အုပ်စိုးသူငါးပါး
Vol. 103 Ch. 1440
အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများမှာ သူတို့၏မျက်စိရှေ့မှောက်တွင် ဖြစ်ပေါ်နေသောမြင်ကွင်းကို ဘယ်တော့မှမေ့နိုင်တော့မည် မဟုတ်ပေ။
လက်ရှိအခြေအနေက .... အာကာပြင်ကျယ်ဂြိုဟ်တွင် ငါးယောက်မြောက်အုပ်စိုးသူ ပေါ်ထွန်းလာခဲ့ပြီဟု သက်သေပြနေသည်။
သည့်မတိုင်ခင်တုန်းက အာကာပြင်ကျယ်ဂြိုဟ်တွင် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးယောက်သည် မည်သူမှသွားမရှုပ်နိုင်သော အုပ်စိုးသူလေးပါးသဖွယ် မင်းမူခဲ့၏။ သူတို့ထဲမှ တစ်ယောက်စီတိုင်းက တန်ခိုးအရှိန်အဝါကြီးမားကြလေသည်။
ထိုလေးယောက်ထဲတွင် ရှကျုံတုံး၊ ကျင်ယွင်ရှန်း၊ ဂိုဏ်းချုပ်နှင့် အင်မော်တယ်ပိုင်ဝူချိန်တို့ ပါဝင်သည်။ သူတို့သည် အာကာပြင်ကျယ်ဂိုဏ်ပေါ်၌ အာဏာအရှိဆုံးပညာရှင်များဖြစ်သလို၊ တန်ခိုးရှင့်အဆင့်သို့လည်း ရောက်ခါနီးပြီဖြစ်၏။
ကျန်အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူများအနေဖြင့် သူတို့ကို လေးစားရိုသေစွာ ဦးညွှတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သို့သော် မန်ဟိုနှင့် ကျင်ယွင်ရှန်း၏တိုက်ပွဲအတွင်း မန်ဟို အနက်ရောင်သိမ်းငှက်အသွင်ပြောင်း၍ ချုပ်နှောင်မန္တန်ရှစ်ခုကို ထုတ်လွှတ်ခဲ့ပြီးနောက် လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားကြလေသည်။
အံ့အားသင့်ဖွယ်အကောင်းဆုံးမှာတော့ ဤအခိုက်အတန့်တွင် ဖြစ်ပျက်နေသောအရာပင်။
ဤကမ္ဘာကိုယ်တိုင်က တိုက်ခိုက်နေပြီး မရေမတွက်နိုင်သော တစ္ဆေများသည် ကြွေးကြော်နေကြ၏။ ကျင်ယွင်ရှန်းသည် တစ်ချိန်လုံး အသားစီးရခဲ့သော်လည်း လောလောဆယ်တွင်တော့ တစ္ဆေအမြောက်အမြား၏ တိုးဝှေ့ထိုးနှက်ခြင်းခံနေရသဖြင့် သူ၏ဒဏ်ရာဒဏ်ချက်များမှ သွေးများပန်းထွက်နေ၏။ သူ့မှာ လဲပြိုတော့မည့်အလား ယိမ်းယိုင်နေပြီး ဤကမ္ဘာနှင့်တစ်သားတည်းဖြစ်နေခဲ့သော သူ၏အနှစ်သာရများမှာ နှင်ထုတ်မှုကို ကြုံတွေ့နေရသည်။
လေက သူ၏အနှစ်သာရများကို နှင်ထုတ်နေသည်။ ဓာတ်ငါးပါးကလည်း နှင်ထုတ်နေသည်။ မြေကြီး၊ ကောင်းကင်နှင့် မိုးကြိုးတို့လည်း အလားတူပင်။ တစ်ကမ္ဘာလုံးသည် နှင်ထုတ်ခြင်းအားလှိုင်းကို ထုတ်လွှတ်လိုက်၏။
အုန်းခနဲ ကျင်ယွင်ရှန်း၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ မရေမတွက်နိုင်သော တစ္ဆေအုပ်ကြီးက သူ့ကို သွေးရူးသွေးတန်း တိုးဝှေ့နေသဖြင့် သူ့မှာ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ သူ၏ပတ်ပတ်လည်ရှိ လေထုသည် ပုံပျက်ရှုံ့တွနေပြီး ကျင်ယွင်ရှန်းသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် မချိတင်ကဲ အော်ဟစ်နေ၏။ သူ့မှာ ဖြစ်ပျက်နေသောအရာကို တားနိုင်သည့်အစွမ်းအစ မရှိပေ။
သူ့ခံစားနေရသော အန္တရာယ်ရေချိန်သည် အမြင့်ဆုံးအမှတ်သို့ မြင့်တက်သွားခဲ့၏။ သူ့မှာ ပြန်မတိုက်ခိုက်နိုင်သည့်အပြင် ရုန်းပင်မရုန်းနိုင်ပေ။ သူသည် ဤကမ္ဘာကြီးဖြစ်ကောင်းဖြစ်ခဲ့သော်လည်း ဤတစ္ဆေများက ဤကမ္ဘာ၏ပိုင်ရှင်များ မဟုတ်ပါလော။
ထို့အပြင် တစ္ဆေများ၏ ဧကရာဇ်က မန်ဟိုဖြစ်သည်။ မန်ဟို၏စိတ်ဆန္ဒသည် တစ္ဆေအပေါင်း၏ စိတ်ဆန္ဒကို ကိုယ်စားပြု၏။
ပေါက်ကွဲသံများ ကျယ်လောင်စွာ ဟိန်းထွက်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တဝုန်းဝုန်းတုန်ခါနေစဉ် ကျင်ယွင်ရှန်းမှာ စိတ်နှလုံးတုန်လှုပ်လျက်ရှိ၏။ လေနှင့်တစ်သားတည်း ပေါင်းစည်းသွားခဲ့သော အနှစ်သာရမှာ နှင်ထုတ်ခံနေရပြီး ၎င်းကို အားမဖြည့်ပေးနိုင်ခင် သူ့စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားပြီး ထိုအနှစ်သာရပျောက်ကွယ်သွားသဖြင့် ကျင်ယွင်ရှန်း၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ဤကမ္ဘာအပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းမှာ ဟန်ချက်ပျက်သွားခဲ့၍ လေကား သူ၏အပိုင်မဟုတ်တော့ပေ။
“မင်းက ဘယ်သူလဲ” ကျင်ယွင်ရှန်းက မန်ဟို့ကို မယုံကြည်နိုင်စွာ ကြည့်ရင်း အော်သည်။ “တကယ်ပဲ မင်းက ဘယ်သူလဲ”
သူ နောက်ဆုတ်လိုက်စဉ် တစ္ဆေများသည် သူ့ကို ကမူးရှူးထိုး လိုက်တိုက်ခိုက်၏။
မြေထု၏အပြင်မှာတုန်းက တစ္ဆေများ မန်ဟို့ကို ရှိခိုးဂါဝရပြုခဲ့သည်ကို သူ မသိခဲ့ခြင်းမဟုတ်ပေ။
သို့သော် လက်ရှိတစ္ဆေပမာဏသည် ထိုပမာဏနှင့်ယှဉ်လျှင် လပြည့်ဝန်းအား ပိုးစုန်းကြူးနှင့်ယှဉ်သလို ဖြစ်လိမ့်မည်။
မန်ဟို မည်သည့်နည်းလမ်းဖြင့် ထိုသို့ခြယ်လှယ်နိုင်သလဲ ကျင်ယွင်ရှန်း မတွေးတတ်တော့ပေ။ ပို၍ပင် ကြောက်စရာကောင်းသည်မှာ တစ္ဆေပမာဏက တိုးပွားသထက် တိုးပွားလာနေခြင်းပင်။ ထိုအခြင်းအရာက ကျင်ယွင်ရှန်းကို ခေါင်းကြိမ်းလာစေ၏။
ထို့နောက် ငလျင်စလှုပ်လာပြီး မြေကြီးနှင့်တစ်သားတည်း ဖြစ်စေခဲ့သော သူ၏အနှစ်သာရ ပြင်းပြင်းထန်းထန် ခါထုတ်ခံနေရသည်ကို ကျင်ယွင်ရှန်း ခံစားလိုက်ရသည်။
ထို့နောက် သူနှင့်မြေကြီး၏ဆက်သွယ်မှုမှာ ရက်ရက်စက်စက် ဖြတ်တောက်ခံလိုက်ရတော့သည်။ ကျင်ယွင်ရှန်းမှာ သူ၏စိတ်အား နှစ်ခြမ်းခြမ်းနေသလို ခံစားလိုက်ရကာ သွေးတစ်ပွက်အန်လိုက်ရပြန်၏။
သူ့အတွက် ကံဆိုးစွာနှင့် ဖြစ်ပျက်နေသည့်အရာကို တားဖို့ သူ ဘာမှမလုပ်နိုင်ပေ။ ထို့နောက် အပင်များထဲ ထည့်သွင်းခံခဲ့ရသော¸သူ၏တတိယအနှစ်သာရ အတင်းအကြပ် နှင်ထုတ်ခံနေသည်ကိုသာ သူ ကြည့်နေနိုင်သည်။
ထို့နောက် ဤကမ္ဘာ၏မီးဓာတ်နှင့် တစ်သားတည်းပေါင်းစည်းသွားခဲ့သော သူ၏လေးခုမြောက်အနှစ်သာရ။ ထို့နောက် ရေဓာတ်။
ထိုအနှစ်သာရများ နှင်ထုတ်ခံလိုက်ရပြီးနောက် ကျင်ယွင်ရှန်းခံစားနေရသည့် ခွဲခြမ်းခံနေရမှုမှာ ပို၍ပြင်းထန်လာသည်။ နောက်ဆုံးတော့ သူကား တစ်ကမ္ဘာလုံးနှင့် တစ်သားတည်းမဖြစ်တော့ပေ။
တစ္ဆေများက စူးစူးဝါးဝါးအော်ရင်း လှည့်ပတ်ပျ့သန်းနေသည်။ တစ္ဆေစစ်တပ်ထဲတွင် ကြောက်မက်ဖွယ်အရိပ်များက တစ္ဆေများကို ဦးဆောင်နေရာ ကျင်ယွန်ရှန်းအတွက် နောက်ဆုတ်ဖို့သာ ရွေးချယ်စရာရှိသည်။
ထို့နောက် မိုးကောင်းကင်ထဲ စိမ့်ဝင်စေခဲ့သော သူ၏ရှစ်ခုမြောက်အနှစ်သာရမှာ မမြင်ရသောဓားသွားတစ်လက်၏ ပိုင်းဖြတ်ခံလိုက်ရသည့်အလား ပြတ်တောက်သွားသည်။ ထို့နောက် မိုးကြိုးအတွင်းရှိ ကိုးခုမြောက်အနှစ်သာရ။ ကျင်ယွင်ရှန်းမှာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရပြီး နုံးခွေသွားသည်။ ဤကမ္ဘာမှ သူ့ကို နှင်ထုတ်လိုက်သဖြင့် သူ့အား ထိုးဖောက်မမြင်ရတော့ပေ။
သူ့ပုံစံမှာ ဧရာမခြေဖဝါးကြီးဖြင့် နင်းချခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
သူ၏အစွမ်းထက်ဆုံးဝှက်ဖဲ ဗလာနယ်နတ်မင်းအသွင်မှာ မန်ဟို၏ ရိုးရှင်းသောလက်အဝှေ့လေးအောက်ဝယ် သစ်ကိုင်းခြောက်ပမာ နင်းခြေခံလိုက်ရချေပြီ။ သူ့တွင် ပြန်တိုက်ခိုက်ဖို့ပင် အစွမ်းအစမရှိခဲ့။
“ဒီနေရာမှာသာ မဟုတ်ရင် မင်း ဒီလိုမလုပ်နိုင်ဘူး” ကျင်ယွင်ရှန်းက မာန်မချနိုင်သေးဘဲ အော်သည်။ ကမ္ဘာ၏နှင်ထုတ်ခြင်းခံလိုက်ရပြီးနောက် ကျင်ယွင်ရှန်းသည် နောက်ထပ်ဆုတ်လိုက်သော်လည်း တစ္ဆေများက သူ့ကို တိုက်ခိုက်နေခြင်းအား မရပ်တန့်ပေ။
မန်ဟို့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေပြီး သူသည် ညာလက်ကို ဆန့်တန့်ကား ကျင်ယွင်ရှန်းထံ လက်ညှိုးထိုးလိုက်၏။ ထိုအခြင်းအရာက တစ္ဆေများကို ပို၍ပင်သောင်းကျန်းလာစေပြီး ကျင်ယွင်ရှန်းထံ ဝုန်းဒိုင်းကြဲ ပြေးဝင်သွားစေသည်။
“မလုပ်နဲ့” ကျင်ယွင်ရှန်းသည် သေရတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသဖြင့် စူးစူးဝါးဝါး အော်၏။ သူ့လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း သူ၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဒိုင်းလွှာများ ပေါ်လာစေသည်။ ဒိုင်းများ တစ်လွှာပြီးတစ်လွှာ တခွမ်းခွမ်းကြေကွဲနေစဉ် သူက အလျှော့မပေးသေးသည့်တိုင် စိတ်ပျက်နေသော ဖြူဆုပ်ဆုပ်မျက်နှာထားဖြင့် နောက်ဆုတ်သွားသည်။
တကယ်တော့ သူ့စကားလည်း မှန်သည်။ ဤနေရာတွင်သာမဟုတ်ပါက မန်ဟို့အနေဖြင့် ယခုလိုတိုက်ခိုက်နိုင်ဖို့ ခဲယဉ်းလိမ့်မည်။ ထိုမျှသာမက ပေးဆပ်ရမည့်တန်ဖိုးကလည်း နည်းမည်မဟုတ်။ စောစောကလို လက်ကလေးဝှေ့ယမ်းရုံနှင့် မရသည်ကတော့ သေချာသည်။
ကျင်ယွင်ရှန်း၏ပတ်ပတ်လည်ရှိ ဒိုင်းများ တခွမ်းခွမ်း ကွဲထုတ်ကုန်သည်။ ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်က ရုတ်တရက် ကျင်ယွင်ရှန်း၏ဘေးတွင် ပေါ်လာ၏။ သူက အင်္ကျီလက်စကို ဝှေ့ယမ်းရင်း တစ္ဆေများကို ဟန့်တားဖို့ သူ၏အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်သည်။
တစ်ချိန်တည်းမှာပင် ရှကျုံတုံးလည်း ကျင်ယွင်ရှန်း၏ဘေးတစ်ဖက်၌ ဖျတ်ခနဲ ပေါ်လာသည်။ သူလည်း လေးနက်သောအမူအရာဖြင့် လက်ဝှေ့ယမ်းကာ ကျင်ယွင်ရှန်းကို ကာကွယ်ဖို့ သဲမုန်တိုင်းတစ်လုံးအား ဖန်တီးလိုက်၏။
သို့သော် ဤအစွမ်းထက်ပညာရှင်သုံးဦး၏ စုစုပေါင်းအင်အားကပင် အဆုံးမဲ့တစ္ဆေစစ်တပ်ကြီးကို တားဖို့ မလုံလောက်ပေ။ တစ္ဆေများ၏ အဆက်မပြတ်တိုးဝှေ့ဝင်တိုက်နေမှုအောက်တွင် သူတို့၏ချီနှင့်သွေးများ ပွက်ပွက်ဆူလာပြီး ကျင့်ကြံခြင်းအခြေခံများ တုန်ရီလာသည်။
“မင်းတို့တွေ ဘာရပ်လုပ်နေတာလဲ” ဂိုဏ်းချုပ်က လောနေသောအသံဖြင့် မာန်မဲသည်။ “တာအိုရောင်ရင်းကျင် အသတ်ခံရမှာကို ဒီတိုင်းစောင့်ကြည့်နေတော့မလို့လား။ အဘိုးကိုး ရပ်လိုက်တော့”
ရှန့်ကွမ်းဟုန်က ဘာမှမပြောသော်လည်း သူ့ရင်ထဲတွင် ခါးသီးမှုတို့ ပြည့်ကြပ်နေသည်။ သူနှင့်ကျန်ပါရာဂွန်များသည် အံတင်းတင်းကြိတ်၍ ကျင်ယွင်ရှန်းကို ဝန်းရံလိုက်ကြ၏။ ထို့နောက် တစ္ဆေများကို တားဖို့ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို စုပေါင်းကာ လေမုန်တိုင်းတစ်လုံး ဖန်ဆင်းလိုက်ကြသည်။
အဆိုပါစုစုပေါင်းစွမ်းအားက တစ္ဆေများကို ခေတ္တရပ်သွားစေသည်။ သို့သ်ော ဤတစ္ဆေများသည် မြေထုတစ်ခုလုံး၏အသက်ဓာတ်ကို ကိုယ်စားပြုသလို၊ ၎င်းတို့ထဲ၌ အတိုင်းထက်အလွန် အဆင့်မြင့်သော ဖြစ်တည်မှုတချို့လည်း ပါရှိလေ၏။ ၎င်းတို့ စွမ်းအားမုန်တိုင်းကို တိုက်ခိုက်နေသည်နှင့်အမျှ မုန်တိုင်းမှာ မီးသေတော့မည့် ဖယောင်းတိုင်ပမာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
မန်ဟိုသည် ဖြစ်ပျက်နေသောအရာအားလုံးကို ကြည့်ရင်း ရင်ထဲမတင်မကျဖြစ်နေ၏။ သင်္ချိုင်းဗိမာန်၏ တစ္ဆေများ အလွန်တရာအစွမ်းထက်နေခြင်းမှာ သူတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းနှင့် တစ်ခုခုပတ်သက်လိမ့်မည်။
“အဘိုးကိုး ငါတို့ တာအိုရောင်ရင်းကျင်ကို လိုအပ်တယ်” ဂိုဏ်းချုပ်က မန်ဟို့ကို မော့ကြည့်ရင်း ပြောသည်။ “သူ့ရဲ့ မှော်သိုင်းကွက်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေက ဒီမြေထုရဲ့အလွန်က ကျန်တဲ့မြေထုတွေမှာ အထောက်အကူဖြစ်တယ်။ သူ ဒီနေရာမှာ သေသွားရင် နဝမမြေထုကို ရောက်ဖို့ အင်မတန်ခက်ခဲသွားမယ်”
ကျင်ယွင်ရှန်းက တိတ်ဆိတ်နေသည်။ မန်ဟို့ကို ကြည့်နေစဉ် သူ၏ဖြူဆုပ်နေသောမျက်နှာအပေါ်၌ ဒွိဟဖြစ်နေသောခံစားချက်များကို သိသိသာသာ မြင်ရနိုင်သည်။ သူ့အနေဖြင့် ခေါင်းမငုံ့ချင်သော်လည်း ထိုသို့မလုပ်လျှင် သေရမည့်ရာခိုင်နှုန်းများလေသည်။
နောက်ဆုံးတော့ သူ သက်ပြင်းချလိုက်သည်။ ကျင်ယွင်ရှန်းသည် ပြတ်သားသောလူဖြစ်၏။ သူမသေမချင်း မန်ဟို အလျှော့ပေးမည်မဟုတ်မှန်း သူ သိသည့်တိုင် ထိုအချက်ကို လျစ်လျူရှု၍ မန်ဟို့အား လက်ယှက်အရိုအသေပေးလိုက်သည်။ စကားတစ်ခွန်းမပြောဘဲ အပြုအမူဖြင့်သာ သူ၏သဘောထားကို ဖော်ပြုလိုက်၏။
မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ကျင်ယွင်ရှန်းကို အသေသတ်ဖို့က သင်္ချိုင်းအပြင်ရောက်သည်နှင့် ခက်ခဲသွားမည်ဖြစ်သော်လည်း ဤနေရာ ဤအချိန်တွင် သတ်လိုက်ပြန်လျှင်လည်း ... အာကာပြင်ကျယ်ကျောင်းတော်သားများ၏ အမျက်ရှခြင်းခံရလိမ့်မည်။ ယင်းက မန်ဟို လိုလားသော ရလဒ်မဟုတ်ပေ။
သူ စဉ်းစားနေသည့်အချိန်မှာပင် ဂိုဏ်းချုပ်က အံတင်းတင်းကြိတ်၍ စကားထပ်ပြောသည်။
“အဘိုးကိုး မင်းမှာ မကျေနပ်ချက်တွေ ရှိတာ ငါ နားလည်ပါတယ်။ ဒါကြောင့် ကျင်ယွင်ရှန်း မင်းကို ရန်စရင် မင်းနဲ့အတူ သူ့ကို သတ်ပေးမယ်လို့ ငါ ဒီနေရာမှာ တာအိုကျမ်းကျိန်တယ်”
“ငါရောပဲ” ရှကျုံတုံးက ဝင်ပြောသည်။ ဤတိုက်ပွဲက မန်ဟိုသည် အုပ်စိုးသူလေးပါးနှင့် တန်းတူရပ်နိုင်သည့် အရည်အချင်းရှိကြောင်း သက်သေပြခဲ့သည့်အတွက် ရှကျုံတုံးလည်း မန်ဟို့အပေါ် အမြင်ပြောင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ကျင်ယွင်ရှန်းသည် ခါးသီးစွာ ပြုံး၍ ခေါင်းညိတ်၏။
မန်ဟိုမှာ သူ့ကို သတ်ချင်သေးသော်လည်း ယခုလိုအခြေအနေဖြစ်နေမှတော့ ထိုအကြံကို ဘေးချိတ်ထားလိုက်ရလေသည်။
“ကဲ ဒီလိုဆိုမှတော့ ထားလိုက်ကြတာပေါ့” မန်ဟိုက အေးစက်စွာ ပြောသည်။ “ဒါပေမဲ့ ကျုပ် ဒီတိုင်း လွယ်လွယ်လေး လွတ်မပေးနိုင်ဘူး။ စောစောကတင် ကျုပ် အသတ်ခံရမလိုဖြစ်ခဲ့တာ။ တာအိုရောင်ရင်းကျင် ကျုပ် လျော်ကြေးတောင်းဆိုတယ်”
ကျင်ယွင်ရှန်းက သက်ပြင်းခိုးချသည်။ ယခုတွင် မန်ဟိုက အသာစီးနေရနေ၍ သူ့အနေဖြင့် မန်ဟို့ကို ပြန်မတိုက်ခိုက်နိုင်မှန်း သူ သိသည်။ ထို့ကြောင့် အံတင်းတင်းကြိတ်ရင်း ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ လက်ကောက်တစ်ကွင်း ဘွားခနဲပေါ်လာ၏။
“ဒါကို ယူလိုက်ပါ တာအိုရောင်ရင်းမန်။ ဒါနဲ့ဆို လုံလောက်ပါလိမ့်မယ်” လက်ကောက်သည် မန်ဟို့အရှေ့သို့ ပျံဝဲလာ၏။ မန်ဟိုက ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ရာ အင်မော်တယ်ကျောက်စိမ်းများအပြင် တခြားအဖိုးတန်ရတနာများဖြင့် သိုလှောင်အိတ်တစ်အိတ်ပါရှိကြောင်း တွေ့လိုက်ရလေသည်။
သူသည် ခေါင်းညိတ်ကာ သိမ်းလိုက်ပြီးနောက် အင်္ကျီလက်စခါရင်း တစ္ဆေများအား ဆုတ်ခွာသွားစေသည်။ ၎င်းတို့သည် တစ်ချိန်လုံး သူ့ကို အရိုအသေပေးလျက် ဆုတ်သွားကြ၏။
မန်ဟိုက တစ်ကမ္ဘာလုံး၏ ဧကရာဇ်မင်းမြတ်ပမာ ပျံဝဲနေသည်။ အာကာပြင်ကျယ်ကျောင်းတော်မှ အုပ်စုမှာ ဤအဖြစ်အပျက်ကို ဘယ်တော့မှမေ့တော့မည် မဟုတ်ပေ။
ဤတိုက်ပွဲသည် မန်ဟို့အား နဝမပါရာဂွန်အဆင့်မှ အာကာပြင်ကျယ်ဂြိုဟ်၏ အုပ်စိုးသူငါးဦးထဲမှ တစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့၏။
ယခုတွင် သူ၏အဆင့်အတန်းက ဂိုဏ်းချုပ်၏အဆင့်အတန်းနည်းတူ မြင့်မားနေချေပြီ။ ကျင်ယွင်ရှန်းနှင့် သူ၏တိုက်ပွဲကြောင့် အာကာပြင်ကျယ်ကျောင်းတော်၏ အစွမ်းထက်ပညာရှင်တစ်ယောက်မှ သူ့ကို ရန်စရဲမည်မဟုတ်တော့ပေ။ အနည်းဆုံးတော့ ဤသင်္ချိုင်းထဲတွင် သူ့ကို လက်ဖျားဖြင့်ပင် ထိရဲမည်မဟုတ်။
မန်ဟိုသည် သင်္ချိုင်း၏အပြင်တွင်လည်း အစွမ်းထက်သည့်တိုင် အထဲရောက်သည်နှင့် ... ဧကရာဇ်မင်းမြတ် ဖြစ်သွားလိမ့်မည်။
တစ္ဆေစစ်တပ်ကြီးကြောင့် တန်ခိုးရှင်အဆင့်မတက်ရသေးသော မည်သူမဆို သူ့အား အနိုင်ယူနိုင်မည်မဟုတ်ပေ။