ထပ်မံ ရောက်ရှိလာခြင်း
Vol. 145 Ch. 2003
ကျင့်ကြံသူများအတွက် ဆယ့်သုံးနှစ်တာကာလသည် တအောင့်မျှသာ။ ပြီးခဲ့သောဆယ့်သုံးနှစ်အတွင်း ဝမ်လင်းက အကြွင်းမဲ့အစအနှစ်သာရကို နားလည်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် အခုအခါ၌ သူ့ထံတွင် နောက်ထပ် အထူးအနှစ်သာရတစ်ခု ထပ်မံ ပိုင်ဆိုင်လာခဲ့လေပြီ။
အကြွင်းမဲ့အဆုံးအနှစ်သာရကိုမူ ဆယ့်သုံးနှစ်ကြာပြီးနောက် ညအမှောင်က အလင်းကို ဝါးမြိုခြင်းကို အကြိမ်ပေါင်းလေးထောင်ကျော် စောင့်ကြည့်နေခဲ့ပြီးသည့်နောက်တွင်လည်း ဝမ်လင်းသည် ၎င်းကို အပြည့်အဝ မကျွမ်းကျင်ခဲ့သေးပေ။ သို့သော် သူက တန်လင်းကန်၏ အကူအညီဖြင့် အကြွင်းမဲ့အဆုံးအနှစ်သာရနှင့် ပတ်သတ်ပြီး တချို့တလေတော့ နားလည်ခဲ့သည်။
သည်ဆယ့်သုံးနှစ်အတွင်း ခပ်တိုးတိုးအသံက လုံးဝ ထပ်မပေါ်လာခဲ့ပေ။
ဝမ်လင်းသည် တန်လင်းရေကန်၏ အပြင်ဘက်ရှိ ပလ္လင်ပေါ်၌ ထိုင်နေ၏။ သူ၏ကျင့်ကြံမှုအဆင့်က လွန်ခဲ့သောဆယ့်သုံးနှစ်ကနှင့် အတူတူပင်။ သို့သော် တချို့အကြောင်းပြချက်များကြောင့် သူက နေဝင်နေထွက်သည်ကို စောင့်ကြည့်နေရင်း သူ့ဆံပင်တို့က တဖြည်းဖြည်း ပိုရှည်လာခဲ့ချေ၏။
အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးဖွင့်လာသည်။ သူ၏ဘယ်မျက်လုံးထဲတွင် မြင့်တက်လာသော နေမင်းပါဝင်လျက် ညာမျက်လုံးတွင်မူ အမှောင်ထု ပါဝင်၏။ ထိုထူးခြားသောမျက်လုံးတစုံက ဝမ်လင်း၏အသွင်ကို အတော်လေး တမူထူးသွားစေသည်။
“သတ်ဖြတ်ခြင်းနဲ့ အတားအဆီးအနှစ်သာရတို့နဲ့အတူ အကြွင်းမဲ့အစအနှစ်သာရကို ပေါင်းစပ်လိုက်ရင် မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထဲမှာ ဒါဟာ လေးခုမြောက်အနှစ်သာရ ဖြစ်လာလိမ့်မယ်။ အကြွင်းမဲ့အဆုံးအနှစ်သာရကိုတော့ ငါ အပြည့်အဝ သဘောမပေါက်သေးဘူး။ သေးငယ်တဲ့ပြီးပြည့်စုံမှုအဆင့်ထိပဲ ရှိသေးတယ်။ဒါပေမဲ့ ဒီအနှစ်သာရကိုလည်း ငါ အသုံးပြုနိုင်တုန်းပဲ။ ငါ့ကျင့်ကြံမှုဟာ ငါ့မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ဟာ အနှစ်သာရငါးခု ပိုင်ဆိုင်တဲ့အတွက်ကြောင့် တိုးတက်လာနိုင်လောက်တယ်…”
ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။ သူသည် တန်လင်းကလန်သို့ ရောက်လာသည့်အကြောင်းရင်းမှာလည်း သူ၏ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးတစ်ခုကို လာရှာဖွေခြင်းပင်။
သူသည် ထိုအခွင့်အရေးကို တွေ့ပြီး သူ၏ကျင့်ကြံမှုအဆင့်နှင့် တိုးတက်လာသည်နှင့် အင်ပါယာမြို့တော်သို့ မသွားရောက်ခင် သူ့ကြိုတင်ပြင်ဆင်မှုကို ပြီးပြည့်စုံစေဖို့အတွက် အင်ပါယာစမ်းသပ်ကွင်းသို့ သွားရောက်မည် ဖြစ်သည်။
ဝမ်လင်းသည် နေရာတွင် ထိုင်နေစဉ် အရိပ်တစ်ခုက သူ၏ခန္ဓာကိုယ်၌ ပေါ်လာ၏။ သူ၏ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် သူ့ထံမှ ထွက်ပေါ်လာကာ မူရင်းဝမ်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်သည်။
မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က အေးတိအေးစက်ဟန်ပန်နှင့် ရှိနေကာ ၎င်း၏ခန္ဓာကိုယ်မှာလည်း မိုးကြိုးဖြင့် ဖုံးလွှမ်းသည်။ ဝမ်လင်းက သူ၏ထိုခန္ဓာကိုယ်ကို ကြည့်သည့်အခါ၌ သူ့စိတ်ထဲကနေ အဖျက်အစီးအငွေ့အသက်ကို မခံစားမိဘဲ မနေနိုင် ဖြစ်မိသည်။
“ဒီမိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်းမိုးကြိုးမှာ ငါ ကိုယ်တိုင် မရင်းနှီးလှတဲ့ ဖော်ပြလို့တောင် မရတဲ့ အဖျက်အစီးအား ပါဝင်နေတယ်….”
ဝမ်လင်းက သူ၏မိုးကြိုးအနှစ်သာခန္ဓာကိုယ်ကို ကြည့်၏။ ၎င်းမှာလည်း သူကဲ့သို့ပင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပေသည်။
တအောင့် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုမိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ကြည့်သည်။
“မင်းမှာ သတ်ဖြတ်ခြင်းမိုးကြိုးနဲ့ အဖျက်အစီးနဲ့ပြည့်နေတဲ့ မိုးကြိုး ပါဝင်တဲ့အတွက် မင်းအနေနဲ့ ငါ့ရဲ့ အစောပိုင်းနှစ်တွေတုန်းကလိုမျိုး ဝတ်ရုံနက်ကို ဝတ်ဆင်သင့်တယ်။ ပြီးတော့ အမှောင်ထုနဲ့ တသားတည်း ဖြစ်ပြီး ဒါက အကြွင်းမဲ့အဆုံးအနှစ်သာရကို နားလည်ဖို့အတွက် ပို လွယ်ကူစေမယ်…”
သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်၏ ဝတ်ရုံဖြူသည် အလင်းအားလုံးကို စုပ်ယူပစ်သည့် အမှောင်ထုကဲ့သို့ အနက်ရောင်သို့ ပြောင်းသွားလေသည်။
ထိုအခါ ၎င်းခန္ဓာကိုယ်တွင်းရှိ အဖျက်အစီးအားသည် အနည်းငယ် ပိုပြင်းထန်လာသည်ဟုပင် ထင်ရလေ၏။
ဝမ်လင်းက သူ၏မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို တိတ်တဆိတ် ကြည့်နေလျက် သူ့ဘဘ်မျက်လုံးထဲရှိ အကြွင်းမဲ့အစအနှစ်သာရသည် သူနှင့် ထိုခန္ဓာကိုယ်တို့ကြားသို့ ပျံသန်းလာ၏။ တအောင့်ကြာတွင် ၎င်းက သူ၏မိုးကြိုးခန္ဓာကိုယ်ထံ ပျံသန်းဝင်လာသည်။
ထိုခန္ဓာကိုယ်က တုန်ယင်သွားကာ ၎င်းထံမှ ထွင်းဖော်စူးရှသောအလင်း တောက်ပလာသည်။ ထိုအလင်းက မိုးကြိုးအနှစ်သာရခန္ဓာကိုယ်တွင်းရှိ အဖျက်အစီးနှင့် တွန်းကန်လေသည်ဟု ထင်ရသည်။
ဝမ်လင်းသည် ခဏ စောင့်ကြည့်နေသေး၏။ သို့သော် သူက ၎င်းကို အာရုံစိုက်မနေတော့ပေ။ သူ၏ညာမျက်လုံးက မင်ကဲ့သို့ နက်မှောင်သွားပြီး သူ့ညာလက်တွင် အမှောင်ထု သိပ်သည်းကာ နေတစ်စင်း၏အကြမ်းထည်အသွင်သို့ ပြောင်း၏။ ၎င်းမှာ အနက်ရောင်နေတစ်စင်းပင်။
လက်ဝေ့ယမ်းလိုက်ရာ ထိုအနက်ရောင်နေမင်းက သူ၏မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထံ ပျံသန်းကာ ၎င်းနှင့် စတင်ပေါင်းစပ်သည်။
သို့ပေမည့် ထိုအနက်ရောင်နေမင်းက မိုးကြိုးခန္ဓာကိုယ်နှင့် ပေါင်းစပ်ရုံ ရှိသေး ဝမ်လင်း၏နတ်ဘုရားအာရုံသည် ရုတ်တရက် ပျံ့လွင့်လာသည်။ ၎င်းက မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သောဖိအားအဖြစ် ရောက်ရှိစေကာ သူ၏စိတ်ဆန္ဒအတိုင်း ထိုအနှစ်သာရကို ပေါင်းစပ်စေသည်။
အနက်ရောင်နေမင်း၌ အကြွင်းမဲ့အဆုံးအနှစ်သာရ များများစားစား မပါဝင်သော်ငြားလည်း ၎င်းသည် သတ်ဖြတ်ခြင်းမိုးကြိုး၏ စုပ်ယူခြင်းကို ချက်ခြင်းခံလိုက်ရပုံပင်။ အကြောင်းမှာ ၎င်းသည်လည်း အဖျက်အစီးအားနှင့် ဆင်တူလေသောကြောင့်ပင်။ သတ်ဖြတ်ခြင်းမိုးကြိုးက ထပ်မံ၍ ပြောင်းလဲသွား၏။
သတ်ဖြတ်ခြင်းမိုးကြိုးသည် လောကကို ဖျက်စီးနိုင်ကာ လေဟာနယ်ကို ဆုတ်ဖြဲနိုင်သည့် တည်ရှိမှုတစ်ခုပင်။ ၎င်းက အကြွင်းမဲ့အဆုံးအနှစ်သာရနှင့် ပေါင်းစပ်သွားသည့်နောက် အဖျက်အစီးအော်ရာက ထိုမိုးကြိုးခန္ဓာကိုယ်ထံမှ ပျံ့နှံ့လာ၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံသည်ပင် ၎င်းခန္ဓာကိုယ်ကို ဆက်လက်၍ ဖိနှိပ်မထားနိုင်တော့သလို ခံစားလာရသည်။
သက်ရှိအားလုံးကို သတ်ဖြတ်ပစ်နိုင်ခြင်း၊ လောကကို ဖျက်စီးနိုင်ခြင်း။ အလင်းကို ဆုပ်ဖြဲကာ အရာအားလုံးကို အမှောင်တိအကျစေကာ အပျက်အစီးပုံ ဖြစ်အောင် လုပ်နိုင်ခြင်း။ ဤသည်ကား ဝမ်လင်း ဖန်တီးခဲ့သော မိုးကြိုးအနှစ်သာရခန္ဓာကိုယ်၏ အပြည့်အဝအားပင်။
သို့သော် ထိုအားသည် အတားအဆီးအနှစ်သာရကြောင့် အနှစ်သာရခန္ဓာကိုယ်ထဲပ ပိတ်လှောင်ခြင်း ခံထားရ၏။ ချိပ်ပိတ်မှုတစ်ခုကဲ့သို့ပင်။ ထိုအားသည်သာ လွတ်လပ်သွားသည်နှင့် ၎င်းက ကြောက်မက်ဖွယ်ကပ်ဘေးတစ်ခုကို ဖြစ်စေပေလိမ့်မည်။
မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် ထိုခန္ဓာကိုယ်တွင်းရှိ အတားအဆီးအနှစ်သာရက ချိပ်ပိတ်မှုကြောင့် ယင်းအဖျက်အစီးအားသည် မျှခြေအနေထား၌ ရှိနေရုံမျှသာ။ သို့သော် အကြွင်းမဲ့အဆုံးအနှစ်သာရကို ထည့်ပေါင်းလိုက်သည့်အခါ၌ ယင်းမျှခြေသည် တိုက်ရိုက် ပျက်စီးသွားတော့သည်။
ထိုသည်ကို ဝမ်လင်းအနေဖြင့် မမျှော်လင့်ထားပေ။ အတားအဆီးအနှစ်သာရက အဖျက်အစီးအားကို ဆက်လက် မထိန်းသိမ်းထားနိုင်သည့်အခါ၌ အကြွင်းမဲ့အစအနှစ်သာရ၏ အလင်းက အတားအဆီးအနှစ်သာရနှင့် ပေါင်းစပ်သွားလေသည်။ ထိုအခါ အဖျက်အစီးအးကို ထပ်မံ ဆန့်ကျင်ထိန်းညှိပေးသော ချိပ်ပိတ်မှုအသစ် ဖြစ်ထွန်းလာခဲ့သည်။
ထိုချိပ်ပိတ်ခြင်းနှင့် ခုခံမှုအောက်၌ ဝမ်လင်း၏မိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် ပေါက်ကွဲတော့မည့် မီးကဲ့သို့ အဆင်သင့် ဖြစ်နေသည့်အလား။
ဖျက်စီးခြင်းနှင့်ချိပ်ပိတ်ခြင်း၊ အမှောင်ထုနှင့်အလင်း။ သည်အခိုက်၌ အနှီမိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် မျှခြေအနေထားသို့ ရောက်လာခဲ့၏။ အကြွင်းမဲ့အစအနှစ်သာရသည် အတားအဆီးအနှစ်သာရနှင့် ပေါင်းစည်းထားသော်လည်း ၎င်းက သတ်ဖြတ်ခြင်းနှင့်အကြွင်းမဲ့အဆုံးအနှစ်သာရတို့ကို ခုခံဖို့ကတော့ မလုံလောက်သေးပေ။ အန္တရာယ်က ခုထိ မပပျောက်သွားသေးပေ။ သို့သော် ဝမ်လင်းက ထိုသို့ လုပ်ရမည်သာ။
သူသည် ထိုသတ်ဖြတ်ခြင်းမိုးကြိုးကို မတော်တဆ ဖန်တီးခဲ့သည့်ချိန်မှစ၍ ထိုအနှစ်သာရခန္ဓာကိုယ်သည် သူ၏နောက်ထပ် အနှစ်သာရခန္ဓာကိုယ်ဖြစ်သော ဒြပ်စင်ငါးခုခန္ဓာကိုယ်နှင့် အလွန်မတူညီသည်မှာ သတ်မှတ်လိုက်ပြီး ဖြစ်လေ၏။
မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ထဲ၌ အထူးအနှစ်သာရလေးခုက ပူးပေါင်းကာ ၎င်းကို ခုခံထားသည်။ ယင်းတို့က မျှခြေအဖြစ်တစ်ခုတည်းသို့ ပေါင်းစပ်သွားချိန်၌ ယင်းအနှစ်သာရခန္ဓာကိုယ်သည် မျက်လုံးဖွင့်လာ၏။ ၎င်း၏ဘယ်မျက်လုံးထဲ၌အလင်း၊ ညာမျက်လုံးတွင် အမှောင်ထု ပါဝင်သည်။ ၎င်းသည် ဝမ်လင်းထံသို့ ခြေလှမ်းကာ သူနှင့် တသားတည်း ပြန်ပေါင်းစည်းသွားသည်။
ထိုအခိုက်တွင် ဝမ်လင်း၏ကျင့်ကြံမှုက ရုတ်တရက် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ကနေ တိုးတက်လာ၏။ ထိုအခါ သူ၏အထက်ရှိ တိမ်စိုင်များ လွင့်ကြဲပြီး လောကသည် အရောင်များ ပြောင်းလဲကုန်၏။ တန်လင်းကလန်ထက်ရှိ ကောင်းကင်သည် အမှောင်ထုတချို့တဝက်၊ အလင်းဓာတ် တချို့တဝက် ရှိလေ၏။ ၎င်းက အလင်းနှင့်အမှောင်ကြား တလှည့်စီ ပြောင်းနေလျက် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ တုန်ဟည်းမြည်သံ ထွက်ပေါ်လာသည့်အထိပင်။ ဝမ်လင်းကား လေဟာနယ်အတိဒုက္ခအလယ်အဆင့်သို့ ချိုးဖျက် ရောက်ရှိသွားခဲ့လေပြီ။
ဝမ်လင်းက ရုတ်တရက် ထရပ်၏။ လောကရှိ ပြောင်းလဲမှုများသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားကာ လေပင် မတိုက်ခတ်၊ မည်သည့်အရာမျှ မလှုပ်ခတ်ဘဲ ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်သွားလေ၏။
သူက နေရာတွင် ရပ်နေ၏။ အချိန်အတန်ကြာပြီးမှ သူ လှုပ်ရှားလာသည်။ ရွှေ့အဆင့်ထိပ်သီးပင်လယ်နဂါးက ဝမ်လင်းထံ ကြောက်ကြောက်ရွှံ့ရွှံ့ဖြင့် ပျံသန်းလာပြီးနောက် ဝမ်လင်းက ၎င်း၏ဦးခေါင်းပေါ်သို့ ခြေချလိုက်သည်။
လျှိုကျင်းပြောင်ကလည်း သတွေးမြိုချမိကာ ဝမ်လင်းကို ကြောက်ရွှံ့စွာ ကြည့်မိ၏။ သူက ပင်လယ်နဂါးကျောပေါ်သို့ အမြန်ရောက်လာပြီး ဝမ်လင်း၏နောက်တွင် တရိုတသေ ရပ်နေလေ၏။
သူ၏ကျင့်ကြံမှုအဆင့်မှာလည်း သူ့မှတ်ဉာဏ်များနှင့် ပင်လယ်နဂါး၏ အကူအညီတို့ကြောင့် လွန်ခဲ့သောဆယ့်သုံးနှစ်အတွင်း အားလုံးနီးပါး ပြန်ရရှိနေပြီ ဖြစ်၏။
ဝမ်လင်းက ပင်လယ်နဂါး၏ဦးခေါင်းထက်တွင် ရပ်နေလျက် ထိုနဂါးက လေထဲသို့ မြင့်တက်လာ၏။ ဝမ်လင်းက အောက်ဘက်ရှိ တန်လင်းကလန်နှင့် တန်လင်းရေကန်တို့ကို ငုံ့ကြည့်၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဆုပ်ကာ တန်လင်းကလန်ထံ အရိုအသေ ပြုလိုက်၏။
“စီနီယာက သေသွားပြီး ဖြစ်ပေမဲ့လည်း စီနီယာငါ့ကို ပေးခဲ့တဲ့ မျက်နှာသာပေးမှုက ငါ့အနေနဲ့ မေ့မပစ်မယ့် အရာတစ်ခုပါ…” ဝမ်လင်း၏အကြည့်က တန်လင်းဘုံကျောင်းထံ ကျရောက်သွား၏။ ထိုအခါတွင် သူက အထီးကျန်ဝမ်းနည်းနေသောအဘိုးအိုတစ်ယောက်ကို တွေ့မြင်သည်။
ဝမ်လင်းက သက်ပြင်းချမိ၏။ ထို့နောက်တွင် ပင်လယ်နဂါးက သူ့အမိန့်အတိုင်း ပျံသန်းထွက်လာတော့သည်။
ဝမ်လင်းသည် တန်လင်းကလန်ကနေ ထွက်ခွာလာခဲ့လေပြီ။
သို့သော် သူသည် မဟာပဏ္ဍိကုန်းမြေကနေ ထွက်လာခဲ့ခြင်း မရှိသေးပေ။ သူက တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ ပင်လယ်နဂါးက စောင့်ကြပ်နေလျက် ဝမ်လင်းက သူ့ပတ်လည်တွင် အတားအဆီးများကို နေရာချ၏။ အရှေ့အရပ်မှ နေ ထွက်လာနေစဉ် သူက မျက်လုံးမှိတ်လိုက်၏။
“ငါ အင်ပါယာစမ်းသပ်ကွင်းကို သွားရောက်ရမယ်။ အတိတ်တုန်းက ငါဟာ လေးခုမြောက်နန်းတော်ကိုပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ အခု ဒီတစ်ကြိမ်မှာ ငါ အဆင့်ဘယ်နှစ်ခု ဖြတ်သန်းနိုင်မလဲ သိချင်မိတယ်…”
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူက သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာမှုကနေ ထွက်ပေါ်သော တုန်ခါလှိုင်းတို့ကို တည်ငြိမ်စေ၏။ သုံးလကြာပြီးနောက် သူသည် ခုလက်ရှိ ကျင့်ကြံမှုကို ရင်းနှီးကျွမ်းဝင်လာသည်။ သူက ညာလက်ကို ပင့်မြှောက်ဝေ့ယမ်းလိုက်ရာ မန္တာန်များ ပေါ်လာစေသည်။
“ငါ လေဟာနယ်အတိဒုက္ခအစောပိုင်းမှာတုန်းက ငါ့ကျင့်ကြံမှုအဆင့် ကန့်သတ်မှုကြောင့် ငါ့အနေနဲ့ မန္တာန်ဆယ့်သုံးခုကိုပဲ ပေါင်းစည်းနိုင်ခဲ့တယ်။ အခု ငါဟာ လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကို ရောက်နေပြီ။ ငါ့အနေနဲ့ မန္တာန်ဘယ်နှစ်ခုကို ပေါင်းစည်းနိုင်မလဲ သိချင်မိတယ်…။ ပြီးတော့ ငါ့ရဲ့ အနှစ်သာရခန္ဓာကိုယ်တွေနဲ့ အနှစ်သာရတွေရဲ့ အကူအညီနဲ့ဆို မန္တာန်ဘယ်နှစ်ခုများ စုစုပေါင်း ပေါင်းစည်းနိုင်မလဲ…”
ဝမ်လင်း၏မျက်လုံးသည် မျှော်လင့်ချက်ဖြင့် တောက်ပနေ၏။
အသက်ဝဝရှိုက်သွင်းပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့နတ်ဘုရားအာရုံသည် သူ့ဦးခေါင်းထက်တွင် စုဝေးလာသည်။ သူသည် မမြင်ရသောခန္ဓာကိုယ်တစ်ခုကို ဖြစ်ပေါ်စေကာ ကောင်းကင်ထက်သို့ တိုးဝင်လာတော့သည်။
“ဒီတစ်ကြိမ် ငါဟာ တချီတည်းနဲ့ ကျော်ကြားလာစေရမယ်။ ဒီတစ်ကြိမ် ငါဟာ အင်ပါယာအတုအားလုံးက ငါ့ကို မော်ကြည့်စေရမယ်။ ဒီတစ်ကြိမ် ငါဟာ အင်ပါယာအတုတွေကြားမှာ နံပါတ်တစ် ဖြစ်လာစေရမယ်…”
“ဒီတစ်ကြိမ်…ငါဟာ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာကျင့်ကြံသူ ဖြစ်လာစေရမယ်။ ဒီတစ်ကြိမ် ငါဟာ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ရဲ့ စွမ်းအားကိုလည်း အသုံးပြုမယ်…”
ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ကောင်းကင်ထက်သို့ မမြင်ရသောအခိုးအငွေ့တိုင်လုံးအလား ဦးတည်သွား၏။ သူက အထက်ထိ ဆက်တိုက် ထိုးတက်သွားရင်း သူ့စိတ်မှာ တုန်ယင်သွားသည့်အထိပင်။ သူ၏အမြင် ပြန်ကြည်လင်လာသည့်အခါ၌ သူက သူ ရောက်ရှိခဲ့ဖူးသော အင်ပါယာစမ်းသပ်ကွင်းကို တွေ့မြင်လိုက်ရသည်။
သူက ထိုသီးသန့်ဖြစ်သောနေရာရှိ ကောင်းကင်ထက်၌ လွင့်မြောနေသော နန်းတော်များနှင့် ပထမဆုံးနန်းတော်၏အပြင်ဘက်တွင် ထိုင်နေကြသော အင်ပါယာအတုရာချီကိုလည်း တွေ့မြင်သည်။
အလားတူပင် ထိုအင်ပါယာအတုများကလည်း ရောက်ရှိလာသော ဝမ်လင်းကို တွေ့မြင်သည်။
“ဆံဖြူအင်ပါယာအတု…”
“အရင်တုန်းက သူဟာ လေးခုမြောက်အဆင့်ထိ ဖြတ်သန်းနိုင်ခဲ့တာ ငါ မှတ်မိသေးတယ်။ အခု သူက ငါးခုမြောက်အဆင့်ဖြစ်တဲ့ ငါးခုမြောက်နန်းတော်ကို ချိုးဖျက်ကြည့်ဖို့ လာကြိုးစားတာလို့ ငါ ထင်တယ်။ ဒါပေမဲ့ သူ လက်လျှော့ပြီး ပြန်ထွက်သွားရလိမ့်မယ်…”
“သူက သူ မဖြတ်ကျော်နိုင်လောက် သိမယ့်ပုံပဲ။ ဒီတစ်ကြိမ် သူက ဉာဏ်အလင်းအချို့ ရခဲ့ပြီး ငါးခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ချင် ရှိပုံ ရတယ်…”
“သူပဲကို…” ပထမနန်းတော်၏အပြင်ဘက်၌ ဝတ်ရုံနက်ဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ရှိနေသည်။ သူသည် မောက်မာမည့်ဟန် ပေါ်၏။ ထို့ကြောင့် သူ့ပတ်လည်တွင် မည်သူမျှ ရှိမနေချေ။ သူက ဝမ်လင်း ရောက်လာသည်ကို ခုမှ ပထမဆုံးမြင်ဖူးတာလည်း ဟုတ်၏။
သူ၏အမြင်သည် ကျူးလင်ပင်။ အတိတ်တုန်းက သူသည် ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့သော်ငြားလည်း ရှစ်ခုမြောက်တွင် ရပ်တန့်ခဲ့ပေသည်။