← Chapters

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ထပ်မံရရှိ

Vol. 40 Ch. 568

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ထပ်မံရရှိ

Vol. 40 Ch. 568

အခန်း (၅၆၈) အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ထပ်မံရရှိ

ရန်ကျောက်ကဲ နဂါးသင်္ချိုင်းမြေတစ်နေရာသို့ ဆင်းသက်သွားကြောင်း တွေ့ရသည့်အခါ လူတိုင်း ခဏမျှ အံ့အားသင့်သွားကြသည်။

အားလုံးစိတ်ထဲ တစ်စုံတစ်ခု ထူးခြားသည်ဟု အလိုလို ခံစားလိုက်မိပြီး ကျောက်ကျုန်းက ရန်ကျောက်ကဲနောက်လိုက်လာရန် ဟန်ပြင်လိုက်စဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို တားဆီးထားသည်။ ရေသလင်းနန်းတော်သခင် ‘လင်ရှီး ‘ နှင့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’ တို့ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ရန်ကျောက်ကဲနှင့် သွားရောက်မပတ်သက်ရန် ဆုံးဖြတ်လိုက်ကြ၏။

ရန်ကျောက်ကဲထံမှ အထွတ်ထိပ်မှော်ဝင်ပစ္စည်း နဂါးကိုးကောင်လက်ချောင်းထွက်ပေါ်လာမည်ကို မည်သူမှ ရင်မဆိုင်ချင်ကြပေ။ ထိုပစ္စည်းထွက်ပေါ်လာပါက ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပေ။

သူတို့က ရန်ကျောက်ကဲကိုကြည့်ရင်း ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အရေးမစိုက်တော့ဘဲ ချောက်နက်ကြီးအတွင်း နဂါးရုပ်အလောင်းတစ်လောင်းစီကို ဖမ်းယူလိုက်ကြသည်။

ရန်ကျောက်ကဲက တွင်းနက်ကြီးအောက်ဘက်သို့ အသာအယာ ရွေ့လျားသွားပြီး တွင်းနက်ကြီး ထောင့်တစ်နေရာတွင် အချိန်အတန်ကြာအောင် တစ်စုံတစ်ခုကို ရှာဖွေနေသည်။ ထို့နောက် ဆက်လက်ရှာဖွေခြင်း မပြုတော့ဘဲ လေထဲသို့ ပျံသန်းထွက်ခွာလာ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျောက်ကျုန်းကို ပိတ်ဆို့တိုက်ခိုက်နေစဉ်မှာပင် ရန်ကျောက်ကဲခန္ဓာကိုယ်က ချောက်နက်ကြီးအထက်ပိုင်းသို့ အဆက်မပြတ် ပျံတက်သွားသည်။ ဒါကိုမြင်တော့ လူတိုင်းအံ့အားသင့်သွားကြသည်။

ရန်ကျောက်ကဲက သူတို့အားလုံးကို အရေးမစိုက်ဘဲ အထက်သို့ ဆက်လက်ပျံသန်းနေရင်း ရုတ်တရက် မျက်ဝန်းများ တောက်ပသွားသည်။

“အဲဒါ ဒီနေရာမှာပဲ...”

သူက လေထဲမှ တစ်စုံတစ်ခုကို တွန်းတင်လိုက်သည့်အလား ဘယ်ဘက်လက်ဖြင့် လေထုထဲသို့ တွန်းတင်လိုက်သည်။

ညာဘက်လက်ကတော့ လေထဲတွင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများကို အဆက်မပြတ်ရေးဆွဲနေသည်။ အဆုံးသတ်တွင် ဝိညာဉ်ပုံစံများက အလွန်တရာ ထူးခြားဆန်းပြားသော ဝိညာဉ်အစီအရင်တစ်ခုအဖြစ် ပေါင်းစပ်သွား၏။

ဤအစီအရင်ကို ရေခဲနဂါးနန်းတော်တွင် ရန်ကျောက်ကဲ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သေသေချာချာ မလေ့လာခဲ့သည့်တိုင် သူ့စိတ်ထဲ မှတ်မိနေဆဲပင်။

ထိုအစီအရင်မှထွက်ပေါ်လာသော အနှစ်သာရစွမ်းအားက ဗလာနယ်ထဲတွင် နှင်းခဲနှင်းပွင့်များအဖြစ် ပြောင်းလဲသွားပြီး လင်းလက်တောက်ပလာသည်။ ထို့နောက်မှာတော့ ရှေးဟောင်းချောက်နက်ထဲတွင် ကာလရှည်ကြာအိမ်မောကျနေသည့် တစ်စုံတစ်ခု နိုးထလာသည့်အလား အလွန်တရာပြင်းထန်သော စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။

ကျောက်ကျုန်း ၊ လင်ရှီး ၊ လျိုစောနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

သူတို့ ရန်ကျောက်ကဲရှိရာသို့ ခေါင်းမော့ကြည့်လိုက်တော့ ဗလာနယ်ထဲမှ မမြင်ရသည့်တံခါးတစ်ခု ပွင့်ဟလာသည်ကို တွေ့မြင်ရသည်။

ထိုတံခါးထဲတွင် ရေခဲပြာရောင်တောက်ပနေသော ချပ်ဝတ်တစ်စုံ ဝတ်ဆင်ထားသည့် ခြောက်သွေ့နေသော ရုပ်အလောင်းတစ်လောင်းကို တွေ့ရသည်။

ထိုချပ်ဝတ်ဆီမှ ကြီးမားသော စွမ်းအားရောင်ဝါများ ထွက်ပေါ်နေပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဆိုသည်မှာ ထင်ရှားသည်။

ကျောက်ကျုန်းနှင့် အခြားသူများ သွေးအန်လုမတတ် ဖြစ်သွားကြသည်။

“ဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ဘယ်နေရာက ရောက်လာတာလဲ ၊ စောစောက ငါတို့တွေ အာရုံမခံမိပါဘူး ၊ ဒီနေရာမှာ ရှိနေတာ ရန်ကျောက်ကဲက ဘယ်လိုလုပ်သိရတာလဲ”

ခြောက်သွေ့နေသောရုပ်အလောင်းကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။

“ဒီလောက်အချိန်ကြာမှတော့ အကြီးအကဲလည်း ပြာဖြစ်သွားပါပြီ ၊ ဒီ ‘ရန်’ မျိုးနွယ်က အမွေအနှစ်တွေကို ယူလိုက်တာ အကြီးအကဲ အပြစ်မတင်ပါနဲ့”

သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများကတော့ ထိုခြောက်သွေ့နေသောရုပ်အလောင်းနှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို မသိရှိကြပေ။

သို့သော် ဖူအန်းစုကတော့ သိရှိလေသည်။

“ရေခဲနဂါးသူတော်စင်ရဲ့ ရေခဲချပ်ဝတ်ပဲ...”

ဟုတ်ပေ၏။

ဤ ရုပ်အ‌လောင်းမှာ နဂါးသင်္ချိုင်းမှရတနာပစ္စည်းများကို ရယူရန်ကြိုးပမ်းရင်း ဤနေရာတွင် အသက်ဆုံးသွားခဲ့သော ရေခဲနဂါးသူတော်စင်၏ ရုပ်အလောင်းပင် ဖြစ်သည်။

ရေခဲနဂါးသူတော်စင်က သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်ပြီး မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည်။ သို့သော် ကျွမ်ခွန်းက ထူးခြားသည့်ပညာရပ်တစ်ခုဖြင့် အထူးစီစဉ်ထားသည့်အတွက် သူ၏ရုပ်အ‌လောင်းက စွမ်းအားအပြည့်ဖြင့် မပုပ်မသိုး တည်ရှိနေခြင်းဖြစ်ပြီး ရေခဲနဂါးသူတော်စင်ကတော့ ထိုသို့ပြုလုပ်ခဲ့ခြင်းမရှိသဖြင့် ရုပ်အလောင်းက ဆွေးမြေ့ပျက်ဆီးသွားခြင်း ဖြစ်သည်။

သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများတွင် အစွမ်းထက်သော ချီစွမ်းအားနှင့် သွေးစွမ်းအားများစွာ ရှိနေသော်လည်း အချိန်၏တိုက်စားမှုဒဏ်ကို ခံရသည်နှင့်အမျှ နောက်ဆုံးတော့ ခြောက်သွေ့ဆွေးမြေ့သွားကာ ပြာမှုန့်ဘဝ ရောက်ရသည်ပင်။

သို့သော် ရေခဲနဂါးသူတော်စင်၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများက သူ ဝတ်ဆင်ထားသည့် ရေခဲချပ်ဝတ်အတွင်း စိမ့်ဝင်သွားသောကြောင့် ထိုချပ်ဝတ်က အလွန်တရာ တောက်ပလျှက် စွမ်းအားမြင့်မားနေခဲ့သည်။

ရန်ကျောက်ကဲက ရယ်မောရင်း လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့လက်ထဲမှ အဖြူရောင်နဂါးရုပ်အလောင်းကို ခွဲချေပစ်လိုက်ပြီး ကျောက်ကျုန်းကို ဆက်လက်မတိုက်ခိုက်တော့ဘဲ ရန်ကျောက်ကဲဘေးနားသို့ ရောက်ရှိလာသည်။

ကျောက်ကျုန်းက သူ့နောက်သို့ အလျှင်အမြန်လိုက်ပါသွားသလို အောက်ဘက်တွင်ရှိနေသော လင်ရှီးနှင့် လျိုစောတို့မှာလည်း သူတို့လက်ထဲမှ နဂါးရုပ်အလောင်းများကိုပစ်ချကာ ရန်ကျောက်ကဲရှိရာ အပေါ်သို့တက်သွားရန် ဟန်ပြင်လိုက်ကြသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“အားလုံးပဲ... ငါက ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်”

ပြောပြီးသည်နှင့် သူက အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်ရာ ပုံရိပ်ယောင်နန်းတော်တစ်ခု လေထဲသို့ လွင့်ပျံထွက်‌ပေါ်လာသည်။

နန်းတော်ကြီး၏အလယ်ဗဟိုတွင် ထုတ်တန်းတစ်ချောင်းနှင့် တိုင်လုံးတစ်ချောင်းသာရှိသော်လည်း အလင်းနဂါးကိုးကောင်က နန်းတော်ကြီးကို နဂါးတိုင်လုံးများပမာ ထောက်ပံ့ပေးထားသည်။

ထိုအလင်းနဂါး (၉)ကောင်ကိုတွေ့တော့ ကျောက်ကျုန်းက မျက်လုံးများကိုကျဉ်းမြောင်းရင်း...

“နဂါးကိုးကောင်လက်ချောင်းက နဂါးတိုင်လုံး (၉)လုံးအဖြစ် အသွင်ပြောင်းသွားတာလား”

ပုံရိပ်ယောင်နန်းတော်က ကျောက်ကျုန်းကို ပိတ်ဆို့ထားချိန် ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရေခဲနဂါးသူတော်စင်အနားသို့ရောက်သွာပြီး ရုပ်အလောင်းကို တစ်ချက်ဦးညွှတ်ပြီးနောက် ဓားသွားပမာချွန်ထက်သော လက်ချောင်းများဖြင့် ရေခဲချပ်ဝတ်ကို ခွာယူလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ အစစ်အမှန်သိုင်းစွမ်းအားများ ထွက်ပေါ်လာပြီး ခြောက်သွေ့နေသော ရုပ်အလောင်းမှ ‌ရေခဲပြာအမှုံအမွှားများ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း ရေခဲမှုံတစ်စကို ဖမ်းဆုပ်လိုက်ပြီး သန့်စင်ကြည့်လိုက်သည်။ ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ရေခဲအမှုံများအား ဆုပ်ကိုင်စေပြီး စစ်မှန်သောသိုင်းအနှစ်သာရများကို သန့်စင်စေလိုက်သည်။

ထို့နောက်မှာတော့ အသင်္ချေသော ရေခဲပြာရောင်ဝိညာဉ်သင်္ကေတများက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်ဝန်းများထဲတွင် အဆက်မပြတ် တောက်ပလင်းလက်လာသည်။

“မဟာသမုဒ္ဒရာရေခဲနဂါးသိုင်းပညာ... တကယ့် ထိပ်တန်းအဆင့် သိုင်းပညာတစ်ရပ်ပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်၏။

ထို့နောက် သူ၏ဦးခေါင်းထက်တွင် ရေခဲပြာရောင်တောက်ပနေသော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာကာ ကြုံးဝါးသံများ ထုတ်လွှတ်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ရေခဲချပ်ဝတ်ကို သူ့ခန္ဓာကိုယ်ထက် ဝတ်ဆင်လိုက်သည်။

ထို့နောက် သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တကို အစွမ်းကုန်ထုတ်ဖော်လိုက်ရာ သူ၏ဦးခေါင်းထက်တွင် အလင်းရောင်များ တောက်ပလာသည်။ ထို့နောက် ရေခဲပြာရောင်နဂါးကြီးတစ်ကောင်က ရေကန်ထဲမှထွက်ပေါ်လာသည့်အလား သူ၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။

“ဒါက ကနဦးသန့်စင်မှုပဲရှိသေးတယ် ၊ ဒီသိုင်းပညာရဲ့စွမ်းအားကို အပြည့်အဝမထုတ်လွှတ်နိုင်သေးဘူး ၊ ဒါတောင် အတော်လေး လုံလောက်နေပြီ”

ရန်ကျောက်ကဲ တွေးလိုက်၏။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှည်လျားသည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီး လျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်အဟုန်ဖြင့် ကျန်လုန်ဂိုဏ်းချုပ် ‘ကျောက်ကျုန်း’ ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ကျောက်ကျုန်းက သူ့ကို တိုက်ခိုက်လာသည့် မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်ကို ကမန်းကတန်း ခုခံလိုက်ရပြီး ပြန်လည်တိုက်ခိုက်ရန် အချိန်မရခင်မှာပင် နဂါးဟိန်းသံတစ်သံထွက်ပေါ်လာပြီး သူ့အရှေ့တွင် ရေခဲနဂါးကြီးတစ်ကောင် ရုတ်တရက် ပေါ်လာသည်။

ပင်လယ်ခုနစ်စင်း နဂါးသတ်ဓားဝိညာဉ်ဖြင့် ရင်ဆိုင်ရသည့်တိုင် ရေခဲနဂါးကြီးက တုန်လှုပ်သွားခြင်းမရှိဘဲ အကြေးခွံများကို ပြောင်းပြန်လှန်လိုက်ပြီး ထူးခြားစွာပင် ပိုမိုကြမ်းတမ်းလာသည်။

ရေခဲနဂါးကြီး၏ ကြီးမားခမ်းနားသောစွမ်းအားကြီးက မြောက်ပိုင်းသမုဒ္ဒရာလှံရှည်နှင့်အတူ ကျောက်ကျုန်းထံဝင်ရောက်လာပြီး ကျန်လုန်ဂိုဏ်းချုပ်ကို ဆက်တိုက်ဆုတ်ခွာသွားစေရန် ဖိအားပေးခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားလေရာ သိုင်းသူတော်စင်ကိုယ်ပွားနှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း အပြည့်အဝ ပေါင်းစပ်နိုင်ခြင်းမရှိသေးသည့်တိုင် လုံလောက်စွာ တန်ခိုးစွမ်းအားမြင့်မားနေပြီ ဖြစ်သည်။

ကျောက်ကျုန်းမျက်နှာက ဒေါသကြောင့် ပြာနှမ်းလာပြီး သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သတ်ဖြတ်သုတ်သင်ပစ်ရန် ရက်စက်ကြမ်းတမ်းသည့် သိုင်းစွမ်းအားများ ထုတ်ဖော်လိုက်သည်။

ထိုအချိန် ပုံရိပ်ယောင်နန်းတော်က သက်ဆင်းလာပြီး ‌ကျောက်ကျုန်း၏လှုပ်ရှားမှုများ ခေတ္တရပ်တန့်သွားစေရန် ထိန်းချုပ်ထားလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ရာ ကျောက်ကျုန်းလက်ထဲမှဓားသွားကို ဖြိုခွဲပစ်လိုက်သည်။

ရေခဲနဂါးက ကြုံးဝါးသံများပြုလုပ်လျှက် ကျောက်ကျုန်းပခုံးထက်မှ ဒဏ်ရာဟောင်းကို ထိုးဖောက်ကုတ်ခြစ်ချလိုက်ရာ ကျန်လုန်ဂိုဏ်းချုပ်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်တစ်ခုလုံး တွန့်လိမ်သွားရသည်။

‌ကျောက်ကျုန်း ဆက်လက်တိုက်ခိုက်ရဲခြင်းမရှိတော့ဘဲ ကြုံးဝါးသံတစ်ချက်ပြုလုပ်ကာ ချောက်နက်ကြီးအတွင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

ကျောက်ကျုန်းကို အနိုင်ယူပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့နောက်သို့ ဆက်မလိုက်တော့ဘဲ ရေခဲချပ်ဝတ်ကို ဝတ်ဆင်လျှက် ပုံရိပ်ယောင်နန်းတော်နှင့်အတူ နဂါးများစွာရှိနေသော ချောက်နက်အတွင်းသို့ ဆင်းသက်သွားသည်။

တိုက်ပွဲက ဤသို့ ပြီးဆုံးသွားမည်ဟု တွေးထင်မထားသဖြင့် ကောင်းထျန်းကျုန်းနှင့် အခြားသူများမှာ မှင်တက်လျှက် ငေးကြည့်နေမိကြသည်။

ရန်ကျောက်ကဲမှာ သူတို့နားလည်နိုင်သည်ထက်ကျော်လွန်ပြီး ကြောက်မက်ဖွယ်ရာကောင်းသူတစ်ယောက် ဖြစ်နေပေပြီ။

လင်ရှီးနှင့် လျိုစောတို့မှ ပါးစပ်ထဲတွင် ခါးသက်သောအရသာကို ခံစားလိုက်ကြရသည်။

ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း အတွေးတူညီသွားသည်မှာ ယခုတစ်ကြိမ်က ပထမဆုံး ဖြစ်ကောင်းဖြစ်နိုင်၏။

ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ လက်ဖဝါးနှစ်ဖက်ကို ယှက်လိုက်ပြီး နဂါးအသွင်ပြောင်းခြင်းပညာ (၆) ရပ် မှ “ကောင်းကင်တုန်လှုပ်နဂါးအသွင်ပြောင်းပညာ” ကို ထုတ်ဖော်လိုက်သည်။

နဂါးတစ်ကောင်က ကြုံးဝါးသံတစ်ချက်ပြုရင်း ကောင်းကင်ထက်သို့ အော်ြမည်ပျံသန်းသွားပြီး ဤနေရာမှ နဂါးများအားလုံး တစ်ညီတစ်ညွတ်တည်း ခေါင်းများမော့ကြည့်လာတော့မည့်အလား ထင်မှတ်ရသည်။

လျိုစော၏လက်ထဲတွင် ကြီးမားသော သေတ္တာတစ်ခု ရုတ်တရက်ပေါ်လာပြီး သေတ္တာကို ဖွင့်လိုက်သည်နှင့် အတွင်းမှ အနက်ရောင်ဓားအလင်းတန်းများစွာ ထွက်ပေါ်လာသည်။ တစ္ဆေဝိညာဉ်သေတ္တာက တစ္ဆေဝိညာဉ်ဂိုဏ်း၏ အထွတ်ထိပ်သိုင်းပညာဖြစ်သော တစ္ဆေဝိညာဉ် သိုင်းကွက် (၁၄) ကွက်နှင့် ထပ်တူကျသွားပြီး လူသားအားလုံး၏ စိတ်ဝိညာဉ်ကို ထိတ်လန့် တုန်လှုပ်စေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ‌ရေခဲချပ်ဝတ်ကိုဝတ်ဆင်ထားသော လက်နှစ်ဖက်ဖြင့် လင်ရှီးနှင့် လျိုစော နှစ်ယောက်လုံးကို ပိတ်ဆို့ထားလိုက်သည်။

ထိုအချိန် ပုံရိပ်ယောင်နန်းတော်က ရပ်တန့်မသွားဘဲ နဂါးပေါင်းအသင်္ချေ၏ ရုပ်အလောင်းများတည်ရှိရာသို့ ဆင်းသက်သွားပြီး နန်းတော်ကြီးနှင့်အတူ အေးစက်သော ရှေးဟောင်းချောက်နက်ကြီးပါ တုန်ခါသွားသည်။

ချက်ချင်းပင် မ‌ရေမတွက်နိုင်သော နဂါးများသည် ပင်လယ်ထဲသို့ စီးဝင်လာသော မြစ်ပေါင်းတစ်ရာပမာ ပုံရိပ်ယောင်နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြလေတော့၏။

ဤဖြစ်ရပ်က လင်ရှီး ၊ လျိုစောနှင့် အခြားသောသိုင်းသမားများအားလုံး ပေါင်းစပ်ထားသည်ထက်ပင် ပိုမိုလျှင်မြန်လွန်းသည်။

နဂါးသင်္ချိုင်းနယ်မြေတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးများကျွတ်ထွက်လုမတတ် မြင်ကွင်းကို စူးစိုက်ကြည့်နေမိကြလေ၏။

All Chapters