← Chapters

တစ်ခုဝယ် တစ်ခုလက်ဆောင်

Vol. 40 Ch. 565

တစ်ခုဝယ် တစ်ခုလက်ဆောင်

Vol. 40 Ch. 565

အခန်း (၅၆၅) တစ်ခုဝယ် တစ်ခုလက်ဆောင်

သူ၏မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ ထွက်ပေါ်လာသော ပိုမိုကြီးမားသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ပေါင်းစပ်သွားသည်ကိုကြည့်ရင်း ကန်းဟွေ ရင်ထဲနင့်သွားသည်။

ရင်းမြစ်တစ်ခုတည်းမှ ကွဲထွက်သွားသော စွမ်းအားမြင့်ပစ္စည်းများဆိုသည်က အားနည်းသောဘက်ခြမ်းကို အားကြီးသောဘက်ခြမ်းက အလွယ်တကူ ဝါးမျိုနိုင်သည်သာ ဖြစ်သည်။

သူပိုင်ဆိုင်ထားသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစသည် မိဘနှင့်တွေ့ဆုံသည့် သားသမီးပမာ ရန်သူရင်ခွင်ထဲ ခုန်ဆင်းသွားသည်ကို မယုံကြည်နိုင်စွာတွေ့မြင်လိုက်ရချိန် ကန်းဟွေနှင့် ထိုပစ္စည်းကြားမှ ဆက်သွယ်မှုသည်လည်း ချက်ချင်း ပြတ်တောက်သွားသည်။

ကန်းဟွေမှာ နှလုံးသွေးများ ယိုစီးထွက်သွားသည့်အလား ခံစားလိုက်ရ၏။

ပင်လယ်နက်စင်္ကြံတွင် ရန်ကျောက်ကဲနှင့် ဖန်းခန်းတို့၏ တိုက်ပွဲသတင်းကိုကြားတော့ ရန်ကျောက်ကဲတွင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစရှိရမည်ဟု သံသယဝင်ခဲ့ပြီး လိုချင်တပ်မက်စိတ် ဖြစ်ခဲ့သည်။

ရန်ကျောက်ကဲတွင် အမှန်တကယ်လည်း ထိုသို့သောရတနာပစ္စည်းကို ပိုင်ဆိုင်ထားပါသည်။ သို့သော် ကန်းဟွေမှာ ရန်ကျောက်ကဲထံမှပစ္စည်းကို ရယူရန်အနေသာသာ သူ့ပစ္စည်းသည်ပင် ရန်ကျောက်ကဲထံ အလိုအလျောက်ရောက်ရှိသွားပေပြီ။

ကန်းဟွေမှာ စိတ်ပျက်အားငယ်သွားသလို ရင်ထဲမှာလည်း နာကျည်းသွားသည်။

သူ့မှာ ထွက်မပြေးနိုင်သည့်အပြင် ရှင်သန်ရန် နောက်ဆုံးမျှော်လင့်ချက်သည်ပင် မြောင်းထဲရောက်သွားပြီး အရာအားလုံး ဆုံးရှုံးသွားပြီ ဖြစ်၏။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ ဆုံးရှုံးလိုက်ရသဖြင့် ကန်းဟွေ အလွန်အမင်း စိတ်ပျက်နေသော်လည်း သူက စိတ်ခံစားချက်များကို ဘေးဖယ်ထားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လက်သီးဖြင့် ထိုးနှက်ချလိုက်သည်။

သူက စိတ်အာရုံမစူးစိုက်နိုင်တော့သည့်တိုင် လက်သီးချက်က ပိုမိုအားကောင်းပြင်းထန်ပြီး မီးကဲ့သို့နီစွေးသည့် လျှပ်စီးမိုးကြိုးစွမ်းအားများ ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

ထို့နောက် အနက်ရောင်အလွှာတစ်ခု ပေါ်လာပြီး သွေးနီရောင်မိုးကြိုးများကို အပြည့်အဝ ဝါးမျိုသွားသည်။ ထာဝရညမိုးကြိုးက သွေးနီရောင်လျှပ်စီးများကို စုပ်ယူသွားခြင်းပင် ဖြစ်၏။

နောက်အခိုက်အတန့်တွင် မှောင်မိုက်နေသောညကိုဖြတ်သန်းလျှက် ကြောက်မက်ဖွယ်ရာ ငွေဖြူရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ငွေဖြူရောင်လျှပ်စီးကြောင်းစွမ်းအားဖြင့် ကန်းဟွေ၏ သွေးနီရောင်မိုးကြိုးများအားလုံး အက်ကွဲကြေမွသွားသည်။

ထိုအချိန်‌ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က ကန်းဟွေ၏ရင်ဘတ်ကို ဖောက်ဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။ နဂိုကပင် ပြင်းထန်စွာ ဒဏ်ရာရထားသော ကန်းဟွေမှာ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က နောက်တစ်ကြိမ် ထပ်မံထိုးဖောက်ဝင်ရောက်လာပြီး ကန်းဟွေ၏ အစစ်အမှန်သိုင်းကိုယ်ခွဲ ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’ အား ဖြိုခွင်းပစ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကန်းဟွေ၏ဦးခေါင်းတစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့၏။

သမုဒ္ဒရာကမ္ဘာ၏ စွမ်းအားအမြင့်မားဆုံးတွင်တစ်ယောက်ဖြစ်သော သိုင်းဆရာသခင်တစ်ယောက်သည် နဂါးပေါင်းများစွာ မြှုပ်နှံထားသော နဂါးသင်္ချိုင်းမြေတွင် မြှုပ်နှံခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှပန်းထွက်လာသော သွေးစက်များက နေရာအနှံ့သို့ ပြန့်ကျဲကျသွားသည်။

ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဖြစ်သော ခရမ်းရောင်စက်ဝန်းကို သူ့ ညာဘက်မျက်လုံးထဲတွင် ပြန်လည်သိမ်းဆည်းလိုက်ပြီး မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

လျိုစော ၊ ကောင်းထျန်းကျုန်းနှင့် အခြားသူများအားလုံး အလွန်ရှုပ်ထွေးသွားကြသည်။

ကန်းဟွေနှင့် ရန်‌ကျောက်ကဲတို့၏တိုက်ပွဲကြောင့် နဂါးသင်္ချိုင်းအတွင်း ရောယှက်နေသော နဂါးချီနှင့် မရဏချီများကြား မျှခြေဆုံးရှုံးသွားပြီး ဗလာနယ်က ပိုပြီး ပရမ်းပတာ ဖြစ်လာသည်။

ကြီးမားသောမီးတောက်ဝကြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့အောက်ခြေမှ မြေပြင်သည်လည်း အဆက်မပြတ် ပြိုကျနေသည့်အလား ထင်မှတ်ရသည်။ မီးတောင်ဝအတွင်းမှ စုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို အထဲသို့ စုပ်ယူမျိုချပစ်တော့မည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’ ကို လှမ်းကြည့်လိုက်သည်။ ရန်ကျောက်ကဲကို ဘယ်တော့မှတိုက်ခိုက်ရန် မတွေးတော့သော ‘လျိုစော’ သည် ထိုလူငယ်ကို နှုတ်ဆက်စကားပင်မဆိုနိုင်ဘဲ ကြက်သေသေလျှက် ရှိသည်။

သူက ရန်ကျောက်ကဲထံ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ပြီး သူ၏ဂိုဏ်းသားတစ်စုကို ခေါ်ဆောင်ကာ ချောက်နက်ကြီးအတွင်းသို့ အလျှင်အမြန်ဆင်းသက်ပျောက်ကွယ်သွားလေတော့၏။

ကန်းဟွေနှင့်အတူ နဂါးသင်္ချိုင်းအတွင်းသို့ လိုက်ပါလာသော လေ့ဟွမ်ဂိုဏ်းသားများမှာလည်း အလွန်ထိတ်လန့်တုန်လှုပ်ပြီး ချက်ချင်းပင် လှည့်ပြေးကြတော့သည်။

သို့ပေသိ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အညှာအတာကင်းမဲ့စွာ သူတို့နောက်သို့လိုက်ပါသွားပြီး အားလုံးကို သတ်ဖြတ်ပစ်ကာ အမတလက်ဖွဲ့သိုင်းဆရာသခင်တစ်ယောက်ကို အသက်ရှင်လျှက် ဖမ်းလာခဲ့သည်။

ရန်ကျောက်ကဲက ထိုသိုင်းဆရာသခင်ကို စိုက်ကြည့်ရင်း မေးခွန်းထုတ်သည်။

“မင်းတို့ လေ့ဟွမ်ဂိုဏ်းက အသုံးပြုတဲ့ အဲဒီ သွေးနီရောင်မိုးကြိုးလျှပ်စီးစွမ်းအားက ‘သွေးနီမီးတောက်မိုးကြိုးလက်သီးသိုင်းပညာ’ လား”

တစ်ဖက်လူက မျက်လုံးကိုမှိတ်ထားပြီး မည်သည့်စကားမှမဆိုတော့ ရန်ကျောက်ကဲက အရေးမစိုက်ဟန် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လျှပ်ပြက်သလိုလှုပ်ရှားလိုက်ပြီး ထိုသူကို အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုအတွင်းသို့ ပစ်ချလိုက်သည်။

“သွေးနီရောင်မီးတောက် မိုးကြိုးလက်သီး...”

ရန်ကျောက်ကဲ မေးစေ့စကိုပွတ်သပ်ရင်း...

“ဒါကတော့ တကယ့်ကို မျှော်လင့်မထားဘဲ ရလိုက်တဲ့ အကျိုးအမြတ်ပဲ ၊ ကြယ်စင်လှည့်ပြောင်းပင်လယ်မှာ ဒီလူနဲ့ တိုက်ခိုက်ကတည်းက ဒီ မိုးကြိုးစွမ်းအားက အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးနေတာ ၊ “ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးပညာ” နဲ့ ဆက်စပ်နေမယ်လို့ မထင်ခဲ့မိဘူး”

ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးပညာသည် ပကတိမိုးကြိုးစွမ်းအား ၊ ထာဝရညမိုးကြိုးစွမ်းအားတို့နှင့်အတူ အဆင့်သတ်မှတ်ခံရသော ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး ထိုပညာရပ်နှစ်ခုထက်ပင် အဆင့်မြင့်မားကာ ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်တွင် အဆင့် (၃) သတ်မှတ်ခံရသည်။

ဤ မိုးကြိုးစွမ်းအားက ဒြပ်စင်ငါးပါးနှင့်အတူ မွေးဖွားလာပြီး မကုန်ဆုံးနိုင်သော သဘာဝဖန်တီးမှုတရားများကို ပိုင်ဆိုင်ထားသည်။ မိုးကြိုးအလင်းတန်းက ကမ္ဘာပေါ်ရှိအရာခပ်သိမ်းကို ပုံဖော်ပေးကာ အရာဝတ္ထုများအားလုံးကို ဖန်ဆင်းနိုင်သော ကြီးမားသည့်စွမ်းအားကို ပိုင်ဆိုင်ထားလျှက် အဆုံးမရှိ နက်နဲခက်ခဲသော မိုးမြေတန်ခိုးစွမ်းအားများ ပါရှိသည်။

“မဟာကပ်‌ဘေးကြီးကြောင့် ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးက ငါးခုကွဲသွားတာလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

တောက်လောင်နေသည့်မီးတောက်နှင့်ဆင်တူပြီး အလွန်တရာပြင်းထန်သော မိုးကြိုးစွမ်းအားတွင် အလွန်တရာကြောက်မက်ဖွယ်ကောင်းသော အဖျက်တရားများပိုင်ဆိုင်ရုံသာမက ကမ္ဘာပေါ်ရှိအရာအားလုံးအတွက် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေသည့် အနွေးဓာတ်စွမ်းအားများလည်း ပါဝင်နေသည်။

“ဟက်... တစ်ခုဝယ်ရင် တစ်ခုလက်ဆောင်ရတာပဲ... ဒီလို အပေးအယူမျိုးတော့ သဘောကျသကွာ”

ရန်ကျောက်ကဲ အတော်လေး စိတ်ထဲ ကြည်ကြည်သာသာ ဖြစ်လျှက်ရှိသည်။

သူက ကန်းဟွေထံမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ရရှိရုံသာမက ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးပညာမှ ကွဲထွက်လာသည့် မီးလျှံမိုးကြိုးစွမ်းအားကိုပါ ရရှိခဲ့သည်။

ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးမှ ဒြပ်စင် (၅)မျိုးလုံး နောက်တစ်ကြိမ် ထပ်မံစုစည်းနိုင်ခဲ့လျှင် မည်သို့သော အံ့သြဖွယ်ရာများ ဖြစ်ပေါ်လာမည်နည်း။

ရန်ကျောက်ကဲက ကောင်းကျုန်းထျန်းနှင့် အခြားသူများကို လှည့်ကြည့်ပြီး အောက်ဘက်မှချောက်နက်ကြီးကို ညွှန်ပြလိုက်သည်။

“အောက်ဆင်းကြည့်ရအောင် ၊ နဂါးချီစီးဆင်းမှုကို အာရုံခံကြည့်တော့ အဲဒီနေရာက နဂါးဦးခေါင်းဖြစ်နိုင်တယ်လို့ ခံစားနေရတယ်”

ကောင်းကျုန်းထျန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ချန်လီတောင်မှ အုပ်စုက သူ့နောက်သို့ လိုက်ပါသွားကြသည်။

အရင်ကတော့ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့အုပ်စုက သူတို့ ချန်လီတောင်ကို ဒုက္ခပေးနိုင်မည်လားဟု သူတို့ အမြဲတွေးတောခဲ့ကြသည်။ သို့သော် ယခုတော့ ရွှီဖေးနှင့် ရှီကျွင်းတို့ကို ဤနှစ်များတစ်လျှောက် ကောင်းမွန်စွာ ဆက်ဆံခဲ့သည့်အတွက် ကံကောင်းခြင်းကြယ်ပွင့်များကို ခံစားရပေပြီ။

ကြယ်စင်လှည့်ပြောင်းပင်လယ်တွင် ရှီကျွင်းက သွေးနီနဂါးဂိုဏ်းနှင့် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် ချန်လီတောင်က ရှီကျွင်းဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။

အကယ်၍ သူတို့သာ မတူညီသောလမ်းကြောင်းကို ရွေးချယ်ခဲ့မည်ဆိုလျှင် ယခုအချိန်တွင် အခြေအနေက တစ်မျိုးတစ်မည် ဖြစ်သွားပေမည်။

အားလုံးအတွေးများကြားနစ်မျောရင်း ရန်ကျောက်ကဲနှင့်အတူ အောက်ဘက်ရှိ ချောက်နက်ကြီးအတွင်းသို့ ဆင်းသက်လာကြသည်။

အဝါရောင်နဂါးကြီးကို စီးနှင်ရန်း ရန်ကျောက်ကဲကတော့ ချောက်နက်ကြီးအတွင်းမှ အချိန်နှင့် ဗလာနယ်အာကာသ အပြောင်းအလဲကို တိတ်တဆိတ် အာရုံခံနေသည်။

ဤနေရာတွင် အချိန်စီးဆင်းမှုက မြန်သည့်အခါမြန် ၊ နှေးသည့်အခါနှေး ဖြစ်နေပြီး မတည်ငြိမ်ပေ။ နှေးသည့်အခါမှာတော့ ဤနေရာတွင် နေ့တစ်ဝက်လောက်အချိန်က အပြင်လောကတွင် လအနည်းငယ် ကြာမြင့်နိုင်ပြီး မြန်သည့်အခါမှာတော့ ဤနေရာတွင် ရက်အနည်းငယ် ကြာမြင့်သည့်တိုင် အပြင်လောကတွင် နာရီပိုင်းပင် မရှိနိုင်သေးပေ။

ဤနေရာမှ အချိန်စီးဆင်းမှုနှင့် ဗလာနယ်အပြောင်းအလဲက အလွန် ဖရိုဖရဲနိုင်ကာ သိသာထင်ရှားလွန်းသဖြင့် အထဲသို့ ဝင်ရောက်လာကြသူများမှာ စိတ်အာရုံနှင့် ရုပ်ခန္ဓာ ကွဲထွက်သွားတော့မတတ် ခံစားကြရသည်။

သို့ပေသိ ကျင့်ကြံခြင်းအဆင့် အားနည်းသူများက ထိုအပြောင်းအလဲကို အာရုံခံနိုင်ခြင်း မရှိကြပေ။ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ဤနေရာ၏သဘောတရားကို နားလည်နိုင်ပြီး အာရုံခံစားနိုင်လေ ဖြစ်၏။

ရန်ကျောက်ကဲ စန့်ချုန်ကြေးမုံမှန်ကို စ်ဆေးကြည့်လိုက်သည်။

“အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ဖို့ ဝင်ပေါက်က ဒီထက်ပိုနက်ရှိုင်းတဲ့နေရာမှာ ရှိရမယ် ၊ ဒါပေမဲ့ အထဲကို နက်နက်ရှိုင်းရှိုင်းဝင်လာလေ အချိန်ကာလက ပိုပြီးနှေးကွေးလာလေ ဖြစ်မှာပဲ ၊ ပြီးတော့ ပိုပြီးတော့လည်း အေးလာတယ်”

ဟိုစဉ်အချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရေခဲနဂါးသူတော်စင်ထံမှ သိခဲ့ရသော အချက်အလက်တစ်ခုက ရန်ကျောက်ကဲ‌ခေါင်းထဲ ဝင်ရောက်လာသည်။

“အသင်္ချေသောကြယ်စင်တွေကို ဆုံစည်းစေပြီး နဂါးတွေက ပင်လယ်ထဲကိုဆင်းသွားတယ် ၊ ရှေးကျပြီး အေးစက်တဲ့ ချောက်နက်ကြီးထဲမှာ စံနှုန်းကိုပြောင်းပြန်လှန်ပြီး လမင်းကို တုန်လှုပ်စေတယ်...”

“ရှေးကျပြီး အေးစက်တဲ့ ချောက်နက်ကြီး...”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါက နဂါးသင်္ချိုင်းရဲ့ နဂိုမူလ အခြေအနေပဲလား ၊ နဂါးပေါင်းများစွာက ဒီနေရာကို စုဝေးရောက်ရှိလာပြီး နောက်ဆုံး သေခြင်းတရားကို ပွေ့ဖက်ပြီး အဆုံးသတ်သွားကြသလိုမျိုးလား”

ဤနေရာမှ လျှို့ဝှက်ချက်များကို ပိုမိုဆုပ်ကိုင်နိုင်လေ ဤနေရာကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့လေ ဖြစ်သည်။

ပတ်ဝန်းကျင်အပူချိန် တဖြည်းဖြည်းကျဆင်းလာသည့်အခါ နဂါးသင်္ချိုင်းဗဟိုချက်နှင့် နီးကပ်လာပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

အဝါ‌ရောင်နဂါးကြီးက ရုတ်တရက် လေထဲတွင် ရပ်တန့်သွားပြီး ရန်ကျောက်ကဲ မျက်ဝန်းများ တုန်ခါသွားသည်။

အဝေးဆီလှမ်းကြည့်လိုက်တော့ ချောက်နက်ကြီးထဲတွင် မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခု တွေ့လိုက်ရသည်။

ထိုအလင်းရောင်က သေးငယ်သည့်အရံအတားအစီအရင်တစ်ခုဖြစ်ပြီး လူတစ်ယောက်တင်ပျဉ်ခွေထိုင်သည့်သဏ္ဌန်ဖြင့် တောက်ပနေ၏။ အလင်းရောင်အရံအတာအတွင်းမှာတော့ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး အရိုးကျနေသည့် ရုပ်အလောင်းတစ်ခု တွေ့ရသည်။

ထိုရုပ်အလောင်း ဤနေရာတွင် တည်ရှိနေသည်မှ နှစ်ပေါင်းမည်မျှကြာမြင့်ပြီလဲ မှန်းဆ၍ပင် မရနိုင်တော့ပေ။

All Chapters