ငါတို့ဓားသမားတွေဟာ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်
Vol. 1 Ch. 5
ညနေပိုင်းတွင် ဟွမ်လောင်လျှိုသည် တစ်ကီလိုခွဲခန့် ထည့်နိုင်သော သေရည်အိုးတစ်လုံးဖြင့် ပြန်ရောက်လာသည်။
သူသည် ဓားစံအိမ်ထဲကို ဝင်လာသည်နှင့် စားပွဲရှည်ထံသို့ သွက်လက်စွာ လှမ်းလာ၏။
စားပွဲရှည်ပေါ်တွင်ကား ဝိညာဉ်ကျောက်တုံး ၃တုံး…။
ဝိညာဉ်ကျောက်တုံး ၃တုံးကို ပွတ်သပ်ကာ သူက ပြုံးသည်။
“ဟန်ညီလေး… မင်းက တစ်ခုခုပဲ။ ဓားစံအိမ်ကို ရောက်တာမကြာသေးဘူး အခု ဝိညာဉ်ကျောက်တုံးတွေ ရနေပြီပေါ့”
သူက ပြောရင်းဆိုရင်း ဝိညာဉ်ကျောက်တုံးတစ်တုံးကို သူ့အိတ်ကပ်ထဲထည့်ကာ ၂တုံးကို ဟန်မူယဲ့ထံသို့ တွန်းပို့လိုက်သည်။
ဓားစံအိမ်၏ တရားဝင်မဟုတ်သော စည်းမျဉ်းတစ်ခုမှာ အကယ်၍ အကျိုးအမြတ်တစ်ခုခုရှိပါက ဓားထိန်းများသည် ၇၀-၃၀ အချိုးကျ ခွဲယူရမည်။
လက်ရှိတွင်ကား ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သာရှိရာ ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံး ၁၀တုံး ရသောကြောင့် ၃တုံးကို ဟွမ်လောင်လျှိုအား ခွဲပေးခြင်း ဖြစ်သည်။
“သိမ်းထားလိုက်… မင်းအသုံးလိုလာလိမ့်မယ်”
ဟွမ်လောင်လျှို၏စကားကိုကြားလျှင် ဟန်မူယဲ့က ခေါင်းယမ်းသည်။
“ဒါတွေက အစ်ကိုဟွမ်အတွက်ပါ။ ကျွန်တော့အတွက်က ယူထားပြီးပြီ”
သူ့ကိုယ်ပိုင်ဝေစုကို ယူထားပြီးပြီလား။
စားပွဲပေါ်မှ ဝိညာဉ်ကျောက်တုံး ၃တုံးမှာ အကျိုးအမြတ်အားလုံး မဟုတ်ပေဘူးလား…
“ဝိညာဉ်ကျောက်တုံး ၁၀တုံး… ဘယ်အရူးလဲ…”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား မျက်လုံးများပြူးလျှက် ကြည့်သည်။ သူက အသံတိုးတိုးဖြင့် ပြောသည်။
“အဲဒါက အကြီးအကဲတို့ တိုက်ရိုက်တပည့်တို့ ဒါမှမဟုတ် အတွင်းစည်းဂိုဏ်းသားတို့ မဟုတ်ဘူးမလား။ သူတို့ဆီက ဝိညာဉ်ကျောက်တုံးတွေ ယူတာ သိပ်မကောင်းဘူး”
ဟွမ်လောင်လျှိုက သည်မတိုင်ခင် သူ့အား ပြောပြထားပေသည်။ ဓားထိန်းတစ်ဦးက အကျိုးအမြတ်ရှာသည်က ပြဿနာမရှိသော်လည်း အကန့်အသတ်ရှိရန်လိုပေသည်။
ဂိုဏ်းမှ အကြီးအကဲများကို ဘေးဖယ်ထားလျှင်ပင် တိုက်ရိုက်တပည့်များ၊ ပင်မတပည့်များနှင့် အတွင်းစည်းဂိုဏ်းသားများမှာ ကောင်းမွန်သော အနာဂတ်များ ရှိသည်။ အကယ်၍ သူတို့သာ ရန်ငြိုးထားပါက နောင်တွင် ပြဿနာများ ရှိနိုင်၏။
ဓားထိန်းများမှာ အသက်မရှည်သည့်တိုင် တချို့သော အပြစ်ပေးမှုများနှင့် ကြုံရနိုင်၏။
ဟွမ်လောင်လျှို၏စကားကိုကြားလျှင် ဟန်မူယဲ့က ပြုံးလျှက် လက်ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့မှ စာအုပ်ကို ဖွင့်လိုက်၏။
“အပြင်စည်းဂိုဏ်းသားထဲက ထိပ်ဆုံးနံပါတ် ၁၀၀၊ ကျန်းဟန်”
“အပြင်စည်းဂိုဏ်းက နံပါတ်၁၀၀… မင်းက အဲလိုကောင်ဆီက ဝိညာဉ်ကျောက်တုံး ၁၀တုံး နှိုက်ထုတ်နိုင်တယ်…ဟုတ်လား”
ဟွမ်လောင်လျှိုက ထိုသို့ရေရွက်ကာ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက သေရည်အိုးကို သယ်ကာ ထွက်သွား၏။
သူက တံခါးဝကို ရောက်လျှင် နောက်လှည့်ကာ ပြောသည်။
“ညနေပိုင်းကျရင် ဓားစံအိမ်ကို ငါစောင့်မယ်။ အပြင်လေးဘာလေးထွက်ပြီး လျှောက်ကြည့်ပေါ့”
သူက တွေးတွေးဆဆဖြင့် ထပ်ပြောသည်။
“မင်းက ဝိညာဉ်ကျောက်တုံး ၇တုံးနဲ့ဆိုရင် ကာယအားဖြည့်ဆေး ၂လုံးကို ဆေးခန်းဆောင်မှာ သွားဝယ်နိုင်တယ်”
“ဆေးလုံးက မင်းရဲ့အရိုးနဲ့ ကြွက်သားတွေကို အားဖြည့်ပေးတယ်။ ဓားချီတွေအောက်မှာ မင်းလည်း ရက်နည်းနည်း ပိုပြီး အသက်ရှင်နိုင်တာပေါ့”
“ကောင်းပါပြီ။ ကျေးဇူး အစ်ကို”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြုံးလျှက်ပြောသည်။
ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ ထွက်သွားလျှင် ဟန်မူယဲ့မှာ ဟွမ်လောင်လျှိုက အမှန်တကယ် သူ့အပေါ် ဂရုစိုက်ခြင်းလော၊ သို့မဟုတ် ဓားစံအိမ်သို့ ရောက်လာမည့် စားပေါက်တချို့ကို စောင့်ဆိုင်းလိုခြင်းလော မပြောနိုင်ပါ။
သို့သော်လည်း ဓားစံအိမ်အပြင်သို့ ထွက်ကြည့်ခြင်းမှာ ဟန်မူယဲ့ အမှန်တကယ် လိုလားသောကိစ္စဖြစ်သည်။
သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ဝင်ခြင်းမှာ ဓားစံအိမ်၌ အမြဲတမ်းအချိန်ဖြုန်းရန် မဟုတ်ပေ။
အနီးအနားမှ စားသောက်ဆောင်တွင် နေ့လည်စာစားပြီးနောက် ဟန်မူယဲ့သည် ဓားစံအိမ်သို့ မပြန်ဖြစ်ပါ။
အံ့ဖွယ်ကိုးပါးဂိုဏ်းတွင် ထောင်ပေါင်းများစွာသောဂိုဏ်းဝင်များရှိသည်။ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာလည်း မိုင်ပေါင်းများစွာရှည်လျားပြီး နေရာဒေသများစွာ ပိုင်းခြားထားသေးသည်။ ထို့ကြောင့် ဂိုဏ်းဝင်များအတွက် စားသောက်ဆောင်များမှာလည်း နေရာအနှံ့ရှိသည်။
အစေခံတစ်သိန်းခန့်မှာ ဂိုဏ်းဝင်များ၏ဝေရာဝိစ္စများအား ကူညီပေးရသည်။
ဟန်မူယဲ့သည် ဟွမ်လောင်လျှိုပြောသော ဆေးခန်းဆောင်သို့ ချက်ချင်း မသွားဖြစ်ပါ။ ၎င်းအစား သူသည် လမ်းတစ်လျှောက် မေးမြန်းကာ တပည့်အသစ်များအတွက် လေ့ကျင့်ပေးသော ခန်းမနေရာသို့ ရောက်လာသည်။
အပြင်စည်းဂိုဏ်းဝင်များမှာ ကိုယ်ပိုင်ဆရာများ မရှိပါ။ သူတို့က များစွာသော လေ့ကျင့်ခန်းဆောင်များ၌ သင်ကြားကြရသည်။ သုံးနှစ်ကြာပြီးနောက်တွင် ထူးချွန်သူများမှာ အတွင်းစည်းဂိုဏ်းသို့ ဝင်ခွင့်ရ၏။
မှန်သည်၊ ၃နှစ်ကာလမှာ အတိုတောင်းဆုံးကာလဖြစ်သည်။ တစ်စုံတစ်ယောက်က ၈နှစ် ၁၀နှစ်မှသည် တစ်သက်လုံး အပြင်စည်းဂိုဏ်းသားဖြစ်သွားသည်များလည်း ရှိနိုင်သည်။
ဟန်မူယဲ့သည် လေ့ကျင့်ရေးခန်းမသို့ ရောက်သွားသောအခါ လူငယ် သုံးယောက်ခန့်မှာ သိုင်းပညာတချို့ကို လေ့ကျင့်နေကြပြီးဖြစ်သည်။
ထိုနေရာတွင် ကျောက်တုံးများ၊ ကြိုးများနှင့် လက်နက်အတိုအရှည် မျိုးစုံရှိသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် လူတိုင်း ဓားသိုင်းမသုံးပါ။ ထို့အတူ တခြားသော လက်နက်များကိုလည်း တားဆီးပိတ်ပင်ခြင်း မရှိပါ။
ဟန်မူယဲ့က ထိုတပည့်များကိုကြည့်ကာ ခေါင်းယမ်းသည်။
‘ပုံစံမကျလိုက်တာ…’
သူတို့၏သိုင်းကွက်များမှာ ညံ့ဖျင်းကာ ပုံစံမကျပေ။
သူသည် ထိုသို့သောအရာများအား စိတ်မဝင်စားချေ။
“လေ့ကျင့်ရေးမှူးလင်း ရောက်လာပြီ”
သူသည် တစ်ဝက်မျှသာ လှည့်ရသေးသည်၊ အနီးအနားမှ အော်သံတချို့ကြားရ၏။ ခပ်တောင့်တောင့် မီးခိုးရောင်ဝတ်လူတစ်ဦး လျှောက်လာသည်။
သူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ထားကာ ကြေးနီရောင်မျက်နှာနှင့် အသားအရေရှိ၏။ သူ၏ကျောတွင် ကြီးမားသောဓားတစ်လက်အား ပိုးထားသည်။
သူက ကျောက်များခင်းထားသောနေရာသို့ တိုက်ရိုက်လျှောက်လာကာ ထိုင်ချလိုက်သည်။ တပည့်အသစ်များမှာ အလျင်အမြန် သူ့ရှေ့တွင် သွားထိုင်လိုက်ပြီး ခေါင်းမော့ရင်ကော့လျှက် ရှေ့ကို ကြည့်နေကြ၏။
ဟန်မူယဲ့လည်း တစ်နေရာတွင်ထိုင်သည်။
“မနေ့က ငါ မင်းတို့ကို အခြေခံသင်ပေးခဲ့တယ်။ မင်းတို့က အရိုးနဲ့အကြောကို သန်မာအောင် ကြိုးစားလေ့ကျင့်ရမယ်။ ဒီနေ့တော့ ငါမင်းတို့ကို ဓားသိုင်းတစ်ခု သင်ပေးမယ်”
သူက ဓားသိုင်းတစ်ခု သင်ပေးတော့မည်ဟုဆိုလျှင် တပည့်များအားလုံး မျက်လုံးများ အရောင်တောက်သွားကြသည်။
သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ဝင်လာခြင်းမှာ ဓားသိုင်းများကို သင်လိုသောကြောင့် မဟုတ်ပါလား။
ဟန်မူယဲ့လည်း ခါးမတ်၍ ထိုင်လိုက်၏။
“အဟမ်း… ငါမင်းတို့ကို ဓားပညာမသင်ခင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့သမိုင်းကြောင်းနဲ့ မိတ်ဆက်ပေးဖို့လိုတယ်”
ခြောင်းတစ်ချက်ဟန့်ကာ လေ့ကျင့်ရေးမှူးလင်းက ခေါင်းမတ်လျှက် အမူအရာ သုန်မှုန်သွားသည်။
၎င်းမှာ ဂိုဏ်းများက သူတို့၏ပညာရပ်များကို မသင်ပေးခင် မလွဲမသွေ ပြုလုပ်ရသော လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း ဟန်မူယဲ့ နားလည်သည်။
အတွေးအခေါ်များတည်ဆောက်ခြင်း၊ ဂိုဏ်း၏ဂုဏ်သရေကို နားလည်စေခြင်းနှင့် ဂိုဏ်းလမ်းစဉ်ကို သိနားလည်စေခြင်းတို့မှာ ဓားပညာကို သင်ကြားပေးခြင်းထက် အရေးကြီးပေသည်။
တစ်စုံတစ်ယောက်က မည်မျှ ကျင့်ကြံဆင့်မြင့်နေပါစေ၊ ဂိုဏ်း၏လမ်းစဉ်နှင့်မကိုက်ညီပါက သင်ပေးသမျှ အလဟသ ဖြစ်ပေမည်။
လေ့ကျင့်ရေးမှူးလင်းသည် ကျယ်လောင်ပြတ်သားသောလေသံဖြင့် အားတက်သရော ဂိုဏ်း၏သမိုင်းကြောင်းနှင့် အောင်မြင်မှုများကို ပြောဆိုသည်။ တပည့်များအားလုံးမှာ သူ၏စကားကို နားထောင်၍ စိတ်အားများတက်ကြွလာကြဟန်ရှိသည်။
ဟန်မူယဲ့၏နားလည်မှုများအရ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ အတော်အင်အားကြီးသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိပ်သီးဂိုဏ်းကိုးဂိုဏ်းရှိပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဓားပညာ၌ နံပါတ်၃ အဆင့်ချိတ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေသည် အလွန်ကျယ်ပြောကာ ဂိုဏ်းများမှာလည်း မှိုလိုပေါက်နေသည်။ ထိပ်သီးဂိုဏ်းတစ်ခုအနေဖြင့် အံ့ဖွယ်ကိုးပါးဂိုဏ်းမှာ အင်အားကြီးမားသည်မှာ သံသယဖြစ်စရာမလို။
ကျင့်ကြံခြင်းအား အဆင့်သုံးဆင့်ရှိပြီး လူသားဘုံအဆင့်၊ ကမ္ဘာမြေဘုံအဆင့်နှင့် ကောင်းကင်ဘုံအဆင့်တို့ဖြစ်ကြသည်။ အဆင့်တစ်ခုစီတွင် အဆင့်ငယ်သုံးခုရှိ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ အတော်များများရှိသည်။
“ဓားသမားတွေဟာ သာမန်ကျင့်ကြံသူတွေနဲ့ အတူတူလို့ မင်းတို့ထင်လား”
လေ့ကျင့်ရေးမှူးလင်း၏မျက်နှာက ဝင့်ကြွားဟန်များ အထင်းသား…။ သူက အားနှင့်မာန်နှင့်ပြောသည်။
“ငါတို့ ဓားသမားတွေဟာ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်”
အဆင့်အတူအတွင်း ပြိုင်ဘက်ကင်း…
ထိုမျှ ရဲတင်းသောစကားက တပည့်သစ်များ၏သွေးများကို ဆူပွက်စေသည်။ သူတို့က ဓားသိုင်းများကို သင်ကာ မြန်မြန်ဆန်ဆန် ပြိုင်စံရှားများအဖြစ် မိမိကိုယ်ကို မြင်လိုကြသည်။
လေ့ကျင့်ရေးမှူးလင်းက ခြေထောက်များကို ခွဲရပ်ကာ ဝင့်ကြွားစွာ ခေါင်းမော့သည်။
“မှန်တယ်၊ ဓားတာအိုဟာလည်း လောကမှာ အခက်ခဲဆုံးလမ်းစဉ်ပဲ”
သူက နောက်ကျောမှ ဓားကို ဖြေးလေးစွာ ထုတ်သည်။ လေ့ကျင့်ရေးမှူးလင်းအား ထူးဆန်းသော အရှိန်အဝါတစ်ခု လှည့်ပတ်နေဟန်ရသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားပညာတွေကို ဓာတ်ကြီးငါးပါးနဲ့ခွဲခြားထားတယ်။ အံ့ဖွယ်သဘာဝဓားကနေစပြီးတော့ အံ့ဖွယ်ကိုးပါးဓားသိုင်းဖြစ်လာတယ်။ အဆင့်ပေါင်း တစ်ဆယ်ရှိတယ်”
“ဒီတော့ ငါမင်းတို့ကို တစ်ကွက်သင်ပေးမယ်။ အံ့ဖွယ်သဘာဝဓားသိုင်း… တောင်ဖြိုဓားသိုင်း”
ထို့နောက် သူက ဓားကိုမြှောက်ကာ ပိုင်းချလိုက်သည်။
“ဝုန်း…”
သူ့ရှေ့မှ ကျောက်တုံးမှာ နှစ်ပိုင်းကွဲသွား၏။
အပိုင်းအစများ နေရာအနှံ့ ပျံ့လွင့်သွားကာ ရှေ့နားမှ တပည့်များမှာ စိုးရိမ်သောအမူအရာများ ဖြစ်လာကြသည်။
လေ့ကျင့်ရေးမှူးလင်းက ရယ်မောကာ ဓားကို ဒေါင်လိုက်ကိုင်လျှက် လက်ကိုင်ကို သူတို့ထံသို့ လှည့်ပေးသည်။
“မင်းတို့ ဓားကွက်ကို နားလည်လား”
“ဘယ်သူ အစမ်းလေ့ကျင့်ပြမလဲ”
‘နားလည်သည်လား…’
‘အစမ်းလေ့ကျင့်ပြခြင်းလား’
တပည့်များက ခေါင်းယမ်းသည်။
သူတို့က ဓား မည်ကဲ့သို့ ကျဆင်းလာသည်ကို နားလည်အောင်ကြည့်ရင်း အာရုံများ ထွေပြားနေကြသည်။
လေ့ကျင့်ရေးမှူးလင်းက မျက်မှောင်ကြုတ်ကာ စကားပြောရန်ဟန်ပြင်လိုက်စဉ်မှာပင် တစ်ယောက်က ထပြောသည်။
“လေ့ကျင့်ရေးမှူးလင်း… ကျွန်တော် ကြိုးစားကြည့်မယ်”
သူက ရှေ့ကို လှမ်းလာကာ ဓားလက်ကိုင်ကို ဖမ်းဆုပ်လိုက်သော ဟန်မူယဲ့အား ကြည့်သည်။