← Chapters

တကိုယ်တော် ထွန်းထင်းတောက်ပခြင်း(၂)

Vol. 145 Ch. 2005

တကိုယ်တော် ထွန်းထင်းတောက်ပခြင်း(၂)

Vol. 145 Ch. 2005

ရွှေရောင်အလင်းက အင်ပါယာစမ်းသပ်ကွင်းကို ခြုံလွှမ်း၏။ အင်ပါယာအတုများသည် တည်ငြိမ်စွာသာ ရှိနေကြပြီး အံ့အားသင့်သွားဟန် မဖြစ်ပေါ်ကြပေ။

လူအများက မော့၍ပင် မကြည့်ကြဘဲ သူတို့၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားကြသည်။

အကွာအဝေးတစ်ခုရှိ အင်ပါယာအတုကျူးလင်းကလည်း မျက်လုံးဖွင့်မလာပေ။ သူက သူ့ကိုယ်ပိုင်လောက၌သာ အာရုံစိုက်ထားကာ ရှစ်ခုမြောက်နန်းတော်ကို မည်သို့ဖြတ်ကျော်ရမည်အား တွေးတောနေပေသည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ရှစ်ခုမြောက်နန်းတော်ကို ဖြတ်ကျော်ဖို့ စွမ်းအား ရှိသင့်၏။ သို့သော် သူသည် ထိုအဆင့်၌ တန့်နေခဲ့ရသည်။

“ဒီဆံဖြူအင်ပါယာအတုက ငါးခုမြောက်နန်းတော်ထဲ ဝင်ရောက်ပြီး ရွှေရောင်အလင်း ပေါ်လာဖို့ အချိန်တချို့ အသုံးပြုခဲ့ရတယ်။ သူ ပထမဆုံးနန်းတော်လေးခုကို ဖြတ်သန်းခဲ့ချိန်တုန်းက ကြားသိခဲ့ရတဲ့အမြန်နှုန်းနဲ့ အများကြီး အလှမ်းကွာနေတယ်။ သူဟာ ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ အားစိုက်ထုတ်မှုအချို့ လုပ်ခဲ့ရပုံပဲ…”

“သူ့အနေနဲ့ ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တဲ့ အမြန်နှုန်းက သာမန်ပါပဲ…”

“သူ အရင်တုန်းကလိုမျိုး ထွက်သွားဖို့ ရွေးချယ်မလား၊ ဒါမှမဟုတ် ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ကြိုးစားကြည့်မလား ငါ သိချင်မိတယ်။ ဒါပေမဲ့ သူ ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်စွမ်း မရှိလောက်ဘူး…”

အပေါ်သို့ မော့ကြည့်လာသော အင်ပါယာအတုများက တိတ်တဆိတ် တွေးနေကြ၏။ အချို့က အနည်းငယ်ပင် စိတ်ပျက်ကြသေးသည်။ တကယ်တော့ သူတို့ ဂရုစိုက်ရသည့်အကြောင်းရင်းမှာ သူတို့သည် ဝမ်လင်းအနေဖြင့် ပထမနန်းတော်လေးခုကို ဖြတ်သန်းခဲ့သော အမြန်နှုန်းကြောင့်ပင်။

ထိုသို့ မဟုတ်ပါက ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ရုံဖြင့် တုန်လှုပ်ဖွယ်ကောင်းသော်ငြားလည်း အာရုံသိပ်စိုက်နေဖို့ လိုလိမ့်မည် မဟုတ်ပေ။

ဝမ်လင်း၏ပုံရိပ်က ငါးခုမြောက်နန်းတော်၏ ရွှေရောင်အလင်းထံမှ ပျံသန်းထွက်လာ၏။ သူသည် တည်ငြိမ်နေသည်။ သူက အောက်သို့ ငုံ့မကြည့်ဘဲ ထိုအစား ခြောက်ခုမြောက်နန်းတော်ထံ ဦးတည်၏ သူ၏မျက်လုံးက တောက်ပလာကာ သူသည် ခြောက်ခုမြောက်နန်းတော်ထံ တုံ့နှေးခြင်းမရှိ ဦးတည်၏။

ဤသည်ကို အောက်ဘက်မှ အင်ပါယာအတုများက တွေ့မြင်၏။ သူတို့က ဝမ်လင်းအပေါ် အာရုံစိုက်လာကြသည်။

“သူက တကယ်ပဲ ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ကြိုးစားမယ်ပေါ့။ သူ အဲ့အဆင့်မှာ ရပ်နေရလိမ့်မယ်။ ငါးခုမြောက် နန်းတော်မှာတောင် အချိန်တချို့ အသုံးပြုခဲ့ရတဲ့အတွက် သူ ခြောက်ခုမြောက်နန်းတော်ကို ကျိန်းသေပေါက် ဖြတ်သန်းနိုင်လိမ့်မှာ မဟုတ်ဘူး…”

“ဒီဆံဖြူအင်ပါယာအတုက ထွက်မသွားခဲ့ဘူးလား…”

“ခြောက်ခုမြောက်နန်းတော်…စိတ်ဝင်စားစရာပဲ။ သူသာ ဒါကို ဖြတ်ကျော်နိုင်ရင် သူနဲ့ မိတ်ဆွေလုပ်ဖို့ ထိုက်တန်ပြီ…”

အောက်ဘက်ရှိ အင်ပါယာအတုအားလုံးနီးပါးက ဝမ်လင်းသည် ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။ တကယ်တော့ ဝမ်လင်း ငါးခုမြောက်နန်းတော်၌ သုံးစွဲခဲ့သောအချိန်ပမာဏက သာမန်ဆန်လွန်းခဲ့သည် မဟုတ်လား။

ငါးခုမြောက်နန်းတော်မှ ရွှေရောင်အလင်း ထွက်ပေါ်လာခဲ့ချိန်၌ မျက်လုံးဖွင့်မလာသော တချို့အင်ပါယာအတုများသည် ခြောက်ခုမြောက်နန်းတော်ထံ လှမ်းကြည့်လာကြသည်။

အကွာအဝေးတစ်ခုရှိ အင်ပါယာအတုကျူးလင်းကလည်း မျက်လုံးဖွင့်လာပြီး ပြန်မှိတ်ရန် ဟန်ပြင်လိုက်စဉ် ရုတ်ချည်း သူသည် တောက်ပလင်းလဲ့သော ရွှေရောင်အလင်းကို တွေ့မြင်လိုက်ရ၏။

ထိုအလင်း ထွက်ပေါ်လာသည့်အခါ အင်ပါယာအတုကျူးလင်၏အမူအရာက အလေးအနက် ဖြစ်လာ၏။

သူတစ်ယောက်တည်း ထိုသို့ ဖြစ်သွားသည် မဟုတ်ပေ။ ပထမဆုံးနန်းတော် အပြင်ဘက်ရှိ ရှိနေကြသော အင်ပါယာအတုအားလုံး၏ မျက်လုံးထဲတွင်လည်း ရွှေရောင်အလင်း ပေါ်လာ၏။

ယင်းရွှေရောင်အလင်းက ခြောက်ခုမြောက်နန်းတော်မှ အလင်း၏ ရောင်ပြန်ဟပ်လာတာ ဖြစ်၏။

ခြောက်ခုမြောက်နန်းတော်ထံမှ ဝမ်လင်း ဝင်ရောက်သွားပြီး အသက်ခုနစ်ရှိုက်စာ မပြည့်ချင်အချိန်မှာပင် တုန်လှုပ်ဖွယ် ရွှေရောင်အလင်းကို ထုတ်လွှတ်လာခဲ့ပေသည်။ ထိုအလင်းက ငါးခုမြောက်နန်းတော်မှ ရွှေရောင်အလင်းနှင့်ပင် ချိတ်ဆက်သွားသေးသည်။

“ဒါ…ဒါက…”  အောက်ဘက်မှ တချို့အင်ပါယာအတုများသည် ရုတ်တရက် ထရပ်ကာ သူတို့၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်လာ၏။

“သူ ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းသွားခဲ့တယ်။ ပြီးတော့ ဒါက အသက်ခုနစ်ရှိုက်စာလောက်ပဲ ကြာခဲ့တာပဲ…”

“လွန်ခဲ့တဲ့နှစ်ဒါဇင်ကျော်ကလည်း သူဟာ ပထမနန်းတော်လေးခုကို တခါတည်း ဖြတ်သန်းခဲ့တယ်။ အခု ငါးခုမြောက်နဲ့ခြောက်ခုမြောက်နန်းတော်ကိုလည်း အဲ့လိုပုံစံ ဖြတ်သန်းလိုက်ပြီ။ သူ့ကျင့်ကြံမှုအဆင့်ဟာ ကျိန်းသေပေါက် သာမန်မဟုတ်ဘူး…”

“ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်စွမ်း ရှိတာဟာ သူ့အနေနဲ့ အနည်းဆုံး သူ့ခန္ဓာကိုယ်မှာ မန္တာန်ငါးဆယ်ပေါင်းစပ်နိုင်တယ်လို့ ဆိုလိုတယ်။ ကောင်းကင်ဘုံကလန်တစ်ခုလုံးမှာ ဒီလိုလုပ်နိုင်တဲ့ အင်ပါယာအတုကျင့်ကြံသူဟာ အယောက်လေးရာ မပြည့်ဘူး…”

အောက်ဘက်ရှိ အင်ပါယာအတုအားလုံးသည် အလေးအနက်အမူအရာများ ဖြစ်လာကာ သူတို့က ကောင်းကင်ထက်သို့ ကြည့်နေသည်။ အစောပိုင်းတုန်းက အာရုံစိုက်ဖို့ မထိုက်တန်ဟု ထင်မြင်ကာ မျက်လုံးမှိတ်ထားကြသူများသည်လည်း မျက်လုံးဖွင့်လာခဲ့ကြ၏။ သူတို့က ခြောက်ခုမြောက်နန်းတော်၏ ရွှေရောင်အလင်းမှ တရကြမ်း ထွက်လာသော ပုံရိပ်ကို လှမ်းမော့ကြည့်ကြသည်။

ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်သူများသည် အင်ပါယာအတုများကြား၌ပင် အစွမ်းထက်လှသည်ဟု ယူဆနိုင်၏။

အင်ပါယာအတုကျူးလင်က ဝမ်လင်း၏ပုံရိပ်ကို စိုက်ကြည့်နေလျက် သူ့အမူအရာက အလေးအနက် ဖြစ်လာသည်။

“ခုနစ်ခုမြောက်နန်းတော်၊ သူ ခုနစ်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ သွားရောက်အုံးမှာလား…”

“သူဟာ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ကြိုးစားနေတာပဲ။ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့သူဟာ နှစ်ရာတောင် မပြည့်ဘူး။ သူဟာ ခြောက်ခုမြောက်နန်းတော်ကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ပေမဲ့လည်း ခုနစ်ခုမြောက်နန်းတော်ကတော့ လွယ်မှာ မဟုတ်ဘူး…”

“ဖြစ်နိုင်တာက သူ တကယ်ပဲ ဖြတ်သန်းနိုင်လောက်မှာလား…”   အောက်ဘက်ရှိ အင်ပါယာအတုများသည် ခုနစ်ခုမြောက်နန်းတော်ထံ တိုက်ရိုက် ပျံသန်းသွားသော ဝမ်လင်းကို ကြည့်နေလေ၏။

အင်ပါယာကျူးလင်းသည် ဆက်လက်၍ မကျင့်ကြံတော့ဘဲ သူက ခုနစ်ခုမြောက်နန်းတော်တွင်းသို့ ပျောက်ကွယ်သွားသော ဝမ်လင်းကို ကြည့်နေ၏။ ခုခါ၌ သူ၏အမူအရာက အလေးအနက် ဖြစ်နေပေသည်။ ဝမ်လင်းကသာ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပါက ဝမ်လင်းသည် သူနှင့်အဆင့်တူ ဖြစ်သွားပြီဟု ဆိုလိုပေသည်။ သူ့အနေဖြင့် ဂရုမစိုက်ဘဲ မည်သို့ရှိပါ့မည်နည်း။

ဝမ်လင်းက ခုနစ်ခုမြောက်နန်းတော်ထံ ဝင်ရောက်လာချိန်၌ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ငြိမ်သက်တိတ်ဆိတ်ကာ အပေါ်သို့ မော့ကြည့်နေ၏။

အသက်တရှိုက်စာ၊ နှစ်ရှိုက်စာ၊ သုံးရှိုက်စာ၊ လေးရှိုက်စာ၊ ငါးရှိုက်စာ။ အသက်ငါးရှိုက်စာ အချိန်ကုန်လွန်ပြီးနောက် အင်ပါယာအတုကျင့်ကြံသူ အများစုသည် မယုံကြည်နိုင်ဟန်ဖြင့် အံ့အားတသင့် ဖြစ်ကုန်သည်။

ကောင်းကင်ထက်ရှိ ခုနစ်ခုမြောက်နန်းတော်သည် အသက်ငါးရှိုက်စာပြီးနောက် ထွန်းလင်းတောက်ပလာခဲ့သည် မဟုတ်လား။ ထိုအလင်းက ခြောက်ခုမြောက်နှင့်ငါးခုမြောက်တို့မှ အလင်းနှင့် ချိတ်ဆက်သွားသေးသည်။ ယင်းအလင်းသည် ဒီအင်ပါယာစမ်းသပ်ကွင်းတစ်ခုလုံးကို ထင်းလင်းစေသည့် နေတစ်စင်းကဲ့သို့ပင်။

ဆံဖြူပုံရိပ်တစ်ခုက ခုနစ်ခုမြောက်အလွှာကနေ လှမ်းထွက်လာ၏။ သူ့ထံမှ ထုတ်လွှတ်နေသောအော်ရာက အောက်ဘက်မှ အင်ပါယာအတုများကို အသက်ရှုရပ်သွားစေသည်။

“သူ…သူ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာပဲ…”

“အသက်ငါးရှိုက်စာ၊ ခြောက်ခုမြောက်နန်းတော်ထက်တောင် ပိုမြန်နေသေးတယ်။ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ ဘယ်လိုမျိုးတိုက်ခိုက်စွမ်းအား ပိုင်ဆိုင်ရမှာလဲ။ သူ့နာမည်ဟာ အချိန်တိုအတွင်း ကောင်းကင်ဘုံကလန်တစ်ခုလုံးကို လှုပ်ခါစေတော့မယ်…”

“ခုနစ်ခုမြောက်နန်းတော်ကို အသက်ငါးရှိုက်စာနဲ့ ကျော်ဖြတ်နိုင်တာ။ ဒီလိုအမြန်နှုန်းကို အရင်က ငါ လုံးဝ မကြားသိခဲ့ဖူးဘူး…”

အောက်ဘက်မှ ကျင့်ကြံသူများ၏ စိတ်နှလုံးမှာ တုန်ယင်နေ၏။ သူတို့သည် ဝမ်လင်းအပေါ် အထင်အမြင်သေးမှု တစိုးတစိမျှ မရှိတော့ပေ။ ထိုအစား သူတို့၏မျက်လုံးထဲ၌ လေးစားမှုတို့ ရှိလာသည်။

သူတို့ထဲမှ လေးခုမြောက်၊သို့မဟုတ် ငါးခုမြောက်နန်းတော်တွင် တစ်နေသော ကျင့်ကြံသူအချို့က ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လာသည်။

သန်မာသောအင်ပါယာအတုနှင့် အားနည်းသောအင်ပါယာအတုများကြား ကွာဟချက်က ကျယ်ပြန့်ပေ၏။ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်သူများသည် တခြားအင်ပါယာအတုများ၏ လေးစားခံရဖို့ အမှန်ပင် ထိုက်တန်ပေသည်။ ဥပမာအားဖြင့် အင်ပါယာအတုကျူးလင်းပင်။ သူသည် မောက်မာသော်လည်း သူ အင်ပါယာစမ်းသပ်ကွင်းကို ဖြတ်ကျော်ဖို့ ကြိုးစားတိုင်း လူတိုင်းက စောင့်ကြည့်ကြလိမ့်မည် ဖြစ်၏။

“ခုနစ်ခုမြောက်နန်းတော်…”  အင်ပါယာအတုကျူးလင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ဝမ်လင်းထံ၌ ထိုသို့သောခွန်အားမျိုး ပိုင်ဆိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

“သူ ရှစ်ခုမြောက်နန်းတော်ကိုလည်း ကြိုးစားအုံးမှာလား။ ရှစ်ခုမြောက်နန်းတော်ဟာ ခက်ခဲတယ်…”

ကောင်းကင်ထက်၌ ဝမ်လင်းသည် ခုနစ်ခုမြောက်နန်းတော်မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းအတွင်း တည်ငြိမ်စွာ ရပ်နေ၏။ သည်နန်းတော်၌ သူသည် သူ၏မိုးကြိုးနှင့် ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်တို့ကို အသုံးပြုခဲ့ရပေသည်။ သူ၏အနှစ်သာရခန္ဓာကိုယ်နှစ်ခုဖြင့်သာ သူသည် ခုနစ်ခုမြောက်နန်းတော်ကို လွှမ်းမိုးတိုတောင်းစွာ ဖြတ်သန်းနိုင်ခဲ့တာပင်။

“ငါ ပိုပြီး ဆက်သွားလေလေ ပိုခက်ခဲလေ ဖြစ်လာမှာပဲ။ ရှစ်ခုမြောက်နန်းတော်ကရော ဘယ်လိုအနေအထား ရှိမလဲ ငါ သိချင်မိတယ်…”  ဝမ်လင်းက ရှစ်ခုမြောက်နန်းတော်ကို ကြည့်ကာ ၎င်းထံ ပျံသန်းလာတော့၏။

သူသည် စမ်းသပ်မှုကို ဖြတ်သန်းရမည် ဖြစ်ပြီး တခြားသူများ၏ အပြုအမူတို့ကို ဂရုစိုက်မနေပေ။

“ရှစ်ခုမြောက်နန်းတော်….သူ ရှစ်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ ကြိုးစားတော့မယ်…”

“မောက်မာလိုက်တဲ့ပုဂ္ဂိုလ်ပဲ။ အင်ပါယာအတုကျူးလင်းတောင် ရှစ်ခုမြောက်နန်းတော်မှာ ကျရှုံးခဲ့ရတယ်။ သူ…အား…ငါတော့ သူ ထပ်မကျော်ဖြတ်နိုင်တော့ဘူးလို့ ထင်တယ်…”

“ကောင်းကင်ဘုံကလန်မှာ ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့သူဟာ အယောက်တစ်ရာ့ငါးဆယ်တောင် မရှိဘူး။ ဒီနေရာဟာ အတော့်ကို ခက်ခဲတယ်။ ဒီအဆင့်ကို ဖြတ်သန်းနိုင်လိုက်တာနဲ့ အဲ့လူကို မဟာအင်ပါယာတွေအားလုံးကို သတိပြုမိကြလိမ့်မယ်…”

အင်ပါယာကျူးလင်းလည်း ထရပ်လာ၏။ သူသည် နေရာတွင်ထိုင်မနေနိုင်တော့ပေ။ သူက ရှစ်ခုမြောက်နန်းတော်ထံ စိုက်ကြည့်နေ၏။ သူသည် ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့၏။ သို့သော် သူသည် အကြိမ်တိုင်း ကျရှုံးခဲ့ပေ၏။ အခု တစုံတစ်ယောက်က ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ တာဆူလာပြီ ဖြစ်၍ သူ့အနေဖြင့် စောင့်ကြည့်ဖို့ လေထဲသို့ ပျံတက်လာသည်။

“ရှစ်ခုမြောက်နန်းတော်…သူ ဒါကို ဖြတ်သန်းနိုင်မှာလား…”

ထိုသူများသည် အချိန်မည်မျှ ကုန်မည်ကို တွေးနေကြစဉ်မှာပင် အသက်ရှိုက်စာသုံးကြိမ်စာလောက် ကြာမြင့်ပြီးနောက် ရှစ်ခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာ၏။ ဤသည်က လူတိုင်းကို မင်သက်ကုန်စေသည်။

ရှစ်ခုမြောက်နန်းတော်မှ ရွှေရောင်အလင်း မတောက်ပလာခဲ့သည်မှာ နှစ်များစွာ ရှိခဲ့လေပြီ။ သို့ပေမည့် ခုခါ၌ ထိုအလင်းသည် အောက်ဘက်မှ အလင်းနှင့် ပေါင်းစပ်ကာ လူတိုင်းသည် အဆုံးမဲ့ရွှေရောင်အလင်း၏ ဖုံးလွှမ်းခြင်းကို ခံရလေ၏။

“သူ ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းလိုက်နိုင်ပြန်ပြီ…”  အင်ပါယာအတုကျူးလင်း၏မျက်နှာက ဖြူရောနေလျက် သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နေသည်။ သူ့အနေဖြင့် ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပြီး အကြိမ်တိုင်လည်း ကျရှုံးခဲ့ရ၏။ အခု သူက တစုံတစ်ယောက်သည် အသက်သုံးရှိုက်စာလောက်အချိန်ဖြင့် ၎င်းအဆင့်ကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့ပြီးကို တွေ့မြင်ရလေပြီ။

အောက်ဘက်မှ အင်ပါယာအတုများသည် ကောင်းကင်ထက်ရှိ ဝမ်လင်းကို အကြောင်သား ငေးကြည့်ကာ ငြိမ်သက်နေကြ၏။

အင်ပါယာအတုကျူးလင်းထံမှ ကျယ်လောင်သောအသံ ထွက်ပေါ်လာခြင်းက ထိုမိန်းမောနေသော အင်ပါယာအတုများကို နိုးထလာစေသည်။ “မိတ်ဆွေ…အသင် အမည်က ဘယ်သူများလဲ…”

တချို့လူများက ဝမ်လင်း၏အမည်ကို သိကြ၏။ သို့သော် အများစုကမူ သူ့ကို ဆံဖြူအင်ပါယာအတုဟုသာ သိထားကြသည်။

ဝမ်လင်းသည် ရှစ်ခုမြောက်နန်းတော်မှ အလင်းထဲကနေ အောက်ဘက်သို့ ငုံ့ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ဝမ်လင်း…”

သူ ထိုသို့ ပြောလိုက်ပြီး သူက ကိုးခုမြောက်နန်းတော်ထံ ရုတ်တရက် မော့ကြည့်၏။ ယင်းနန်းတော်သည် တိမ်စိုင်တိမ်စုများကြား ရှိနေသဖြင့် ဝိုးတိုးဝါးတားသာ မြင်ရသည်။

ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခြင်းသည် အင်ပါယာအတုများ၏ အထွတ်အထိပ်ဟု ဆိုလိုပေ၏။

ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ပါက သူသည် ကောင်းကင်ဘုံကလန်တခွင်လုံး၌ ကျော်ကြားလာပေလိမ့်မည်။

ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခြင်းက သူသည် ဩဇာအင်ပါယာဖြစ်လာဖို့ အလွန့်ကို နီးကပ်နေပြီဟု ဆိုလို၏။

အင်ပါယာတယ်ကောင်းကင်ဘုံကုန်းမြေ၌ ရှိနေသော ဝမ်လင်း၏အချိန်သည် မတိုတောင်းတော့ပေ။ သူသည် ဒီအဆင့်ထိ ရောက်လာဖို့ နှစ်ရာချီ အချိန်ယူခဲ့ရ၏။ သူသည် စိတ်လှုပ်တရှား ဖြစ်မနေဘဲ တည်ငြိမ်စွာသာ ရှိနေ၏။

အောက်ဘက်ရှိ အင်ပါယာအတုများ၏ အကြည့်အောက်တွင်ပင် ဝမ်လင်းက နှစ်ပေါင်းတစ်သောင်းကြာ မလင်းလက်လာသေးသော ကိုးခုမြောက်နန်းတော်ထံ ဦးတည်ပျံသန်းလာ၏။

All Chapters