← Chapters

နဂါးပေါင်းအသင်္ချေ

Vol. 40 Ch. 566

နဂါးပေါင်းအသင်္ချေ

Vol. 40 Ch. 566

အခန်း (၅၆၆) နဂါးပေါင်းအသင်္ချေ

“ဒီနေရာရဲ့ အချိန်နဲ့ဗလာနယ်က ပရမ်းပတာဖြစ်နေတော့ ငါတို့ အတူတူဝင်ခဲ့ကြပေမယ့် တူညီတဲ့လမ်းကြောင်းမှာ အဆုံးသတ်မယ်လို့ ယူဆလို့ မရဘူး”

အတွေးနှင့်အတူ ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သို့သော် စောစောက ချောက်နက်အတွင်းသို့ဆင်းသွားကြသော လျို‌စောတို့အုပ်စုကို မတွေ့ရတော့ပေ။

သို့သော် နဂါးသင်္ချိုင်းအတွင်းရှိ ပရမ်းပတာ ရှုတ်ထွေးလျှက်ရှိသော အချိန်နှင့် ဗလာနယ်ကြားတွင် ဤ အရံအတားအစီအရင်က တည်ငြိမ်စွာရှိနေပြီး လုံးဝ ပျက်ဆီးမသွားသည်မှာ အံ့သြစရာ ကောင်းလွန်းသည်။

အရံအတားအစီအရင်အတွင်း၌ အရိုးစုရုပ်အလောင်းတစ်ခု ရှိနေသည်။ ထိုသူဝတ်ဆင်ထားသော အဝတ်အစားများကိုကြည့်ရင်း ကြယ်စင်လှည့်ပြောင်းပင်လယ် ၊ ရေအောက်လိုဏ်ဂူအတွင်းရှိ နန်းတော်ထဲမှ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးရှိရာသို့ ရောက်ရှိလာသော အနက်ရောင်ဝတ်လူရွယ်ဖြစ်ကြောင်း ရန်ကျောက်ကဲ ချက်ချင်းမှတ်မိလိုက်သည်။

အနက်ရောင်ဝတ်သိုင်းသမားသည် နဂါးသင်္ချိုင်းကိုရှာဖွေပြီးမှ ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို လာရောက်ယူငင်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် နောက်ဆုံးတော့ ဤနေရာတွင် အသက်သေဆုံးခဲ့ဟန်ပင်။

ရန်ကျောက်ကဲ မည်သို့မှ မတတ်နိုင်စွာ စိတ်မကောင်းဖြစ်သွားရသည်။

ထို့နောက် ရန်ကျောက်ကဲက စိတ်ဖြင့်စေစားလိုက်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အရံအတားအစီအရင်ကို ဖယ်ရှားပစ်လိုက်သည်။

ပရမ်းပတာ အချိန်နှင့် ဗလာနယ်ထဲတွင် ကြံ့ကြံ့ခံတည်ရှိနေသော အရံအတားအစီအရင်သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စွမ်းအားကိုတော့ ခုခံနိုင်ခြင်း မရှိခဲ့ပေ။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ ပိုပြီး သေချာသွားသည်။

“လက်စသတ်တော့ ဒါက အချိန်နဲ့ ဗလာနယ်အာကာသကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် အထူးအသုံးပြုတဲ့ ရတနာပစ္စည်းပဲ ၊ ဒါကြောင့် ပရမ်းပတာဖြစ်နေတဲ့ အချိန်နဲ့ဗလာနယ်ထဲမှာ ပျက်ဆီးပျောက်ကွယ်မသွားဘဲ ကာလရှည်ကြာ တည်ရှိနေခဲ့တာ ၊ ပြီးတော့ ကမ္ဘာဖြတ်လမ်းကြောင်းတွေကိုလည်း ဖြတ်ကျော်နိုင်စွမ်းရှိတယ် ၊ သေချာတယ် ဒီလူ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာက ဆင်းသက်လာတဲ့သူပဲ”

ဤအရံအတားအစီအရင်၏ ရင်းမြစ်တည်ရှိရာနေရာမှာ အရိုးစုလက်ထဲတွင်ကိုင်ထားသော စက္ကူခေါက်ယပ်တောင်လေး ဖြစ်သည်။

ရန်ကျောက်ကဲက စက္ကူခေါက်ယပ်တောင်ကို လှမ်းယူလိုက်သည့်အခါ သူ၏စိတ်အာရုံထဲတွင် ပဲ့တင်ထပ်နေသော စကားသံများ ကြားယောင်လာသည်။

“ဒီ နဂါးသင်္ချိုင်းမြေကို လျှော့တွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုတွက်မိတယ် ၊ ငါ ဒီနေ့ ဒီနေရာမှာ သေဆုံးရတာအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး ၊ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ် ၊ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်”

“နဂါးပေါင်းများစွာရဲ့ အသက်စတေးပြီးမှာ ဒီလောက်ကြီးမားပြင်းထန်တဲ့ တန်ခိုးစွမ်းအားတွေ ထွက်ပေါ်လာတာ ၊ ဒီတန်ခိုးစွမ်းအားတွေက ကမ္ဘာကြီးကိုသုတ်သင်ပစ်နိုင်လောက်အောင် ပြင်းထန်တယ် ၊ ငါတော့ ငါနဲ့အတူ ဒီကပ်ဘေးကြီး ခံစားရဖို့ သမုဒ္ဒရာကမ္ဘာကို ဆွဲထည့်လိုက်မိပြီ”

“ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာ... ငါ နောက်ဆုံးတော့ အဲဒီကို ပြန်မရောက်နိုင်တော့ဘူး ၊ အမှောင်ထဲမှာမွေးဖွားပြီး အမှောင်ထဲကို ပြန်ရတာဖြစ်လို့ သေခြင်းတရားဆိုတာ ကြောက်စရာမလိုပါဘူး ၊ ဒါပေမဲ့ ကွမ်းမင်ဂိုဏ်းက သစ္စာဖောက်တွေ ဘယ်လိုပျက်ဆီးမလဲဆိုတာ မမြင်ရတာတော့ စိတ်မကောင်းစရာပဲ ၊ နောင်တရစရာပါပဲ... နောင်တရစရာပါပဲ”

အနက်ရောင်ဝတ်လူရွယ် မသေဆုံးခင် ချန်ထားခဲ့သော အတွေးစကားများကို ရန်ကျောက်ကဲ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။

“အမှန်ပဲ ၊ ဒီ နဂါးသင်္ချိုင်းကို ပိုပြီးသတိထားရမယ် ၊ မဟုတ်ရင် အချိန်မရွေး အသက်ပျောက်သွားနိုင်တဲ့အပြင် သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး ပျဉ်သုဉ်းတဲ့အထိ ဦးတည်သွားနိုင်တယ်”

သမုဒ္ဒရာကမ္ဘာသို့ ရောက်ရှိလာပြီး ဤနေရာမှ အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ပြီးနောက် ရန်ကျောက်ကဲစိတ်ထဲ အမြဲလိုလို သိချင်နေသောအရာတစ်ခု ရှိခဲ့သည်။

သမုဒ္ဒရာကမ္ဘာ၏ အချိန်စီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ငါးဆခန့် ပိုမိုမြန်ဆန်သည်။ တစ်နည်းဆိုရသော် သမုဒ္ဒရာကမ္ဘာ၏သမိုင်းကြောင်းသည် အစွန်းရောက်ရှစ်ပါးကမ္ဘာထက် များစွာရှည်လျားသည်။

သို့တိုင်အောင် ဤကမ္ဘာမှ သိုင်းပညာများက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် မညံ့သည့်တိုင် မယှဉ်နိုင်သေးပေ။

နောက်တစ်ချက်မှာ သမုဒ္ဒရာကမ္ဘာတွင် မဟာကပ်ဘေးကြီးမတိုင်ခင်က ကျန်ရစ်ခဲ့သော သိုင်းပညာအမွေအနှစ်များက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် အဆပေါင်းများစွာ နည်းပါးကြောင်းကိုလည်း သိခဲ့ရသည်။ ၎င်းသိုင်းပညာအမွေအနှစ်များကို ဤကမ္ဘာမှ ကျင့်ကြံသူများက အကောက်အကွေ့များစွာဖြင့် ကိုယ်တိုင်စူးစမ်းလေ့လာပြီး လမ်းမှားလမ်းလွဲခြင်းများစွာဖြင့် ကြုံတွေ့ခဲ့ရလေရာ သိုင်းပညာတိုးတက်မှုနှေးကွေးသည်မှာ မဆန်းလှပေ။

သမုဒ္ဒရာကမ္ဘာသည် မျိုးဆက်တစ်ဆက်မှတစ်ဆက် ဖြတ်သန်းဆင်းသက်လာခဲ့ပြီး ဒဏ္ဍာရီလာ မဟာကပ်ဘေးကြီးအပြင် ကမ္ဘာ့သမိုင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့သော ကပ်ဘေးများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။

အချို့ကပ်ဘေးများက ရှည်လျားသည့် အချိန်ရေစီး သမိုင်းကြောင်းထဲတွင် ပျောက်ဆုံးသွားခဲ့သလို ထိုကပ်ဘေးများကြောင့် များစွာအသော အသက်များဆုံးရှုံးရသည်လည်း ရှိခဲံသည်။ သို့ပေသိ ထိုသို့သောကပ်ဘေးများ ဖြစ်ပေါ်လာရသောအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေ။

ရန်ကျောက်ကဲကတော့ အခြေအနေကို ပိုပြီး နားလည်လာသည်။ သမုဒ္ဒရာကမ္ဘာကို ထိခိုက်စေခဲ့သော ကပ်ဘေးများစွာဖြစ်ပေါ်ရခြင်းမှာ ဤကမ္ဘာက နဂါးသင်္ချိုင်းနှင့် အလွန်နက်ရှိုင်းစွာ ဆက်နွယ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

အနက်ရောင်ဝတ်လူရွယ်၏ အရိုးစုကိုကြည့်ရင်း ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။

ရတနာပစ္စည်းများရှာဖွေရန် နဂါးသင်္ချိုင်းအတွင်း ဝင်ရောက်ခဲ့သူများတွင် အောင်မြင်မှုမရခဲ့ကြသူများမှာ ဤအနက်ရောင်ဝတ်သိုင်းသမားတစ်ယောက်တည်း မဟုတ်ပေ။ သို့ဖြစ်ရာ နဂါးသင်္ချိုင်းအတွင်းမှ ပြန်ထွက်မလာနိုင်သူ တစ်ယောက်ချင်းစီတိုင်းသည် သမုဒ္ဒရာကမ္ဘာအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ရေခဲနဂါးသူတော်စင်သည်လည်း ဤသို့သောကံကြမ္မာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ဟန်တူသည်။

ဤအကြောင်းများ စဉ်းစားရင်း ရန်ကျောက်ကဲမျက်နှာအမူအရာက တည်ကြည်လေးနက်လာပြီး အေးစက်သော ရှေးဟောင်းချောက်နက်ကြီးအတွင်းသို့ ငုံ့ကြည့်လိုက်၏။

ရန်ကျောက်ကဲ ရှင်းပြသည်များကို နားထောင်ပြီးနောက် ကောင်းထျန်းကျုန်းနှင့် အခြားသူများ အချင်းချင်း တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက သူ့လက်ထဲမှ စက္ကူယပ်တောင်ကို သေသေချာချာ အကဲဖြတ်ရင်း...

“ဒီ ယပ်တောင်က ကျန့်မုနတ်သစ်သားနဲ့ ပြုလုပ်ထားတာပဲ ၊ ဒီလူက ကမ္ဘာဖြတ်လမ်းကြောင်းတွေကို အန္တရယ်မရှိ ဖြတ်ကျော်သွားလာနိုင်တာ မအံ့သြတော့ပါဘူး”

“ဒီပစ္စည်းနဲ့ဆိုရင် သိုင်းသူတော်စင် စတုတ္ထအဆင့်ကို မရောက်သေးရင်တောင်မှ ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာကိုသွားရောက်ဖို့ လမ်းစတွေ့လာနိုင်တယ်”

ရန်ကျောက်ကဲက ယပ်တောင်လက်ကိုင်ကို အသာပွတ်သပ်ရင်း...

“ဒါပေမဲ့ ဒီနေရာက အရံအတားအစီအရင်ကို အကြာကြီး ထိန်းပေးထားရတဲ့အတွက် ဝိညာဉ်စွမ်းအားတွေ အတော်လေး လျော့နည်းနေပြီ ၊ အသုံးပြုချင်ရင် ထပ်ပြီးပြုပြင်မှရမယ်”

ရန်ကျောက်ကဲက ယပ်တောင်ကိုဖွင့်ကြည့်လိုက်တော့ ယပ်တောင်ထက်တွင် အနက်ရောင်မင်ရည်ဖြင့် ရိုးရှင်းစွာ ရေးဆွဲထားသော စုတ်ချက်စာလုံးများကို တွေ့ရသည်။ သို့သော် ထိုစုတ်ချက်များတွင် လျှို့ဝှက်ဆန်းကျယ်သော သဘောတရားများပါဝင်နေကြောင်း ခံစားရသည်။

“ဒါက အလင်းနဲ့အမှောင် ရောယှက်နေတဲ့ သဘောတရားတွေပဲ ၊ စကြာဝဠာမတိုင်ခင် ကနဦးအမှောင်ထုနဲ့ပတ်သက်တဲ့ ကွမ်းမင်နဲ့ ယိုးမင် အယူအဆတွေပဲ ၊ အ‌တော်လေး အဆင့်မြင့်တယ် ၊ ဒါက မဟာကပ်ဘေးမတိုင်ခင် ယိုးမင်ဂိုဏ်းက ဆင်းသက်လာတဲ့ ရှေးဟောင်းဂမ္ဘီရပညာတွေနဲ့ ဆက်စပ်နေတယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးအလွန်ကာလမှာ ဒီပညာတွေက ပြန်လည်ထွန်းကားမလာခဲ့ဘူး”

“နေဦး နေဦး... သူ စောစောက ကွမ်းမင်ဂိုဏ်းလို့ပြောလိုက်တယ် ၊ ဒါက ကမ္ဘာများစွာအလွန် အထက်ကမ္ဘာက သိုင်းဂိုဏ်းတစ်ခုပဲ ဖြစ်ရမယ် ၊ ပြီးတော့ ဒီလူရဲ့လေသံကြည့်ရတာ ကွမ်းမင်ဂိုဏ်းကို အတော်လေး မုန်းတီးနေတဲ့ပုံပဲ ၊ အလင်းနဲ့အမှောင်က ဆန့်ကျင်ဘက်ဖြစ်သလို ကွမ်းမင်နဲ့ ယိုးမင်ဆိုတာ ဆန့်ကျင်ဘက်ပဲ ၊ ကြည့်ရတာ ယိုးမင်ဂိုဏ်းက ဆင်းသက်လာတဲ့ ရှေးဟောင်းဂမ္ဘီရပညာတွေက ယိုးမင်ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းဆိုပြီး နှစ်ခြမ်းကွဲသွားတာများလား”

ရန်ကျောက်ကဲ ယပ်တောင်အနောက်ဘက်သို့ ကြည့်လိုက်တော့...

“ယိုးမင်ဂိုဏ်းမှ လျန်ကျီးချောင်”

ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့ကြောင့် သူ့စိတ်ထဲမှသံသယများစွာ ပိုမိုခိုင်မာလာသည်။

ထို့နောက် ရန်ကျောက်ကဲတို့အုပ်စု ခရီးဆက်ခဲ့ကြပြီး အချိန်များစွာ ကုန်လွန်လာခဲ့သည်။ ချောက်နက်ကြီးအတွင်းမှ အမှောင်ထုက အဆုံးမရှိဟု ထင်မှတ်ရသည်။ ပုံရိပ်ယောင်အလွှာများစွာကြားတွင် အချိန်စီးကြောင်းက တစ်ခါတစ်ရံအလွန်နှေးကွေးပြီး တစ်ခါတစ်ရံအလွန်လျှင်မြန်သဖြင့် ပြင်ပကမ္ဘာတွင် ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားကြောင်း ဆုံးဖြတ်ရန် ခက်ခဲသည်။

သွားရင်းလာရင်း အခြားသောသိုင်းဂိုဏ်းများမှ ရန်သူ မိတ်ဆွေ သိုင်းသမားများစွာ ဖြတ်သန်းသွားလာနေသည်ကို တွေ့မြင်ကြရ၏။

ချောက်နက်အတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ အခြားသောသိုင်းသမားများသာမက ချန်လီတောင်မှလူများသည်လည်း တဖြည်းဖြည်း စိတ်မသက်မသာ ခံစားလာကြရသည်။

သို့သော် သူတို့အားလုံး နဂါးသင်္ချိုင်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်းတိုးဝင်ခဲ့ကြပြီး အချိန်များစွာ ကြာမြင့်ခဲ့ကြသည်။ ပြင်ပကမ္ဘာတွင် အချိန်မည်မျှကုန်ဆုံးသွားသည်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။ သမုဒ္ဒရာကမ္ဘာတွင် ပြဿနာဖြစ်ခဲ့လျှင်တောင်မှ သူတို့အနေဖြင့် အချိန်မီကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

နဂါးသင်္ချိုင်းအတွင်းသို့ မဝင်ရောက်မီ သက်ဆိုင်ရာသိုင်းဂိုဏ်းတိုင်းက အစီအစဉ်များပြုလုပ်ထားပြီး အင်းအားအလုံအလောက် ပြင်ဆင်ထားခဲ့သဖြင့် အခြားသိုင်းဂိုဏ်းများ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်စရာ မရှိပေ။

သို့သော် ယခုအတိုင်းသာ ဆက်သွားနေလျှင် အပြောင်းအလဲများဖြစ်လာမည်လားဆိုသည်ကတော့ ပြောရခက်၏။ ထို့ကြောင့် အချို့ဆိုလျှင် နဂါးသင်္ချိုင်းမှ ပြန်လှည့်ထွက်ရန် ကြိုးစားနေကြသည်ကို တွေ့မြင်ရသည်။

အချိန်မည်မျှကြာသွားသည်မသိ ချောက်နက်ကြီးအတွင်းမှ အပူချိန်က တဖြည်းဖြည်းလျော့ကျလာပြီး အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များပင် ခံနိုင်ရည်မရှိတော့လေရာ ရန်ကျောက်ကဲစိတ်များသည်ပင် အနည်းငယ် တုန်ခါသွားရသည်။

တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူ ရောက်ရှိခဲ့ဖူးသော ရေခဲနဂါးသူတော်စင်၏ နန်းတော်အဟောင်းမှ ထွက်ပေါ်နေသော‌ရောင်ဝါနှင့်ဆင်တူသည်ဟု ယောင်ဝါးဝါး ခံစားရသည်။

ရန်ကျောက်ကဲ စိတ်ဓာတ်များတက်ကြွလာပြီး အဝါရောင်နဂါးကြီးကို ပိုမိုလျှင်မြန်စေရန် မောင်းနှင်လိုက်သည်။

နောက်ဆုံးမှာတော့ သူတို့ရှေ့မှ မှောင်မိုက်နက်နဲသော ချောက်နက်ကြီး အဆုံးသတ်သွားလေသည်။

တစ်ချိန်တည်းမှာပင် အံ့သြတုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုက သူတို့အားလုံးကို နှုတ်ခွန်းဆက်သလျှက် ရှိ၏။

နဂါးများ...

အားလုံးက နဂါးများသာပင်...။

နဂါးအစစ်မဟုတ်သော မျိုးကွဲများဖြစ်သည့် အကြေးခွံနဂါး ၊ သွေးနှောနဂါး ၊ ချီနဂါး စသည်များမဟုတ်ဘဲ ၊ အားလုံးက နဂါးအစစ်များ ဖြစ်ကြသည်။

နဂါးအရေအတွက် ထောင်နှင့်သောင်းနှင့်ချီနေပြီး မည်သည့်နည်းနှင့်မှ ရေတွက်မရနိုင်အောင် များပြားလွန်းသည်။

နဂါးများ၏ အကြေးခွံများနှင့် ခြေသည်းလက်သည်းများသည် အလင်းရောင်အောက်တွင် အသက်ဝင်နေသည့်အလား တဖျတ်ဖျတ်တောက်ပနေပြီး ကြီးကျယ်ခမ်းနားသော သွေးစွမ်းအားနှင့် ချီစွမ်းအားများသာမက လူတိုင်း၏နှလုံးသားကို ခြိမ်းခြောက်နေသော မရဏချီ အဖျက်စွမ်းအားများလည်း ထွက်ပေါ်လျှက် ရှိ၏။

နဂါးများက အသက်ဝင်နေဟန်ရှိသည့်တိုင် နက်ရှိုင်းအေးခဲနေသော ချောက်နက်ကြီးထဲတွင် တစ်စက်လေးပင်မလှုပ်ရှားဘဲ လုံးလုံးလျားလျား ငြိမ်သက်လျှက် ရှိကြလေသည်။

All Chapters