← Chapters

သလွန်

Vol. 103 Ch. 1441

သလွန်

Vol. 103 Ch. 1441

လက်ကောက်ကို သိမ်းပြီးနောက် မန်ဟို၏အသတ်အဖြတ်ငွေ့များ ပျောက်ကွယ်သွားသည်။ ထိုအခါမှ လူတိုင်း ဟင်းချနိုင်တော့၏။ ကျင်ယွင်ရှန်းမှာတော့ လွန်စွာမျက်နှာပျက်နေသော်လည်း ရန်လိုမှုမပါရှိပေ။ သူသည် ခပ်လှမ်းလှမ်းသို့ တိတ်ဆိတ်စွာ ထွက်သွားပြီးနောက် တရားထိုင်ဖို့ တင်ပျဉ်ခွေထိုင်လိုက်၏။

ရှကျုံတုံးနှင့် ဂိုဏ်းချုပ်သည် တစ်ယောက်ကိုတစ်ယောက် ဝန်လေးစွာ ကြည့်ပြီးနောက် ကျင်ယွင်ရှန်းဘေးသွားကာ သူတို့လည်း တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ သူတို့ပုံစံက သူ့အား ကာကွယ်နေပေးသကဲ့သို့ ထင်ရသည့်တိုင် စောင့်ကြည့်နေခြင်းလည်း ဖြစ်ကြောင်း ကျင်ယွင်ရှန်းကိုယ်တိုင် သိသည်။

သူတို့သည် မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒ ရုတ်တရက် ပေါ်ထွက်လာလျှင် သူ့အား ကာကွယ်ပေးမည်ဖြစ်သော်လည်း ကျင်ယွင်ရှန်း မန်ဟို့ကို အကောက်မကြံနိုင်အောင်လည်း စောင့်ကြည့်ကြလိမ့်မည်။

မန်ဟိုသည် အုပ်စိုးသူတစ်ဦးဖြစ်ပိုင်ခွင့်ရှိကြောင်း စောစောက တိုက်ပွဲမှ သက်သေပြခဲ့သည့်အတွက် ဂိုဏ်းချုပ်သော်လည်းကောင်း၊ ရှကျုံတုံးသော်လည်းကောင်း နစ်နာမည့်ဂယက်များ ဖြစ်လာလိုစိတ်မရှိပေ။ အကောင်းဆုံးက ဤကိစ္စကို သည်တွင် ရပ်လိုက်ရန်ပင်။

တစ္ဆေများသည် ခွဲထွက်မသွား။ မန်ဟို တတိယမျက်လုံးကို ပိတ်ပြီးနောက် ၎င်းတို့က မန်ဟို သူတို့ကို ထပ်ခေါ်လျှင် အသင့်ဖြစ်နေအောင် ပတ်ဝန်းကျင်တွင် ပျံဝဲလျက်သာ ရှိနေသည်။

“တာအိုရောင်ရင်းနဝမပါရာဂွန်” ဂိုဏ်းချုပ်က ပြောသည်။ “တာအိုရောင်ရင်းကျင်ရဲ့ အဆင်အခြင်မဲ့မှုကြောင့် ဒီကိစ္စဖြစ်လာရတာ မှန်ပါတယ်။ တံတားပေါ်မှာရော၊ ဒီနေရာကအဖြစ်အပျက်ရော

“ဒါပေမဲ့ သူပဲ မှားနေတယ်လို့တော့ မဆိုလိုဘူး။ နားလည်မှုနည်းနည်း လွဲနေကြတာပါ။ ငါတောင်မှ ဒီသင်္ချိုင်းကမ္ဘာထဲမှာ စိတ်ဆန္ဒတစ်ခု ရစ်ဝဲနေတာကို ခံစားရတယ်။ ငါကိုယ်တိုင်ကတော့ အဲဒီစိတ်ဆန္ဒက အာကာပြင်ကျယ်ဂိုဏ်းတော်ချုပ်ရဲ့ စိတ်ဆန္ဒလို့ မထင်ပေမယ့် တာအိုရောင်ရင်းကျင်ကတော့ အာကာပြင်ကျယ်ဂိုဏ်းတော်ချုပ်ရဲ့ စိတ်ဆန္ဒလို့ ယုံကြည်ထားတယ်

“တာအိုရောင်ရင်းကိုး။ မင်းလည်း ခံစားရမယ်လို့ ငါ ထင်တယ်။ အဲဒါက မင်းကို ချိန်ရွယ်ထားတဲ့ အသတ်အဖြတ်စိတ်ဆန္ဒပဲ....

“တာအိုရောင်ရင်းကျင် မင်းကို တိုက်ခိုက်ခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒီအသတ်အဖြတ်စိတ်ဆန္ဒလည်း ပါတယ်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့ စိတ်ဆန္ဒက မင်းကို သေစေချင်နေတာဆိုတော့ မင်းကို သတ်လိုက်လို့ ဂိုဏ်းတော်ချုပ်ရဲ့အလိုပြည့်သွားရင် သူ့အတွက် ဉာဏ်အလင်းရှာရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ သူ ယုံကြည်ခဲ့တယ်” ဂိုဏ်းချုပ်သည် ကျင်ယွင်ရှန်း မန်ဟို့ကို ဘာကြောင့်တိုက်ခိုက်ခဲ့ကြောင်း ရှင်းပြနေ၏။

ဖြေရှင်းချက်ကို ကြားလျှင် မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အတန်ကြာတွေးပြီးသော် သူသည် နတ်ဘုရားအာရုံတချို့ကို ဖြန့်ကျက်လိုက်၏။ ထို့နောက် အတွေးနက်သွားသောဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း မှတ်ချက်တစ်စုံတရာ မပြုပေ။

ဂိုဏ်းချုပ်သည်လည်း ထိုကိစ္စကို ဆက်ဆွေးနွေးချင်ပုံမရ။ သူက စကားလမ်းကြောင်းလွှဲရင်း သလွန်ကို လက်ညှိုးထိုးလိုက်၏။

“တာအိုရောင်ရင်းနဝမပါရာဂွန်” သူက ပြုံးလျက် ဆိုသည်။ “ဒီသလွန်က တန်ခိုးရှင်အဆင့် တက်နိုင်မယ့်နေရာပဲ။ ဒီနေရာမှာ မြေထုကိုးခုရှိတယ်။ တစ်ခုစီမှာ ဒီလိုသလွန်တစ်ခုစီ ရှိတယ်

“သလွန်တွေက အာကာပြင်ကျယ်ဂိုဏ်းချုပ်နဲ့ ပတ်သက်နေတဲ့အပြင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သူကိုယ်တိုင် ဖန်ဆင်းခဲ့တယ် ထင်တာပဲ။ အသေးစိတ်ကိုတော့ ရှေးမှတ်တမ်းအားလုံး မွှေနှောက်ဖတ်ပြီးတာတောင် ငါ သိပ်များများစားစား မတွေ့ခဲ့ရဘူး

“ဒါပေမဲ့ တန်ခိုးရှင်အဆင့်တက်ဖို့က ဒီနေရာမှာ မုချဖြစ်နိုင်တယ်။ မင်းမရောက်ခင်တုန်းက ငါနဲ့ တာအိုရောင်ရင်းရှ၊ တာအိုရောင်ရင်းကျင်တို့ ဉာဏ်အလင်းနည်းနည်းပါးပါး ရှာပြီးသွားပြီ။ အဆင့်တက်ဖို့ကတော့ ဝေးသေးတာပေါ့လေ” သူက စကားပြောရင်း မန်ဟို့အနား အေးအေးဆေးဆေး ကပ်လာသည်။

ဂိုဏ်းချုပ်သည် မန်ဟို့ကို ကောင်းမွန်စွာ ဆက်ခံခဲ့သော်လည်း ယခုတွင်မူ တန်းတူအဖြစ် မြင်ထားပြီး သူ၏လေသံက ယခင်ထက်ပို၍ စိတ်ရင်းပါလေသည်။

“အခု အချိန်က သိပ်မရဘူး။ တာအိုရောင်ရင်းနဝမပါရာဂွန်၊ မင်းလည်း သလွန်ကနေ ဉာဏ်အလင်းရအောင် ကြိုးစားကြည့်ပါ့လား။ ဘယ်လောက်ကံကောင်းမလဲ မပြောနိုင်ပေမယ့် စမ်းကြည့်ပေါ့။ ကျန်တဲ့တာအို‌ရောင်ရင်းတွေအတွက်လည်း မင်း စိတ်မရှိဘူးဆိုရင် ... သူတို့ကို သလွန်ပေါ် တက်ပြီး ဉာဏ်အလင်းရှာခွင့်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ငါတို့ အချိန်သိပ်မရဘူးမဟုတ်လား” ထို့နောက် ဂိုဏ်းချုပ်က လက်ယှက်အရိုအသေပေးသည်။ မန်ဟိုလည်း တခဏတွေးပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကိစ္စမရှိပါဘူး” သူက မဆိုစလောက်ပြုံးလျက် ပြန်ဖြေလိုက်သည်။ ထို့နောက် အင်္ကျီလက်စခါလျက် သလွန်ပေါ် နင်းလိုက်သည့်အခါ သလွန်တွင် ထူးခြားသည့်ဂုဏ်သတ္တိများ ရှိနေကြောင်း သူ ချက်ချင်း သတိထားမိလိုက်သည်။ စောစောက ယင်းကို သူ သတိမထားမိခဲ့ပေ။ သူသည် အချိန်ဆွဲမနေတော့ဘဲ အလယ်တည့်တည့်တွင် တင်ပျဉ်ခွေထိုင်ချလိုက်၏။

သူ ထိုင်ပြီးနောက်မှ အာကာပြင်ကျယ်ကျောင်းတော်၏ ကျန်ကျင့်ကြံသူများလည်း အသက်ပြင်းပြင်းရှူ၍ တက်လာကြသည်။ သူတို့မှာ အလွန်စိတ်လှုပ်ရှားနေကြပုံပေါ်သည်။ စောစောက အုပ်စိုးသူသုံးဦးအတွက် ဓမ္မအစောင့်အရှောက်များအဖြစ် သလွန်၏အပြင်တွင်သာ သူတို့ စောင့်ခဲ့ကြရသည်။ အနားပင်ကပ်သွားခွင့် မရခဲ့သော်လည်း ယခုမူ သလွန်အပေါ် နင်းခွင့်ရလိုက်လေပြီ။ မန်ဟို သလွန်ပေါ်တွင် ရှိနေသော်လည်း သူတို့တစ်ယောက်မှ သူ့အား ရန်မစခဲ့ဖူး၍ လေးလေးစားစားပြုမူသရွေ့ သူ၏အသတ်အဖြတ်စိတ်ဆန္ဒကို သူတို့ လှုံ့ဆော်မိမည်မဟုတ်ပေ။

တစ်ယောက်ပြီးတစ်ယောက်ပျံတက်လာကြသည်။ မန်ဟို့ကို လက်ယှက်အရိုအသေ‌ပေးပြီးနောက် သူတို့အားလုံး နေရာကိုယ်စီရွေးကာ တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ ရှန့်ကွမ်းဟုန်နှင့် ကျန်အနှစ်သာရ ၉ ခုပညာရှင်များအပြင် ငယ်သား အနှစ်သာရ ၈ ခုပါရာဂွန်များလည်း ရှိလေသည်။ သူတို့အားလုံးလည်း တက်လာကြသည်။ မန်ဟို၏ လက်အောက်ငယ်သားနှစ်ယောက်ပင် ပါ၏။

ယခုတွင် သူ့ငယ်သားနှစ်ယောက်၏အဆင့်အတန်းလည်း ကွာခြားသွားလေပြီ။ နဝမပါရာဂွန်၏ငယ်သားများအနေဖြင့် ဖိအားမခံစားရတော့ပေ။ သူတို့က မန်ဟို ဉာဏ်အလင်းရှာနေစဉ် စောင့်ရှောက်ပေးရန် ဓမ္မအစောင့်အရှောက်များအဖြစ် ဘေးတစ်ဖက်တစ်ချက်စီတွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

ဂိုဏ်းချုပ်လည်း လေးနက်သောအမူအရာဖြင့် ကျင်ယွင်ရှန်းဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်၏။ ကြုံရာနေရာထိုင်လိုက်သလို ထင်ရသော်လည်း မန်ဟိုနှင့် ကျင်ယွင်ရှန်းနှစ်ယောက်လုံး သဘောပေါက်လေသည်။ ဂိုဏ်းချုပ်သည် မတိုက်ခိုက်ဘဲ အေးဆေးနေဖို့ တောင်းဆိုနေ၏။

ကျင်ယွင်ရှန်းက သက်ပြင်းချသည်။ တကယ်တော့ မန်ဟို့ကို တိုက်ခိုက်လိုစိတ်မရှိတော့ပေ။ တစ္ဆေများက ထွက်မသွားသေးသဖြင့် သူ လှုပ်ရှားလိုက်လျှင် အသက်နှင့်ခန္ဓာ အိုးစားကွဲသွားလိမ့်မည်။

“မန်ဟို သလွန်ပေါ်မှာ ဉာဏ်အလင်း ဘယ်နှရက်ကြာကြာ ရှာနိုင်မလဲမသိဘူး” သူက တွေးသည်။ “ဒီနေရာက အပေါ်ယံမြင်ရသလောက် ရိုးရှင်းတာမှမဟုတ်တာ။ ဉာဏ်အလင်းရှာဖို့ အားစိုက်ထုတ်လေလေ၊ များများရလေလေပဲ။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ့်အကန့်အသတ်နဲ့ကိုယ် ရှိတယ်။ တိုက်တာခိုက်တာမှာ သူ့အနေနဲ့ သာကောင်းသာလိမ့်မယ်။ ဒါပေမဲ့ သလွန်အတွက် ကိုယ်ပိုင်ဉာဏ်အလင်းနဲ့ ကံကောင်းမှုကို လိုအပ်တယ်။ ကျင့်ကြံအဆင့်နဲ့လည်း ဆိုင်သေးတယ်။ မန်ဟို ငါးရက်မပိုဘူး.... ငါလောင်းရဲတယ်” သူက အေးစက်စက် နှာမှုတ်သည်။

ကျင်ယွင်ရှန်းသည် သူ၏အကန့်အသတ်သို့ မရောက်ခင် သလွန်ပေါ်၌ ခုနစ်ရက်နေနိုင်ခဲ့၏။ မန်ဟို သူ ဉာဏ်အလင်းရှာနေတုန်း မပေါ်လာခဲ့လျှင်တောင်မှ သူ နိုးလာဦးမည်သာ ဖြစ်သည်။

ဂိုဏ်းချုပ်နှင့် ရှကျုံတုံးလည်း ခုနစ်ရက်ဝန်းကျင် ခံခဲ့သည်။ လောလောဆယ်တွင် ကျင်ယွင်ရှန်းတစ်ယောက်တည်းသာ မန်ဟို မည်မျှခံမည်လဲ စဉ်းစားနေခြင်းမဟုတ်။ ရှကျုံတုံးလည်း သိချင်နေသည်။

ဂိုဏ်းချုပ်ပင်လျှင် တွေးနေ၏။ သူ၏အမူအရာက တည်ငြိမ်နေသော်လည်း မန်ဟို့ကို လှမ်းကြည့်နေစဉ် သူ၏မျက်လုံးများက အတွေးများဖြင့် တောက်ပနေလေသည်။

လူဒါဇင်ပေါင်းများစွာ မျက်လုံးများမှိတ်လျက် ဉာဏ်အလင်းရှာနေကြသဖြင့် သလွန်သည် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။

မန်ဟို မျက်လုံးပိတ်လိုက်လျှင်ချင်း သလွန်နှင့် တစ်သားတည်းဖြစ်သွားသဖြင့် သူ့စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။

သူ့အတွေးများ မြန်ဆန်စွာ လည်ပတ်နေစဉ် သူ၏ချီနှင့်သွေးမှာ နှေးကွေးလာကြောင်း သူ ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ကျင့်ကြံခြင်းအခြေခံပင် အလွန်တရာငြိမ်သက်လာ၏။ သို့သော် သူ၏နတ်ဘုရားအာရုံနှင့် အတွေးများက ပုံမှန်အမြန်နှုန်းထက် ဆယ်ဆမြန်ဆန်စွာ လည်လာသည်။

ကြည့်ရသရွေ့ ဤသလွန်ပေါ်တွင် တရားထိုင်ခြင်းက လူတစ်ယောက်၏စွမ်းအားကို တန်ခိုးရှင်အဆင့်နှင့်ပတ်သက်၍ လွယ်လွယ်ကူကူ နားလည်နိုင်အောင် စုစည်းပေးလိုက်ပုံပေါ်သည်။

သူသည် ကြယ်တာရာကောင်းကင်၊ ဂြိုဟ်နေလများ၊ ကမ္ဘာ၏ပြောင်းလဲမှုများ၊ အချိန်စီးကြောင်း၊ သက်ရှိများ၏ အစနှင့်အဆုံးကို ကြည့်နေရသည့်အလားပင်။ အရာအားလုံးကို သူ ကြည့်နေရလေသည်။

မန်ဟို့အတွက် ယခုလိုမြင်ကွင်းများကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း ပထမဆုံးအကြိမ် စိတ်ခရီးနှင်ဖူးခြင်းတော့ မဟုတ်ပေ။ တကယ်တော့ ဤအတွေ့အကြုံသည် ဥမင်အတွင်းရှိ ပန်းချီများကို ကြည့်နေစဉ်တုန်းက ခံစားခဲ့ရသည်နှင့် လွန်စွာတူ၏။

အနှစ်သာရများအဖြစ် ပြောင်းလဲနေဆဲဖြစ်သော သူ့ကိုယ်အတွင်းထဲရှိ ချုပ်နှောင်မှော်အစွမ်းများမှာ ရုတ်တရက် အရှိန်တင်ခံလိုက်ရသည်။ အတန်ကြာသော် မန်ဟိုသည် သူ့အတွေးများကို ထိန်းချုပ်နိုင်သွား၏။ သူ့မှာ မတုန်လှုပ်မိဘဲ မနေပေ။

“ဒီသလွန်က လူတစ်ယောက်ရဲ့ ဉာဏ်အလင်းရှာနိုင်စွမ်းကို မြှင့်တင်ပေးတယ်။ အနှစ်သာရ ၈ ခုအဆင့်ကနေ ၉ ခုအဆင့်တက်အောင် တွန်းတင်ပေးနိုင်တဲ့အပြင် အနှစ်သာရ ၉ ခုကို တန်ခိုးရှင်အဆင့်တက်အောင်လည်း ကူညီပေးနိုင်တယ်... လောလောဆယ် ငါ့အတွက် အရေးအကြီးဆုံးက တန်ခိုးရှင်အဆင့်မဟုတ်ဘူး။ နဝမမန္တန် ငါ့ရဲ့ကိုးခုမြောက်အနှစ်သာရကို ဖန်ဆင်းဖို့

“ငါ့ရဲ့နဝမန္တန်ကို ဉာဏ်အလင်းရဖို့ ... ဒီသလွန်ကို ငါ အသုံးချမယ်” သူသည် နဝမမန္တန်ကိုသာ အားစိုက်ဆင်ခြင်ရင်း ကျန်အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်၏။

ယခုမှ ထိုမန္တန်ကို သူ ဆင်ခြင်သုံးသပ်ခြင်းမဟုတ်ပေ။ ၎င်းအတွက် ပြင်ဆင်မှုများ လုပ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

“ငါ့ရဲ့ နဝမမန္တန်က ... ကောင်းကင်ဘုံချုပ်နှောင်ဂါထာအပေါ်မှာ အခြေခံမယ်။ အဲဒါက ... ကောင်းကင်ဘုံချုပ်စည်းကို ဖန်တီးပေးလိမ့်မယ်” မန်ဟိုသည် သူ့စိတ်ထဲတွင် မိုးကြိးများ ပစ်ချနေသကဲ့သို့ ခံစားရ၏။ သူ့အတွေးများ စူးစိုက်နေစဉ် တန်ခိုးရှင်အငွေ့အသက်များက သူ့ကိုယ်ထဲမှ ထွက်ပေါ်လာသည်။ တဖြေးဖြေး လေတစ်ချက်တိုက်လာပြီး မန်ဟို့ကို ဝန်းရံလျက် ရစ်သိုင်းလည်ပတ်နေလေသည်။

မန်ဟို့စိတ်ထဲတွင် ကောင်းကင်ဘုံချုပ်စည်းနှင့်ပတ်သက်သည့် ဉာဏ်အလင်းများ စိုးမိုးနေသည်။

သူသည် ကောင်းကင်ချုပ်နှောင်ဂါထာကို ယူကာ မှော်သိုင်းကွက် သို့မဟုတ် နတ်ဘုရားအာရုံအဆင့်မှ .... ချုပ်နှောင်မန္တန်အဖြစ်သို့ အဆင့်မြှင့်ပေးလိမ့်မည်။ မန္တန် သူ့ဝိညာဉ်အပေါ် ခတ်နှိပ်ခံလိုက်ရသည်နှင့် ... ၎င်းသည် နဝမမိစ္ဆာချုပ်နှောင်မန္တန် ဖြစ်လာမည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့အောင်မြင်စွာ လုပ်ဆောင်လိုလျှင် အချိန်များစွာ ကြာလိမ့်မည်။ သို့သော် ဤသလွန်၏အကူအညီကြောင့်  အမြန်နှုန်းက ဆထက်တိုးသွားခဲ့လေသည်။

အချိန်တွေကုန်လွန်လာသည်။ ပထမရက်ပြီးနောက် ကျင့်ကြံသူအမျိုးမျိုးမှ အငွေ့အသက်အမျိုးမျိုး ထွက်လာသည်။ အနှစ်သာရ ၈ ခုပါရာဂွန်များသည် အနှစ်သာရ ၉ ခုအဆင့်အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အနှစ်သာရ ၉ ခုပါရာဂွန်များက တန်ခိုးရှင်အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

သူတို့၏မျက်နှာများအပေါ်တွင် အမူအရာအမျိုးမျိုး ဖြတ်ပြေးနေသည်။ တချို့က ဝမ်းသာနေဟန်ရှိသည်။ တချို့က တွေဝေနေ၏။ တချို့က နောင်တရနေပုံပေါ်သည်။ တချို့ကတော့ တင်းမာခက်ထန်နေသည်။

ဒုတိယနေ့တွင် အနှစ်သာရ ၈ ခုပါရာဂွန်တချို့ တုန်ရီလာပြီး ချွေးတဖြိုက်ဖြိုက် ကျလာကြသည်။ နာကျင်နေသောအရိပ်အယောင်များအား သူတို့မျက်နှာအပေါ်တွင် မြင်ရသော်လည်း သူတို့သည် ဆက်လက်တောင့်ခံထားကြ၏။

တတိယနေ့တွင် အနှစ်သာရ ၈ ခုပါရာဂွန်အားလုံး လက်လျှော့ခါနီးဖြစ်နေကြသည်။ အနှစ်သာရ ၉ ခုပါရာဂွန်များသာ ဉာဏ်အလင်းရှာဖွေရာတွင် အာရုံအပြည့်အဝစိုက်ထားနိုင်လေသည်။

တတိယနေ့၏ညနေတွင် အနှစ်သာရ ၈ ခုပါရာဂွန်တစ်ယောက်က မျက်လုံးဖွင့်ပြီး သွေးအန်ရင်း သလွန်ပေါ်မှ ဆင်းသွားသည်။ သလွန်ပေါ်ကျန်ခဲ့သော လူများကို ပြန်လှည့်ကြည့်ရင်း သူက သက်ပြင်းချလိုက်သော်လည်း တအောင့်ကြာသော် သူ၏မျက်လုံးများ လင်းလက်လာ၏။ သုံးရက်တိုင် တောင့်ခံနိုင်ခဲ့ခြင်းက သူ့အား များစွာ တိုးတက်စေခဲ့လေသည်။

မကြာမီ အနှစ်သာရ ၈ ခုပါရာဂွန်တော်တော်များများ မျက်လုံးဖွင့်၍ သွေးအန်လျက် သလွန်ပေါ်မှ ဆင်းလာကြသည်။ နောက်ဆုံးအတိုင်းအတာအထိ တောင့်ခံပြီးနောက် သူတို့မှာ ပျံထွက်လာရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

တတိယနေ့၏သန်းခေါင်ချိန်တွင် အနှစ်သာရ ၈ ခု ပါရာဂွန်အားလုံး နိုးလာကြပြီး သလွန်ပေါ်မှ ထွက်လာကြသည်။

ခုနစ်‌ယောက်သာ ကျန်ခဲ့၏။ မန်ဟိုနှင့် အာကာပြင်ကျယ်ကျောင်းတော်မှ အနှစ်သာရ ၉ ခုအဆင့်ပါရာဂွန်များ။

ကျင်ယွင်ရှန်းသည် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် လှောင်ရယ်,ရယ်နေ၏။ “အဲဒီကောင် အလွန်ဆုံးနောက်နှစ်ရက်လောက်ပဲ တောင့်ခံနိုင်မှာ။ ကျန်တဲ့လူတွေကတော့ မနက်ဖြန်နိုးလာကြလိမ့်မယ်”

All Chapters