အရင်ကထက်စွမ်းအားမြင့်တက်လာ
Vol. 40 Ch. 567
အခန်း (၅၆၇) အရင်ကထက်စွမ်းအားမြင့်တက်လာ
အရင်တုန်းက ရေခဲနဂါးသူတော်စင်၏ နန်းတော်အဟောင်းတွင် နဂါးအစစ်တစ်ကောင်ကို ရရှိဖူးသည်ဖြစ်ရာ မည်မျှတန်ဖိုးရှိသည်ကို အံ့သြတကြီး ဖြစ်ခဲ့ရသည်။
ယခု ရန်ကျောက်ကဲရှေ့တွင်ရှိနေသော နဂါးများသည် ခန့်မှန်းမရနိုင်အောင် တန်ဖိုးကြီးမားလွန်းလေရာ တွေးကြည့်ရုံဖြင့်ပင် ခေါင်းများကိုက်လာစေသည်။
သို့ပေသိ ဤမျှများပြားသောနဂါးများကို ဤနေရာတွင် မြှုပ်နှံထားကြောင်း တွေ့ရသူတိုင်းမှာ အစပိုင်းတွင် အံ့အားသင့်ပျော်ရွှင်သွားသော်လည်း တဖြည်းဖြည်း မပျော်ရွှင်ရဲတော့ဘဲ ကျောရိုးထဲစိမ့်သွားသည်အထိ ကြောက်ရွံ့မှုကို ခံစားကြရသည်။
မည်သည့်အရာကိုမှ မကြောက်ရွံ့ဘဲ ကိုယ်လုပ်ချင်ရာလုပ်တတ်သော ဖူအန်းစုသည်ပင် မျက်နှာအမူအရာ တည်ကြည်လေးနက်လျှက်ရှိ၏။
ရန်ကျောက်ကဲက ထိုနေရာသို့ လှမ်းမျှော်ကြည့်ရင်း...
“အချိန်အရမ်းကြာမြင့်ခဲ့လို့ ဒီနေရာက ဝိညာဉ်စွမ်းအားအများစု ဆုံးရှုံးသွားပြီဆိုပေမယ့် ဒီစွမ်းအားတွေသာ ပေါက်ကွဲထွက်သွားရင် သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး ကပ်ဘေးကြီး ကျရောက်နိုင်တယ်”
သူ့မျက်ဝန်းများက နဂါးရုပ်အလောင်းများ၏ အလယ်ဗဟိုဆီ လှမ်းကြည့်နေစဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်ဝန်းများက ရုတ်တရက် တုန်ခါသွားသည်။
ထိုနေရာတွင် လွှမ်းမိုးနိုင်စွမ်း အလွန်တရာမြင့်မားသော အဘိုးအိုတစ်ယောက် လေထဲတွင် မတ်တတ်ရပ်လျှက်ရှိကြောင်း တွေ့ရသည်။
အေးစက်နေသော ရှေးဟောင်းချောက်နက်ထဲတွင် အဝါရောင်နဂါးကြီးသည်လည်း ပုန်းကွယ်၍ မရနိုင်လေရာ ထိုအဘိုးအိုသည်လည်း ရန်ကျောက်ကဲတို့အုပ်စုကို တွေ့ရှိသွား၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တွေ့မြင်သည်နှင့် မူလကပင် တင်းမာခက်ထန်သော အဘိုးအို၏မျက်နှာအမူအရာက ပို၍ပင် အေးစက်လာသည်။
ထိုသူက ကျန်လုန်ဂိုဏ်းချုပ် ‘ပင်လယ်ခုနစ်စင်းအရှင်’ ‘ကျောက်ကျုန်း ဖြစ်သည်။ သူက သမုဒ္ဒရာကမ္ဘာတွင် လောကပထမဟု သတ်မှတ်ခံထားရသူ ဖြစ်၏။
သူက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လေးနက်စွာ အကဲဖြတ်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“မင်းက နာမည်ကျော်ထိုက်ပါပေတယ်”
ရန်ကျောက်ကဲက တည်ငြိမ်သောအမူအရာဖြင့်...
“မင်း ဒီနေရာကို မြန်မြန်ရောက်လာတာပဲ”
အဘိုးအိုက...
“ငါတို့ဂိုဏ်းကို ကျန်လုန်ဂိုဏ်းလို့ခေါ်တာ အလကားသက်သက် မဟုတ်ဘူးလေ”
ကျောက်ကျုန်းစကားသံက အေးစက်လွန်းသော ချောက်နက်ကြီး၏လေထုကို ဖြတ်ကျော်ဝင်ရောက်လာသော ထက်ရှသည့်ဓားတစ်လက်ပမာ စူးရှလွန်းသည်။
“မင်းကရော ဒီနေရာကို ရောက်လာနိုင်ဖို့ အစကတည်းက ပြင်ဆင်ထားခဲ့တာလား ၊ ဒါမှမဟုတ် လင်ချန်းချန်ဆီက တစ်ခုခု ရခဲ့တာလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“အဲဒါတွေက အရေးမကြီးပါဘူး”
ကျောက်ကျုန်းက ခေါင်းညိတ်လိုက်ပြီး...
“မှန်တယ် ၊ အဲဒါတွေက အရေးမကြီးပါဘူး”
ထို့နောက် သူက လက်ကို လေထဲသို့ မြှောက်လိုက်ပြီး လက်ဝါးဇောင်းဖြင့် ဓားသွားသဏ္ဌန် ခုတ်ပိုင်းချလိုက်သည်။
ဓားသွားမရှိ ၊ ဓားစွမ်းအားမရှိ ၊ ဓားအလင်းရောင်မရှိ ၊ ဓားဝိညာဉ်မရှိ ၊ အသံမရှိ....။
သို့သော် အောက်ဘက်တွင်ရှိနေသည့် သွေးနီရောင်နဂါးကြီးတစ်ကောင်၏ ဦးခေါင်းပြတ်ထွက်သွားပြီး တခြားနေရာတစ်ခုသို့ လွင့်စင်ထွက်သွားသည်။
ကျောက်ကျုန်းဓားချက် ကျရောက်မလာခင် သေပြီးသားပင် ဖြစ်လင့်ကစား သွေးနီရောင်နဂါးကြီးက အသက်ဝင်လာပြီး အန္တရယ်ကို အာရုံခံမိသည့်အလား အနည်းငယ်လှုပ်ရှားသွားသည်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။
သို့ပေသိ ကျောက်ကျုန်း၏ဓားချက် ကျရောက်သွားသည်နှင့် ထိုသွေးနီရောင်နဂါးကြီး၏ အသက်ဓာတ်စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားလေသည်။
ကျောက်ကျုန်းက သိမ်မွေ့စွာဖြင့်...
“ဒီအဘိုးကြီးက မင်းတို့နဲ့ မတူဘူး ၊ ငါ ဒီနေရာကို ရောက်လာတာ နဂါးတွေကို သတ်ဖြတ်ပစ်ဖို့ပဲ ၊ ဒီ နဂါးတွေအားလုံးက သေပြီးသား ရုပ်အလောင်းတွေဆိုပေမယ့် ပုံစံမပျက် ထိန်းသိမ်းထားကြတယ် ၊ ဒါကြောင့် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေဆဲပဲ”
ဟုတ်ပေ၏။
ဤ နဂါးရုပ်အလောင်းများသည် ကြီးမားသော အကျိုးသက်ရောက်မှုများ ပေးနေဆဲ ဖြစ်သည်။ ဤနေရာတွင် နဂါးများစွာ ရှိနေပြီး အားလုံး အသက်မရှိကြတော့သော်လည်း အားလုံး၏အသက်ဓာတ်စွမ်းအားများ ချုပ်ငြိမ်းအောင် သတ်ဖြတ်ပစ်နိုင်မည်ဆိုလျှင် ချက်ချင်းပင် အထက်ဘုံကမ္ဘာသို့ တက်သွားနိုင်ပေမည်။
တကယ့်နဂါးအစစ်များဆိုလျှင်တော့ သတ်ဖြတ်နိုင်ရန်ဝေးစွ ၊ နဂါးတစ်ကောင် ခြေသည်းတစ်ချောင်းပင်မကြွဘဲ ကျောက်ကျုန်းကို သတ်ဖြတ်ပစ်မည် ဖြစ်သည်။
ထို့ကြောင့် ဤနယ်မြေက ကျောက်ကျုန်းအတွက် အလွန်တရာ ကောင်းချီးပေးခြင်းခံရသော နယ်မြေဖြစ်သည်။ သူက အခြားသူများကဲ့သို့ ဤနေရာမှ ရတနာပစ္စည်းများကို ရှာဖွေစရာမလိုဘဲ နဂါးအလောင်းများကို သတ်ဖြတ်နေရုံဖြင့်ပင် ပြီးမြောက်သော အောင်မြင်မှု ရရှိနိုင်ပေမည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဟက်... နဂါးသတ်သမားက နဂါးသင်္ချိုင်းထဲဝင်လာတာ... ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ”
ထို့နောက် သူ့နံဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြုံးဝါးသံပြုရင်း အရှေ့သို့ ပြေးဝင်သွားသည်။ ချက်ချင်းပင် ကျောက်ကျုန်းရှေ့သို့ရောက်ရှိသွားပြီး သူ၏လက်သီးချက်က လှံရှည်တစ်ခုပမာပင်။
ကျောက်ကျုန်းခန္ဓာကိုယ်က နဂိုအတိုင်းပင်ရှိနေပြီး ဓားချက်တစ်ချက် ခုတ်ပိုင်းချလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်နှင့် ပင်လယ်ခုနစ်စင်း နဂါးသတ်ဓားတို့ ထိပ်တိုက်တွေ့ခြင်းက အလွန်နက်ရှိုင်းလေရာ ချောက်နက်ကြီးအတွင်းမှ အေးခဲချီစွမ်းအားများသည်ပင် လွင့်ပျံသွားရသည်။ သိုင်းသူတော်စင်နှစ်ယောက် သိုင်းကွက် (၁၀) ကွက်ထက်မနည်း ဖလှယ်ခဲ့ကြပြီး သိုင်းကွက်တိုင်းက အလွန်တရာ အန္တရယ်များလှသည်။
အတန်ကြာတိုက်ခိုက်ပြီးနောက် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ခါးတစ်ဝိုက်တွင် ဓားဒဏ်ရာတစ်ချက်ရသွားပြီး သွေးများ ဆက်မပြတ် ပြန့်ကျဲထွက်လာကာ လေထုထဲသို့ ပျံ့နှံ့သွားသည်။ စွမ်းအားမြင့်မားသော သိုင်းသူတော်ရုပ်အလောင်းက ကြွက်သားများကိုကျုံ့ပြီး သွေးထွက်ခြင်းကို အလျှင်အမြန် တားဆီးလိုက်သော်လည်း ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ကြောင့် သွေးထွက်ခြင်းကို ချက်ချင်းမရပ်တန့်နိုင်ခဲ့ပေ။
ထိုအချိန် ကျောက်ကျုန်း၏ ပခုံးထက်တွင်လည်း သွေးများစီးကျလျှက် ရှိသည်။ သူသာ အချိန်မီ မရှောင်တိမ်းနိုင်ပါက မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်က သူ၏နှလုံးသားနေရာကို ထိုးဖောက်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်လုံးက သိုင်းပညာထက်မြက်ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသူများဖြစ်ကြလေရာ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုက သူတို့အသက်ကို နှုတ်ယူသွားနိုင်သည်။
ရန်ကျောက်ကဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်ပြီးကတည်းက ယခုလို ဒဏ်ရာအပြင်းအထန်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ပိုမိုတုန်လှုပ်သွားရသူက ကျောက်ကျုန်း ဖြစ်၏။
သူက မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။
သို့သော် ကျွမ်ခွန်း၏ အောက်မြင်မှုသတင်းများကို ကြားရခြင်းဖြင့် ထိုသူ၏တန်ခိုးစွမ်းအားက သူ့ထက်သာလွန်ကြောင်း ယုံကြည်နိုင်သည်။
သို့ရာတွင် ရန်ကျောက်ကဲက ထို သိုင်းသူတော်စင်ရုပ်အလောင်းကို သူ၏ကိုယ်ပွားအဖြစ် သန့်စင်ပေးပြီးနောက်ပိုင်း တန်ခိုးစွမ်းအားပိုမိုမြင့်မားလာကြောင်း မည်သူသိနိုင်ပါမည်နည်း။
အရင်အချိန်က ပင်လယ်နက်စင်္ကြံနှင့် ကြယ်စင်လှည့်ပြောင်းပင်လယ်တွင် တိုက်ခိုက်ခဲ့သည်များနှင့် ယှဉ်လျှင် အချိန်အနည်းငယ်အတွင်း ၎င်းကိုယ်ပွား၏စွမ်းအားက ပိုမိုးတိုးတက်လာခဲ့သည်။
ကျောက်ကျုန်းက အဝေးတွင်ရှိနေသော ရန်ကျောက်ကဲကို လေးနက်စွာ လှမ်းကြည့်လိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ရန်ကျောက်ကဲသည် “သိုင်းသူတော်စင်ကိုယ်ပွားကို အားကိုးပြီး မာန်တက်နေသည်” ဟု ပြောဆိုလျှင် ထိုသူကို ကျောက်ကျုန်းကိုယ်တိုင် ပါးဆယ်ချက်ခန့် ရိုက်မိပေမည်။
ကျောက်ကျုန်းကို အနည်းငယ် စိတ်ထဲလေးလံစေသည့်အချက်မှာ ရန်ကျောက်ကဲ၏စွမ်းအားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမဟုတ်ကြောင်း သိရှိခြင်းပင်။
သို့ပေသိ ရန်ကျောက်ကဲနှင့် သာမန်အခြေအနေရင်ဆိုင်ရလျှင် သူ၏အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်တော့ အချိန်မရွေး အသက်ပျောက်သွားနိုင်သည်။
ထို့ပြင် ရန်ကျောက်ကဲက နဂါးကိုးကောင်လက်ချောင်းကို အောင်မြင်စွာသန့်စင်နိုင်ခဲ့ပြီး အသုံးပြုလာလျှင် မည်သို့ရှိမည်နည်း။
ကျောက်ကျုန်းမျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး သူ့လက်ဖဝါးထက်တွင် အနက်ရောင်အလင်းတန်းများ တောက်ပလာသည်။ ထိုအနက်ရောင်အလင်းတန်းများက ဝိညာဉ်စွမ်းအားပြည့်လျှံနေသည့် ဓားရှည်တစ်လက်အဖြစ်ပြောင်းလဲသွားသည်။ ထိုဓားရှည်က ထိပ်တန်းအဆင့် အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုဖြစ်သည်မှာ ထင်ရှား၏။
ထိုဓားက အထွတ်ထိပ်မှော်ဝင်လက်နက်မဟုတ်သော်လည်း ကျောက်ကျုန်း၏စွမ်းအားကို ချက်ချင်းပြောင်းလဲသွားစေလေရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အပြင်းအထန် ရှောင်တိမ်းလိုက်ရသည်။
ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။
သူ၏ကိုယ်ပွားတွင် အဆင့်မြင့်မှော်ဝင် “လှံရှည်” ရှိမနေခဲ့ပေ။ သို့သော် သူ့တွင် အမြဲတမ်း နည်းလမ်းများ ရှိနေသည်ပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျောက်ကျုန်း၏ဓားချက်ကို ရှောင်တိမ်းလိုက်ပြီး အောက်ဘက်မှ နဂါးရုပ်အလောင်းများဆီသို့ ဆင်းသက်သွားသည်။
ထိုကိုယ်ပွားက သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းသွားရုံသာဖြစ်သည်ဟု ကျောက်ကျုန်းကလည်း တွေးမထားပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ရှည်းလျားသည့် အဖြူရောင်နဂါးတစ်ကောင်ကို ဖမ်းယူဆုပ်ကိုင်လိုက်၏။
နဂါးမှာ အသက်မရှိတော့သော်လည်း ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်ခြင်းမရှိသဖြင့် လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိနေသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို ဖမ်းယူခါနီးတွင် နဂါးရုပ်အလောင်းက အသက်ဝင်လာသည့်အလား ဆတ်ခနဲတွန့်လိမ်သွား၏။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်စွမ်းအားက နဂါးခန္ဓာအတွင်းဝင်ရောက်သွာသည်နှင့် အဖြူရောင်နဂါးကြီးက လှံရှည်တစ်လက်ပမာ ဖြောင့်တန်းသွားသည်။
ကျောက်ကျုန်း၏ဓားသွားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ရင်ဝသို့ ပြင်းထန်စွာဝင်ရောက်လာချိန် ထိုကိုယ်ပွားက အဖြူရောင်နဂါးကို လှံရှည်ပမာအသုံးပြုပြီး ခုခံကာကွယ်လိုက်သည်။
ဤသို့ ရင်ဆိုင်ရသည့်တိုင် ကျောက်ကျုန်းက နောက်မဆုတ်ပေ။
သိုင်းသူတော်စင်တစ်ယောက်က အဆင့်မြင့်မှော်ဝင်လက်နက်ကို ချက်ချင်းပြုလုပ်ရန် မဖြစ်နိုင်ပေ။ နဂါးခန္ဓာကိုယ်က သန်မာသည်မှန်သော်လည်း အဆင့်မြင့်မှော်ဝင်လက်နက်ဖြင့်တော့ ယှဉ်နိုင်မည် မဟုတ်ပေ။
အကယ်၍ ကျောက်ကျုန်းက အဆင့်မြင့်မှော်ဝင်လက်နက်ကို ကိုင်ဆောင်ထားသည့် သိုင်းဆရာသခင်တစ်ယောက်ဆိုပါက အခြေအနေကွဲပြားသွားနိုင်သည်။ သို့သော် ကျောက်ကျုန်းက သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည့်အတွက် အကြောက်အရွံ့မရှိသည်မှာ သဘာဝကျသည်။
သိုင်းသူတော်စင်နှစ်ယောက်၏ ဓားနှင့် လှံရှည်တိုက်ပွဲ ပြန်လည်စတင်ခဲ့ကြသည်။
တိုက်ပွဲတွင် ကျောက်ကျုန်းဘက်မှ အားသာချက်အနည်းငယ် ရှိသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လျှင်မြန်စွာ သုတ်သင်ပစ်ရန် မတတ်နိုင်ပေ။ သို့ပေသိ နဂါးကိုးကောင်လက်ချောင်း ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သူက အချိန်မဆွဲချင်ခဲ့ပေ။
သူတို့နှစ်ယောက် ထိပ်တိုက်တွေ့နေစဉ် အေးစက်သော ရှေးဟောင်းချောက်နက်အတွင်းသို့ လူအချို့ ရောက်ရှိလာကြသည်။ ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ နှင့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’ တို့ ဖြစ်၏။
နှစ်ယောက်သား ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရန်ကျောက်ကဲတို့တိုက်ပွဲကို ဝင်မစွက်ဘဲ ချောက်နက်ကြီးအောက်ဘက်မှ နဂါးရုပ်အလောင်းများဆီသို့ ထွက်ခွာသွားကြသည်။
သူတို့က ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ရန်ကျောက်ကဲကိုလည်း အကဲခတ်နေကြသည်။ သို့သော် နဂါးကိုးကောင်လက်ချောင်း ထွက်ပေါ်လာသည်ကိုတော့ မတွေ့မြင်ကြရသေးပေ။ မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက နဂါးကိုးကောင်လက်ချောင်းကို အသုံးပြုလျှက်တောင်မှ သူတို့နှစ်ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ကောင်းထျန်းကျုန်းတို့ အုပ်စုသည်လည်း နဂါးရုပ်အလောင်းများရှိရာသို့ ဆင်းသက်လာကြသည်။
လက်ရှိအခြေအနေအရ လူတိုင်း ကိုယ်ရရှိမည့်အကျိုးအမြတ်ကို ကိုယ်ပိုင်စွမ်းအားနှင့် ရှာဖွေရမည် ဖြစ်သည်။ ရတနာပစ္စည်း မည်မျှရရှိနိုင်မည်ဆိုသည်ကတော့ လူတစ်ယောက်၏စွမ်းအားအပေါ်တွင် မူတည်သည်။
ရန်ကျောက်ကဲက အုံ့မှိုင်းသောမျက်လုံးများဖြင့် အားလုံးကို အကဲခတ်လိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အပြင်းအထန်တိုက်ခိုက်နေသော ကျောက်ကျုန်းကို အရေးမစိုက်တော့သလို လင်ရှီးနှင့် လျိုစောကိုလည်း လျစ်လျူရှုလိုက်ပြီး အခြားနေရာတစ်ခုသို့ တစ်ယောက်တည်း ထွက်ခွာသွားတော့၏။