← Chapters

အံ့ဖွယ်သဘာဝဓားသိုင်း အထီးကျန်သစ်စိမ်းဓားကို တတ်မြောက်ခြင်း

Vol. 1 Ch. 4

အံ့ဖွယ်သဘာဝဓားသိုင်း အထီးကျန်သစ်စိမ်းဓားကို တတ်မြောက်ခြင်း

Vol. 1 Ch. 4

“နာမည်…”

“ကျန်းဟန်…”

“ဓားလက်ခံဖို့လာရတဲ့အကြောင်းအရင်း…”

“နံပါတ်၈  စီနီယာအစ်ကိုကျိယွင်ဟာ ပျောက်ကွယ်သွားတာ တစ်နှစ်ရှိပါပြီ။ သူဟာ ဂိုဏ်းရဲ့အတော်ဆုံး ၁၀၀ ထဲမှာ ဖြစ်တယ်။ ဂိုဏ်းစည်းမျဉ်းအရ ကျွန်တော်က အပြင်စည်းဂိုဏ်းမှာ နံပါတ် ၁၀၁ ဖြစ်တယ်”

ယခု သူသည် အပြင်စည်းဂိုဏ်း၌ နံပါတ် ၁၀၀သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဂိုဏ်း၏စည်းကမ်းအရ အပြင်စည်းဂိုဏ်း၏ထိပ်ဆုံး နံပါတ် ၁၀၀ထဲကိုဝင်လျှင် ထပ်တစ်ရာသန့်စင်ဓားရှည်တစ်လက်ကို လက်ခံရန် အဆင့်မှီသည်။

“အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁၀၀”

ဟန်မူယဲ့က ရေရွက်က သူ့ရှေ့မှ စာအုပ်ကို ပိတ်လိုက်သည်။

အံ့ဖွယ်ကိုးပါးဂိုဏ်းသည် အနောက်ဘက်ကုန်းမြေ၌ ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။ သူတို့မှာ ကီလိုမီတာ သန်းပေါင်းများစွာကျယ်ပြောသော ရေ၊မြေ၊ဒေသအား ထိန်းချုပ်ထား၏။

အပြင်စည်းဂိုဏ်းမှ နံပါတ် ၁၀၀ ဆိုသည်မှာ ဘာမှ မဟုတ်ပါ။

သို့သော်လည်း ထိုအပြင်စည်းဂိုဏ်း၏အတော်ဆုံးဂိုဏ်းသား ၁၀၀ တို့မှာ တပည့်ထောင်သောင်းချီသောနေရာမှ ထိုးထွက်လာကြခြင်းဖြစ်သည်။ ခန်းဆောင်တစ်ခုစီ၏လက်အောက်တွင်လည်း ဂိုဏ်းအစေခံတပည့် တစ်သိန်းခန့် ရှိသေးသည်။

အပြင်စည်းဂိုဏ်းသားအဆင့်ပြီးပါက အတွင်းစည်းဂိုဏ်းသား တစ်သောင်းခန့် ရှိသေးကာ ပင်မတပည့် ရာကျော်ရှိပြီး တိုက်ရိုက်တပည့် တစ်ဒါဇင်ခန့် ရှိသည်။

၎င်းတို့မှာ ဂိုဏ်းသားအဆင့်မျှသာ ရှိသေးသည်။ ဂိုဏ်းသားအဆင့်ပြီးလျှင် စီမံခန့်ခွဲရေးမှူးများ၊ ခန်းဆောင်သခင်များ၊ အကြီးအကဲများနှင့် တခြားသော ပညာရှင်များ ရှိသေး၏။

သို့ဆိုလျှင် ကျင့်ကြံဆင့်မရှိသေးသူ ဟန်မူယဲ့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အောက်ဆုံးသောနေရာ၌ ရှိနေမည်မှာ အသေအချာ ဖြစ်သည်။

“ကျုပ်က အရှက်ရစရာပါ။ ကျုပ်က ကံကောင်းလို့သာ အပြင်စည်းဂိုဏ်းရဲ့ထိပ်ဆုံး ၁၀၀ထဲကို ဝင်နိုင်တာ”

ဟန်မူယဲ့၏တီးတိုးရေရွက်မှုကိုကြားလျှင် ကျန်းဟန်က ရှက်ရွံ့စွာ ပြောသည်။

သူက ထိုသို့ပြောကာ နောက်ထပ် ဝိညာဉ်ကျောက်တုံး ၂တုံးအား ထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်သည်။

ဝိညာဉ်ကျောက်တုံး ၅ တုံး…။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများကို အရိပ်မျှမကျန်အောင် သိမ်းဆည်းလိုက်သည်။

လူငယ်ကား ရက်ရောသည်။ ဟန်မူယဲ့က ရယ်မောလိုက်ကာ သူ့ရှေ့မှ စင်ကို လက်ညိုးထိုးပြလျှက် ပြောသည်။

“ဓားတစ်လက် သွားရွေးလိုက်…”

ဟန်မူယဲ့၏စကားကိုကြားလျှင် ကျန်းဟန်က ဝမ်းသာသွားသည်။

အကယ်၍ ဓားထိန်းသည်သာ စိတ်ကျေနပ်မှုရပါက သူသည် ဓားစံအိမ်မှ ဓားကောင်းတစ်လက်ကို ရရှိနိုင်သည်ဟု ယခင်ကတည်းက ကြားထားသည်။ အကယ်၍ ဓားထိန်းသည် စိတ်တိုင်းမကျသောကြောင့် သာမန်သံအပိုင်းအစတစ်ခုဖြင့် သူတို့အား ပစ်ပေါက်ခဲ့ပါကလည်း သူတို့တွင် ပြန်ပြောပိုင်ခွင့်မရှိပါ။

ဓားစံအိမ်မှ ဓားများမှာ အကျိုးအပျက်ဟု အပြင်တွင် မည်သူက ပြောရဲမည်နည်း။

ကျန်းဟန်သည် မြန်ဆန်စွာဖြင့် သစ်သားစင်ထံသို့ လျှောက်သွားလိုက်၏။ သူက လက်ဆန့်တန်းကာ ဓားတစ်လက်ပြီးတစ်လက် ထိကိုင်သော်လည်း မည်သည့်ဓားကိုမှ ဓားအိမ်မှ ဆွဲမထုတ်ရဲပါ။

ဓားသမားများမှာ ဓားများကို လေးစားတန်ဖိုးထား၏။

အကယ်၍ သူသည်သာ ဓားများကို တစ်လက်ပြီးတစ်လက် ဆွဲထုတ်ကာ ပြန်ထားပါက ဓားများကို အပြစ်လုပ်မိခြင်း ဖြစ်နိုင်သည်။

ဓားများက သူ့အား ဖော်ရွေတော့မည် မဟုတ်တော့ပါ။

ဟန်မူယဲ့မှာ ဝိညာဉ်ကျောက်တုံးများကို သူ့အိတ်ကပ်ထဲထည့်ကာ ၎င်းထံမှ ရသော အလေးချိန်အပေါ် စိတ်ကြေနပ်နေသည်။

သူသည် တောင်ခြေ၌ နှစ်ဝက်ခန့် စျေးရောင်းခဲ့ပါသော်လည်း ဝိညာဉ်ကျောက်တုံး၏ထက်ဝက်သော အစတစ်ခုကိုသာ ရခဲ့သည်။ ယခု သူသည် ဓားလာရောက်လက်ခံသော ဂိုဏ်းတပည့်တစ်ဦးထံမှ ဝိညာဉ်ကျောက်တုံး ၅တုံးကို ရလိုက်သည်။

ဓားထိန်းအလုပ်မှာ အမှန်တကယ် စီးပွားဖြစ်၏။

ဟန်မူယဲ့သည် သူ့အား ဤနေရာသို့ ခေါ်လာသော လုကောအား သေရေသောက်ရန် ဖိတ်ရမည်လော တွေးနေ၏။

သူက လှမ်းကြည့်လျှင် ကျန်းဟန်မှာ မည်သည့်ဓားကို ရွေးရမည်မှန်း ဝေခွဲရသေးဟန်မတူ။ ဟန်မူယဲ့က စားပွဲပေါ်မှ တူကလေးကို ကောက်ကိုင်ကာ ကြေးခေါင်းလောင်းငယ်အား ဒင်ခနဲ တီးလိုက်သည်။

ခေါင်းလောင်းသံကိုကြားလျှင် ကျန်းဟန်မှာ တွန့်ဆုတ်စွာဖြင့် နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူက သည်မတိုင်ခင် သဘောတွေ့မိသော ဓားတစ်လက်ကို ကောက်ယူလိုက်သည်။

ဟန်မူယဲ့တီးလိုက်သော ခေါင်းလောင်းသံမှာ ဂိုဏ်းသားများ ဓားရွေးချယ်ခြင်း၌ အချိန်အကန့်အသတ်သို့ရောက်ပြီဖြစ်ကြောင်း သတိပေးခြင်း ဖြစ်သည်။

ဟွမ်လောင်လျှို၏အဆိုအရ ဓားလာရောက်လက်ခံသော ဂိုဏ်းသားများမှာ ကောင်းမွန်သော ဓားပညာရပ်များအား လေ့ကျင့်သူများဖြစ်သောကြောင့် သူတို့၏ဓားချီများကို ကာကွယ်ရန် လိုအပ်သည်။

ဓားစံအိမ်တွင် ဓားချီများမှာ အမျိုးမျိုး ရောနှောနေ၏။ အကယ်၍ ဂိုဏ်းသားတစ်ဦးမှာ ဓားစံအိမ်၌ အချိန်ကြာမြင့်စွာနေပါက သူတို့၏ကျင့်ကြံမှု၌ မကောင်းသော သက်ရောက်မှုများ ရှိသည်။

ထို့ကြောင့်လည်း ဓားထိန်းတစ်ဦးကို ဂိုဏ်းသားများထဲမှ ရွေးချယ်လေ့မရှိခြင်း ဖြစ်သည်။

အကယ်၍ ကျင့်ကြံသူတစ်ဦးသည်သာ ဓားစံအိမ်တွင် အချိန်ကာလကြာမြင့်စွာနေခဲ့ပါက သူတို့၏ကျင့်ကြံဆင့်များ ပျက်စီးသွားနိုင်သည်။

ကျန်းဟန်က သူရွေးချယ်လိုက်သောဓားအား ဟန်မူယဲ့ထံ ကမ်းပေးသည်။

ဓားထိန်းတစ်ဦးမှာ ဓားစံအိမ်မှ ထုတ်ယူသွားသောဓားများအား စာရင်းမှတ်ထားရပေသည်။

ဓားကို လှမ်းယူကာ ဟန်မူယဲ့က ဓားအိမ်ထဲမှ ထုတ်လိုက်သည်။

“ကလန်…”

ဓားသည် ဓားအိမ်ထဲမှ အေးစက်ကော စိမ်းဖန့်သော အလင်းတစ်ချက်နှင့်အတူ ထွက်ပေါ်လာသည်။

ဓားမျက်နှာပြင်ပေါ်တွင်ကား သေးငယ်သော ချိပ်စည်းတစ်ခု ရှိသည်။

“အလင်းရိပ်…”

ကျန်းဟန်က တီးတိုးဆိုသည်။ သူ့မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာ၏။

နာမည်ရှိသော ဓားတစ်လက်မှာ ကောင်းမွန်သော အရည်အသွေးရှိမည်မှာ မေးခွန်းထုတ်စရာမလို။

“နံပါတ် ၃၉၅၈၇၊ ဓားနာမည်က အလင်းရိပ်…”

ဓားနာမည်ကို စာရင်းမှတ်ပြီးနောက် သူက တီးတိုးဆိုသည်။

“ဓားအရှည် ၃ပေ ၅ လက်မနဲ့ ၇ စင်တီမီတာ… ၇ ကီလိုအလေးချိန်… တန်ဖိုး ငွေစင် ၆တုံးနဲ့ ဒင်္ဂါး ၇ ပြား”

“ဓားမျက်နှာပြင်က တစ်လက်မနဲ့အခွဲ၊ ဝင်ရိုး ၃ လက်မအထူ”

…

ကျန်းဟန်က ဟန်မူယဲ့အား အံ့အားသင့်စွာ ကြည့်သည်။

ဓားကို ကိုင်လိုက်သည်နှင့် သူ့ရှေ့မှ ဓားထိန်းသည် အလင်းရိပ်ဓား၏အချက်အလက်များအားလုံးကို ပြောနိုင်သည်။

ဟန်မူယဲ့က ဓားကို ပြန်ကမ်းပေးလျှင် ကျန်းဟန်က ဓားကို ဆွဲထုတ်ပြီး အသေအချာကြည့်သည်။

သူက ညင်သာစွာဖြင့် ဓားကွက်အနည်းငယ်ကို လှုပ်ရှားကစားလိုက်သည်။ ဟန်မူယဲ့ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူခံစားမိသည်။

ဓားစံအိမ်၏ဓားထိန်းမှာ လူထူးလူဆန်း ဖြစ်ကြောင်း သူ ကြားဖူးသည်။ ၎င်းမှာ မှန်ကန်ဟန်ရ၏။

ကျန်းဟန်က ဓားကို ပြန်သိမ်းလိုက်ကာ ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုပြီး ဓားစံအိမ်မှ ထွက်သွားရန်ပြင်သည်။

စံအိမ်မှထွက်သည်နှင့် ဓားမှာ သူ၏ကိုယ်ပိုင် ဖြစ်လာပေမည်။

“နေဦး…”

ရုတ်တရက် ဟန်မူယဲ့၏အသံကို သူ့နောက်မှ ကြားရ၏။

ကျန်းဟန်က ဓားကို တင်းတင်းဆုပ်ကာ ဟန်မူယဲ့အား စိုးရိမ်စွာ ကြည့်သည်။

“စီနီယာ… ကျွန်တော် တစ်ခုခုလိုနေတာများရှိလား”

သူသည် ဝိညာဉ်ကျောက်တုံး ၅တုံးကို ပေးပြီးဖြစ်ကာ ဓားကိုလည်း လက်ခံပြီးဖြစ်သည်။ ကျန်းဟန်က ဓားစံအိမ်မှ ဓားထိန်းနှင့် နောင်တွင် အဆက်အဆံသိပ်ရှိတော့မည်မဟုတ်ဟုပင် တွေးထားသည်။

“မင်းရဲ့ဓားကို လဲလိုက်တာ ကောင်းမယ်”

ဟန်မူယဲ့က ကျန်းဟန်အားကြည့်ကာ ထူးမခြားနားစွာ ပြောသည်။

“ဘာလို့လဲ…”

ကျန်းဟန် မျက်မှောင်ကြုတ်လိုက်သည်။

ဝိညာဉ်ကျောက်တုံး ၅တုံးမှာ အပြင်စည်းဂိုဏ်းသားများ၏ဝင်ငွေတစ်ဝက်ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများမှာ ကျင့်ကြံခြင်းအတွက် မရှိမဖြစ်, ဖြစ်သည်။

သူ့ရှေ့မှ ဓားထိန်းက နောက်ထပ် ဝိညာဉ်ကျောက်တုံးများ လိုချင်နေသည်များလား။

“မင်း လေ့ကျင့်တဲ့ဓားသိုင်းနဲ့ ဓားနဲ့က မကိုက်ဘူးဖြစ်နေတယ်။ ဓားက မင်းအတွက် နည်းနည်းလေးတယ်”

ဟန်မူယဲ့က စားပွဲရှည်တွင်ထိုင်ကာ ခုံကို လက်ချောင်းများဖြင့် တစ်ဒေါက်ဒေါက်တောက်လျှက်‌ ပြောသည်။

“လေးတယ်လား…”

ဓားကိုကိုင်ရင်းက ကျန်းဟန်က ဆ,ကြည့်လျှင် သူ၏အမူအရာက ပြောင်းလဲသွားသည်။

ဓားသမားအတွက် ဓားမှာ အသက်ဖြစ်သည်။

အကယ်၍ ဟန်မူယဲ့သာ သူ့အား သတိမပေးခဲ့လျှင် ဓားမှာ သူ့အတွက် အနည်းငယ်လေးလံနေသည်ကို သတိထားမိမည် မဟုတ်ပါ။

သူ့လက်ထဲမှဓားသည် အမှန်တကယ် ပို၍ လေးနေသည်။

“ပြီးတော့ မင်းရဲ့အရပ်နဲ့လက်အလျားအရ မင်းဟာ သုံးပေနဲ့တစ်လက်မအရှည်ဓားကို ကိုင်ရမှာ။ ဒီဓားက ရှည်နေတယ်”

“ရှည်တယ်လား…”

ဓားကို တင်းတင်းဆုပ်ရင်း ကျန်းဟန်၏လက်က တုန်ယင်သွားသည်။

သူက ဓားကို ထုတ်လိုက်စဉ် သူ့လှုပ်ရှားမှုများက အနည်းငယ် မသပ်မရပ်ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။

သူက ဓားနှင့်သိပ်အသားမကျသေး၍ဟု တွေးထားသည်။

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဝင်စ၌ အပြင်စည်းဂိုဏ်းမှ လေ့ကျင့်ရေးမှူးတစ်ဦး သင်ကြားပေးခဲ့သည်ကို အမှတ်ရသည်။

ဓားသည် ဓားသမားတစ်ဦး၏ဒုတိယအသက်ဖြစ်သည်။ သူက ဓားနှင့် အတူတွဲနေပေမည်။

သူ၏ဓားကို နားလည်ခြင်းဖြင့်သာ အသက်ရှည်မည်။

သူသည် နှစ်အတော်ကြာ လေ့ကျင့်ပြီးနောက် အပြင်စည်းဂိုဏ်း၏ထိပ်ဆုံးနံပါတ်၁၀၀ထဲကို ဝင်နိုင်သောအခါ မိမိကိုယ်ကို ဓားနှင့်ပတ်သက်၍ အလွန်သိနားလည်ထားပြီဟု တွေးထားသည်။

သို့သော် ဟန်မူယဲ့က သူ့အား သတိပေးသောအခါ ချွေးစေးများ ပြန်လာသည်။

သူကား ဘာမှမသိသော အရူးတစ်ယောက်သာ…

ကျန်းဟန်က သူ့အိတ်ကပ်ထဲမှ လက်ကျန် ဝိညာဉ်ကျောက်တုံး ၅တုံးကို ထုတ်ကာ ဟန်မူယဲ့အား ဦးညွှတ်သည်။

“စီနီယာ… ကျုပ်ကို ညွှန်ကြားပြသပေးပါ”

သူသည် အနည်းငယ် တုံးအသော်လည်း ထုံးတမ်းစဉ်လာများကို နားလည်သည်။

ဟန်မူယဲ့က ကျန်းဟန်ပေးသော ဝိညာဉ်ကျောက်တုံးအား လှမ်းယူလိုက်ကာ သူ့ရှေ့မှ သစ်သားစင်ကို ညွှန်ပြသည်။

“တတိယအတန်း၊ ခုနစ်ချောင်းမြောက်ဓား… ချင်းဟယ်…”

ကျန်းဟန်က အလျင်အမြန်ပင် လှမ်းသွားကာ အလင်းရိပ်ဓားကို ပြန်ထားလိုက်သည်။ ထို့နောက် တတိယတန်းမှ ခုနစ်ချောင်းမြောက်ဓားကို လှမ်းယူလိုက်၏။

“ဓားက သုံးပေတစ်လက်မရှည်ပြီးတော့ ငါးကီလိုလေးတယ်။ ဓားမှာ အသွားနှစ်ဖက်ပါပြီးတော့ သွေးစင်းကြောင်းတချို့ရှိတယ်။ ဓားကို ဝှေ့ယမ်းတဲ့အခါ လေခွင်းသံ ပီပီသသကြားရမယ်။ ဒါက မင်းရဲ့ ဓားကွက်နဲ့ လုံးဝကိုက်ညီတယ်”

ဟန်မူယဲ့က ရှင်းပြလျှင် ကျန်းဟန်က သူ၏ဓားကို ဖြေးလေးစွာ ထုတ်သည်။

သူက ဓားကို ဆုပ်ကိုင်ရင်းဖြင့်ပင် သူ၏အသွေးအသားများက တောင်းဆိုမှုကို ပီပီသသ ခံစားနေရသည်။

သူကား နှစ်ခါ ထပ်ကြည့်စရာမလို။ သည်ဓားမှာ သူလိုအပ်သောအရာဖြစ်သည်။

“မင်းရဲ့ဓားပညာက ရန်သူရဲ့ ရင်ဘက်၊ ဝမ်းဗိုက်နဲ့လည်ပင်းကို ဦးတည်တယ်။ မင်း တိုက်ခိုက်တဲ့အခါ သုံးဆလောက် ပိုမြန်ဖို့လိုတယ်။ မင်းက ဓားကို တိုက်ရိုက်ပြန်ဆွဲယူလို့မရဘူး။ မင်းက ဓားကို အဖြောင့်ဆွဲဖို့ ထိုးဖို့လိုတယ်”

“သတိရပါ… မင်းက ဓားကို ပြန်ဆွဲယူတဲ့အခါ လက်ကိုင်ကို လက်မနဲ့အတင်းဖိထားတတ်တယ်။ ဒါက ဆိုးဝါးတဲ့အမှားပဲ”

ဟန်မူယဲ့က ထိုင်ခုံတွင် သက်တောင့်သက်ကာ မှီကာ ပြောသည်။

“ဒါကိုတော့ လက်ဆောင်လို့ သဘောထားလိုက်ပေါ့”

ကျန်းဟန်က ဓားကို တင်းတင်းဆုပ်ကာ ဟန်မူယဲ့အား ဦးညွှတ်လျှက် ဓားစံအိပ်မှ ထွက်သွားသည်။

လှေကားထစ်များမှ ဆင်းပြီးနောက်တွင် သူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချသည်။ သူက မျက်လုံးများကို ကျဉ်းမြောင်းကာ သူ၏ဓားကို တစ်ချက်ကြည့်လျှက် သူ့ရှေ့မှ ဓားစံအိမ်ကို တဖန် ပြန်မော်ကြည့်၏။

“ဒီနေ့ သုံးလိုက်တဲ့ ဝိညာဉ်ကျောက်တုံး ၁၀တုံးက အလဟသ မဖြစ်ဘူးပဲ”

ကျန်းဟန်၏မျက်လုံးများ၌ အံ့ဩသောအမူအရာတစ်ခု ပေါ်လာသည်။

“အတွင်းစည်းဂိုဏ်းက စီနီယာတွေတောင်မှ ငါ့ဓားကွက်ရဲ့အားနည်းချက်တွေကို မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီဓားထိန်းက တစ်ချက်ကြည့်တာနဲ့ ထိုးထွင်းနားလည်တယ်”

“ငါ့ဓားချက်က ဘယ်တုန်းကမှ မချောမွေ့ဘူးလို့ အမြဲတမ်း ခံစားနေရတာ။ ငါတိုက်ခိုက်တဲ့အခါ ငါ့ရဲ့လက်ဟန်က လွဲနေတာကိုး”

ကျန်းဟန် နောက်လှည့်ကာ အဝေးကို ထွက်သွားသည်။ သူ့ထံမှ ဖော်ပြနိုင်စွမ်းငှာမတတ်နိုင်သော တိုက်ခိုက်ရေးအားမာန်များ ထွက်ပေါ်လာသည်။

“ငါသာ သေသေချာချာလေ့ကျင့်ရင် အပြင်စည်းဂိုဏ်းရဲ့ထိပ်ဆုံးနေရာ နံပါတ် ၈၀သို့ ရောက်နိုင်မယ်လို့ ယုံကြည်တယ်”

ဓားစံအိမ်တွင် ဟန်မူယဲ့သည် မျက်လုံးများကို အသာမှိတ်လိုက်၏။ ဓားအလင်းများ သူ့စိတ်ထဲတွင် လှည့်ပတ်နေသည်။

ပုံရိပ်များထဲမှ ဓားသမားမှာ ကျန်းဟန်နှင့်တူသော်လည်း သူလှုပ်ရှားနေသောဓားချက်များမှာ အဆပေါင်းများစွာ အားကောင်းနေသည်။

“အံ့ဖွယ်သဘာဝဓားသိုင်း… အထီးကျန်သစ်စိမ်းဓားသိုင်း”

နောက်ထပ်ဓားသိုင်းတစ်ခုကို တတ်မြောက်သွားပြီးနောက် ကျန်းဟန်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

သူသည် ဓားထိန်းအလုပ်ကို သဘောကျ၏။

All Chapters