← Chapters

မဟာအင်ပါယာများ

Vol. 186 Ch. 2658

မဟာအင်ပါယာများ

Vol. 186 Ch. 2658

ရီဖူရှင်းနှင့် သူ့လူများက ရှေးဟောင်းကုန်းမြေ ထိပ်ဖျား၌ ရပ်နေခဲ့သည်။ ဘုံခုနစ်ခုမှ ကျင့်ကြံသူများ ရောက်လာသည်နှင့် မူလဘုံက မည်သို့သော အနာဂတ်ဖြစ်လာမည်ကို မည်သူမှ မသိပေ။

ဘုံခုနစ်ခုမှ တပ်ဖွဲ့များက ကြီးကျယ်ခမ်းနားလှစွာဖြင့် ဖြတ်လမ်းကြောင်းများမှတဆင့် ရောက်လာခဲ့ကြသည်။ ဤတစ်ကြိမ်၌ ထိုလူများတွင် နေရာအနှံ့မှ ထိပ်သီးအဆင့် ကျင့်ကြံသူများ ပါဝင်သည်။ ဤကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူများ မည်မျှများများ ဤနေရာ၌ စုဝေးလာမည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။

သူတို့က အခြားလူများ၏ တည်ရှိမှုကို သတိပြုမိသည်နှင့် ကျင့်ကြံသူများစွာက နေရာအနှံ့သို့ နတ်အာရုံများ​ဖြန့်ကျက်ကာ စစ်ဆေးလာသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်အပြင်ဘက်မှ ထိုဘုံခုနစ်ခု၏ စစ်တပ်များက ဖြတ်လမ်းကြောင်းများမှတဆင့် တစ်စုပြီး တစ်စု ထွက်လာကြပေသည်။ ထိုတောက်ပကာ လင်းလက်နေသည့် ဖြတ်လမ်းကြောင်းများက ပျောက်ကွယ်မသွားခဲ့သေးပေ။ နေရာတစ်ခု၌ ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများ ပျံ့နှံ့နေပြီး ၎င်းက မှော်နက်စစ်တပ်၏ ဖြတ်လမ်းကြောင်းပင် ဖြစ်သည်။

ထိုနေရာ၌ သိမ်မွေ့နက်နဲသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ ထိုသူက အင်ပါယာစွမ်းအားများကို ထုတ်လွှတ်နေပြီး အလွန် ခန့်ညားကာ လွှမ်းမိုးနိုင်စွမ်းရှိပေသည်။

ထို့နောက် အခြားသော နေရာများမှလည်း ထိတ်လန့်ဖွယ် ချုပ်ကိုင်လွှမ်းမိုးနိုင်သည့် စွမ်းအားများ ထွက်ပေါ်လာပေသည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းပေါ်ပေါက်လာမှုသည် အင်ပါယာအဆင့်အင်အားစုများကိုပင် ဤနေရာသို့ ရောက်လာစေခဲ့ပေသည်။ ထိုဖြတ်လမ်းကြောင်းမှာ မဟာအင်ပါယာများ ကိုယ်တိုင် ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ရပေမည်။ သူတို့ကိုယ်တိုင်သည်လည်း ရောက်ရှိလာသည်ဟု ခန့်မှန်းရပေသည်။

"ခင်ဗျားတို့အားလုံး ဒီကို ရောက်​နေမှတော့ ထွက်လာခဲ့ကြပါ။"

မှော်နက်စစ်တပ်၏ ​ဖြတ်လမ်းကြောင်းအထက်မှ ဖမ်းဆုပ်ရန်ခက်ခဲသည့် မျက်နှာက ပြောလိုက်သည်။ အောက်ဘက်ရှိ မရေတွက်နိုင်သည့် လူများ၏ အထက်မှ သူ့အသံက လေဟာနယ်ကို ဖြတ်ကာ ပဲ့တင်ထပ်လာသည်။ သူ၏ စကားကို ကြားသည့်အခါ ရှေးဟောင်းကုန်းမြေပေါ်သို့ ရောက်နေကြသည့် ကျင့်ကြံသူအားလုံးက မော့ကြည့်လိုက်ကြသည်။

မဟာအင်ပါယာများလည်း ကိုယ်တိုင်ပါဝင်လာခြင်းပေလား။

မဟာအင်ပါယာများ ကိုယ်တိုင်ပါဝင်လာခဲ့လျှင် သူတို့အားလုံး လုပ်နိုင်သည့်အရာမှာ ဘေးမှရပ်ကြည့်နေရန်သာ ဖြစ်သည်။

ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားတို့က နတ်ဆိုးလောကမှ ဖြတ်လမ်း​ကြောင်းတည်ရှိရာ လေဟာနယ်အတွင်း ထွက်ပေါ်လာသည်။ အလားတူပင် ဖမ်းဆုပ်ရန်ခက်ခဲသည့် မျက်နှာတစ်ခုက ပေါ်ပေါက်လာပြီး မှော်နက်စစ်တပ်၏ အရှင်သခင်က မေးလိုက်သည်။

"နတ်ဆိုးအင်ပါယာ ခင်ဗျားရော ရောက်လာတာလား။"

"ကျုပ်က တစ်ချက် လာကြည့်ရုံပါပဲ။"

နတ်ဆိုးအင်ပါယာက ပြန်ဖြေလိုက်သည်။ သူတို့၏ အသံက အနည်းငယ် လိုဏ်သံထွက်နေသည်။ ၎င်းတို့က မည်သည့်နေရာမှ ထွက်လာသည်ဟု ခန့်မှန်းရမှန်းမသိပေ။

"လူတိုင်း ပါဝင်ချင်နေကြတာလား။"

အရှင်ဒွန်ဟောင်၏ ပုံရိပ်က ပေါ်ပေါက်လာပြီး ရှင်းလင်းပြတ်သားကာ ကျယ်လောင်သည့် အသံနှင့် မေးလိုက်သည်။

မဟာအင်ပါယာများက စကားပြောနေသည့်အခါ အခြားလူများအားလုံးက ဘေး၌သာ ရပ်ကာ မော့ကြည့်ရင်း လေ့လာနေသည်။

"အောမီသောဖု"

ထိုအချိန်တွင် ဗုဒ္ဓအလင်းက ဗုဒ္ဓဘုံ၏ ဖြတ်လမ်းကြောင်းရှိရာ နေရာတွင် ထွန်းလင်းလာသည်။ ရွှေရောင်ဗုဒ္ဓပုံရိပ်က ပေါ်ပေါက်လာပြီး ၎င်းမှာ အခြားမဟုတ်ဘဲ ဗုဒ္ဓကိုယ်တိုင် ရောက်လာခြင်း ဖြစ်ပေသည်။

"ဗုဒ္ဓအရှင်။"

အရှင်ဒွန်ဟောင်က လက်အုပ်ချီရင်း ထိုနေရာသို့ ကြည့်ကာ အရိုအသေ ပေးလိုက်သည်။

ဝါစဥ်အရဆိုလျှင် အရှင်ဒွန်ဟောင်က ဂျူနီယာအကျဆုံး ဖြစ်နေခဲ့သည်။ လက်ရှိရောက်နေခဲ့သည့် မဟာအင်ပါယာများကြားတွင် သူက အငယ်ဆုံး ဖြစ်ပေသည်။ သို့သော် သူသည် တစ်ချိန်က ဗုဒ္ဓပညာရပ်များကို ဆည်းပူးခဲ့ဖူးပြီး ဗုဒ္ဓက သူ၏ ဆရာဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်သည် အခြား မဟာအင်ပါယာများအားလုံးထက် ဗုဒ္ဓအပေါ်တွင် မတူညီသည့် သဘောထားရှိပေသည်။

ယခု သူက မဟာအင်ပါယာတစ်ပါးဖြစ်လာသော်လည်း ကျင့်ဝတ်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ဗုဒ္ဓက လက်ဝါးနှစ်ဖက်ကိုအုပ်ချီကာ အရှင်ဒွန်ဟောင်အား နှုတ်ဆက်လိုက်သည်။

"ဗုဒ္ဓအရှင်လည်း ကျုပ်တို့လို လာခဲ့တာပဲလား။"

နတ္တိဘုံဘက်ရှိ ဖြတ်လမ်းကြောင်းနေရာမှ မကောင်းဆိုးဝါးအင်ပါယာက မကောင်းသည့်အငွေ့အသက်များ ရစ်သိုင်းနေသော အသံနှင့်ပြောလိုက်သည်။ ဗုဒ္ဓအားလုံး၏ အရှင်သခင်၌ ပုံသဏ္ဌာန်မျိုးစုံ ရှိပေသည်။ ယနေ့ ဤနေရာ၌ ရှိနေသည်မှာ ထိုပုံရိပ်များစွာထဲမှ တစ်ခုသာဖြစ်ပြီး သူ၏ ပုံသဏ္ဌာန်အစစ်အမှန် မဟုတ်ပေ။

ဗုဒ္ဓကလက်ဝါးနှစ်ဖက်ကိုအုပ်ချီကာ မကောင်းဆိုးဝါးအင်ပါယာအား နှုတ်ဆက်ရင်း ပြောလိုက်သည်။

"ကျုပ်တို့ ဒီနေရာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အတူတူဝင်ခဲ့ဖူးကြတယ်။ အခု ရှေးဟောင်းအမွေအနှစ်နယ်မြေက လောကထဲမှာ ပြန်ထွက်ပေါ်လာတာမို့ ကျုပ်တို့ မပါဝင်တော့ဘဲ ဒီအခွင့်အရေးကို လူငယ်တွေ လက်ထဲပဲ ထည့်ထားလိုက်ကြတာပေါ့။"

ထိုအသံက အောက်ဘက် လေဟာနယ်အတွင်းရှိ လူတိုင်း၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့သည်။ ထိုစကားများအရ မဟာအင်ပါယာအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရားများ၏ ဂူသင်္ချိုင်းသို့ အတူတကွ သွားရောက်ခဲ့ဖူးကြပေသည်။

"ဗုဒ္ဓအရှင်ပြောတာ သဘောတူတယ်။"

အရှင်ဒွန်ဟောင်ကလည်း သူ၏ သဘောထားကို ဖော်ပြလာသည်။

"ဒီအခွင့်အရေးကို လူငယ်ကျင့်ကြံသူလေးတွေဆီပဲ ပေးလိုက်သင့်တယ်။"

"လူသားဘိုးဘေးက ဘာလို့ ရောက်မလာရတာလဲ။"

မကောင်းဆိုးဝါးအင်ပါယာက အခြားနေရာသို့ ကြည့်ကာ မေးလိုက်သည်။ လူသားဘုံမှ မဟာအင်ပါယာက ထွက်ပေါ်လာခြင်းမရှိသေးပေ။

"ကျုပ်အကြောင်းကို တစ်ယောက်ယောက် တွေးနေလိမ့်မယ်လို့ မထင်မိဘူး။"

လူသားဘုံ၏ ဖြတ်လမ်းကြောင်း အပြင်ဘက်မှ အသံတစ်ခုက ပြောလိုက်သည်။ လေဟာနယ်လမ်းကြောင်း၏ အခြားအဆုံးတစ်ဖက်၌ ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။ သူ့ပုံရိပ်က အလွန် ဝေးလံကာ ဖမ်းဆုပ်ရခက်ခဲပြီး အစစ်အမှန်မဟုတ်သလို ထင်မှတ်ရသည်။

"ဗုဒ္ဓနဲ့ ဒွန်ဟောင်တို့ရဲ့ အတွေးက ကျုပ်နဲ့အတူတူပဲ။ ဒီအခွင့်အရေးကို မျိုးဆက်သစ်တွေ လက်ထဲ ထည့်ပေးသင့်တယ်။ အဲဒါဆို နောက်ထပ် မဟာအင်ပါယာတွေ ပေါ်ထွန်းလာနိုင်ပြီး ကျုပ်တို့လည်း အခုလိုမျိုး အထီးကျန်နေရမှာ မဟုတ်လောက်တော့ဘူး။"

"လူသားဘိုးဘေးက တကယ်ပဲ အဲဒီလိုတွေးတာလား။"

မကောင်းဆိုးဝါးအင်ပါယာက သံသယအချို့နှင့် မေးခွန်းထုတ်လိုက်သည်။ သူသည် လူသားဘုံမှ ထိုမဟာအင်ပါယာ၏ ရိုးသားမှုကို အနည်းငယ်မျှပင် မယုံကြည်ခဲ့ပေ။

လောကအတွင်း၌ မဟာအင်ပါယာဟူသည့် တည်ရှိမှု တစ်ခုပိုလာခြင်းသည် လက်ရှိ ရှိနေသော မဟာအင်ပါယာအနည်းငယ်၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုဖြစ်လာစေနိုင်ပေသည်။ မဟာအင်ပါယာအများစုသည် နောက်ထပ်မဟာအင်ပါယာများ ထွက်ပေါ်လာစေရန် ဆန္ဒမရှိခြင်း ဖြစ်နိုင်ပေသည်။

"ဟုတ်တယ်။ လောကအတွင်းက ကျင့်ကြံသူတွေ ရှေးခေတ်နတ်ဘုရားတွေ ခေတ်ကလိုမျိုး ပိုပြီး အားကောင်းလာဖို့ဆိုတာ လူသားဘုံက အမြဲ မျှော်လင့်​နေခဲ့ရတဲ့ ဆန္ဒပဲ။"

လူသားဘိုးဘေးက အံ့သြဖွယ်ရာ ဖြောင့်မတ်မှန်ကန်သည့် အမူအရာဖြင့် တုန့်ပြန်ခဲ့သည်။

လူသားဘုံ၏ မဟာအင်ပါယာတစ်ပါးအနေနှင့် လူသားဘိုးဘေးက ယနေ့ခေတ် မဟာအင်ပါယာအားလုံးတွင် အသက်အကြီးဆုံး ဖြစ်သည်။ သူက နှစ်ပေါင်းများစွာ မရေတွက်နိုင်အောင် အသက်ရှင်လာခဲ့ပေသည်။ အရှင်ဒွန်ဟောင်က အသက်အငယ်ဆုံးနှင့် အတွေ့အကြုံအနည်းဆုံး ဖြစ်သည်။

"ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲတွေက မူလဘုံကနေ မြစ်ဖျားခံတယ်။ ဒီဟောကိန်းရဲ့ ဇာစ်မြစ်က ဗုဒ္ဓဘုံကနေ လာတာမလား။"

နတ်ဆိုးအင်ပါယာက လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည့် ဟောကိန်းကို ထောက်ပြလိုက်သည်။ သူက ဆက်ပြောလိုက်၏။

"ဒီဟောကိန်းကို နားလည်လွယ်အောင် ဗုဒ္ဓအရှင်က ရှင်းပြပေးနိုင်မလား။ အဲဒါက ကျုပ်တို့ ဒီနေ့ တွေ့ကြုံနေရတဲ့ အခြေအနေကို ရည်ညွှန်းတာလား။"

"ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။"

ဗုဒ္ဓအရှင်က ရန်လိုနေပုံမပေါ်သည့် အလွန် ကြင်နာတတ်သော အမူအရာနှင့် တုန့်ပြန်လိုက်သည်။

"မူလဘုံအတွင်း အပြောင်းအလဲတွေဆိုတာ မူလဘုံမှာ ဖြစ်ပွားတဲ့ အပြောင်းအလဲ အားလုံးကို ရည်ညွှန်းတယ်။ အခု နတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်းက ပေါ်ပေါက်လာတာ အဲဒါရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကံကြမ္မာရဲ့ တစ်စိတ်တစ်ဒေသပေါ့။"

"နတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်းက ဘယ်လိုဖြစ်လာမှာလဲ။ ကောင်းကင်နဲ့ မြေကြီးကြားက အပြောင်းအလဲတွေကရော ဘယ်လိုအဆုံးသတ်မှာလဲ။ ဗုဒ္ဓအရှင်အနေနဲ့ တစ်ခုခုများ ကြိုမြင်ထားသေးလား။"

မကောင်းဆိုးဝါးအင်ပါယာက မေးလိုက်သည်။ သူက အနည်းငယ် သိချင်​နေပုံပေါ်သည်။ သူက ဗုဒ္ဓတို့၏ ထိုဟောကိန်းကို မယုံကြည်သော်လည်း ထိုသည်မှာ သူက ဖြေရှင်းချက်ကို မလိုချင်သလို အခြားလူများ ထိုအကြောင်း မည်သို့ပြောသည်အား မသိချင်ဟု မဆိုလိုပေ။

"အောမီသောဖု"

ဗုဒ္ဓက လက်ဝါးနှစ်ဖက်ကိုအုပ်ချီလိုက်သ​ည်။ သူက ဗုဒ္ဓ၏ အမည်နာမကို ရေရွတ်ရင်း ပြောလိုက်၏။

"အရာအားလုံးရဲ့ တိုးတက်ခြင်းဆုတ်ယုတ်ခြင်းတွေက ကံတရားအပေါ်မူတည်ပါတယ်။"

"မြည်းအိုကြီး။ ခင်ဗျား ဘာလို့ လူစကား မပြောနိုင်ရတာလဲ။ အဲဒီစကားဝှက်တွေကို ဘယ်သူက နားလည်နိုင်မှာလဲ။"

နတ်ဆိုးအင်ပါယာက အနည်းငယ်မျှပင် ယဥ်ကျေးမနေဘဲ ဆဲဆိုလိုက်သည်။

ဗုဒ္ဓက နောက်ထပ် စကားထပ်မပြောတော့ဘဲ လက်အုပ်ချီထားလျက်က ပြုံးရုံသာ ပြုံးနေခဲ့သည်။

မဟာအင်ပါယာခြောက်ယော​က်က မိတ်ဆွေဟောင်းများကဲ့သို့ စကားပြောဆို​နေကြပြီး  အောက်ဘက်ရှိ လူများအားလုံးက တိတ်တဆိတ် နားထောင်နေခဲ့ကြသည်။ လူအများက ထိုစကားများကြောင့် အတော်လေး တုန်လှုပ်သွားခဲ့ကြ၏။

မဟာအင်ပါယာများက နတ်ဘုရားတို့၏ ဂူသင်္ချိုင်းကို သွားရောက်ခဲ့ဖူးသည့်အတွက် ဤတစ်ကြိမ်၌ ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးမရှိကြပေ။

ကောင်းကင်နှင့် မြေကြီးကြားမှ အပြောင်းအလဲများက မူလဘုံမှာ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဤဟောကိန်းသည် ဗုဒ္ဓဘုံမှ အရင်ဆုံးထွက်ပေါ်လာခြင်း ဖြစ်ပြီး အရေးမပါသည့် ကောလာဟလအချို့ မဟုတ်ပေ။ ၎င်းသည် အားလုံးသော ဗုဒ္ဓအရှင်ကိုယ်တိုင် အသိအမှတ်ပြုထားသည့် ဟောကိန်းဖြစ်ပေသည်။

"အရာအားလုံးရဲ့ တိုးတက်ခြင်းဆုတ်ယုတ်ခြင်းတွေက ကံတရားအပေါ်မူတည်တယ်။"

ထိုသည်က အတိအကျ မည်သည့်အရာကို ဆိုလိုသနည်း။

ရီဖူရှင်းသည်လည်း ထိုစကား၏ အဓိပ္ပါယ်ကို လေးလေးနက်နက် တွေးတောနေခဲ့သော်ငြား ထိုအဓိပ္ပါယ်အား တိတိကျကျ ဖမ်းဆုပ်နိုင်ခြင်းမရှိသေးပေ။ မူလဘုံ၏ အနာဂတ်တွင် မည်သည်တို့ ဖြစ်လာနိုင်သနည်း။

ယခုတွင် မည်သူမှ သေချာမသိခဲ့ကြပေ။

"ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင် ကျုပ်တို့ ဒီနေရာမှာ ဘာတစ်ခုမှ ဝင်မစွက်ဖက်ဘူးလို့ သဘောတူလိုက်ပြီ။"

အရှင်ဒွန်ဟောင်က ပြောလိုက်သည်။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းက ထွက်ပေါ်လာပြီး တစ်စုံတစ်ယော​က်သည် ထိုအဖြစ်အပျက်နောက်မှ လိုက်ပါလာမည့် ပရမ်းပတာအခြေအနေမျိုးကို မှန်းဆနိုင်ပေသည်။

ကောင်းကင်ဒေသ၏ မြောက်ဘက်စွန်းဒေသမှ စစ်ပွဲသည်ပင် ယခုအချိန်နှင့် နှိုင်းယှဥ်၍ ရနိုင်မည် မဟုတ်ပေ။ ထို့ပြင် ယခုအခြေအ​နေက ပို၍ပင် ပရမ်းပတာဖြစ်နိုင်ပေသည်။ မဟာအင်ပါယာများစွာမှ ချန်ရစ်ထားခဲ့သော ရတနာများ၏ ဖြားယောင်းမှုနှင့် ရင်ဆိုင်ရသည့်အခါ တူညီသော ဘုံမှ ကျင့်ကြံသူများအပြင် တူညီသည့် အင်အားစုများထဲမှ ကျင့်ကြံသူများသည်ပင် တစ်ယောက်နှင့် တစ်ယောက် အသေအကျေ တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။

"ခင်ဗျားတို့က ကန့်ကွက်မှုမရှိမှတော့ ကျုပ်တို့လည်း မကန့်ကွက်တော့ပါဘူး။"

မကောင်းဆိုးဝါးအင်ပါယာက လူတိုင်းကဲ့သို့ပင် သဘောတူလိုက်သည်။ မကြာခင်၌ ဖြတ်လမ်းကြောင်းရှိ ပုံရိပ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်မှာ သူတို့ အစကတည်းက ထိုနေရာ၌ မရှိခဲ့သလို ထင်မှတ်ရပေသည်။

သူတို့ ပျောက်ကွယ်သွားသည့်အခါ အခြားဘုံများမှ ကောင်းကင်ဒေသသို့ ဆက်သွယ်ထားသည့် လေဟာနယ်ဖြတ်လမ်းကြောင်းသည်လည်း ပိတ်သွားခဲ့ပေသည်။ မဟာအင်ပါယာအဆင့် အင်အားစုများမှ ကျင့်ကြံသူများအားလုံးကို ရှေးခေတ်အချိန်အခါမှ ပြန်လည်ထွက်ပေါ်လာသည့် ဤနယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

နောက်ဆက်တွဲဖြစ်ပျက်လာသည့် အဖြစ်အပျက်မှန်သမျှက မဟာအင်ပါယာများ၏ လက်ထဲ၌ ရှိလိမ့်တော့မည် မဟုတ်ပေ။

ဤသည်မှာ အခြားသော ကျင့်ကြံသူများအားလုံးအတွက် သတင်းကောင်းပင် ဖြစ်သည်။ မဟာအင်ပါယာများက ဝင်ရောက်စွက်ဖက်ခဲ့လျှင် သူတို့အတွက် မည်သည့်အရာမှ ကျန်ရစ်လိမ့်တော့မည် မဟုတ်ပေ။ သို့သော် ၎င်းက သတင်းဆိုးဟုလည်း ယူဆ၍ ရပေသည်။ မဟာအင်ပါယာများက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့လျှင် လူမည်မျှများများ သေဆုံးရလိမ့်မည်ကို မည်သူမှ မသိခဲ့ပေ။ သေဆုံးသည့်လူများထဲတွင် သူတို့ပင် အပါအဝင် ဖြစ်နိုင်ပေသည်။

"သူတို့သွားကြပြီ။"

ရီဖူရှင်းက ပြောလိုက်သည်။ မတူညီသော နေရာများ၏ ကောင်းကင်ထက်မှ ကောင်းကင်စစ်တပ်ခုနစ်ခု ဆင်းသက်လာခဲ့ကာ သူတို့က ရှေးဟောင်းကုန်းမြေထက် မတူညီသော နေရာများတွင် ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။ အခြားသော နေရာများမှ ကျင့်ကြံသူများက မတူညီသော နေရာများမှ ရောက်ရှိလာကြပေသည်။

ထိုရှေးဟောင်းကုန်းမြေ တဖြေးဖြေး ဆက်လက် ကြီးမားကျယ်ပြန့်လာသည်မှာ အကန့်အသတ်မဲ့ပင် ဖြစ်သည်။ အဓိကဘုံများမှ ကျင့်ကြံသူများအားလုံးသည်ပင် ဤနေရာသို့ ရောက်နေကြပြီး လူတိုင်းက အလွယ်တကူ အလိုက်သင့်လှုပ်ရှား​နေကြသည်။

"ကောင်းကင်ဘုံက မဟာအင်ပါယာ ပေါ်မလာဘူးပဲ။"

ရီဖူရှင်းသည် ကောင်းကင်ဘုံအား ကိုယ်စားပြုသည့် မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်ပြီး ကျန်သည့် အခြား မဟာအင်ပါယာခြောက်ပါးသည်လည်း အနည်းငယ်မျှ အံ့အားသင့်ခြင်း မရှိခဲ့ပေ။ ကြည့်ရသည်မှာ သူတို့အားလုံးက မည်သည်တို့ဖြစ်နေသည်ကို သိပုံရသည်။

ကောင်းကင်ဘုံတွင် မည်သည်တို့ ဖြစ်နေသနည်း။

ယနေ့ ကောင်းကင်ဘုံ၌ မဟာအင်ပါယာတစ်ပါးပင် ရှိပါ၏လား။

သို့သော် ယခုမှာ ထိုကိစ္စများကို တွေးနေရန် အချိန်မရှိပေ။ ကောင်းကင်ဘုံ၏ အရေးကိစ္စက သူနှင့် မသက်ဆိုင်ပေ။ ၎င်းက ထိုအချိန်၌ သူ၏ အတွေးမျှသာ ဖြစ်ပေသည်။

သူက ကောင်းကင်သို့ တက်သွားခဲ့ပြီး ထိုကုန်း​မြေကို ကြည့်လိုက်သည်။ သူသည် ဤရှေးဟောင်းကုန်းမြေပေါ်၌ ခြေချခွင့်ရရှိနိုင်ခဲ့လျှင် ထိုကုန်းမြေပေါ်တွင် လေဟာနယ်ခရီးသွားဝင်္ကပါတစ်ခု ဖွဲ့စည်းရန်တွေးထားသည်။ ထို့နောက်မှသာ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို ခေါ်ဆောင်လာမည် ဖြစ်သည်။ ဤနည်းလမ်းဖြင့် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို ဤနေရာ၌ ကျင့်ကြံရန် အလွယ်တကူ ခေါ်လာနိုင်ပေသည်။

"သွားကြစို့။"

ရီဖူရှင်းက အမိန့်ပေးလိုက်ပြီး ရှေ့သို့ ဆက်သွားခဲ့သည်။ အခြားကျင့်ကြံသူများကလည်း လိုက်ပါလာကာ လေဟာနယ်အတွင်းသို့ လျှောက်လာကြပေသည်။

ဤ အဆုံးမဲ့ ကျယ်ပြောသည့် ကျက်တီးမြေက မဟာလမ်းစဥ်၏ အလွန် သန့်စင်သော အရှိန်အဝါတို့ ရှိနေသည်မှလွဲ၍ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ လောကတစ်ခုလုံးက ဝါမှောင်သည့် အရောင်အဆင်းရှိနေပြီး အေးစက်သည့် ခံစားမှုတို့ကို ထုတ်လွှတ်နေသည်။

သူတို့က ရှေ့သို့ ဆက်လျှောက်သွားခဲ့၏။ သူတို့သည် အလွန် လျင်​မြန်သော အရှိန်နှင့် ရွေ့လျားနေခြင်းမရှိသော်လည်း လေဟာနယ်ကို ဆက်လက်ကာ ဖြတ်သန်းသွားနေကြသည်။ ထိုနေရာသည် အဆုံးမဲ့ ပျက်စီးနေသော အပျက်အစီးများအပြင် တောင်တန်းများကလည်း ကျိုးပြတ်ကာ မြို့များတွင်လည်း မြေကြီးများက ကွဲအက်ခြောက်သွေ့နေကာ ရှေးခေတ်ကုန်းမြေပေါ်၌ အရာအားလုံးက ပျက်စီးနေခဲ့ပေသည်။

ထို့ပြင် ကောင်းကင်ထက်ရှိ နေရာအနှံ့တွင် ဖြတ်လမ်းကြောင်းများရှိနေခဲ့ပြီး အပြင်ဘက်နေရာအနှံ့တွင်လည်း ဖြတ်လမ်းကြောင်းများ ရှိနေခဲ့သည်။ သို့သော် ယခုထိတိုင် သူတို့သည် ထိုနေရာမှ ဖြတ်သန်းသွားလာသူအား တစ်ယောက်မှလွဲ၍ နောက်ထပ်မတွေ့ရတော့ပေ။ ဤသည်မှာ ထိုကုန်း​မြေက မည်မျှ ကျယ်ပြောကြောင်း ဖော်ပြနေပေသည်။

"တစ်ခုခု ချဥ်းကပ်လာနေတယ်။"

တစ်စုံတစ်ယောက်က အထက်သို့ ညွှန်ပြလိုက်သည်။ အဝေးရှိ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက မုန်တိုင်းတစ်ခုဖြစ်ပေါ်လာစေကာ သူတို့ထံ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ချဥ်းကပ်လာသည်။

ရီဖူရှင်း၏ မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်ကာ ကြည့်လိုက်သည်။ သူသည် မုန်တိုင်းအတွင်း၌ ကြီးမားသည့် အရာကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရပေသည်။

"ကျုပ် သွားပြီး ကြည့်လိုက်မယ်။"

မျက်မမြင်ထျယ်က ရှေ့သို့ လှမ်းကာ ထွက်သွားခဲ့သည်။ မုန်တိုင်းက နီးသထက် နီးကပ်လာပြီး မျက်မ​မြင်ထျယ်က သူ့အရှိန်ကို မြှင့်လိုက်သည်။ ကြီးမားသည့် တူတစ်လက်က သူ့လက်ထဲတွင် ပေါ်ပေါက်လာသည်။ ၎င်းက ဒုတိယ ကပ်ဘေး နတ်ဘုရားတစ်ပိုင်း လက်နက်တစ်ခု ဖြစ်သည်။

ဘုန်း...

ကြီးမားသည့် နတ်သိမ်းငှက်ကြီးတစ်ကောင်က မုန်တိုင်းအတွင်းမှ ထွက်ပေါ်လာပြီး ရွှေရောင်သိမ်းငှက်ကြီးက မျက်မမြင်ထျယ်အား အာရုံစိုက်နေခဲ့သည်။

မျက်မ​မြင်ထျယ်က နတ်ဘုရားလက်နက်ကို မြှောက်ကာ အောက်သို့ ရိုက်ချလိုက်သည်။ ကောင်းကင်နှင့် မြေကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ရွှေရောင်သိမ်းငှက်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ မျက်မ​မြင်ထျယ်က နောက်သို့ လွင့်ထွက်သွားကာ ရီဖူရှင်းနှင့် အခြားလူများကို ဖြတ်ကျော်သွားခဲ့၏။

ရွှေရောင်သိမ်းငှက်ကြီးက ရပ်တန့်သွားခဲ့သည်။ သူ့တောင်ပံများအား ဖြန့်လိုက်သည့်အခါ ကောင်းကင်ကို ဖုံးလွှမ်း၍ နေမင်းကိုပင် အုပ်ကွယ်သွားကာ ပြင်းထန်သည့် လေပွေများ တိုက်ခတ်လာသည်။ သူ့မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ရှိနေခဲ့သည်။ သူက အလွန် အထင်အမြင်သေးနေသော အကြည့်တို့ကို ဖော်ပြထားသည်။ သူသည် မာနကြီးသည့် မဟာအင်ပါယာတစ်ပါးက သေးငယ်သည့်ပိုးမွှားများကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။

ရီဖူရှင်း၏ မျက်လုံးများက ထိုမောက်မာသည့် မျက်လုံးများထံ ကြည့်လိုက်သည်။ ၎င်း၏ မောက်မာလှသော အမူအရာကို ချင့်တွက်လျှင် မဟာအင်ပါယာ၏ စွမ်းအားများကို စားသုံးရင်း နတ်ဘုရားတို့၏ ဂူသင်္ချိုင်းအတွင်းမှ မွေးဖွားလာသည့် ကြီးမြတ်သော နတ်ဆိုးတစ်ကောင်ဖြစ်ရမည်ဟု သူက တွေးလိုက်သည်။

All Chapters