အားလုံးရောက်ရှိလာခြင်း
Vol. 186 Ch. 2657
မူလဘုံ၏ နယ်မြေအတွင်း လေဟာနယ်ထဲတွင် အံ့သြမှင်တက်ဖွယ် အလင်းတန်းတို့က မတူညီသော နေရာများမှ ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်ကို ထွန်းလင်းလာစေသည်။
ထို့နောက်တွင် လေဟာနယ်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများမှာ မူလဘုံသို့ အခြားဘုံများမှ ဆက်သွယ်ထားသည့် လမ်းကြောင်းများ ဖြစ်ပေသည်။
မရေတွက်နိုင်သော အစွမ်းထက် ကျင့်ကြံသူများက ထိုလမ်းကြောင်းမှ လျှောက်ထွက်လာကြသည်။ ၎င်းသည် ကြီးမြတ်သည့် စစ်တပ်အင်အားစုကြီး ဤနေရာသို့ ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရပေသည်။
ထိုဖြတ်လမ်းကြောင်းများကို လေ့လာကြည့်သည့်အခါ ၎င်းတို့က ပိတ်ထားခြင်းမရှိဘဲ လူများ အဆက်မပြတ် ထွက်လာနေသည်ကို မြင်နိုင်ပေသည်။ အဆုံးမဲ့သော လူသားလှိုင်းကြီးက ရပ်တန့်သွားခြင်း မရှိမည့်ပုံရသည်။
ထို့ပြင် ထိုလမ်းက တစ်ခုတည်းသာ မဟုတ်ဘဲ မူလဘုံအတွင်း အများအပြား ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် ထိုကဲ့သို့သော ဖြတ်လမ်းကြောင်းများက အရေအတွက် ပိုမိုတိုးပွားလာပြီး ဖြတ်သန်းလာသည့် လူများကလည်း အချိန်နှင့်အမျှ ပိုများလာပေသည်။
လောကအသီးသီးမှ ကျင့်ကြံသူများအားလုံး ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။
ရန်ဟောင်အဆင့်နှင့် အထက်မှ မည်သည့်ကျင့်ကြံသူမဆို ဤနေရာသို့ လာရောက်လေ့လာကြည့်ရှုချင်ကြသည်။ သတင်းပျံ့နှံ့လာသည်နှင့် ရန်ဟောင်အဆင့်အောက်မှ ကျင့်ကြံသူများသည်လည်း မူလဘုံသို့ သွားရန် တရွရွဖြစ်သော်လည်း သူတို့၏အလှည့်မရောက်နိုင်ပေ။ သူတို့က မူလဘုံသို့ သွားခဲ့လျှင်ပင် မည်သည့်အရာအတွက်မှ ယှဥ်ပြိုင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ချေ။
နတ်ဘုရားများ၏ ဂူသင်္ချိုင်းသို့ သွားရာလမ်းတွင် ရီဖူရှင်းနှင့်အခြားလူများသည် မူလဘုံအတွင်း ဆက်လက်၍ ပျံ့နှံ့နေသော နတ်အလင်းများအပြင် အဝေးရှိ နေရာအနှံ့အပြားမှ ပေါ်ပေါက်လာနေသော ခမ်းနားထည်ဝါသည့် ဖြတ်လမ်းကြောင်းများကို မြင်တွေ့ခဲ့ရပေသည်။ ထိုဖြတ်လမ်းကြောင်းများမှာ မူလဘုံနေရာအနှံ့အပြား၌ ထွက်ပေါ်လာနေပုံရသည်။
"သူတို့အားလုံး ရောက်လာကြပြီ။"
သူ့ဘေးမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူတို့၏ နှလုံးသားများက အလွန် မငြိမ်မသက်ဖြစ်လာကြသည်။ ထိုသူများက ယခုလို အလျင်အမြန် ရောက်လာကြလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ သူတို့ အခွင့်အရေးမရနိုင်ခင်မှာပင် အခြားလောကမှ ကျင့်ကြံသူများက ဖြတ်လမ်းကြောင်းများ ဖွင့်လှစ်ကာ မူလဘုံသို့ ဆင်းသက်လာကြပြီ ဖြစ်သည်။
"မဟာအင်ပါယာ ကိုယ်တိုင် အမိန့်ပေးလိုက်တာ ဖြစ်မယ်။"
ရီဖူရှင်းက ပြောလိုက်၏။ မဟာအင်ပါယာ၏ အမိန့်မရှိဘဲနှင့် လောကအသီးသီးမှ ကျင့်ကြံသူများစွာက အလွန် လျင်မြန်စွာ တုန့်ပြန်ပြီး ထိုမျှများပြားသည့် လေဟာနယ်ဖြတ်လမ်းကြောင်းများကို ဖွင့်၍ လာရောက်ကြလိမ့်မည် မဟုတ်ပေ။ မဟာအင်ပါယာ၏ အမိန့်ကြောင့်သာ အင်အားစုများအားလုံးက အလျင်အမြန် လှုပ်ရှားလာခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ဤနေရာမှ သတင်းက လောကအားလုံး၏ အာရုံစိုက်မှုကို ဆွဲယူသွားနိုင်ပုံရသည်။
နောက်ဆုံး၌ သူတို့က နတ်ဘုရားများ၏ သင်္ချိုင်းသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းသည် ရုပ်ကြွင်းများကို မြှုပ်နှံထားသော နေရာတစ်ခုမဟုတ်သလို ကုန်းမြေတစ်ခုလုံးလည်း မဟုတ်ခဲ့ပေ။ ကောင်းကင်ဒေသကဲ့သို့ပင် ကုန်းမြေအသေးပေါင်းများစွာ ဆက်စပ်ဖွဲ့စည်းထားခဲ့သည့် ကျက်တီးမြေတစ်ခုဖြစ်ကာ ရှေးခေတ်အခါမှ တိုက်ပွဲမြေပြင်ပင် ဖြစ်လေသည်။
သူတို့သည် ထိုကျက်တီးမြေ၌ ရပ်နေစဥ် ရှေးကျလှသည့် ခံစားချက်ကို ခံစားမိနိုင်ကြပေသည်။ မဟာလမ်းစဥ်၏ အရှိန်အဝါတို့က ယနေ့ခေတ်လောကနှင့် အလွန် ကွဲပြားခြားနားပေသည်။
ဤလောက၏ မဟာလမ်းစဥ်စွမ်းအားတို့က မူလဘုံတစ်ခုလုံးကို ဖုံးလွှမ်းပြီး မူလဘုံနှင့်ပေါင်းစပ်ချင်နေသည်လားဟု ရီဖူရှင်းက သိချင်နေခဲ့သည်။ သို့ဆိုလျှင် မူလဘုံက အကြွင်းမဲ့အခရာကျကာ စစ်မှန်သည့်လောကတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤနေရာသည် ကျင့်ကြံရန်အတွက် လူအများ အပြေးအလွှားရောက်လာချင်နေသည့်နေရာ တစ်ဖန် ဖြစ်လာလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် လောက၏ ထိပ်သီးအင်အားစုများက ဤနေရာသို့ ပြောင်းရွှေ့လာပြီး မူလဘုံကို ထိန်းချုပ်ရန် ကြိုးစားလာကြလိမ့်ဦးမည် ဖြစ်သည်။
ထို့နောက် ရီဖူရှင်းသည် လောကအတွင်းမှ အပြောင်းအလဲများအားလုံးက မူလဘုံမှ စတင်လိမ့်မည်ဟူသော ရှေ့ဖြစ်ဟောကို စဥ်းစားလိုက်မိပေသည်။
ထိုဟောကိန်းက ထူးခြားသာလွန် ကျယ်ပြန့်သော အနက်အဓိပ္ပါယ်ရှိသည်။ ယခု ဖြစ်ပျက်လာသော အရာအားလုံးက ကြိုတင်ဟောကိန်းထုတ်ထားသည့်အတိုင်း ဖြစ်နိုင်သလား။
"ဒီရှေးဟောင်းတိုက်ပွဲမြေပြင်က နတ်ဘုရားတွေ ကျဆုံးသွားခဲ့တဲ့ နေရာဖြစ်ရင် ဒီရှေးဟောင်းနယ်မြေမှာ မဟာအင်ပါယာတွေ ကျန်ရစ်ခဲ့တဲ့ တခြားအမွေအနှစ်တွေ အများကြီးရှိနေမှာပဲ။ ရှေးဟောင်းတိုက်ပွဲမြေပြင်မှာ မဟာအင်ပါယာတွေရဲ့ စွမ်းအားအကြွင်းအကျန်တွေ ရှိနေဦးမလား မသိဘူး။"
သခင်ချန်က ပြောလိုက်သည်။ လူတိုင်းသည် သူတို့ရှေ့၌ ဖြစ်ပျက်လာသည့် အဖြစ်အပျက်များကြောင့် အကြီးအကျယ် သက်ရောက်ခံလိုက်ရပေသည်။
"မဟာအင်ပါယာတွေက ဖျက်ဆီးလို့မရနိုင်တဲ့ တည်ရှိမှုတွေဖြစ်ပြီး စွမ်းအားအစအနလေးတစ်ခုဖြစ်ဖြစ် ကျန်ရှိရင်တောင် ပြန်လည်ရှင်သန်နိုင်ကြတယ်။ အဲဒါကို ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားကလန်တွေနဲ့ စီဝေ့မဟာအင်ပါယာကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။ ဒါကြောင့် ဒီနတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်းမှာ မဟာအင်ပါယာတွေ အများကြီးရဲ့ စွမ်းအားတွေ ကျန်ရှိနေလိမ့်မယ်။"
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် ကိုယ်တိုင်စောင့်ကြည့်ရမှာပဲ။ ရှေးခေတ် မဟာအင်ပါယာတွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာက သာမန်နေရာတော့ မဟုတ်လောက်ဘူး။"
သူသည် ယခင်က နတ်ဘုရားအမွေအနှစ်နယ်မြေအတွင်း ဝင်ရောက်ခဲ့ဖူးသည်။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို စုစည်းပြီးနောက် နှစ်ပေါင်းငါးဆယ်ကြာသည့်အချိန်တိုင်း တစ်ကြိမ် တံခါးဖွင့်ပေးကာ မူလဘုံအတွင်းမှ ထိပ်သီးကျင့်ကြံသူများကို အထဲသို့ ဝင်ရောက်စေခဲ့သည်။ သို့သော် နောက်ပိုင်း အဓိကဘုံများ၏ ကျူးကျော်မှုကို ခံခဲ့ရပြီး မူလဘုံ၌ အပြောင်းအလဲများ ဖြစ်လာသည့်အခါ မူလဘုံ၏ အခြေအနေက ပရမ်းပတာဖြစ်လာခဲ့သည်။ နတ်ဘုရားအမွေအနှစ်နယ်မြေ တံခါးသည်လည်း မည်သည့်အခါမှ ထပ်မံပွင့်လာခြင်း မရှိတော့ပေ။
ထိုသည်မှာ ယနေ့ နတ်ဘုရားတို့၏ ဂူသင်္ချိုင်းက ပြန်လည်ထွက်ပေါ်လာသည့်တိုင်အောင် ဖြစ်သည်။
သို့သော် နတ်ဘုရားအမွေအနှစ်နယ်မြေအတွင်း ရီဖူရှင်းက မဟာအင်ပါယာထံမှ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆက်ခံခဲ့ရပြီး အချို့သော ရတနာများမှာ မဟာအင်ပါယာများမှ ချန်ရစ်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ယခုမှ သူတို့ သိခဲ့ရသည်မှာ ထိုအမွေအနှစ်နယ်မြေဟူသည်က နတ်ဘုရားများ ဂူသင်္ချိုင်း၏ အစွန်အဖျားသာ ဖြစ်ပေသည်။
ယခု သူတို့ရှေ့၌ ထွက်ပေါ်လာသော လောကမှာ ပြီးပြည့်စုံသည့် နတ်ဘုရားများ၏ ဂူသင်္ချိုင်းပင် ဖြစ်လေသည်။
အရှင်ဒွန်ဟောင်သည်ပင် နတ်ဘုရားအမွေအနှစ်နယ်မြေ၏ တံခါးကို မည်သည့်အခါကမှ အမှန်တကယ် မဖွင့်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ယခုတွင် နတ်ဘုရားများ၏ ဂူသင်္ချိုင်းက လောကအတွင်း မည်သို့ ထွက်ပေါ်လာရပါသနည်း။
ထိုအခိုက်အတန့်၌ ရီဖူရှင်း၏ အာရုံစိုက်မှုက တစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီး ဖြတ်သန်းသွားသည့် ကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသည်။ သူ၏ အသွင်အပြင်က မသေမသပ်ဖြစ်နေခဲ့သည်။ သူ့ဆံပင်များက ရှုပ်ပွကာ ပခုံးပေါ်၌ ဖေးတင်နေသည်။ ထိုကျင့်ကြံသူသည် စုတ်ပြဲနေသော အဝတ်များကို ဝတ်ဆင်ထားခဲ့၏။ သူက အတော်လေး ညစ်ပတ်ပေရေနေကာ မသပ်မရပ်ဖြစ်နေသည်။ သူက အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ မထင်ရသော်လည်း ရီဖူရှင်းသည် ထိုပုဂ္ဂိုလ်ထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
ထိုကျင့်ကြံသူက အလွန် အစွမ်းထက်လှသည်။
ထိုလူ၏ အမှတ်တမဲ့ ဖော်ပြလာသော အရှိန်အဝါသည်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
သခင်ချန်နှင့် အခြားလူများက အလွန် ထက်ရှသည့် ထိုးထွင်းသိမြင်နိုင်ခြင်းကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူတို့သည်လည်း ၎င်းကို ကောင်းစွာ သတိပြုမိခဲ့သည်။ သူတို့က ထိုလူကို ကြည့်လိုက်သောအခါ သူတို့အားလုံးက ခြိမ်းခြောက်မှုကို ခံစားမိလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ထိုကျင့်ကြံသူက သူတို့ဘက်သို့ လှည့်ကာ ကြည့်လာခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးများက ရီဖူရှင်းပေါ် တိုက်ရိုက်ကျရောက်လာပြီး သူတို့အကြည့်များက ဆုံတွေ့ကြသည်။ ရီဖူရှင်းသည် ထိုရှည်လျားသော ဆံပင်များအောက်မှ မျက်လုံးများက အလွန် ထူးခြားလှပြီး ည၏ အမှောင်ထုကဲ့သို့ နက်နဲလှပေသည်။ သို့သော် သူသည် ထိုလူ၏ အနီးဝန်းကျင်မှ ချုပ်ကိုင်လွှမ်းမိုးနိုင်သော ခမ်းနားထည်ဝါသည့် အရှိန်အဝါကို ခံစားမိနိုင်ခဲ့ပြီး ထိုလူက မည်မျှ အန္တရာယ်များကြောင်း ဖော်ပြနေပေသည်။
ထိုလူက မည်သူ့ကိုမှ ရန်မစခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူက အဝေးသို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။ သူသည်လည်း ဤနေရာသို့ နတ်ဘုရားများ၏ ဂူသင်္ချိုင်းကြောင့် ရောက်လာခဲ့ခြင်း ဖြစ်ရပေမည်။
"အဲဒီလူရဲ့ ကျင့်ကြံခြင်းက အရမ်းအားကောင်းတယ်။"
သခင်ချန်က ခပ်တိုးတိုးပြောလိုက်သည်။
"ပြီးတော့ ကြည့်ရတာ သူက ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုထဲက ဟုတ်ဟန်မတူဘူး။ တခြားဘုံကနေ လာတာဖြစ်ရမယ်။"
သူ၏ အပြင်ပန်းသွင်ပြင်က အလွန် စုတ်ပြတ်နေပြီး မည်သည့် ထိပ်တန်းအင်အားစုများမှ အကြီးအကဲတစ်ယောက်နှင့် တူမနေပေ။
"လောကအရေးကိစ္စတွေကို ရှောင်ပြီး တံခါးပိတ်ကျင့်ကြံနေတဲ့ မကောင်းဆိုးဝါးအိုကြီးတစ်ယောက်ယောက် ဖြစ်နိုင်လား။"
ရီဖူရှင်းက ပြောလိုက်သည်။ လောကအတွင်း၌ အံ့သြဖွယ်ရာများနှင့် ပြည့်နှက်နေပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်မျိုးနှင့်ဆိုလျှင် သေဆုံးရန် မလွယ်ကူပေ။ ပြင်းထန်လှသည့် တိုက်ပွဲတစ်ခုကသာလျှင် ကျင့်ကြံသူများစွာကို သေကြေပျက်စီးစေနိုင်ပေသည်။
သို့သော် ပြင်ပလောကသို့ ထွက်လာရန် ခက်ခဲပြီး ပုန်းကွယ်နေထိုင်နေကြသည့် မကောင်းဆိုးဝါးအိုကြီးများကဲ့သို့ အဆင့်များမှ လူများက ဒုနှင့်ဒေး ရှိပေသည်။ သူတို့က လောက၏ အရေးကိစ္စများစွာကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သဖြင့် သူတို့ကိုယ်သူတို့ ကျင့်ကြံခြင်း၌သာ နှစ်မြှုပ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ယခု နတ်ဘုရားများ၏ ဂူသင်္ချိုင်းက ပြန်လည်ထွက်ပေါ်လာပြီဟူသော အရေးပါသည့် သတင်းက လောကအတွင်း လှုပ်ခတ်သွားစေသောကြောင့် အားလုံးက ဤနေရာ၌ စုစည်းလာခြင်း ဖြစ်ရပေမည်။ မကြာခင်၌ အစွမ်းထက်သူများဖြစ်စေ ယုတ်မာဆိုးသွမ်းသူများဖြစ်စေ အားလုံး ရောက်ရှိလာကြလိမ့်မည် ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း.......
ထိုအခိုက်အတန့်တွင် တောက်ပသည့် နတ်အလင်းတစ်ခုက ကောင်းကင်ထက်မှ ကျဆင်းလာပြီး လေဟာနယ်ဖြတ်လမ်းကြောင်းက မတူညီသော နေရာများတွင် ထွက်ပေါ်လာပြီး တောက်ပသည့် ရွှေရောင် လေဟာနယ်အလင်းများက ဖြတ်လမ်းကြောင်းတလျှောက် လင်းလက်နေခဲ့သည်။
ထိုလေဟာနယ်ဖြတ်လမ်းကြောင်းမှ လူတစ်စုပြီး တစ်စု လျှောက်ထွက်လာကြသည်။ လူတိုင်း၏ အရှိန်အဝါတို့က ကြောက်မက်ဖွယ်ကောင်းကာ အလွန်အစွမ်းထက်လှသည်။
"အင်ပါယာအဆင့်အင်အားစုတွေ။"
ရီဖူရှင်းသည် တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းတို့က အင်ပါယာအဆင့် အင်အားစုများဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ထို့ကြောင့်ပင် သူတို့က နတ်ဘုရားများ၏ ဂူသင်္ချိုင်းထံ လေဟာနယ်ဖြတ်လမ်းကြောင်းကို ဖွင့်ကာ သူတို့၏ ကျင့်ကြံသူများအား ဤနေရာသို့ တိုက်ရိုက်ပို့ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"လူသားဘုံက ကျင့်ကြံသူတွေ။"
ရီဖူရှင်းက ထိုလူများကို ကြည့်လိုက်သည်။ သူတို့ကြားထဲမှ အချို့ကို တိုက်ပွဲအတွင်း မြင်တွေ့ခဲ့ဖူးပေသည်။ သူတို့က လူသားဘိုးဘေး၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်ရှိ လူသားဘုံမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
နောက်တစ်နေရာတွင်လည်း တူညီသော အဖြစ်အပျက်များ ဖြစ်ပေါ်လာသည်။ တောက်ပသော လေဟာနယ်အလင်းများ ထွက်ပေါ်လာပြီး နောက်ထပ် အရေအတွက်များပြားသည့် ကျင့်ကြံသူတစ်စု ရောက်ရှိလာသည်။ ဦးဆောင်လာသည့်သူက ကျိုထျန်းနတ်မိမယ်ကဲ့သို့သော အသွင်အပြင်မျိုးနှင့် တည်ငြိမ်ကာ ထူးခြားသာလွန်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူမက အခြားသူမဟုတ်ဘဲ အရှင်ဒွန်ဟောင်၏ သမီးတော် ဒွန်ဟောင်တိယွမ်ဖြစ်လေသည်။ သူမက အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်ကာ ဤနေရာသို့ ရောက်ရှိလာခဲ့ပေသည်။
ယခင်က ရောက်လာသူများသည် ကောင်းကင်ဒေသအတွင်းရှိ အင်အားစုများ ဖွင့်ထားခဲ့သော ဖြတ်လမ်းကြောင်းများမှ ဖြစ်လေသည်။ ထိုသူများ ယခု ရောက်လာကြသည်မှာ အင်ပါယာအဆင့်အင်အားစုများမှ တိုက်ရိုက်ဖွင့်လှစ်လိုက်သည့် ဖြတ်လမ်းကြောင်းများဖြင့် ဖြစ်သည်။
အဝေးမှ ကြောက်မက်ဖွယ် အော်မြည်သံကြီးကို ကြားလိုက်ရပြီး ကောင်းကင်က တုန်ခါသွားခဲ့သည်။ အလွန် ကြောက်မက်ဖွယ် နက်မှောင်သည့် အလင်းတစ်ခု ဆင်းသက်လာပြီး အနက်ရောင်မုန်တိုင်းတစ်ခုက လေဟာနယ်ကို လွှမ်းခြုံလာသည်။ ထိုနေရာ၌ အနက်ရောင်ဖြတ်လမ်းကြောင်းပေါ်ပေါက်လာပြီး ကျင့်ကြံသူအဖွဲ့ကြီးတစ်ဖွဲ့ ရောက်ရှိလာသည်။ မှော်နက်စစ်တပ်မှ ကျင့်ကြံသူများလည်း ရောက်ရှိလာပြီ ဖြစ်သည်။
ထို့နောက် တခြားနေရာတွင် နတ္ထိအင်ပါယာဘုံမှ ဖြတ်လမ်းကြောင်းလည်း ပွင့်လာကာ ကျင့်ကြံသူများ ဆင်းသက်လာ၏။
နောက်ထပ်တစ်နေရာ၌လည်း ဗုဒ္ဓအလင်းတို့ တောက်ပလာပြီး ဗုဒ္ဓအသံက ကောင်းကင်တွင် ပျံ့လွင့်နေသည်။ ရှေးဟောင်းဗုဒ္ဓများက ဆင်းသက်လာကာ အထဲမှ လျှောက်ထွက်လာပြီး နတ်ဘုရားများ ဂူသင်္ချိုင်းသို့ ရောက်ရှိလာသည်။
"နတ်ဆိုးလောကပဲ မရောက်သေးတာ။"
ရီဖူရှင်းက ရေရွတ်လိုက်သည်။ ဘုံတစ်ခုချင်းစီက ဝေးကွာသွားသော်လည်း သူတို့၏ လှုပ်ရှားမှုများက မြင်သာပေသည်။ ဝေးကွာသည့် နေရာများ၌ ရှိနေလျှင်ပင် သူတို့က မတူညီသော နေရာများတွင် လေဟာနယ်ဖြတ်လမ်းကြောင်းများ ဖွင့်နေသည်ကို မြင်နိုင်သေးသည်။
နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် နတ်ဆိုးတိမ်တိုက်များက လှုပ်ခတ်ကာ အော်မြည်လာသည်။ ရီဖူရှင်းက နတ်ဆိုးအလင်းများ ထွက်ပေါ်လာသည့် နေရာကို ကြည့်လိုက်သည်။ ထိုနေရာမှ နတ်ဆိုးလှေကားတစ်ခု ပေါ်ပေါက်လာပြီး နတ်ဆိုးလောက၏ စစ်တပ်ကြီးတစ်ခု ဆင်းသက်လာပေသည်။ ဤတစ်ကြိမ်၌ ယူချင်းလည်း ရောက်လာနိုင်ပေသည်။
"ဘုံခြောက်ဘုံက ရောက်လာပြီ။"
လူတိုင်းက အံ့သြမှင်တက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ဒေသအတွင်းရှိ မြောက်ဘက်စွန်းဒေသ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲထက် အားကောင်းသည့် ကိုယ်စားလှယ်များ ရောက်လာခဲ့သည်။ ထိုတိုက်ပွဲတွင် ထိပ်သီးပုဂ္ဂိုလ်တော်တော်များများ မပါဝင်ခဲ့ကြပေ။ အင်အားစုများအားလုံးသည် သူတို့၏ အတော်ဆုံးလူများကို စေလွှတ်ခဲ့ခြင်းမရှိဘဲ ပြန်ဆုတ်နိုင်ရန် လမ်းကြောင်း ချန်ရစ်ထားခဲ့သည်။
သို့သော် ဤတစ်ကြိမ်၌ ကွာခြားပေသည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် မဟာအင်ပါယာ၏ အမိန့်မရှိလျှင်ပင် ထိုထိပ်သီးပုဂ္ဂိုလ်များက သူတို့ဆန္ဒအလျောက် ရောက်လာကြမည် ဖြစ်သည်။ ၎င်းက ရှေးခေတ်အခါမှ နတ်ဘုရားများဖြစ်ပြီး မဟာအင်ပါယာတစ်ပါးထံမှ အမွေအနှစ်သာလျှင် မဟုတ်တော့ပေ။
ဘုန်း... ဘုန်း... ဘုန်း......
ကောင်းကင်က တုန်ခါသွားပြီး လေဟာနယ်သည်လည်း လှုပ်ခတ်သွားသည်။ ရီဖူရှင်းနှင့် အခြားလူများက ခေါင်းကိုမော့ကာ ထိုနေရာသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ ရွှေရောင်ဖြတ်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာကာ နှိုင်းယှဥ်၍မရနိုင်သည့် ရွှေရောင်နတ်အလင်းများက အောက်ဘက်ထိ ဖြန့်ကျက်လာပြီး မူလဘုံသို့ ကျဆင်းလာသည်။ ၎င်းက အလွန် ခမ်းနားလှသည့် မြင်ကွင်း ဖြစ်သည်။ သူတို့က အခြားကျင့်ကြံသူများကြား၌ အရေအတွက် အနည်းဆုံးဖြစ်သော်လည်း သူတို့ ရောက်ရှိလာမှု၏ ခမ်းနားထည်ဝါမှုက အခြားသူများထက် အနည်းငယ်မျှ မလျော့ပေ။
"ကောင်းကင်ဘုံလည်း ဒီကိုရောက်နေပြီ။"
ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ ရွှေရောင်ဖြတ်လမ်းကြောင်းမှာ ကောင်းကင်ဘုံမှ ကျင့်ကြံသူများ ရောက်ရှိလာပြီဟူသည့် သင်္ကေတပင် ဖြစ်သည်။ သူတို့သည်လည်း ဖြတ်လမ်းကြောင်းကို ဖွင့်ကာ မူလဘုံသို့ ရောက်လာခဲ့ကြသည်။
"ဘုံခုနစ်ခု။"
ရီဖူရှင်းက ထိုမြင်ကွင်းကို မြင်သည့်အခါ မလွယ်ကူသလို ခံစားလိုက်ကြရပေသည်။ မကြာသေးခင်ကမှ ကောင်းကင်ဒေသ၌ စစ်ပွဲပြီးဆုံးသွားခြင်း ဖြစ်သည်။ သူသည် သိပ်မကြာခင်မှာပင် ဘုံခုနစ်ခုမှ ကျင့်ကြံသူများအားလုံး ပြန်လည်ထွက်ပေါ် ရောက်ရှိလာမည်ဟု ထင်မှတ်မထားခဲ့ပေ။
ထောင်စုနှစ်ပေါင်းများစွာမှာပင် ဤကဲ့သို့သော အဖြစ်မျိုး ယခင်က မဖြစ်ခဲ့ဖူးပါချေ။