ဓားစံအိမ်မှ ဓားကိုလက်ခံခြင်းစည်းမျဉ်းများ
Vol. 1 Ch. 3
“နှစ်ကိုယ်တူယှဉ်တွဲကျင့်ကြံခြင်းလား...”
“ဒါက အမှန်လား...”
“မိန်းမလှလေးများလား...”
ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
သူ့ရှေ့တွင်ကား အလင်းဖျော့ဖျော့တောက်နေသော သုံးပေခန့် ဓားရှည်တစ်လက်သာ...
သူက သက်ပြင်းချကာ တစ်ဘက်ကိုလူးလိမ့်၍ ပြန်အိပ်လိုက်သည်။
'ဓား...'
သူက အိပ်ချင်စိတ်များအားလုံးပျောက်သွားကာ ထခုန်လိုက်သည်။
“လူကြီးမင်း...တူနှစ်ကိုယ် ကျင့်ကြံမလား”
သိမ်မွေ့ကာ ခံစားချက်ကင်းသောအသံမှာ ထပ်ပေါ်လာသည်။
ဟန်မူယဲ့သည် ကုတင်တွင် ကွေးလျက်ပင် တီးတိုးပြောသည်။
“ငါက ဓားနဲ့တူနှစ်ကိုယ်ကျင့်ရင် ဖျာသည် ဖြစ်သွားမှာပေါ့”
“နင်က ငါ့ကို ဓားတစ်လက်လို့ မြင်တာပေါ့”
“ဓားသွားက သံနက်... နှစ်လက်မဗြက်အကျယ်... လက်ကိုင်မှာ ကြေးနီရောင် တိမ်ရိပ်ကို သွေးကြောမျှင်သုံးခုနဲ့ ဆက်သွယ်ထားတယ်”
“ဓားဟာ ၄ ကီလို လေးတယ်။ ဓားသွားကိုလည်း လက်မဝက်ပဲ မြုတ်ထားတယ်”
“ဓားကိုယ်ထည်ကို တူတစ်ထောင်သန့်စင်နည်းနဲ့ ထုဆစ်ထားတယ်။ အအေးခံနည်းက...”
ဟန်မူယဲ့ ရုတ်တရက် ရပ်လိုက်သည်။
ပုံရိပ်တစ်ခု ပေါ်လာသည်။
ကောင်းမွန်စွာ ထုနှက်ထားသောဓားသည် အစိမ်းရောင်ဝတ် အမျိုးသမီးငယ်လေး၏နှလုံးသားကို ထိုးစိုက်ထား၏။
“ဓားက မိန်းမပျိုတစ်ယောက်ရဲ့ နှလုံးသွေးနဲ့သန့်စင်ထားတယ်။ ဒါက အောက်လမ်းနည်းပဲ”
ဟန်မူယဲ့ တီးတိုးဆိုသည်။
သူသည် သွေးဖြင့်သန့်စင်ခြင်းပညာရပ်အား နားလည်လိုက်၏။
ဓားသည် ခံစားချက်ရှိဟန်ဖြင့် ဆတ်ခနဲ တုန်သွား၏။ ထို့နောက် ဓားသည် ဟန်မူယဲ့၏နှလုံးသားရှိရာသို့ ထိုးစိုက်လာ၏။
ထိုအခိုက်တွင် ဘေးခန်းမှ ခြောင်းဟန့်သံတစ်ချက် ကြားရသည်။
ဓားသည် အိပ်ရာထက်ကို ပြုတ်ကျသွား၏။
“ညနက်ကြီး ဘာတွေလုပ်နေတာလဲ။ အိပ်တော့...”
ဘေးခန်းမှ ဟွမ်လောင်လျှို၏အသံကို ကြားရ၏။
ချွေးစေးများပြန်နေသော ဟန်မူယဲ့သည် လက်ဆန့်တန်းကာ သူ့ရှေ့မှဓား၏လက်ကိုင်ကို ဖမ်းဆုပ်လိုက်၏။ ပုံရိပ်များ သူ့ခေါင်းထဲတွင် ပေါ်လာသည်။
ဓားအလင်းသည် အဖြူရောင်ဝတ်လူငယ်တစ်ဦးထံမှ ပျံ့လွင့်လာ၏။ ဓားအလင်းများမှာ အေးစက်သော အငွေ့အသက်များ သယ်ဆောင်ထားသည်။
ဓားသွားပေါ်တွင်ကား သွေးချင်းချင်းနီရဲလျှက်...
၎င်းတို့မှာ ဇီဝိန်ခြွေခံရသော အသက်များကို ကိုယ်စားပြု၏။
“ယွမ်အာ...ယွမ်အာ...”
လူငယ်၏အော်ဟစ်သံ...
လက်ထဲမှဓားမှာ မြန်ဆန်လွန်းရကား ဓားရိပ်များသာ မြင်ရသည်။
သူသည် တောင်ခြေမှသည် တောင်ထိပ်အထိ တိုက်ခိုက်လာရာ နောက်ဆုံးတွင် အဖိုးအိုတစ်ဦးနှင့် ရင်ဆိုင်တွေ့၏။
“ဟီးဟီး... အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ နံပါတ် ၈ က အတော်စွမ်းသကိုး”
အဖိုးအို၏မျက်မှာက တင်းမာသွားကာ လက်မှ ဓားမော့ကို ဝှေ့ယမ်းလိုက်သည်။
“မင်းက သူ့ကို လာရှာတာ ဟုတ်တယ်မလား”
အဖိုးအိုက ရှေ့ကို ညွှန်ပြသည်။ ထိုနေရာတွင် အစိမ်းရောင်ဝတ်မိန်းမပျိုလေးတစ်ဦး ငိုကြွေးနေ၏။ သူမက လူငယ်ကိုကြည့်ကာ အဆက်မပြတ် ခေါင်းယမ်းနေသည်။
“ယွမ်အာ...”
“ကျုပ်ညီမလေးကို လွှတ်လိုက်”
လူငယ်က အော်ဟစ်ကာ ရှေ့ကို ပြေးသွားသည်။
သို့သော် မိန်းမပျို၏လည်ပင်းထက်မှ ဓားတိုတစ်လက်သည် သူ့အား ရပ်တန့်သွားစေ၏။ သူမ၏နောက်တွင် မျက်နှာဖုံးတပ်ထားသော အနက်ရောင်ဝတ်လူတစ်ဦးလည်း ရှိနေသည်။
“ကျိယွင်... မင်းလက်ထဲကဓား ငါ့ကို ကမ်းပေး”
“မဟုတ်ရင်တော့ ကောင်မလေးရဲ့အလောင်းကိုပဲ ရမယ်”
အဖိုးအိုက ပြောသည်။
“အစ်ကို...ထွက်သွားပါတော့”
“ညီမလေးကို ဂရုမစိုက်နဲ့”
မိန်းမပျို၏ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာသည်။
“ခင်ဗျားက ဒီအံ့ဖွယ်နေမင်းဓားကို လိုချင်တာမလား”
လူငယ်က အဖိုးအိုကို တစ်ချက်ကြည့်ကာ သူ့ရှေ့မှ အနက်ရောင်ဝတ်လူကို ပြောသည်။
“ယူလိုက်...”
သူက လက်မြှောက်ကာ ဓားကို ပစ်ပေးလိုက်၏။
ဓားကိုပစ်ပေးလိုက်သည်နှင့် တပြိုင်နက် အဖိုးအိုက ရှေ့ကိုတိုးကာ ဓားဖြင့် ပိုင်း၏။
လက်ထဲတွင် ဓားမရှိတော့သောလူငယ်မှာ နောက်ကို ဆုတ်ခံရသည်။ နောက်ဆုံး ကမ်းပါးမှ ပြုတ်ကျသွား၏။
ကျိယွင် ချောက်ထဲပြုတ်ကျသွားရင် မိန်းမပျို၏မျက်လုံးများတွင် စိတ်ပျက်ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်သွား၏။ အနက်ရောင်ဝတ်လူက ရှေ့ကိုတက်ကာ လူငယ်ပစ်လိုက်သော ဓားကို ကောက်၏။ အနက်ရောင်ဝတ်လူ၏မျက်လုံးများ အေးစက်သွားသည်။
“ဒါက အံ့ဖွယ်နေမင်းဓား မဟုတ်ဘူး”
“ဘယ်လိုဖြစ်နိုင်မှာလဲ...အံ့ဖွယ်နေမင်းဓားမပါဘဲ သူက ဘယ်လိုလုပ် နှင်းဝိညာဉ်မြေခွေးကို သတ်နိုင်တာလဲ”
အဖိုးအို၏အမူအရာ ပြောင်းလဲသွားသည်။
သူက အမှန်တကယ်ပင် ဓားပညာပါရမီကိုသာ မှီခိုအားထားခဲ့သည်များလား။
နှာခေါင်းရှုံ့ကာ အနက်ရောင်ဝတ်လူက မိန်းမပျိုအားဆွဲခေါ်ကာ အဝေးသို့ ထွက်သွား၏။
နောက်ထပ်မြင်ကွင်းမှာ မိန်းမပျို၏နှလုံးသွေးဖြင့် ဓားကို သန့်စင်ခြင်း ဖြစ်သည်။
ထိုဓားမှာ ကျိယွင်ပစ်လိုက်သောဓား ဖြစ်သည်။
နှင်းဝိညာဉ်မြေခွေးကို သတ်ခဲ့သောဓားမှာ မိန်းမပျို၏နှလုံးသွေးဖြင့် ပြန်လည် သန့်စင်ထုဆစ်ခဲ့၏။
ဓားတွင် မိစ္ဆာမြေခွေး၏ကောက်ကျစ်မှုနှင့် မိန်းမပျို၏ အငြိုးအတေးတို့ ကပ်ငြိနေသည်။
ထို့ကြောင့် ဓားသည် လူတစ်ဦး၏သွေးနှင့်ချီကို စုပ်ယူနိုင်၏။
ပုံရိပ်များ ပျောက်ကွယ်သွားကာ ဓားထံမှ အငွေ့တစ်ခု ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲ စီးဝင်သွား၏။
နေ့ဘက်မှ ဓားကဲ့သို့ မဟုတ်ဘဲ ယခုဓားအငွေ့မှာ အားကောင်းသည်။ ၎င်းမှာ သူ၏သွေးကြောများထဲစီးဆင်းကာ နောက်ဆုံး ငြိမ်သက်ပျောက်ကွယ်သွား၏။
သူ့ခန္ဓာကိုယ်က မသိမသာပြောင်းလဲမှုကို ခံစားရသော်လည်း မည်သည့်အရာမှန်း ဟန်မူယဲ့ မသိပါ။
“အံ့ဖွယ်သဘာဝဓားပညာ...သစ်ရွက်ကြွေဓား...”
သူက မျက်လုံးများကို မှိတ်လိုက်၏။ ကျိယွင်၏ဓားလေ့ကျင့်မှုပုံရိပ်များမှာ သူ့အာရုံထဲ၌ ပေါ်လာသည်။
၎င်းမှာ သစ်ရွက်ကြွေဓားကွက် ဖြစ်သည်။
“ဒီဓားက ဘာလို့ ဓားစံအိမ်မှာ ရှိနေရတာလဲ”
“ကျိယွင် အသက်ရှင်နေသေးတာများလား”
လက်ထဲမှဓားကိုကြည့်ကာ ဟန်မူယဲ့တွင် မေးခွန်းများစွာရှိသည်။
နောက်တစ်နေ့ အခန်းပြင်သို့ ထွက်လာသောအခါ ဟွမ်လောင်လျှိုက သူ့အား သံသယမျက်လုံးများဖြင့် ခေါင်းဆုံးခြေဆုံး ကြည့်သည်။
“မဆိုးဘူး...မနေ့ညက မင်းရဲ့အားအင်တွေ အစုပ်မခံရဘူးပဲ”
သူ့ရှေ့မှ ဟန်မူယဲ့မှာ အားအင်ကုန်ခမ်းနေဟန်မတူပါ။
ဟန်မူယဲ့က ပြုံးလျက် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“မနေ့ညက ကယ်ပေးတဲ့အတွက် ကျေးဇူးပါ”
“အဲဒီဓား...”
“ပြီးမှ ဓားကို သွားပြန်ထားလိုက်”
ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ ပြောသည်။ သူက လမ်းလျှောက်ရင်း ရေရွက်သည်။
“ကြည့်ရတာ သူက မာတဲ့ပုံပဲ။ ဓားစံအိမ်မှာ အချိန်ကြာကြာ နေရင် နေနိုင်လောက်တယ်”
မနက်ခင်းပိုင်းတွင် ဟွမ်လောင်လျှိုသည် ဟန်မူယဲ့အား ဓားစံအိမ်ကို စောင့်ခိုင်းကာ သူကိုယ်တိုင်ကား တောင်အောက်သို့ သေရည်သွားဝယ်သည်။
ဟွမ်လောင်လျှိုပြောသည်မှာ သူသည် သေရည်မသောက်ပါဘဲ ညဖက် ကောင်းကောင်း အိပ်မပျော်ပေ။
ဟွမ်လောင်လျှို ထွက်သွားပြီးနောက် ဟန်မူယဲ့က သစ်သားစင်ထက်မှဓားများကို အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်သည်။ သူက လှမ်းသွားကာ ဓားရှည်တစ်လက်အား အသာအယာ ဆွဲထုတ်လိုက်၏။
ယမန်နေ့က ဓားကဲ့သို့မဟုတ်ဘဲ သည်တစ်ကြိမ်ကား အလွယ်တကူ ဆွဲထုတ်နိုင်သည်။ ဓားထံမှ အရောင်တစ်ချက် လက်သွား၏။
ဓားဆီမှ အေးစက်သော အငွေ့တစ်ခု ဝင်ရောက်လာသည်။
၎င်းခံစားချက်မှာ အလွန်ထူးဆန်း၏။ ထိုအငွေ့သည် သူ့အား မနေ့ညက ဝင်ရောက်လာသော အငွေ့အသက်နှင့်ဆင်တူသည်။
ထိုအငွေ့အသက်သည် သူ့ခန္ဓာကိုယ်အား လှည့်ပတ်သွားသည်နှင့် ဓားရှည်က သူ့ကို မိသားစုဝင်တစ်ဦးအလား သဘောထားလိုက်ဟန်ရှိသည်။
“ဓားက သုံးပေနဲ့ တစ်လက်မရှည်ပြီးတော့ ၆ ကီလိုလေးတယ်။ ဓားမျက်နှာပြင်က နှစ်လက်မကျယ်ပြီးတော့ ၂လက်မထူတယ်”
“ဒါက တူတစ်ထောင်ထုနှက်ခြင်းပညာရပ်နဲ့ နှစ်တစ်ထောင်အေးခဲရေနဲ့ အအေးခံထားတာ”
ဓားကိုကိုင်ကာ ဟန်မူယဲ့သည် လက်ကို ဆန့်တန်းလိုက်သည်။
“ဝှစ်…”
ဓားဖျားသည် သစ်ရွက်တစ်ရွက် လွင့်နေသည့်အလား ရွေ့လျားသွားသည်။
ရွက်ကြွေဓားမှာ ခန့်မှန်းရခက်ကာ အရိပ်အယောင်မျှပင် ဖမ်းဆုပ်မိရန် မလွယ်။
အံ့ဖွယ်သဘာဝဓားသိုင်း၊ သစ်ရွက်ကြွေဓား…။
ဤသည်ကား ယမန်နေ့ညက သူ သဘောပေါက်ခဲ့သော ဓားပညာဖြစ်သည်။
“ငါ့မှာ အမြင့်ဆုံးနားလည်နိုင်စွမ်းရှိလို့ ဒီဓားကွက်ကို အလုံးစုံနားလည်ခဲ့သလို ဓားကွက်ရဲ့သဘောတရားကိုလည်း ဖမ်းဆုပ်နိုင်တယ်။ ဒါကြောင့် ငါက ကျိယွင်ထက်တောင်မှ ဓားကွက်ကို ပိုပြီး ခန့်မှန်းရခက်အောင် အသုံးပြုနိုင်တယ်”
ကျိယွင်သည်ပင် သည်ဓားကွက်ကို အပြည့်အဝ နားလည်ဟန်မတူဟု ခံစားမိသည်။
ကံမကောင်းသည်ကား သူ့တွင် ကျင့်ကြံဆင့်မရှိဘဲ ဓားကွက်သီးသန့်သာ ရှိသည်။ သူသည်သာ တခြားတစ်ယောက်နှင့်တိုက်ခိုက်ပါက တစ်ဘက်လူက သူ့အား တစ်ကွက်တည်းဖြင့် ဖြတ်တောက်လိုက်နိုင်ပေလိမ့်မည်။
မည်သည့်သိုင်းပညာကမှ ပြိုင်ဘက်မကင်းပါ။ ကျင့်ကြံဆင့်၏အထောက်အပံ့မရှိပါက အမြန်နှုန်းနှင့် ခွန်အားကို လုံလောက်စွာ ထုတ်သုံးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူက အမြန်မလိုချေ။ သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဝင်ရောက်ပြီးဖြစ်ရာ ကျင့်ကြံဆင့်မရှိမည်ကို စိုးရိမ်စရာမလိုပေ။
ဓားကို မူလနေရာတွင် ပြန်ထားရင်း ဟန်မူယဲ့က တခြားဓားတစ်လက်ကို လှမ်းဆွဲလိုက်သည်။
ဓားရှည်များကို တစ်လက်ပြီးတစ်လက်ဆွဲထုတ်ရင်း ဟန်မူယဲ့သည် ထိုဓားများ၏လျှို့ဝှက်ချက်များအားလုံးကို တွေ့မြင်ရသည်။
သူမသိလိုက်ပါဘဲ အရှိန်အဝါတစ်ခုမှာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာသည်။
သူသည် ဓားသွန်းလုပ်ခြင်းပညာရပ်အတော်များများကိုလည်း နားလည်တတ်ကျွမ်းသွား၏။
သည်ဓားများမှာ ပိုင်ရှင်မရှိသေးရာ ယခင်ပိုင်ရှင်များ၏ဓားသိုင်းများကိုလည်း သူမမြင်တွေ့နိုင်ပါ။
သူက ပိုင်ရှင် အသုံးပြုထားပြီးသော ဓားများထံ၌ တစ်စုံတစ်ခု သင်ယူနိုင်လောက်သည်။
ဟန်မူယဲ့က သစ်သားစင်များထံသို့ လှမ်းကြည့်ကာ လျှောက်သွားလိုက်သည်။ နံနက်ပိုင်းကတည်းက သူ့အခန်းထဲမှဓားကို သူ့ရှေ့မှ စင်ထက်၌ သွားထားပြီးဖြစ်သည်။
၎င်းဓားအနီးတွင် တခြားပိုင်ရှင်ဖြင့်ဓားများ ရှိနိုင်သည်။
“တပည့်ကျန်းဟန်က ဓားရှည်တစ်လက် ထုတ်ယူလိုပါတယ်”
ရုတ်တရက် ဓားစံအိမ်ဝင်ပေါက်မှ အသံတစ်သံ ပျံ့လွင့်လာသည်။
“ဂိုဏ်းတပည့်တစ်ယောက်က ဓားလာထုတ်ယူတာလား”
ဤသည်က ဓားစံအိမ်၏အဓိက စီးပွားရေးတစ်ခုလည်း ဖြစ်သည်။
ဟွမ်လောင်လျှို၏အဆိုအရ ဤသည်က အကျိုးအမြတ်အရှိဆုံး စီးပွားရေးဖြစ်သည်။
ဟန်မူယဲ့က နောက်လှည့်ကာ ဝင်ပေါက်သို့ လျှောက်သွားသည်။ သူက ဦးညွှတ်ကာ အေးအေးသက်သာပြောသည်။
“ဓားစံအိမ်ရဲ့စည်းကမ်းအရ ဓားကို လက်မခံခင် ကိုယ်လက်သန့်စင်ရမယ်။ အဝတ်အစားလဲပြီး အမွှေးနံ့သာထွန်းရမယ်။ တရားထိုင်ပြီး ဆယ်ရက်တိတိ အသီးအရွက်ကိုပဲ စားသောက်ရမယ်”
“ဓားကို လက်ခံဖို့…”
သူက စကားစကို ဖြတ်ကာ လက်ဝှေ့ယမ်းလျှက်ပြောသည်။
“ဝင်ခဲ့…”
အစိမ်းရောင်ဝတ်ဂိုဏ်းတပည့်တစ်ဦးသည် ကျောက်တုံးလှေကားထစ်၏အောက်ခြေတွင် လက်တစ်ဖက်ကို ဖြန့်ကာ ရပ်နေသည်။ သူ့လက်ဖဝါးတွင်ကား တစ်လက်လက်တောက်နေသော ဝိညာဉ်ကျောက်တုံး သုံးတုံး…။