← Chapters

ရှေ့ဖြစ်ဟောသူ၏ အော်ရာ

Vol. 145 Ch. 1999

ရှေ့ဖြစ်ဟောသူ၏ အော်ရာ

Vol. 145 Ch. 1999

“ကောင်းကင်ဘုံရဲ့ ကံကောင်းမှုကို သော့ခတ်ပြီး မြေအောက်လောကကို ချိပ်ပိတ်မယ်။ စစ်မှန်တဲ့ တာအိုကို မအောင်မြင်တဲ့ သူတွေဟာ ခံစားမှု ပင်လယ်ထဲမှာ နစ်မြုပ်နေပြီး စစ်မှန်တဲ့တာအိုလမ်းကြောင်းကို ထာဝရ ဆုံးရှုံးရလိမ့်မယ်။ စစ်မှန်တဲ့တာအိုလမ်းကြောင်းကို လျှောက်လှမ်းပါ…”

“မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် ငါဟာ အဲ့စာသားတွေကို လေ့လာနေခဲ့တာ။ ငါ့တန်လင်းကလန်ကို ဘယ်သူကများ ဖျက်စီးပစ်ချင်လဲ ငါ သိချင်ခဲ့တယ်။ သူ့ရဲ့အတွေးတွေကိုလည်း ငါ သိချင်ခဲ့တယ်…”

“ငါ့တန်လင်းကလန်ဟာ လောကရဲ့ အရှုပ်အထွေးတွေထဲ လုံးဝ မပါဝင်ခဲ့ဘူး။ အမြဲတမ်း တင်းကြပ်တဲ့ ကလန်စည်းမျဉ်းအတိုင်း နေထိုင်ခဲ့ကြတာ။ ကလန်တပည့်တွေဟာလည်း အပြင်ထွက်ခဲလှတယ်။ ငါ့မှာ အသိမိတ်ဆွေအများကြီး ရှိတာတောင် ငါ့ကျင့်ကြံမှုပေါ်မှာပဲ အပြည့်အဝ စူးနစ်ထားခဲ့တာ…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါ့အိမ်ဖြစ်တဲ့ တန်လင်းကလန် ဖျက်စီးခံခဲ့ရတဲ့ အခါမှာ ငါဟာ မဟာအင်ပါယာတစ်ယောက်ရှိ သွားပြီး ရှေ့ဖြစ်ကြည့်ခိုင်းခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ တန်လင်းကလန် ဖျက်စီးခံခဲ့ရတဲ့အကြောင်းရင်းကို မကြည့်မြင်နိုင်ခဲ့ကြဘူး…”

“ငါဟာ အင်ပါယာငါးယောက်လုံးရှိ သွားရောက်ခဲ့တယ်။ အင်ပါယာဆရာသခင်ရှိပါ သွားခဲ့သေးတယ်။ ဒါပေမဲ့ ဘယ်သူကမျှ ဒီအကြောင်းရင်းကို မရှာနိုင်ခဲ့ကြဘူး။ အင်ပါယာဆရာသခင်တစ်ယောက်ကသာ ရှေ့ဖြစ်ကြည့်နေတဲ့အချိန်အတွင်း သွေးအန်ခဲ့ပြီး သူ့မျက်လုံးထဲမှာလည်း အကြောက်တရား ပြည့်နှက်သွားခဲ့တယ်။ ဒါပေမဲ့ ဒီအကြောက်တရားဟာ ခဏသာ ကြာမြင့်ခဲ့ပြီး စိတ်ရှုပ်ထွေးမှုက အစားထိုးသွားခဲ့တာ…”

“အင်ပါယာဆရာသခင်ဟာ သုံးရက်လုံးလုံး စိတ်ရှုပ်ထွေးနေခဲ့တယ်။ ငါလည်း သူ့ကို သုံးရက်လုံးလုံး စောင့်ကြည့်နေခဲ့တာပေါ့။ သူ အသိပြန်ဝင်လာတဲ့အခါမှာ သူဟာ ငါ့အတွက် ရှေ့ဖြစ်ကြည့်ခဲ့တဲ့ အချင်းအရာကို မေ့သွားခဲ့ပြီ။ အဲ့သုံးရက်ရဲ့ မှတ်ဉာဏ်တွေကို မမြင်ရတဲ့အားတစ်ခုခုက ပယ်ဖျက်လိုက်သလိုမျိုးပဲ…”

ထိုအဘိုးအိုသည် ယင်းသို့ ခပ်တိုးတိုး ရေရွတ်နေရင်း သူ၏မျက်လုံးထံမှ အံ့မခန်းအမုန်းတရားနှင့် ရူးသွပ်မှု လှစ်ဟပေါ်နေသည်။

“ငါ အဲ့ကျောက်ပြားပေါ်က စာသားတွေကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ငါဟာ အဲ့စာသားတွေကို ငါ့စိတ်ဝိညာဉ်ထဲထိ တေးမှတ်ထားခဲ့တယ်။ ဒါကသာ ငါ့ရဲ့ တန်လင်းကလန်ကို ဖျက်စီးသွားတဲ့သူကို ရှာဖို့ တစ်ခုတည်းဖြစ်တဲ့ သဲလွန်စ မဟုတ်လား…”

အချိန်အတန်ကြာပြီးနောက် သူက ကြမ်းရှရှလေသံဖြင့် ထပ်ပြောလာ၏။ “မင်း အဲ့ကျောက်ပြားကို ကြည့်ချင်လား…”

ဝမ်လင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြ၏။

မျက်လုံးမှိတ်ထားသော ထိုအဘိုးအိုက ဝမ်လင်းခေါင်းညိတ်သည်ကို တွေ့မြင်နိုင်သည့်အလား။ ထိုအဘိုးအိုက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်၏။ ထိုအခါ သည်ဘုံကျောင်းအတွင်း သေခြင်းအော်ရာက မြန်မြန်ဆန်ဆန် ပြည့်နှက်လာသည်။

သည်ဘုံကျောင်းသည် ဖုံးအလိမ်းလိမ်းအထပ်ထပ် ဖြစ်ကာ တိုင်လုံးများပေါ်တွင်လည်း အက်ကြောင်းများ ပေါ်လာလေ၏။ ထိုအဘိုးအိုနောက်ရှိ ရုပ်တုသုံးခုသည်ပင် ကျိုးပဲ့ပျက်စီးလာခဲ့သည်။

ထိုအဘိုးအိုအောက်ရှိ ကြမ်းပြင်ထက်တွင်လည်း အက်ကြောင်းများ ပေါ်လာကာ ပျက်စီးတော့မည့် လက္ခဏများပင်။ ထိုပျက်စီးခြင်းက ဒီဘုံကျောင်းကို ဗဟိုပြုကာ တန်လင်းကလန်တခွင်သို့ ပျံ့နှံ့လာလေသည်။

အစောပိုင်းတုန်းက ရွှေအဆင့်ထိပ်သီးကျင့်ကြံသူနှစ်ယောက် အပါအဝင် တန်လင်းကလန်၏ တပည့်များသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ တန်လင်းကလန်တစ်ခုလုံးသည် သင်္ချိုင်းတစပြင်နေရာကဲ့သို့ ဖြစ်လာသည်။

ကလန်တစ်ခုလုံးတွင်း အလောင်းများ၏ အရိုးစုများသည် ပြည့်ကုန်သည်။

ဘုံကျောင်းအပြင်ဘက်တွင် ရပ်နေသော လျှိုကျင်းပြောင်က သူ့ရှေ့ရှိ အရာအားလုံးကို စိုက်ကြည့်ကာ မင်သက်နေ၏။ ခုခါ၌ သူသည် ထူးခြားသောခံစားချက်ကို ဘာကြောင့် ခံစားနေရသည်ကို သိလိုက်ပေပြီ။ သူ့ဘေးတွင်လည်း သူ့အား ကြည့်နေသော၊ သို့တည်းမဟုတ် ကောင်းကင်ထက်သို့ ငေးကြည့်နေဟန် ရသော အရိုးစုတစ်ခု ရှိနေပြန်သည်။

တန်လင်းကလန်၏ အပြင်ဘက်၌ မားမားရပ်နေသော ကျောက်ပြားမှာလည်း ပျက်စီးခြင်းအငွေ့အသက်တို့ ရိုက်ခတ်နေ၏။ ၎င်းကျောက်ပြောင်းက ပေတစ်ထောင်ကျော် ရှည်လျားချေသည်။

ယင်းပေါ်၌ သွေးဖြင့်ရေးထားသော စာသားများ ရှိပေသည်။

“ကောင်းကင်ဘုံရဲ့ ကံကောင်းမှုကို သော့ခတ်ပြီး မြေအောက်လောကကို ချိပ်ပိတ်မယ်။ စစ်မှန်တဲ့ တာအိုကို မအောင်မြင်တဲ့ သူတွေဟာ ခံစားမှု ပင်လယ်ထဲမှာ နစ်မြုပ်နေပြီး စစ်မှန်တဲ့တာအိုလမ်းကြောင်းကို ထာဝရ ဆုံးရှုံးရလိမ့်မယ်။ စစ်မှန်တဲ့တာအိုလမ်းကြောင်းကို လျှောက်လှမ်းပါ…”

သွေးဖြင့်ရေးထားသော ထိုစကားလုံးများသည် အနီရောင်မတောက်တော့ဘဲ အညိုရင့်ရောင်သွေ့ခြောက်နေခဲ့လေပြီ။ ယင်းကျောက်ပြားထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်ကာ တန်လင်းကလန်တစ်ခုလုံးအား ခြုံလွှမ်းထား၏။ တန်လင်းကလန်၏ ကောင်းကင်ယံမှာလည်း နက်မှောင်နေသည်။

“ဒါက အဲ့ကျောက်ပြားပဲ…”  ထိုအဘိုးအိုက ဝမ်လင်း၏နောက်ရှိ ဘုံကျောင်းအပြင်တွင် ရှိနေသော ထိုကျောက်ပြားထံ စိုက်ကြည့်နေ၏။

ဝမ်လင်းကလည်း လှည့်၍ ၎င်းကျောက်ပြားထံ လှမ်းကြည့်သည်။ သူ ၎င်းကို တွေ့မြင်သည့်အခါ သူ့ခေါင်းထဲတွင် မြည်ဟိန်းထွက်သွားမိသည်။

သူက သူ့ရှေ့ရှိ ထိုကျောက်ပြားကို မြင်ခဲ့ဖူးပေသည်။ သူက ၎င်းကို လှိုဏ်ဂူလောကအတွင်း၌ ခုနစ်ရောင်စုံနယ်မြေအတွင်းတွင် မြင်ခဲ့ဖူးခြင်းပင်။

ဝမ်လင်းအနေဖြင့် ခုနစ်ရောင်စုံနယ်မြေအတွင်းရှိ ထိုကျောက်ပြားသည် အုပ်စိုးသူ နေရာချခဲ့သော အရာဖြစ်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် အခု ကြည့်ရသည်မှာ ၎င်းသည် သူ မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားနေပုံပင်။

ဝမ်လင်းကို တုန်လှုပ်သွားစေသည်က ထိုကျောက်ပြားပေါ်ရှိ စာသားများ၏ လက်ရေးဟန်ကိုပင်။ သူက ပို၍ ကြည့်မိလေလေ အနှီလက်ရေးဟန်ကို ရင်းနှီးသလို ခံစားမိလေပင်။

ထိုလက်ရေးဟန်ကိုက တုပ၍ ရနိုင်၏။ သို့သော် ထိုလက်ရေးဟန်ထံမှ အော်ရာကိုမူ တုပဖို့မှာ အလွန်ခက်ပေလိမ့်မည်။ ဝမ်လင်းက ထိုလက်ရေးဟန်နှင့် ရင်းနှီးရုံသာမက ၎င်းထံမှ အော်ရာကိုပါ သိရှိနေခြင်း ဖြစ်သည်။

“ရှေ့…ရှေ့ဖြစ်ဟောသူ…”  ဝမ်လင်းက မင်သက်သွားမိ၏။ သူသည် ထိုအော်ရာကို မည်သို့ မေ့ပါ့မည်နည်း။ ထိုသူမှာ လှိုဏ်ဂူလောက၌ သူ အလန့်ရဆုံးသူ ဖြစ်ခဲ့တာ မဟုတ်လား။

ထိုသူက လှိုဏ်ဂူလောက၌ ကောင်းကင်ဘုံတာအို၏ အစိတ်အပိုင်းဖြစ်ခဲ့ကာ ဝမ်လင်း၏ ဖျက်စီးခြင်းကိုလည်း ခံခဲ့ရပြီးပင်။ သို့သော် ဝမ်လင်းက ထိုရှေ့ဖြစ်ဟောသူက မသေမည်ကို သံသယ ရှိနေပေပြီ။

ဒီနေရာရှိ လက်ရေးဟန်နှင့်အော်ရာက ခုနစ်ရောင်စုံနယ်မြေအတွင်းရှိ ကျောက်ပြားပေါ်မှ စာသား၊ရေးဟန်တို့နှင့် အတူတူပင်။ ဒီကျောက်ပြား၏ ပုံပန်းသွင်ပြင်က ဝမ်လင်းကို လှိုဏ်ဂူလောကအပေါ် သူ၏ နားလည်သဘောပေါက်မှုအား ဝေဝါးသွားစေတော့သည်။

“လှိုဏ်ဂူလောက၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၊ တန်လင်းကလန်။ ဒီနေရာသုံးခုလုံးနဲ့ ဆက်နွှယ်တဲ့သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူတစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ဝိညာဉ်ဟာ သုံးပိုင်း ကွဲထွက်သွားခဲ့ပြီး ငါ့ရဲ့ ချိပ်ပိတ်တာကို ခံခဲ့ရပြီး မဟုတ်လား။ တတိယစိတ်ဝိညာဉ်ဟာ စုတောက် ဖြစ်တယ်။ ငါ လှိုဏ်ဂူလောကမှာတုန်းကလည်း တန်လင်းကလန်ကို ရောက်လာခဲ့သေးတယ်…”

“ဒါပေမဲ့…ဒီစာသားတွေက ဒီနေရာမှာ ဘာကြောင့် ပေါ်လာရတာလဲ။ ဒီကျောက်ပြား…လှိုဏ်ဂူလောကမှာ တုန်းကလည်း ဒီကျောက်ပြားက ဘာကြောင့် ရှိနေခဲ့ရတာလဲ။ ဘာတွေ ဖြစ်ကုန်ပြီလဲ…”

ဝမ်လင်းက ထိုကျောက်ပြားကို ကြည့်နေလျက် သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်လာသည်။

“တန်လင်းကလန်ကို ဘယ်သူက ဖျက်စီးခဲ့တာလဲ။ ဒီကျောက်ပြားကို ဒီနေရာမှာ ဘယ်သူက ထားခဲ့တာလဲ…”

“ဒီလက်ရေးဟန်နဲ့ အော်ရာကလည်း ရှေ့ဖြစ်ဟောသူရဲ့ အပိုင်ပဲ။ ဒါပေမဲ့ သူဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ဘယ်လိုလုပ် ရောက်လာခဲ့ပြီး တန်လင်းကလန်ကို ဖျက်စီးခဲ့ရတာလဲ…”

“ဒါ့အပြင် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူလည်း ရှိသေးတယ်။ ငါက သူ သေသွားပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူက တကယ်ရော သေသွားတာ ဟုတ်ရဲ့လား…”

“လှိုဏ်ဂူလောကဟာ ကျိန်းသေပေါက် မရိုးရှင်းဘူး။ လှိုဏ်ဂူလောကမှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်များ ကွယ်ဝှက်နေတာလဲ…”

“အတိတ်တုန်းက လှိုဏ်ဂူလောကနဲ့ ပတ်သတ်လို့ အရာအားလုံးကို ငါ သိရှိခဲ့ပြီးလို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငါက ပုန်းကွယ်နေတဲ့ အမှန်တရားရဲ့ အစွန်းအဖျားလောက်ကိုပဲ သိခဲ့တာပါလား…”

ဝမ်လင်းသည် စိမ့်ခနဲ ခံစားမိသွား၏။

“ဒီလက်ရေးဟန်နဲ့ အော်ရာကို မင်းရဲ့ ဘဝမှာ မြင်ဖူးခဲ့ရင် ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါ…”

ဝမ်လင်း၏နောက်မှ အဘိုးအို၏ ရှတတနှင့်ဝမ်းနည်းသောအသံ ထွက်ပေါ်လာ၏။

“မင်း ငါ့ကို ပြောမှ ရမယ်။ ငါ လက်စားပြန်ချေနိုင်ခဲ့ရင် ငါဟာ မင်းထံပါးမှာ သေတဲ့အထိ ကျွန်တစ်ယောက် ဖြစ်လာစေရမယ်…”  ထိုအဘိုးအိုက ဖြည်းဖြည်းချင်း ပြောလာ၏။ သူ၏လေသံတွင် ပြတ်သားမှုတို့ ပြည့်နေသည်။

ထိုအဘိုးအိုက ဤသို့ ပြောပြီးနောက် သူ ညာလက်ကို ဝေ့ယမ်းလိုက်ရာ လေပြေဝေ့ခတ်တိုက်ခတ်သွားသည်။ ဘုံကျောင်းက ၎င်း၏မူလပုံပန်းသွင်ပြင်အတိုင်း ပြန်ရောက်ရှိသွား၏။ တောင်တန်းများက စိမ်းစိုဆဲ၊ ရေတို့က ကြည်လင်ပြီး ကျေးငှက်တို့က တေးသီကာ တန်လင်းကလန်သည် သက်ဝင်လှုပ်ရှားလေ၏။ တန်လင်းကလန်၏ သူတို့ကိုယ်သူတို့ သေဆုံးခဲ့ပြီကို မသိသော တပည့်များကလည်း ဟိုဒီသွားလာနေကြတော့သည်။

ဘုံကျောင်းအပြင်ဘက်ရှိ ကျောက်ပြားမှာလည်း ပျောက်ကွယ်သွား၏။ အရိုးစုများကိုလည်း မမြင်ရတော့ပေ။ လျှိုကျင်းပြောင်က အစောပိုင်းက ကျောက်ပြားရှိခဲ့သော နေရာကို ကြည့်လိုက်သည်။ သူ့ အမွှေးအမျှင်များပင် ထောင်မတ်သွားသလို ခံစားမိလိုက်ရ၏။

“ဒီ...ဒီနေရာက ဘယ်လိုနေရာကြီးလဲဟ…”  လျှိုကျင်းပြောင်က သူ့ဘေးပတ်လည်သို့ ကြည့်လိုက်ရင်း သူ့စိတ်နှလုံးမှာ တချက် ခုန်ပေါက်သွားမိ၏။ သူက တန်လင်းကလန်၏ တပည့်အချို့ကို တွေ့မြင်သည့်အခါ ကြောက်ရွှံ့မှုခံစားချက်က ပို၍ အားကောင်းလာချေသည်။

ဘုံကျောင်းအတွင်း၌ ဝမ်လင်းက မည်သည့် တုန်လှုပ်ဟန်မှ မဖော်ပြဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ငါ မြင်ခဲ့ဖူးတယ်…”

ထိုအဘိုးအိုက ဝမ်လင်းကို ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက သူ့မျက်လုံးထဲရှိ အထီးကျန်ခြင်းနှင့်ဝမ်းနည်းမှုကို ဖုံးကွယ်ဖို့ ခေါင်းငုံ့သွားသည်။ သို့သော် သူ ခေါင်းငုံ့လိုက်သော်ငြားလည်း ထိုဝမ်းနည်းမှုက မပပျောက်သွားပေ။

ထိုအဘိုးအိုက ပြောလာ၏။ “မင်း တန်လင်းကလန်ကို ဒီအတိုင်း ဖြတ်သွားရုံလား။ ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုခုနဲ့ ရောက်လာခဲ့တာလား…”

“ငါ တန်လင်းကန်ကို ငှားယမ်းသုံးစွဲချင်လို့ပါ…”  ဝမ်လင်းက သူ့စိတ်ထဲရှိ မတည်မငြိမ်ဖြစ်မှုကို ဖိနှိပ်လိုက်၏။

“တန်လင်းရေကန်…”  ထိုအဘိုးအိုက ခဏတဖြုတ် စဉ်းစားပြီးနောက် မသိမသာ ခေါင်းညိတ်၏။

“တန်လင်းကန်ထဲက ရေတွေဟာ မဟာပဏ္ဍိတကုန်းမြေထဲမှာ ချိပ်ပိတ်ထားတဲ့ စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်ထားတာ။ ဒီကုန်းမြေမှာ ချိပ်ပိတ်ထားတဲ့ စိတ်ဝိညာဉ်ဟာ သားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ် မဟုတ်ဘူး။ သူစိမ်းပြင်ပကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ပဲ ဖြစ်တယ်…”

“အဲ့လူဟာ ကောင်းကင်ဘုံဘိုးဘေးကို ရှုံးနိမ့်ပြီး ဒီမှာ ချိပ်ပိတ်ခံထားရတာပဲ။ သူ သေသွားခဲ့တာ ကြာလွန်းခဲ့ပြီ။ ဒါပေမဲ့ သူ့ စိတ်ဝိညာဉ်ဟာ မပျောက်ကွယ်သွားခဲ့ဘူး။ အဲ့အစား ဒီကုန်းမြေရဲ့ မြေအောက်မြစ်နဲ့ ပေါင်းစည်းသွားခဲ့တယ်။ တန်လင်းကန်ဟာ ဒီမြစ်စီးဆင်းတဲ့ နေရာတွေထဲက တစ်ခုပဲ…”

“တန်လင်းကန်ထဲကို ကျင့်ကြံသူတစ်ယောက်ဟာ နှစ်ကြိမ် ဝင်ရောက်နိုင်တယ်။ မင်း တတိယကြိမ် ဝင်ရောက်ရင်တော့ ချက်ခြင်း သေရလိမ့်မယ်။ အပြင်လူတွေဟာ တန်လင်းကလန်မှာ တန်လင်းရေကန် ရှိတာကို မသိကြတဲ့သူ များတယ်။ သိတဲ့သူတွေဟာလည်း တန်လင်းရေကန်ထဲဝင်ဖို့ တန်ဖိုးကြီးကြီး ပေးရတယ်…”

“အပြင်ဘက်နဲ့ ကလန်ထဲမှာတောင်‌ ပြောကြတာကတော့ တန်လင်းကလန်ဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ ကူညီပေးနိုင်တယ်တဲ့။ ဒါပေမဲ့ အဲ့သတင်းစကားဟာ အမှားပဲ။ အဲ့လိုသာ ဖြစ်ခဲ့ရင် ငါတို့ တန်လင်းကလန်ဟာ ကောင်းကင်ဘုံကလန်တွေထဲမှာ နံပါတ်တစ် ဖြစ်နေပြီ။ ငါတို့ဟာ ဒီရေကန်ကိုလည်း ထိန်းသိမ်းထားနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။ တန်လင်းကလန်ကို မဟာအင်ပါယာတစ်ယောက်က သိမ်းပိုက်တာ ကြာမြင့်ခဲ့လောက်ပြီ…”

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရေကန်ဟာ လူအများ စိတ်ဝင်စားတာကို ခံရတာပါပဲ။ ဒါပေမဲ့ တန်လင်းကလန်ရဲ့ ပထမဆုံးဘိုးဘေးဖြစ်တဲ့ မဟာအင်ပါယာတန်လင်းရဲ့ ဂုဏ်သတင်းကြောင့် ဒီရေကန်ဟာ ရွှေ့ပြောင်းခြင်း မခံခဲ့ရတာ။ အချိန်နဲ့အမျှ ဒီရေကန်ဟာ အားနည်းလာခဲ့ပေမဲ့လည်း ဘယ်သူကမျှ ဒါကို မလုယူခဲ့ကြဘူး…”

“မဟာအင်ပါယာတန်လင်းလား…”  ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူ့အနေဖြင့် ဒီအမည်ကို ကြားခဲ့ဖူးတာ ပထမဆုံးပင်။

“ကောင်းကင်ဘုံကလန်ရဲ့ မဟာအင်ပါယာငါးယောက်ဟာ ထာဝရ မဟုတ်လေဘူး။ အချို့က ကျရှုံးခဲ့ကြတယ်။ တန်လင်းကလန်ရဲ့ ပထမဆုံးဘိုးဘေးဟာ မဟာအင်ပါယာတစ်ယောက်ပဲ။ ဒါပေမဲ့ သူ ကျရှုံးခဲ့တယ်။ သူ့ခန္ဓာကိုယ် ဘယ်နေရာ ရောက်သွားလည်းတော့ ဘယ်သူမှ မသိကြဘူး။ သူ့ခန္ဓာကိုယ်ကို ရှာဖွေခဲ့ကြတဲ့သူတွေဆို အများအပြားပဲ။ နောက်ပိုင်းမဟာအင်ပါယာတွေထဲက တချို့တလေတောင် ပါဝင်သေးတယ်။ ဒါပေမဲ့ ဘယ်သူမှ မဟာအင်ပါယာတန်လင်းရဲ့ ခန္ဓာကိုယ်ကို မရှာနိုင်ခဲ့ကြဘူး…”

“ကောလဟာလ ပြောကြတာကတော့ ဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို လူတစ်ယောက်ဟာ ရှာတွေ့နိုင်ခဲ့ရင် ထာဝရနတ်ဘုရားနယ်မြေထဲက စမ်းသပ်မှုကို ဖြတ်ကျော်စရာမလိုဘဲ လူတစ်ယောက်ဟာ မဟာအင်ပါယာ ဖြစ်လာနိုင်တယ်တဲ့။ ဒါပေမဲ့ ဒါက ကောလဟာလ တစ်ခုပါပဲ…”

ထိုအဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်၏။

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်မိသည်။ သူသည် တန်လင်းကလန်၌ ထိုသို့သော နောက်ခံ ရှိနေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ မဟာအင်ပါယာတစ်ယောက်က ဒီကလန်၌ အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးပေသည်။

“အခုချိန်မှာ တန်လင်းရေကန်ရဲ့ သက်ရောက်မှုက အားနည်းလွန်းနေခဲ့ပြီ။ ဒီရေကန်ရဲ့ တကယ့်သက်ရောက်မှုအမှန်ကတော့ မင်းကို ထူးခြားတဲ့အခြေအနေတစ်ခုမှာ ရှိစေပြီး ပြင်ပကျင့်ကြံသူ ပိုင်ဆိုင်တဲ့ အထူးအနှစ်သာရတွေကို နားလည်ဆင်ခြင်ဖို့ အခွင့်အရေး ရှိစေတာသာသ ဖြစ်တယ်…”

“မင်း ကျရှုံးခဲ့ရင်တောင် ဒီရေကန်က မင်းရဲ့ အနှစ်သာရတွေကို နည်းနည်း ပိုအားကောင်းလာအောင် လုပ်ပေးနိုင်တယ်…”

All Chapters