← Chapters

ချောက်နက်

Vol. 186 Ch. 2659

ချောက်နက်

Vol. 186 Ch. 2659

ထိုကဲ့သို့ မောက်မာမှုအပြင် ရီဖူရှင်းသည် ပြိုင်ဘက်၏ မျက်လုံးများထဲမှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကို သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ ၎င်းက စိတ်ဝိညာဥ် မရှိသကဲ့သို့ပင် ဖြစ်သည်။

ရီဖူရှင်း၏ စိတ်ဝိညာဥ်စွမ်းအားက ပြိုင်ဘက်၏ မျက်လုံးများထဲသို့ ဖြတ်သန်းထိုးဖောက်သွားပြီး ကြောက်မက်ဖွယ် စိတ်ဝိညာဥ်စွမ်းအားမုန်တိုင်းက သူ့ပြိုင်ဘက်ထံသို့ တိုးဝင်သွားသည်။ အမှန်တကယ်ပင် သူသည် သိမ်းငှက်၏ စိတ်ဝိညာဉ်က ပျက်စီးနေခဲ့ပြီး ထိုသားရဲထံမှ ရက်စက်ကြမ်းကြုတ်ကာ ပြင်းထန်သည့် သွေးဆာမှုတို့ကိုသာ ခံစားမိပေသည်။

ဘုန်း...

ပြင်းထန်သည့် လေက သူတို့ကို ဖြတ်သန်းတိုက်ခတ်သွားပြီး သိမ်းငှက်ကြီးက စူးရှသည့် အော်သံတစ်ခုကို ပြုလုပ်လိုက်ကာ ရီဖူရှင်းထံသို့ ထိုးဆင်းလာခဲ့သည်။ သူ၏ ထက်ရှသော လက်သည်းများက ဖျက်ဆီး၍ မရနိုင်သော ရွှေရောင်ဓားသွားထက်ထက်ကဲ့သို့ပင် ဖြစ်၏။ ၎င်း၏ ကြီးမားလှသော သဏ္ဌာန်က အနီးဝန်းကျင်ရှိ လူများကို အကြီးအကျယ် ဖိနှိပ်နေခဲ့သည်။

မဟာလမ်းစဥ် နတ်အလင်းတို့က ရီဖူရှင်းအား လွှမ်းခြုံထားသည်။ သူ့ပုံရိပ်က နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီးနောက် သားရဲနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

လူသားနှင့် သားရဲကြားမှ ထိပ်တိုက်တွေ့ဆုံမှုက မည်သည့် အထူးတလည် တိုက်ကွက်မှ မရှိခဲ့ပေ။ ပေါက်ကွဲသည့် အသံများ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက် ဝန်းကျင်၌ ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ လေဟာနယ်က ကွဲထွက်တော့မလို ထင်မှတ်ရသည်။ ရီဖူရှင်း၏ မဟာလမ်းစဥ် ခန္ဓာကိုယ်က ကြောက်မက်ဖွယ် မြင်ကွင်းကို ဖြစ်ပေါ်စေပြီး တိုက်ခိုက်မှုများကို ထပ်ကာထပ်ကာ ထုတ်ဖော်ကာ ပြိုင်ဘက်အား အဆက်မပြတ် ထိခတ်စေခဲ့သည်။ သို့သော် ထိုသိမ်းငှက်က နာကျင်မှုဟူသည့် အဓိပ်ပါယျကိုပငျ မသိဘဲ သတ်ဖြတ်ရန် ရှေ့သို့ ဆက်လက်ချီတက်လာသည်။

သို့သော် ရီဖူရှင်း၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် သူ့ပြိုင်ဘက်၏ အရှိန်က နှေးကွေးသွားခဲ့သည်။ ယင်စွမ်းအားကြောင့် သူ့ခန္ဓာကိုယ်က တဖြေးဖြေး အေးခဲလာခဲ့သည်။ အေးစက်သည့် ယင်စွမ်းအားလှိုင်းများက ပြိုင်ဘက်၏ ကြီးမားသော ခန္ဓာကိုယ်အတွင်း ကျူးကျော်လာပြီး ပြိုင်ဘက်၏ ခန္ဓာကိုယ်အား ပို၍ အားနည်းလာအောင် ပြုလုပ်လိုက်သည်။

နောက်ဆုံးတွင် ရီဖူရှင်းက ပြိုင်ဘက်၏ ခန္ဓာကိုယ်အား လက်သီးတစ်ချက် ထိုးချလိုက်သည်။ ထိုတိုက်ခိုက်မှုသည် ထက်ရှသော ဓားတစ်လက်က ဟက်တက်ခွဲလိုက်သကဲ့သို့ပင် ဖြစ်သည်။ ထို့နောက် သူက သိမ်းငှက်၏ ခန္ဓာကိုယ်အား အပိုင်းအစများအဖြစ် ပြိုကွဲသွားစေခဲ့ပြီး မည်သည်မျှ မကျန်ခဲ့အောင် ပျက်စီးသွားစေသည်။

အနောက်ဘက်ရှိ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးက ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ နှလုံးသားများ တုန်ယင်သွားသည်ကို ခံစားလိုက်ကြရသည်။ ထိုကဲ့သို့ ရိုင်းစိုင်းကြမ်းကြုတ်သည့် နတ်ဆိုးသားရဲသည် ရီဖူရှင်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ထိုသည်မှာ သူ၏ တိုက်ခိုက်မှုစွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ဖော်ပြနေသည်။

"အဲဒါ ဘာနတ်ဆိုးသားရဲ အမျိုးအစားလဲ။ အဲဒီဟာက ရူးနေတာပဲ။"

သခင်ချန်က ရှေ့သို့ ခြေလှမ်းလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် ရီဖူရှင်းက မည်မျှအစွမ်းထက်ကြောင်း ယခုမှ သိခဲ့ခြင်းဖြစ်သည်။ ထိုသိမ်းငှက်ကို ရီဖူရှင်းက ထိုကဲ့သို့ တိုက်ရိုက်တိုက်ခိုက်နိုင်ခဲ့ခြင်းက အတော်လေး အထင်ကြီးလေးစားဖွယ်ပင် ဖြစ်သည်။

"နတ်ဘုရားဂူသင်္ချိုင်းအတွင်းမှာ ဖြစ်တည်လာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ ပုံမှန်အခြေအနေမရှိဘူး။ အဲဒီသိမ်းငှက်က ပရမ်းပတာပတ်ဝန်းကျင်မှာ ဖြစ်တည်လာခဲ့တာ။ သူက မဟာအင်ပါယာရဲ့ အရှိန်အဝါနဲ့ လွှမ်းခြုံထားတယ်ဆိုပေမယ့် အသိစိတ်မရှိဘဲ အရမ်းရှုပ်ထွေးနေတယ်။"

ရီဖူရှင်းက ရှင်းပြလိုက်သည်။

"ဒါပေမယ့် ဒါကလည်း သေချာတဲ့ အချက်တစ်ခုပဲ။ အခု နတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်းက ထွက်ပေါ်လာပြီ။ အဲဒါက ရှေးဟောင်းနယ်မြေမှာ ကျင့်ကြံတဲ့ ကျင့်ကြံသူတွေအတွက် အကျိုးအမြတ်အများကြီး ရစေလိမ့်မယ်။ ဒီလောက ထွက်ပေါ်လာတာက မူလဘုံတစ်ခုလုံးကို သက်ရောက်စေလိမ့်မယ်။ ဒီနေရာမှာ ကျင့်ကြံတဲ့သူတွေရဲ့ စွမ်းအားကိုလည်း တိုးတက်လာစေနိုင်တယ်။ ဒါပေမယ့် ကွဲပြားမှုတွေလည်း ပိုပြီး ထွက်ပေါ်လာနိုင်တယ်။"

"အင်း။"

သခင်ချန်က ခေါင်းညိတ်လိုက်သည်။

"နတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်း ထွက်ပေါ်လာတာက ဒီရှေးဟောင်းနယ်မြေကို ခွဲဝေနိုင်ဖို့အတွက် နောက်ဆက်တွဲ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်။ ပိုပြီး အားကောင်းတဲ့ ကျင့်ကြံသူတွေက ကျင့်ကြံခြင်းအတွက် အကောင်းဆုံး အရင်းအမြစ်ရှိတဲ့ နေရာကို ထိန်းချုပ်လိမ့်မယ်။"

"စီဝေ့ကြယ်ကမ္ဘာအနေနဲ့လည်း ဒါက ကျုပ်တို့အတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်တယ်။"

ရီဖူရှင်းက ပြောလိုက်သည်။ ဤအခွင့်အရေးမှာ ကောင်းကင်နှင့် မြေကြီးကြားမှ သိသာသော အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်သည်။ စီဝေ့ကြယ်ကမ္ဘာက ၎င်းကို ဆုပ်ကိုင်ထားရန် လိုသည်။

နတ်ဘုရားများဂူသင်္ချိုင်း ထွက်ပေါ်လာမှုက ဘုံတစ်ခုချင်းစီ၏ အားကောင်းခြင်းနှင့် အားနည်းခြင်းကို တိုက်ရိုက်သက်ရောက်စေလိမ့်မည်။

မဟာအင်ပါယာများက ဝင်မစွက်ဖက်ရန် ကတိထားရှိသောကြောင့် ကျန်သည့် လူများသာလျှင် အချင်းချင်း တိုက်ခိုက်ကြရုံ ရှိသည်။

"သွားကြစို့။"

ရီဖူရှင်းနှင့် သူ့အဖွဲ့က ရှေ့သို့ ဆက်သွားခဲ့ကြသည်။ သူတို့သည် သိပ်မကြာခင်မှာပင် နောက်ထပ် နတ်ဆိုးသားရဲတစ်ကောင်က ကောင်းကင်၌ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ ထိုနတ်ဆိုးသားရဲသည်လည်း ထူးခြားသည့် နည်းလမ်းဖြင့် ဖြစ်တည်လာခြင်း ဖြစ်သောကြောင့် တူညီစွာ ကြောက်မက်ဖွယ် ကောင်းပေသည်။ ၎င်းကို နတ်ဆိုးသားရဲဟုပင် အမျိုးအစား သတ်မှတ်ရန် မလွယ်ကူပေ။ ၎င်းက သိမ်းငှက်တောင်ပံနှင့် မြင်း၏ ဦးခေါင်းရှိပြီး လောကအတွင်း တည်ရှိခြင်းမရှိသည့် သတ္တဝါမျိုး ဖြစ်ပေသည်။ ၎င်းသည် ထူးခြားသည့် အခြေအနေအောက်၌ ဖြစ်ပေါ်လာသည့် တစ်စုံတစ်ရာ ဖြစ်နိုင်သည်။

"ဒီလေဟာနယ်ထဲမှာ ထူးဆန်းတဲ့ သတ္တဝါ အမျိုးအစားတွေ အများကြီး ရှိနေပုံရတယ်။ အတူတူလှုပ်ရှားပြီး သတိထားကြ။"

ရီဖူရှင်းက လူတိုင်းကို သတိပေးလိုက်သည်။ ထိုထူးဆန်းသည့် အမျိုးအစားများက အံ့သြစရာကောင်းသည့် အမျိုးအစားကို ပိုင်ဆိုင်ထားသည်။ သူတို့သည် ယခင်က သိမ်းငှက်ကဲ့သို့ တူညီစွာ ထူးဆန်းသည့် မျိုးစိတ်မျိုးနှင့် ရင်ဆိုင်ခဲ့ရလျှင် သူတို့အတွက် အလွန် အန္တရာယ်များပေလိမ့်မည်။

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သူတို့သည် ယခုလေးတင် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကြောင့် သတိကြီးကြီးထားလိုက်ကြသည်။

ဤကျက်တီးမြေ၌ မည်သည်တို့ ရှိနေမည်ကို မည်သူမှ မသိသည့်အတွက် အလျင်စလိုမသွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"အဲဒါ ဘာသံလဲ။"

ရီဖူရှင်းက ရပ်တန့်လိုက်သော်လည်း သူ၏ နတ်အာရုံက အဝေးသို့ ရောက်သည်အထိ ဆက်လက်သွားနေခဲ့သည်။ တဖြေးဖြေးနှင့် သူသည် အသံလာသည့်နေရာကို ခန့်မှန်းနိုင်ခဲ့ပြီး အခြားကျင့်ကြံသူများကလည်း ဂရုတစိုက်နားထောင်နေခဲ့သည်။ တစ်ယောက်ပြီး တစ်ယောက် သူတို့က အသံတချို့ကို ကြားလိုက်ကြရသည်။

ရီဖူရှင်းသည် အသံထွက်ပေါ်လာရာသို့ ဆက်၍ လျှောက်သွားခဲ့သည်။ သူတို့ ရှေ့သို့ ဆက်လျှောက်လာသည်နှင့် ထိုအသံက ပို၍ ရှင်းလင်းလာသည်။ ၎င်း တစ်စုံတစ်ယောက် စကားပြောနေသော အသံမျိုးကဲ့သို့မဟုတ်သော်လည်း ထူးခြားသည့် အသံမျိုး ဖြစ်သည်။ ၎င်းသည် ရှေးခေတ်အချိန်မှ လာသော အသံမျိုးကဲ့သို့ပင် ဖြစ်လေသည်။

ထိုအသံက အတော်လေး စိတ်အနှောက်အယှက် ဖြစ်စရာကောင်းသည်ဟု ပြောနိုင်သော်လည်း သူတို့က ရှာဖွေရန်အတွက် ထိုနေရာသို့ ဦးတည််နေခဲ့ကြသည်။

တခဏကြာပြီးနောက် သူတို့က နေရာတစ်ခုကို ရောက်လာခဲ့ပြီး သူတို့ရှေ့မှ မြေပြင်က အက်ကွဲနေကာ ချောက်နက်တစ်ခုသဖွယ် ဖြစ်တည်နေသည်ကို မြင်လိုက်ကြရသည်။ ဤချောက်နက်က အောက်ခြေကိုပင် မမြင်ရအောင် နက်ရှိုင်းပေသည်။ ထိုအသံမှာ အောက်ဘက်မှ ထွက်ပေါ်လာနေခြင်း ဖြစ်ပုံရသည်။

ရီဖူရှင်းနှင့် အခြားလူများက သူတို့၏ နတ်အာရုံများကို ထိုချောက်နက်အတွင်း ပို့လွှတ်ကြည့်သည့်အခါ သူတို့က တားဆီးခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ သူတို့၏ နတ်အာရုံများက ချောက်နက်အတွင်းသို့ ဝင်ရောက်နိုင်စွမ်း မရှိခဲ့ပေ။ သူတို့ ချဥ်းကပ်သွားသည်နှင့် အန္တရာယ်များသည့် အရှိန်အဝါတို့က သူတို့ပေါ်ကို ဆင်းသက်လာပြီး ရီဖူရှင်းကို တုန်ယင်သွားစေခဲ့သည်။ သူက အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူ၏ ဆဋ္ဌမအာရုံသည် ထိုချောက်နက်က အလွန် အန္တရာယ်များကြောင်း ပြောပြနေသည်။

"ဘယ်သူမှမလှုပ်ရှားနဲ့။"

ရီဖူရှင်းက လူတိုင်းကို ရပ်တန့်စေရန် ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး သူတို့ရှိနေသည့် နေရာ၌ ရပ်တန့်လိုက်ကြသည်။ ရီဖူရှင်းက ရှေ့သို့ တစ်ယောက်တည်း လျှောက်သွားခဲ့ပြီး ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားခဲ့ပြီး ကြည့်လိုက်သည်။ ထိုချောက်နက်က အဆုံးမဲ့ နက်ရှိုင်းလှပြီး အသံကို ဆက်လက်ကြားနေရကာ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်ထားသည်။ သူတို့၏ နတ်အာရုံက အပြင်မှ တားဆီးခံထားရသော်လည်း ရီဖူရှင်းသည် အောက်ဘက်တွင် ပျက်စီးနေသည့် နန်းတော်များကို ခပ်ရေးရေးမြင်နိုင်ပေသည်။ ကြည့်ရသည်မှာ ရှေးခေတ်အချိန်အခါမှ အမွေအနှစ်များက ထိုနေရာ၌ မြှုပ်နှံခံထားရသည့် ပုံရသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သည့် အသံက အနည်းငယ် ကြောက်စရာကောင်းပြီး အတိတ်ကာလမှ ရှေးခေတ်သရဲတစ္ဆေများ အော်မြည်နေသကဲ့သို့ပင် ထင်မှတ်ရပေသည်။

ဤနေရာက မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်နယ်မြေ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ၎င်းသည် သူ၏ အဆင့်မှ နတ်အာရုံကို တားဆီးထားသည့်အတွက်ကြောင့် အထဲသို့ ထောက်လှမ်းနိုင်ခြင်း မရှိချေ။ သို့သော် ဤနေရာမှ လေထုအခြေအနေကပင် အထဲ၌ ပုန်းကွယ်နေသည့် အန္တရာယ်ကို ခံစားမိစေနိုင်သည်။ ၎င်းမှာ အင်ပါယာအင်အားစုတစ်ခုမှ ကြွင်းကျန်ရစ်သော စွမ်းအားမှလွဲ၍ အခြားမဖြစ်နိုင်ပေ။

အရှေ့တွင် ရီဖူရှင်းသည် ရှုပ်ပွနေသော ဆံပင် စုတ်ပြဲနေသည့် အဝတ်အစားတို့နှင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူမှာ သူတို့ ယခင်က တွေ့ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ သူက ချောက်ကမ်းပါး အထက်တွင် ရပ်ရင်း သူ၏ ထူးခြားသော မျက်လုံးများနှင့် အောက်ဘက်ရှိ နေရာကို လေ့လာဆန်းစစ်နေသည်။ သူ့ အာရုံစိုက်မှုက ထိုနေရာပေါ်၌သာ ရှိနေခဲ့၏။ သို့သော် ရီဖူရှင်းကဲ့သို့ပင် သူက အလွန် သိချင်စိတ်ဖြစ်နေသော်လည်း မည်သည့်ရုတ်တရက် လှုပ်ရှားမှုမှ မလုပ်ခဲ့ပေ။

ရှင်းလင်းစွာပင် သူသည်လည်း အန္တရာယ်ကို ခံစားမိပေသည်။

အဘိုးအိုက ရီဖူရှင်း ရှိနေသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများတွင် အေးစက်သည့် အလင်းများ လင်းလက်နေသည်။ သူက အေးစက်စွာ ပြောလိုက်သည်။

"မင်း ဆင်းသွားပြီး တစ်ချက်ကြည့်လိုက်။"

သိသာစွာပင် သူက အန္တရာယ်ကို ခံစားမိပြီး မည်သည်တို့ဖြစ်လာမည်ကို မြင်လိုသောကြောင့် ရီဖူရှင်းအား အရင် ဆင်းသွားခိုင်းခြင်း ဖြစ်ပေသည်။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်ပြီး ထိုအဘိုးအို၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းသည်ကို ခံစားမိလိုက်သည်။ ထိုသူက သံသယဖြစ်ဖွယ်မရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် မသိမြင်နိုင်သော အန္တရာယ်ကို စစ်ဆေးဖို့ရာ ရီဖူရှင်းအား အသုံးချရန် ရည်ရွယ်နေသည်။

"ခင်ဗျား အဲဒီကို ဆင်းချင်ရင် ကိုယ့်ဘာသာဆင်းသွားလေ။"

ရီဖူရှင်းက မလှုပ်ရှားဘဲ ထိုနေရာ၌ ရပ်နေရင်း ပြန်ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်ကာ မောက်မာသည့် ခံစားချက်တို့ ရှိနေခဲ့သည်။

ကြောက်မက်ဖွယ် အရှိန်အဝါက ထိုအဘိုးအိုထံမှ ထွက်ပေါ်လာကာ ရီဖူရှင်းထံ တိုးဝင်သွား၏။ သူက ရီဖူရှင်းအား စိုက်ကြည့်နေရင်း အစွမ်းထက်သည့် မဟာလမ်းစဥ် ဖိနှိပ်မှုစွမ်းအားက အော်မြည်နေခဲ့သည်။

"ထပ်ပြောမယ်။ အဲဒီကို ဆင်းသွား။"

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ၌ အေးစက်မှုတို့ လင်းလက်လာရင်း ပြန်ဖြေလိုက်သည်။

"ခင်ဗျား နားမလည်တာ သိပ်ဆိုးတာပဲ။ ခင်ဗျား အခုတလော အပြင်သိပ်မထွက်ဖြစ်ဘူးဆိုရင်တောင် အပြင်လောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို နည်းနည်းပါးပါး လေ့လာသင့်တယ်။ နလပိန်းတုံးလို ပြုမူမနေနဲ့။"

ယနေ့တွင် ကောင်းကင်ဒေသ၌ပင် သူ့ကို ထိုကဲ့သို့ ပြောဆိုရဲသူ များများစားစား မရှိပေ။

မဟာအင်ပါယာများ၏ ကျင့်ကြံဆင့်အောက် နတ်ဘုရားဖြစ်ရန် နီးကပ်နေသည့် တည်ရှိမှုများကိုပင် ရီဖူရှင်းက အနိုင်ရနိုင်သည်။ ထို့ပြင် သူ့တွင် နတ်ဘုရားလက်နက်များလည်း ရှိနေသေးပေသည်။

သို့သော် ယခုတွင် ဤအဘိုးအို သူ့အား ရိုင်းစိုင်းစွာဖြင့် ထိုနေရာသို့ ဆင်းသွားရန် ခြိမ်းခြောက်ရဲသည်လား။

အဘိုးအို၏ နက်ရှိုင်းသော မျက်လုံးများက ရီဖူရှင်းပေါ်၌ ကျရောက်နေခဲ့ပြီး ဖိနှိပ်လွှမ်းမိုးနိုင်သည့် စွမ်းအားများက လေဟာနယ်ကို လွှမ်းခြုံထားသည်။ ကြည့်ရသည်မှာ ထိုနေရာဝန်းကျင်က ကြောက်မက်ဖွယ် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ရီဖူရှင်း၏ အထက်တွင် နတ်ဘုရားကဲ့သို့ ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး အဆုံးမဲ့ကြီးမားသည့် ပုံရိပ်က ထိုနေရာတစ်ခွင်ကို ဖုံးလွှမ်းထားသည်။

ကြီးမားသည့် ဖျက်ဆီးခြင်း လက်ဝါးရိပ်ကြီးက လေထဲမှ ဆင်းသက်လာပြီး ရီဖူရှင်းအား ရိုက်ချလိုက်သည်။ ထိုကြီးမားသည့် လက်ဝါးရိပ်ကြီးက ကောင်းကင်ကို ဖုံးလွှမ်းထားလေသည်။ ထိုလက်ဝါးရိပ်အပေါ်တွင် ကြောက်မက်ဖွယ်ဖြစ်လာသည် အပြာရောင်အလင်းတစ်ခု လင်းလက်နေပြီး ၎င်း၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရလေသည်။ မိုးကြိုးအသံများကို ခပ်ရေးရေး ကြားနိုင်ပြီး ၎င်းတို့က ရီဖူရှင်း၏ နားထဲ၌ ပေါက်ကွဲထွက်လာပုံရသည်။

ရီဖူရှင်းက တည်ငြိမ်စွာ ရှိနေခဲ့ပြီး ကြီးမားသည့် ဗုဒ္ဓတစ်ပါး ပေါ်ပေါက်လာသည်။ သူသည်လည်း လက်ကို မြှောက်ကာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည့် ကြီးမားသော လက်ဝါးရိုက်ချက်ကို ဖော်ထုတ်လိုက်ကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံစေခဲ့သည်။ လေဟာနယ်အတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ဖျက်ဆီးခြင်းစွမ်းအားတို့က လေဟာနယ်အတွင်းမှ တိုက်ရိုက်ကျဆင်းလာပြီး အောက်ဘက်ရှိ ချောက်နက်ထံ ရည်ရွယ်၍ ချောက်နက်အတွင်း အမွေအနှစ်နယ်မြေပေါ်သို့ ကျရောက်လာသည်။

ဘန်း...

ပေါက်ကွဲသည့် အသံများနှင့် လက်ဝါးရိပ်နှစ်ခုက တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့သည်။ အဘိုးအိုက ဆက်ပြီး တိုက်ခိုက်ချင်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာက အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားပြီး သူ၏ စိတ်ဝိညာဉ်ကပင် တုန်ယင်လာသည်ကို ခံစားမိခဲ့ပေသည်။ သူ၏ မျက်လုံးများထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုတို့ ပေါ်ပေါက်လာပြီး ကောင်းကင်သို့ အလျင်အမြန် တက်သွားကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းသည်လည်း ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါကို ခံစားမိခဲ့သည်။ အစွမ်းထက်သည့် ခြိမ်းခြောက်မှုတစ်ခုကြောင့် သူက ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ ပျောက်သွားသည့် တစ်ချိန်တည်းတွင် သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါးရှိသော အရိပ်တစ်ခုက ချက်ချင်း လိုက်ပါသွားသည်။

ချောက်နက်အတွင်းမှ ထွက်လာသည့် ကြီးမားသော လက်တစ်ဖက်က ကောင်းကင်အား တိုက်ရိုက်ဖမ်းဆွဲလိုက်ကာ အဘိုးအို၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။

"မဟုတ်ဘူး....။"

အဘိုးအိုထံမှ ပြင်းထန်သည့် မဟာလမ်းစဥ်အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပြီး သူက ချိုးဖောက်ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် ကြီးမားသည့် လက်ကြီးက ချက်ချင်း ပြန်ဆုတ်ခွာသွားကာ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားသည်။ အရာအားလုံးက အတွေးတစ်ချက်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ပေသည်။

ရီဖူရှင်းက ကောင်းကင်အမြင့်၌ ရပ်နေပြီး ချောက်နက်အတွင်းသို့ ငုံ့ကြည့်လိုက်သည်။ ထိုနေရာ၌ လျှို့ဝှက်ဆန်းကြယ်သော အသံနှင့်အတူ စူးရှသည့် အော်ဟစ်သံက ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းသည် သူ၏ တစ်ကိုယ်လုံးကို အေးစက်သွားသလို ခံစားရစေပြီး အနည်းငယ် ကြောက်ရွံ့မှုအား ခံစားလိုက်ရသည်ကို တွေ့ရှိလိုက်ပေသည်။

သူတို့က ကြိုတင်စဥ်းစားခြင်းမရှိဘဲ ထိုချောက်နက်ကို ရှာဖွေရန် ကြိုးစားခဲ့လျှင် မည်သည်တို့ ဖြစ်ပျက်လာနိုင်သနည်း။

ထိုသည်က ခန့်မှန်း၍ပင် မရနိုင်သော တစ်စုံတစ်ရာဖြစ်သည်။

ထိုကြီးမားသည့် လက်ကြီးက မည်သည့်အရာဖြစ်သနည်း။

အဘိုးအိုကို ခေါ်ဆောင်သွားသော ထိုကြီးမားသည့် လက်ကြီးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သာမန် မျက်စိဖြင့် မြင်ရန် မဖြစ်နိုင်လောက်အောင် အလွန် မြန်ဆန်ပေသည်။ ၎င်းက အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

"ဘာတွေဖြစ်တာလဲ။"

သူ့နောက်မှ သခင်ချန်နှင့် အခြားလူများက မေးလိုက်သည်။ သူတို့သည် အဘိုးအို ခေါ်ဆောင်သွားခြင်းမခံရခင် မည်သည့်အရာကိုမှ ရှင်းလင်းစွာ မမြင်လိုက်ရပေ။ သူက ချောက်နက်အတွင်းသို့ ဖမ်းဆီးသွားခြင်း ခံလိုက်ရပေသည်။

ရီဖူရှင်းက ပြန်လှည့်ကာ အခြားသူများအား ကြည့်လိုက်ပြီး ယခင်က ညွှန်ကြားချက်ကို ပြန်ပြောလိုက်သည်။

"နတ်ဘုရားတွေရဲ့ သင်္ချိုင်းထဲမှာ အခွင့်မရှိဘဲ ဘယ်သူမှ လှုပ်ရှားခွင့်မရှိဘူး။ ကျုပ်နောက်က ကပ်ပြီး လိုက်ခဲ့။ ဒါအမိန့်ပဲ။"

"ကောင်းပါပြီ နန်းတော်သခင်။"

သခင်ချန်က အရိုအသေပေးရင်း ပြောလိုက်သည်။ အခြားလူများကလည်း အတူတူပင် ဖြစ်သည်။

ရီဖူရှင်းက အလွန် သတိရှိပေသည်။ ရှင်းလင်းစွာပင် သူက တစ်စုံတစ်ခုကို သတိထားနေသောကြောင့် ဖြစ်ရပေမည်။

All Chapters