့်အတူ တုန်ယင်သွားခဲ့သည်။ သူတို့က ထပ်မံတိုက်ခိုက်ခံရပြန်ပြီလား။
ယခုအချိန်တွင် သူတို့ထံ၌ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးက ဖုံးလွှမ်းနေခဲ့သည်။
သို့သော် သူတို့က မကြာခင်၌ ၎င်းက တိုက်ခိုက်မှုမဟုတ်ကြောင်း ရှာတွေ့ခဲ့ကြသည်။ သူတို့သည် ကောင်းကင်ထက်မှ အဆုံးမဲ့ လင်းလက်နေသည့် တောက်ပမှုကို မြင်တွေ့ခဲ့ကြရသည်။ ၎င်းက အလွန်ဝေးကွာသည့် နေရာတွင် ဖြစ်သော်လည်း သူတို့က ခံစားမိနိုင်ပေသည်။ ထိုအလင်း၏ ကျယ်ပြန့်မှုအကွာအဝေးက မည်မျှ ရှိပြီး အလင်း၏ တောက်ပမှုက မည်မျှ ရှိသည်ကို သူတို့ ခန့်မှန်းနိုင်ပေသည်။
မဟုတ်လျှင် သူတို့က ထိုမျှ အဝေးကြီးမှ တစ်စုံတစ်ရာကို မြင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
မည်သည်တို့ဖြစ်နေသနည်းဟု မရေတွက်နိုင်သော လူများက သိချင်နေကြသည်။
ရီဖူရှင်းသည်လည်း မည်သည်တို့ ဖြစ်ပျက်နေကြောင်း မသိခဲ့ပေ။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများစွာက ကောင်းကင်သို့ တက်သွားခဲ့ပြီး ပို၍ မြင့်မားသည့်ကောင်းကင်အား မျှော်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက အံ့အားသင့်နေပုံပေါ်သည်။
"နန်းတော်သခင်။"
"ဆရာ။"
လူအများက ရီဖူရှင်းကို ခေါ်လိုက်ကြသည်။
"တစ်ချက်လောက် သွားကြည့်ရအောင် ကျုပ်နဲ့ လိုက်ခဲ့ကြ။"
ရီဖူရှင်းက ပြောလိုက်ပြီး သူနှင့်အတူ လူတစ်စုလိုက်ပါလာကာ ကောင်းကင်အပြင်ဘက်သို့ ဦးတည်လိုက်ကြသည်။ သူတို့က အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး လေဟာနယ်အား ဖြတ်သန်းသွားခဲ့သည်။ သူတို့က စီဝေ့ကြယ်ကမ္ဘာ၏ နယ်နိမိတ်အပြင်သို့ ရောက်ရန် အချိန်သိပ်မယူလိုက်ရပေ။ အလင်းရောင်က ပျံ့နှံ့နေပြီး အဆုံးမဲ့ လေဟာနယ်ကို ထွန်းလင်းစေကာ စီဝေ့ကြယ်ကမ္ဘာအပြင်ဘက် လေဟာနယ်အတွင်း တောက်ပနေစေခဲ့သည်။
ရီဖူရှင်းက ထူးခြားသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။ လေဟာနယ်က ပျက်ယွင်းသွားပြီး ဖြန့်ကျက်လာသည့် နတ်အလင်းများက မူလဘုံတစ်ခွင်လုံးကို လွှမ်းခြုံကာ ထွန်းလင်းလာစေရန် ရည်ရွယ်နေပုံရသည်။
"ဒါက..."
ရီဖူရှင်းက ပုံမှန်မဟုတ်သည့် တစ်စုံတစ်ခုကို ခံစားမိလိုက်ပေသည်။ ထူးဆန်းသည့် မြင်ကွင်းတို့ ပေါ်ပေါက်လာပုံရသည်။ မူလဘုံက ပြင်းထန်သည့် အပြောင်းအလဲတို့နှင့် ရင်ဆိုင်ရတော့မည့်ပုံပေါ်ပေသည်။
မူလဘုံကို ထိုမျှ သက်ရောက်မှုရှိလာစေသည်က အတိအကျ မည်သည့်စွမ်းအားမျိုး ဖြစ်နိုင်သနည်း။
မူလဘုံက ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးခြင်းမှ ဖြစ်ပေါ်လာသည့် ပြိုကွဲနေသော လောကတစ်ခုဖြစ်သည်။ မူလဘုံ၌ မရေတွက်နိုင်သော လေဟာနယ်များ ရှိနေခဲ့သည်။ သို့သော် ယခုတွင် မူလဘုံက ၎င်း၏ စွမ်းအားကို ပြန်လည်သိုလှောင်နေခဲ့သည်။ ထိုမျှ ကြောက်မက်ဖွယ် သက်ရောက်စေနိုင်သည့် စွမ်းအားက မည်သို့သော စွမ်းအားမျိုး ဖြစ်သနည်း။
ရီဖူရှင်းက နတ်အလင်းထွက်ပေါ်လာရာသို့ လျှောက်သွားခဲ့သည်။ ထိုနေရာမှ နတ်အလင်းများက မူလဘုံထံ ပျံ့နှံ့လာခြင်း ဖြစ်ပြီးတဖြေးဖြေး ဆက်လက်ချဲ့ထွင်နေခဲ့သည်။
"ဘယ်လောက်အားကောင်းလိုက်တဲ့ မဟာလမ်းစဥ် စွမ်းအားလဲ။"
သခင်ချန်က ရေရွတ်လိုက်သည်။ ထိုအလွန်သန့်စင်လှသည့် မဟာလမ်းစဥ်စွမ်းအားက သူ့ကိုပင် အံ့သြထိတ်လန့်စေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်ဆုံး၌ သူတို့က သဲလွန်စရလာခဲ့ပေသည်။ နတ်အလင်းများ စတင် ဖြန့်ကျက်လာသည့်နေရာက သက်ရှိလက္ခဏာတစ်စွန်းတစ်စမှ မရှိသော ကျယ်ပြောလှသည့် ကန္တာရကျက်တီးမြေမှ ဖြစ်လေသည်။
ထိုကန္တာရကျက်တီးမြေအတွင်း နှိုင်းယှဥ်၍ မရနိုင်သော မဟာလမ်းစဥ်စွမ်းအားက ဆက်လက်ပျံ့နှံ့လာနေပြီး ၎င်းမှာ ထူးခြားသည့် မဟာလမ်းစဥ်စွမ်းအား ဖြစ်ပုံရလေသည်။
သမိုင်းမတင်မီအချိန်က မြေဖြစ်သကဲ့သို့သော ထိုကျက်တီးမြေက ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေသည်။ အထင်ကြီးဖွယ်ကောင်းလှသည့် ရုပ်တုများအပါအဝင် ခမ်းနားထည်ဝါသော အဆောက်အဦးများစွာက ထိုကျက်တီးမြေ၌ ပြန်လည်ထွက်ပေါ်လာသည်။ သူ့ရှေ့မှ မြင်လိုက်ရသော မြင်ကွင်းက ရီဖူရှင်း၏ စိတ်ကို အကြီးအကျယ် သက်ရောက်စေခဲ့သည်။
"ဒါက ဘယ်နေရာလဲ။"
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက အံ့သြထိတ်လန့်နေခဲ့ကြ၏။
"ကျုပ်တို့ ခေတ်အခါမတိုင်ခင်က လောကတစ်ခု ဖြစ်လောက်တယ်။"
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ထိုရှေးကျသည့် အရှိန်အဝါက အမှန်တကယ်ပင် အချိန်အတော်ကြာမြင့်စွာက ဖြစ်ပုံရသည့်အတွက် လူအများက သဘောတူလိုက်ကြသည်။
"နတ်ဘုရားတွေရဲ့ သင်္ချိုင်းပဲ။"
ရီဖူရှင်းက နောက်ဆုံး၌ သတိပြုမိသွားပြီး ရေရွတ်လိုက်သည်။ ခံစားချက်က ရင်းနှီးသလို ဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။
တစ်ချိန်က သူ တစ်ကြိမ်တစ်ခါ မြင်တွေ့ဖူးခဲ့ပေသည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်ကသူတို့ ဘုံကိုးဘုံ၌ ရှိစဥ် ဒွန်ဟောင်အင်ပါယာနန်းတော်သည် နတ္ထိအင်ပါယာနန်းတော်အား နတ်ဘုရားအမွေအနှစ်နယ်မြေကို ဖွင့်လှစ်ရန် အမိန့်ပေးခဲ့ပြီး ဘုံကိုးဘုံမှ ထိပ်သီးကျင့်ကြံသူများကို ဝင်ရောက်စေခဲ့သည်။ ထိုအချိန်၌ ရှားရှင်းယွန်၊ ရီဝူချင်းနှင့် သူအပါအဝင် လူပေါင်းများစွာ အထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုနေရာတွင် အခွင့်အလမ်းပေါင်းများစွာရှိပြီး ရာရာနှင့် ရှားရှင်းယွန်နှစ်ယောက်လုံး အခွင့်အရေးရရှိခဲ့ကြသည်။
နောက်ဆုံးတွင် သူက မဟာအင်ပါယာ၏ အမွေအနှစ်ကို ရရှိသည့်အခါ သူ့အမြင်အာရုံက လေဟာနယ်ကို ထိုးဖောက်ပြီး နတ်ဘုရားတို့၏ ဂူသင်္ချိုင်းကို မြင်တွေ့ခွင့်ရခဲ့ပေသည်။
ထိုကဲ့သို့ ယူဆရသော အရာအားလုံးက သူ့ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
အရှင်ဒွန်ဟောင်က ထိန်းချုပ်ထားခဲ့သည့် နတ်ဘုရားတို့၏ ဂူသင်္ချိုင်း တစ်နည်းအားဖြင့် နတ်ဘုရားအမွေအနှစ်နယ်မြေက မူလဘုံ၌ တည်ရှိပေသည်။
ယခု နတ်ဘုရားတို့၏ ဂူသင်္ချိုင်းက လောက၌ ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
"နတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်းလား။"
ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ ကျင့်ကြံသူများက တုန်ယင်သွားခဲ့ပေသည်။ အများစုသည် ယခင်က ထိုနေရာအကြောင်း ကြားခဲ့ဖူးကြသည်။
ဒဏ္ဍာရီများအရ ရှေးခေတ်အချိန်အခါက ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးခဲ့သောအခါ၌ နတ်ဘုရားများကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့၏။ ၎င်းသည် နတ်ဘုရားများ၏ နေဝင်ချိန်အဖြစ် ကျော်ကြားပေသည်။
ထိုတိုက်ပွဲတွင် ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးခဲ့ပြီး နတ်ဘုရားပေါင်းများစွာ သေကြေခဲ့ရသည်။ မရေတွက်နိုင်သော နှစ်ပေါင်းများစွာကြာပြီးနောက် ယနေ့လောကကြီး ဖြစ်တည်လာသည်။
နတ်ဘုရားတို့၏ သင်္ချိုင်းမှာ ရှေးခေတ်အချိန်က နတ်ဘုရားများ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမြေပြင် ဖြစ်ရပေမည်။ ဤနေရာ၌ နတ်ဘုရားများအားလုံး မြှုပ်နှံခံခဲ့ရသည်လား။
"ရှေးခေတ်အချိန်တုန်းက နတ်ဘုရားတွေကြားက တိုက်ပွဲကြောင့် ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးခဲ့ရတယ်။ မူလဘုံက ရှေးယခင်ကတည်းက ကျန်ရစ်ခဲ့တဲ့နေရာဖြစ်ပြီး နတ်ဘုရားတွေရဲ့ သင်္ချိုင်းအဖြစ် ကျော်ကြားလာတယ်။ ဒါပေမယ့် ဘယ်သူက နတ်ဘုရားတွေရဲ့ သင်္ချိုင်းကို ချိပ်စည်းဖွင့်လိုက်တာလဲ။"
တစ်စုံတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် ရေရွတ်လိုက်သည်။
ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးပြီးနောက် နတ်ဘုရားတို့၏ တိုက်ပွဲမြေပြင်က မည်သည့်အကြောင်းရင်းကြောင့် အလိုအလျောက် ချိပ်ပိတ်သွားခဲ့ရသနည်း။ မည်သည့်အတွက်ကြောင့် ပြိုကွဲပျက်စီးနေသည့်လောကတစ်ခု မဟုတ်ရသနည်း။
သို့မဟုတ်လျှင် ဤရှေးခေတ်တိုက်ပွဲမြေပြင်က အလိုအလျောက်ထွက်ပေါ်လာခဲ့သည်လား။
ဤခန့်မှန်းချက်များထဲမှ အဖြေမှန်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် နတ်ဘုရားများ၏ ဂူသင်္ချိုင်းထွက်ပေါ်လာခြင်းက သူတို့ကို သေမတတ်ထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။
"ဒါက မူလအခြေအနေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတဲ့ ရှေးဟောင်းလောကတစ်ခု ဖြစ်နိုင်တယ်။"
ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် မူလဘုံသို့ ပျံ့နှံ့လာသည့် မဟာလမ်းစဥ်စွမ်းအားများကို ခံစားရင်း ထိုနေရာကို ဆက်လက်သွားနေခဲ့ကြသည်။ သူသည် ဤနေရာက ရှေးခေတ်အချိန်အခါမှ အကြွင်းအကျန် နေရာတစ်ခုဖြစ်ကြောင်း ခန့်မှန်းမိခဲ့သည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းဟု ကျော်ကြားသော နေရာသည် ရှေးယခင်က နတ်ဘုရားများ၏ တိုက်ပွဲမြေပြင်ဖြစ်ခဲ့သော ရှေးခေတ်ကမ္ဘာတစ်ခု ဖြစ်ပေသည်။
နတ်ဘုရားတို့၏ ဂူသင်္ချိုင်းနှင့် နတ်ဘုရားများ၏ ကျဆုံးခြင်းက ထိုအချိန်က အဖြစ်အပျက်များကို ညွှန်ပြနေသည့် နည်းလမ်းတစ်ခုသာဖြစ်သည်။
"မဟာလမ်းစဥ်အရှိန်အဝါက ဒီလောက် သန့်စင်ပြီး ဒီနေ့ခေတ်ရဲ့ မဟာလမ်းစဥ်ထက် ပိုပြီးသန့်စင်နေတာ အံ့သြစရာမရှိတော့ပါဘူး။ တစ်ယောက်ယောက်သာ ဒီနေရာမှာ ကျင့်ကြံပြီး လမ်းစဥ်ကို သက်သေပြနိုင်ခဲ့ရင် သူတို့ရဲ့ မဟာလမ်းစဥ်နတ်ဝင်ရိုးက ပြီးပြည့်စုံနေမှာပဲ။"
ရန်ဟောင်အချို့က မှတ်ချက်ချလိုက်ပြီး ရီဖူရှင်းက ခေါင်းညိတ်သဘောတူလိုက်သည်။ ထိုစဥ်က ဘုံကိုးဘုံမှ လူများ နတ်ဘုရားအမွေအနှစ်နယ်မြေသို့ ဝင်ရောက်သောအခါ သူတို့က ၎င်းစွမ်းအားများကို အသုံးပြု၍ ရန်ဟောင်အဆင့်ကို တက်ရောက်၍ ပြီးပြည့်စုံသည့် မဟာလမ်းစဥ်နတ်ဝင်ရိုးကို ဖွဲ့စည်းချင်ခဲ့ကြသည်။
မဟာလမ်းစဥ်အရှိန်အဝါက မူလဘုံတစ်ခွင်ကို ဖြန့်ကျက်နေခဲ့၏။ ၎င်း စွမ်းအားက မူလဘုံကို တစ်ဖန်လွှမ်းခြုံလာပြီး ရှေးဟောင်းကမ္ဘာ၏ မြင်ကွင်းက မူလဘုံ၌ ပြန်လည် ထွက်ပေါ်လာသည်လား။ သို့ဆိုလျှင် မူလဘုံက ဘုံအားလုံး၏ အခရာ ဖြစ်လာနိုင်ပေသည်။
အဓိကဘုံများအားလုံးက မူလဘုံ၏ တစ်စိတ်တစ်ပိုင်းအတွက် ယှဥ်ပြိုင်လာရပေလိမ့်မည်။
ယခုအချိန်တွင် ထိုအရာအားလုံးက အဓိကအာရုံစိုက်ရမည့်အရာ မဟုတ်ပေ။ နတ်ဘုရားတို့၏ ဂူသင်္ချိုင်း ပေါ်ပေါက်လာခြင်းက မူလဘုံအပြင် တစ်လောကလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။ အရေအတွက်မသိနိုင်သော ကျင့်ကြံသူများစွာက မကြာခင်၌ ဤနေရာတွင် ထွက်ပေါ်လာကြလိမ့်မည် ဖြစ်သည်။
ကြည့်ရသည်မှာ နောက်ထပ် သွေးလွှမ်းသော ပြင်းထန်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုအချိန်တွင် ရီဖူရှင်းနှင့် အခြားလူများက ထိုနေရာသို့ ချဥ်းကပ်လာနေပြီး မူလဘုံအတွင်းပိုင်း မတူညီသော နေရာများမှ အခြား ကျင့်ကြံသူများစွာသည်လည်း ထိုနေရာသို့ ဦးတည်လာနေကြသည်။
နတ်ဘုရားများသင်္ချိုင်း ထွက်ပေါ်လာမှုသည် အကန့်အသတ်မဲ့သည့် လေဟာနယ်အတွင်း အဆုံးမဲ့နတ်အလင်းများနှင့် လွှမ်းခြုံသွားစေပြီး စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးမှ မြင်နိုင်ပေသည်။ အခြားနေရာများမှလည်း အတူတူပင် ဖြစ်သည်။ မူလဘုံ၌ ကျင့်ကြံနေသည့် လူတိုင်းက နတ်ဘုရားများသင်္ချိုင်း တည်ရှိရာသို့ အပြေးရောက်လာကြပေသည်။
ထိုအချိန်တွင် ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းမှ အရှင်ဒွန်ဟောင်က မျက်လုံးများ ဖွင့်လာပြီး ပြောလိုက်သည်။
"မူလဘုံမှာ နတ်ဘုရားတွေရဲ့ သင်္ချိုင်း ထွက်ပေါ်လာတယ်ဆိုတာ နယ်မြေဆယ့်ရှစ်ခုရဲ့ နယ်မြေသခင်တွေကို နေရာအနှံ့က ကျင့်ကြံသူတွေဆီ သတင်းပေးဖို့ ပြောလိုက်။ တစ်ချိန်တည်းမှာ မူလဘုံကို သွားဖို့လမ်းကြောင်းတွေ ဖွင့်ပေးပြီး ကျင့်ကြံသူအားလုံးကို သွားခိုင်းလိုက်ပါ။"
ထိုအသံက ဒွန်ဟောင်အင်ပါယာနန်းတော်တလျှောက် ပဲ့တင်ထပ်ကာ အင်ပါယာနန်းတော်၏ ကျယ်ပြန့်သော နယ်မြေတစ်ခွင်က ၎င်းကြောင့် တုန်လှုပ်သွားခဲ့ကြပေသည်။ အင်ပါယာနန်းတော်အတွင်းရှိ ထိပ်တန်းကျင့်ကြံသူများအပါအဝင် ကျင့်ကြံသူများစွာက ကျင့်ကြံနေရာမှ ထွက်လာခဲ့ပြီး အသံထွက်ပေါ်လာသည့် နေရာသို့ ကြည့်လိုက်ကြသည်။
"မင်းတို့လည်း သွား။"
အရှင်ဒွန်ဟောင်က ပြောလိုက်သည်။ အင်ပါယာနန်းတော်အတွင်း ဖြစ်ပျက်သမျှ အရာအားလုံးက သူ၏ အာရုံအတွင်းမှ မလွတ်မြောက်နိုင်ပေ။
"အမိန့်အတိုင်းပါ အရှင်။"
အသံများက တစ်ခုပြီးတစ်ခု ပြန်ဖြေလိုက်ကြပြီး ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများက သူတို့၏ ခရီးစဥ်ကို စတင်လိုက်ကြသည်။ တစ်ချိန်တည်းတွင် နယ်မြေဆယ့်ခု၏ နယ်မြေသခင်အိမ်တော်များသို့လည်း သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်ဒေသတစ်ခွင်လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပေသည်။
ထို့ပြင် ထိုသတင်းက ကောင်းကင်ဒေသတစ်ခုထဲ၌ ကန့်သတ်ထားခြင်းမဟုတ်ဘဲ အခြားဘုံများလည်း ကြားသိခဲ့ကြပေသည်။
နတ်ဘုရားများ၏ ဂူသင်္ချိုင်းထွက်ပေါ်လာခြင်းက ဘုံခုနစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပေသည်။