တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၃)
Vol. 145 Ch. 2006
တောင်ပိုင်းကုန်းမြေ၊ တောက်ရီကလန်…။
ထိုကလန်သည်တောင်ပိုင်းကုန်းမြေ၌ နံပါတ်တစ်ကလန်ပင်။၎င်းသည် ကောင်းကင်ဘုံကလန်တခွင်၌လည်း ကျော်ကြား၏။ အကြောင်းကား မဟာအင်ပါယာတောက်ရီက ထိုကလန်မှ ဖြစ်သောကြောင့်ပင်။
ထိုကလန်၏ တောင်အနောက်ဘက်၌ ရေတံခွန်တခုထံမှ ရေစီးသံကို ကြားနေရသည်။ ရေတံခွန်ဘေးတွင် ရေကန်တစ်ခု ရှိနေပြီး ထိုနေရာတွင် တာအိုဝတ်ရုံဖြင့် လူငယ်တစ်ယောက် အေးဆေးစွာ ထိုင်နေသည်။ သူ့လက်ထဲ၌ အဝါရောင်သစ်ကိုင်းတစ်ခုကို ကိုင်ထားကာ သူက ၎င်းသစ်ကိုင်းနှင့် ရေကန်ထဲ ငါးမျှားသည့်နှယ် လှမ်းဝေ့ယမ်းသည်။
ဝမ်လင်း ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းသည့်အခိုက်၌ တာအိုဝတ်ရုံဖြင့်လူငယ်က မျက်လုံးဖွင့်လာ၏။ သူက ခေါင်းမော့ကာ အပြာရောင်မိုးသားကောင်းကင်နှင့် တိမ်စိုင်တို့ထံ မော့ကြည့်လိုက်၏။ သူက တည်ငြိမ်နေပေသည်။
“ရှစ်ခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်ခဲ့ပြီပဲ…” တာအိုဝတ်ရုံဖြင့်လူငယ်က ပြုံး၏။ သူ့လက်ထဲရှိ သစ်ကိုင်းခြောက်က လှုပ်ရှားသွားကာ ရေကန်ထဲ၌ ဂယက်ထားသွားစေ၏။ ထိုအခါ အင်ပါယာစမ်းသပ်ကွင်း၏ မြင်ကွင်းပုံရိပ်သည် ပေါ်လာ၏။
နှင်းများ ဖုံးလွှမ်းနေသော မြောက်ပိုင်းကုန်းမြေ၌ တနှစ်ပတ်လည်လုံး နှင်းတို့ ကျဆင်းနေ၏။ လေတို့က နှင်းပွင့်တို့ကို လူးလားခေါက်တုံ ကခုန်စေနေသည်။
ထိုမြောက်ပိုင်းကုန်းမြေ၏ မြောက်ဘက်အဆုံး၌ တောင်တန်းတစ်ခု ရှိ၏။ ထိုတောင်တန်းတွင် နှစ်ပေါင်းသိန်းချီ၍ အရည်မပျော်သော ရေခဲလွှာပြင် ရှိ၏။ ၎င်းရေခဲလွှာက ပုံပန်းသဏ္ဍာန်မညီမညာဘဲ ကောင်းကင်ထက်သို့ ထိုးထွက်နေသော ဓားများအလား။ ရေခဲပြင်သည် နေရောင်အောက်တွင် တောက်ပနေကာ အေးစက်စက်အငွေ့အသက်အရှိန်အဝါကို ပေးစွမ်းနေသည်။
ထိုနေရာသည် မြောက်ပိုင်းကုန်းမြေ၏ မဟာအင်ပါယာဝူဖန်၏ လှိုဏ်ဂူတည်ရှိသော နေရာပင်။
ထိုရေခဲလွှာများ၏ အောက်၌ ခေါင်းတုံးပြောင် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေ၏။ သူ၏အရပ်ကလည်း မြင့်လှပေ၏။ နေအလင်းက ရေခဲပြင်ကို ရောင်ပြန်ဟပ်သည့်အခါ ပုံရိပ်တစ်ခုကို ထင်ဟပ်သည်။ ၎င်းက အင်ပါယာစမ်းသပ်ကွင်းအတွင်းရှိ မြင်ကွင်းပုံရိပ်ကို ပြသပေးသည်။
ထိုအရပ်မြင့်မြင့် ခေါင်းတုံးပြောင် ကျင့်ကြံသူက တည်ငြိမ်နေပြီး ကိုးခုမြောက်နန်းတော်ထံ ဦးတည်နေသည့် ပုံရိပ်ကို ကြည့်၏။ သူ၏မျက်လုံးက တဖြည်းဖြည်း အရောင်တောက်လာပေသည်။
ကျင့်ကြံသူတစ်ယောက်သည် ရှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးသည်နှင့် မဟာအင်ပါယာများက ထိုသူ့ကို သိကြပေလိမ့်မည်သာ။ သည်အခိုက်မှာပင် အဝေးရှိ ဗဟိုကုန်းမြေပေါ်ရှိ အင်ပါယာတောင်ပေါ်၌ လှပသောအမျိုးသမီးတစ်ယောက်က နွေဦးသစ်ရွက်များကြား၌ ရပ်နေ၏။ ထိုသစ်ရွက်များထဲမှ တစ်ရွက်သည် မလှုပ်မယှက် ရပ်နေကာ အင်ပါယာစမ်းသပ်ကွင်း၏ မြင်ကွင်းပုံရိပ်ကို ဖော်ပြပေးနေသည်။
ထိုမိန်းမလှ၏ဘေးတွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ ထိုအဘိုးအိုက ပျင်းရိပျင်းတွဲပုံ ပေါက်နေ၏။ အင်ပါယာစမ်းသပ်ကွင်းအတွင်းရှိ အဖြစ်အပျက်က သူ့ကို အာရုံစိုက်လာအောင် မလုပ်နိုင်သည့်အလား။
ထိုမိန်းမလှက သူမရှေ့ရှိ နွေဦးသစ်ရွက်ကို ကြည့်ကာ တိုးတိုး ပြောလာသည်။ “ဆရာ…သူ ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင်ရော…ဆရာ့အနေနဲ့ သူ့ကို သွားပြီး စည်းရုံးမှာလား…”
သူမဘေးရှိ အဘိုးအိုက မျက်လုံးဖွင့်လာကာ ထိုနွေဦးသစ်ရွက်ကို ဝေ့ကြည့်လိုက်သည်။
“ဆရာသာ ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ သူတိုင်းကို စည်းရုံးနေခဲ့ရင် အင်ပါယာတောင်ဟာ အတော်လေး ဆူညံပွက်လော ရိုက်နေမှာ မဟုတ်လား။ ကိုးခုမြောက်နန်းတော်က တောက်ရီနဲ့ ဝူဖန်တို့ကိုပဲ အာရုံစိုက်လာစေဖို့ လုံလောက်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ နောက်ပိုင်းမှ မဟာအင်ပါယာ ဖြစ်လာကြတဲ့သူတွေ မလို့ သူတို့ရဲ့ စွမ်းအားကို ချဲ့ထွင်ချင်ကြလို့ပဲ။ ခြောက်ယောက်မြောက်ဖြစ်လာနိုင်တဲ့ မဟာအင်ပါယာအပြင် သူတို့က သူတို့ရဲ့ ပြန်လည်မွေးဖွားမှုအတွက် စောင့်ကြပ်ပေးဖို့ တစုံတစ်ယောက်ကို လိုအပ်ကြတယ်…”
“ဒါပေမဲ့ ဆရာ့အတွက်တော့ ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တာဟာ မြေပြင်ထက်က ပုရွတ်ဆိတ်သာသာပါပဲ။ ပုရွတ်ဆိတ်တစ်ကောင်က တခြားတစ်ကောင်ထက် နည်းနည်း ပိုသာတော့ရော ဘာဖြစ်သေးသတုန်း။ သူသာ မန်တောက်လိုမျိုး ဆယ့်ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင်တော့ ဆရာဟာ သူ့ကို စည်းရုံးသိမ်းသွင်းဖို့ စဉ်းစားမယ်…”
ထိုအဘိုးအိုက ဤသို့ဤနှယ် ပြောလာ၏။
ထိုမိန်းမလှက ငြိမ်သက်စွာ စဉ်းစားကာ သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမက နွေဦးသစ်ရွက်ကို ကြည့်ကာ စကားတော့မဆိုတော့ပေ။
ဗဟိုကုန်းမြေထဲ၌လည်း အင်ပါယာမြို့၌ ထည်ဝါခမ်းနားသောနန်းတော်တစ်ခု ရှိနေပေသည်။ ထိုနန်းတော်အတွင်း၌ မည်သူမျှ ရှိမနေချေ။ သို့သော် အင်ပါယာစမ်းသပ်ကွင်းအတွင်းရှိ ဝမ်လင်း၏မြင်ကွင်းပုံရိပ်ကို ဖော်ပြပေးနေသော ရေလိုက်ကာစတစ်ခုတော့ ရှိနေသည်။
အရှေ့ပိုင်းကုန်းမြေ၊ ကလန်ကိုးခုနှင့်အင်အားစုဆယ့်သုံးခုတို့ကြားရှိ နံပါတ်တစ်ကလန် ဖြစ်သည့် ခရမ်းယင်ကလန်။
ခရမ်းယင်ကလန်၏ တားမြစ်နေရာ၊ ကျောက်သားအခန်းထဲ၌ သက်လတ်ပိုင်းလူတစ်ယောက်သည် အင်ပါယာစမ်းသပ်ကွင်းမြင်ကွင်းကို ဖော်ပြပေးနေသော ကြေးမုံကြီးတစ်ခုကို စိတ်ပါလက်ပါ ကြည့်နေ၏။ သို့သော် ထိုကြေးမုံ၌ ရွှေရောင်အလင်း ပြည့်နေပြီး ပုံရိပ်က ဝေဝါးနေသည်။
ထိုသက်လတ်ပိုင်းလူ၏ဘေးတွင် မိန်းကလေးငယ်နှစ်ယောက် ရှိနေ၏။ တစ်ယောက်က အနီရောင်ဝတ်စုံကို ဝတ်ထားပြီး ကျန်တစ်ယောက်က ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ နှစ်ယောက်လုံးက ကျောက်စိမ်းရုပ်လေးများနှင့်ပင် တူကြ၏။ သူတို့နှစ်ယောက်လုံး မျက်လုံးတို့က အရောင်လဲ့နေကာ ချစ်ခင်ဖွယ်ပုံစံပင်။ ထိုအခိုက်တွင် အနီရောင်ဝတ်ရုံဖြင့် မိန်းကလေးငယ်က သူမ၏ဆံပင်ကို ဆော့ကစားနေရင်း ကြေးမုံကို ကြည့်နေသည်။ အမှန်တော့ သူမက ဆော့ကစားရန်သာ တွေးနေခြင်းပင်။ သူမက ခရမ်းရောင်ဝတ်ရုံဖြင့် မိန်းကလေးငယ်ကို လှမ်းကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ပြလိုက်ကြသည်။
ထိုခရမ်းရောင်ဝတ်ရုံဖြင့် မိန်းကလေး၏ဘေးတွင် ကျင့်ကြံသူတစ်ယောက် ရှိနေ၏။ ထိုကျင့်ကြံသူ၏မျက်နှာထက်၌ ခါးသီးဟန် ပေါ်နေကာ သူ့မျက်လုံးထံမှ မျက်ရည်များပင် စီးကျနေသည်ဟု ထင်ရ၏။
“အား…ဝံပုလွေပေါက်။ နင့်အမူအရာကြီးက ဘယ်လိုပုံစံ ဖြစ်နေတာလဲ။ ဝံပုလွေပေါက်…ကောင်းကောင်းနေပါ။ မခန့်လေးစား မလုပ်နဲ့…”
ခရမ်းရောင်ဝတ်ရုံဖြင့်မိန်းကလေးငယ်က ထိုခါးသီးဟန်အမူအရာ ဖြစ်နေသော ကျင့်ကြံသူထံ ကြည့်ကာ သူမ၏လက်ကို မြှောက်၍ ထိုသူ၏ခေါင်းကို ပုတ်လိုက်သည်။ ထိုသို့လက်ဖြင့် ပုတ်ခံလိုက်ရသည့်အခါ ထိုကျင့်ကြံသူသည် ခေါင်းပိုငုံ့သွားပြီးနောက် မျက်ရည်များပင် ပိုရစ်ဝဲလာတော့သည်။
“ဘိုးဘေးလေးနှစ်ယောက်…အား…ကစားဖို့ပဲ အမြဲတွေးမနေပါနဲ့အုံး။ ဒီလူ့ကိုလည်း ကြည့်ပါအုံး။ ငါတော့ ဒီလူ့အကြောင်း စုံစမ်းထားခဲ့ပြီးပြီပဲ။ သူက အရှေ့ပိုင်းကုန်းမြေကနေ လာခဲ့တာတဲ့။ သူဟာ ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်၊မနိုင် သူ့ကို စည်းရုံးဖို့ လိုအပ်တယ်…”
သက်လတ်ပိုင်းလူက သူ့ဘေးရှိ မိန်းကလေးငယ်နှစ်ယောက်ထံ ခပ်တိုးတိုး ပြောလာ၏။ သူသည်လည်း ခါးသီးဟန်တို့ ပြည့်နေ၏။
“အာ…နင့်ကိစ္စကိုယ် နင့်ဟာနင့်လုပ်။ ဟန်ဟန်၊ ငါတို့ ဒီမနာခံတဲ့ ဝံပုလွေပေါက်ကို ပညာပေးရတော့မယ်။ ငါတို့ သူ့ကို နောက်ဆုံးအကြိမ် သူ ကလန်ကဆန် လုပ်ခဲ့တုန်းကလို နဝမယင်ရေကန်ထဲ ပစ်ထည့်သင့်သလား။ အဲ့တုန်းကဆို သူဟာ ရိုးရိုးသားသား ဖြစ်သွားခဲ့ပြီး ငါတို့အတွက် ပျော်ဖို့ကောင်းတဲ့ ခေါင်းလောင်းတစ်ခုကိုတောင် ရှာပေးခဲ့သေးတယ်မလား…”
အနီရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်က သက်လတ်ပိုင်းလူကို ပြုံးပြလိုက်၏။ သို့သော် သူမက ခါးသီးဟန်အမူအရာဖြင့် ကျင့်ကြံသူထံသာ လှမ်းလျှောက်လာသည်။ သူမက ခရမ်းရောင်ဝတ်စုံဖြင့် မိန်းကလေးလိုပင် ထိုသူ၏ဦးခေါင်းကို ခပ်ဆတ်ဆတ် ပုတ်လိုက်သည်။
ထိုသက်လတ်ပိုင်းလူကတော့ သည်မြင်ကွင်းကို ကြောင်ငေးစွာ ကြည့်နေပြီး ခါးသက်သက် ပြုံးမိတော့၏။ သူက ထရပ်ကာ ဆော့ကစားနေသော မိန်းကလေးနှစ်ယောက်ထံ ဦးညွှတ်လိုက်၏။ သူ၏အမူအရာကမူ လေးနက်နေသည်။
“မဟာအင်ပါယာကန်းနီ…”
ထိုမိန်းကလေးငယ်နှစ်ယောက်ကတော့ ဝံပုလွေပေါက်ဟု အမည်ရသော ကျင့်ကြံသူ၏ ဦးခေါင်းကို ပုတ်နေကြဆဲပင်။ ထိုကျင့်ကြံသူ၏မျက်ရည်များသည် နောက်ဆုံးတွင်တော့ တသွင်သွင် စတင် စီးကျလာခဲ့တော့သည်။
“အယ်…ဝါဝါ…သူ ငိုနေတာလား…”
“သူ ဟန်ဆောင်နေတာပဲ ဖြစ်မယ်။ ဒီဝံပုလွေပေါက်က ကလန်ကဆန် ဖြစ်လာနေတယ်။ သူ ဟန်ဆောင်ငိုနေတာပဲ…”
အလေးအနက်အသွင်ဖြင့် ရှိနေသော သက်လတ်ပိုင်းလူကမူ ရူးချင်သလို ဖြစ်လာတော့၏။ သူက ထိုမိန်းကလေးငယ်နှစ်ယောက်ထံ လှမ်းအော်လိုက်၏။ “မဟာအင်ပါယာကန်းနီ…”
သူ၏အသံက ဟိန်းထွက်လာတော့သည်။ ထိုမိန်းကလေးငယ်နှစ်ယောက်က ထိုအခါကမျှ လှည့်လာပြီး သူ့ကို ကြည့်သည်။
“ကောင်လေး ကူးရဲ့၊ နင်လည်း ကလန်ကဆန် လုပ်နေပြန်ပြီလား…” ဝါဝါဟူသော မိန်းကလေးငယ်က မျက်မှောင်ကြုတ်ကာ ထိုသက်လတ်ပိုင်းလူထံ လှမ်းကြည့်သည်။
သက်လတ်ပိုင်းလူက သူမကို လစ်လျူရှုကာ အသက်ဝဝရှိုက်သွင်း၍ လေးလေးနက်နက် ပြောလာ၏။ “မဟာအင်ပါယာကန်းနီ၊ အဲ့လူကို စည်းရုံးမှ ဖြစ်မယ်…”
“ဒါဆိုလည်း နင်ပဲ သူ့ရှိ သွားလိုက်၊ ပြီးရင် သူ့ကို ပြန်ခေါ်လာခဲ့၊ ငါတို့ ကြည့်ကြည့်မယ်…”
ဟန်ဟန်ဟူသော မိန်းကလေးငယ်က ထိုသို့ ပြောကာ သူမ၏လက်ကို ဝေ့ယမ်း၍ ဝံပုလွေပေါက်အမည်ရသည့် ကျင့်ကြံသူကို ဆွဲခေါ်လိုက်သည်။ ထို့နောက် သူမသည် ကျောက်သားအခန်းထဲကနေ ဝါဝါနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ထိုသက်လတ်ပိုင်းလူက နေရာတွင် ရပ်နေ၏။ သူက သူ့ဆံပင်ကိုသူ ခပ်ကြမ်းကြမ်း ဆုပ်၍ ခါးသီးစွာသာ ပြုံးနိုင်တော့သည်။
အင်ပါယာစမ်းသပ်ကွင်း၏ ရှစ်ခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်း ထွက်ပေါ်လာနေရင်း ဝမ်လင်းသည် အောက်ဘက်ရှိ လူတိုင်း၏အကြည့်အောက်မှာပင် ကိုးခုမြောက်နန်းတော်ထံ ဦးတည်လေ၏။ တအောင့်အကြာတွင် သူသည် တုံ့နှေးခြင်းမရှိ ထိုနန်းတော်အတွင်းသို့ ခြေလှမ်းဝင်ရောက်သည်။
သူ ဝင်ရောက်သွားသည့်အခါ ကျင့်ကြံသူအားလုံးသည် အသက်မနည်း ရှုနေရကာ ကိုးခုမြောက်နန်းတော်ထံသို့သာ စိုက်ကြည့်နေ၏။
”ခုနစ်ခုမြောက်နန်းတော်မှာ ဂြိုဟ်ပေါင်း(၃၆)ခု၊ ရှစ်ခုမြောက်မှာတော့ ရှစ်ဆယ့်တစ်ခု ဖြစ်တယ်။ ဒီတော့ ကိုးခုမြောက်နန်းတော်ဟာ အင်ပါယာအတုရဲ့ အထွတ်အထိပ်သို့ ယူဆနိုင်ပြီး ဂြိုဟ်ပေါင်းကိုးဆယ့်ကိုးခု ပါဝင်နေတဲ့ပုံ ရတယ်…”
ဝမ်လင်းသည် ကိုးခုမြောက်နန်းတော်ထံ ခြေလှမ်းဝင်ကာ သူ့ရှေ့ရှိ ကြယ်အဖွဲ့အစည်းကို စိုက်ကြည့်၏။
သည်ကြယ်အဖွဲ့အစည်းတွင် ဂြိုဟ်ပေါင်းကိုးဆယ့်ကိုးခုသည် ပတ်လမ်းများ ပြောင်းလဲကာ ဝမ်လင်းထံ ပျံသန်းလာကြ၏။ ယင်းတို့ထဲမှ ဂြိုဟ်ကိုးခုသည် တောက်ပလင်းလက်သော ရွှေရောင်ကို ပေးစွမ်းသည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ချက်ခြင်းပင် ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်နှင့် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်တို့ကို အသုံးပြု၏။ သူ၏ ဆန်းကြယ်အနှစ်သာရသုံးခုကိုလည်း အသုံးပြုလိုက်ပေသည်။ သူသည် သူ့ခန္ဓာကိုယ်ထဲသို့ မန္တာန်နှစ်ဆယ့်သုံးခု ပေါင်းစပ်နိုင်သည် ဖြစ်သဖြင့် သူ၏အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုနှင့် ဆန်းကြယ်အနှစ်သာရများ၏ အကူအညီဖြင့် ခုဆို စုစုပေါင်း မန္တာန်ကိုးဆယ့်နှစ်ခုကို ပေါင်းစည်းနိုင်နေပြီပင်။
ဤသည်မှာ စိတ်ဝိညာဉ်ချပ်ဝတ်ကို မဝတ်ခင် ဝမ်လင်း၏ အကန့်အသတ်ပင်။ လက်သီးတစ်ချက်၊ သို့မဟုတ် လက်ညှိုးတစ်ချက်၌ မန္တာန်ပေါင်းကိုးဆယ့်နှစ်ခု ပါဝင်၏။ ယင်းက သူ့ကို ဩဇာအင်ပါယာအဆင့်နှင့် အတော့်ကို နီးကပ်သွားစေပေသည်။
သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ၏မျက်လုံးက အရောင်တောက်သွားသည်။ သူ့ညာလက်ထံမှ စူးရှသော နာကျင်မှု ထွက်ပေါ်လာပြီး ၎င်းက ယင်ဓားသွားအဖြစ်သို့ ပြေင်းကာ တိုးဝင်လာသော ဂြိုဟ်ပေါင်းကိုးဆယ့်ကိုးခုထံ ရိုးစင်းသောဟန်ဖြင့် ခုတ်ပိုင်းလာသည်။
ထိုခုတ်ပိုင်းချက်၌ ဓားသွားအရိပ်ပေါင်းကိုးဆယ့်နှစ်ခု ပါဝင်သည်။ယင်းတို့ တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းပြီးနောက် ဒီကြယ်အဖွဲ့အစည်းကို ရိုက်ချလေ၏။
ကျယ်လောင်စွာ မြည်ဟိန်းသံတို့ ပဲ့တင်ထပ်ကာ ဂြိုဟ်ပေါင်းကိုးဆယ့်ကိုးခုထဲမှ ကိုးဆယ့်နှစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွား၏။ ယင်းတို့ လုံးဝ မပျက်စီးသွားခင်တွင် ဝမ်လင်း၏ခန္ဓာကိုယ်ပေါ် အရိပ်နှစ်ခု ထပ်လာပြီးနောက် သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်နှင့် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်တို့က လှမ်းထွက်လာ၏။ သူတို့က ကျန်သည့် ရွှေရောင်ဂြိုဟ်ခုနစ်ခုထံ ဦးတည်ပျံသန်းသည်။
ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်သည် ဖြတ်ခနဲ ရေအနှစ်သာရခန္ဓာကိုယ်၊ မီးအနှစ်သာခန္ဓာကိုယ်၊ မြေအနှစ်သာရခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွား၏။ ယင်းတို့တစ်ယောက်ချင်းစီက ဂြိုဟ်တစ်ခုစီထံ ဦးတည်သည်။ သိပ်မဝေးသောနေရာ၌ ဝမ်လင်း၏ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်က မာန်သွင်းကာ ကျန်သည့်ဂြိုဟ်လေးခုထံ ဦးတည်သည်။ အဖျက်အစီးမိုးကြိုးက ထိုဂြိုဟ်လေးခုပေါ်သို့ ကျဆင်းသွားကာ ယင်းတို့သည် ပျက်စီးသွားလေ၏။
ဂြိုဟ်ပေါင်းကိုးဆယ့်ကိုးခုကို ဖျက်စီးရာ၌ အဟတစ်ခု ဖြစ်သွားခဲ့သော်လည်း ဝမ်လင်းက ထိုအဟကို အကောင်းဆုံး ကြိုးစား၍ လျှော့ချပစ်ခဲ့၏။ အဝေးမှ ကြည့်ပါက အနှီဂြိုဟ်ကိုးဆယ့်ကိုးခုလုံးသည် တပြိုင်နက်တည်း ပေါက်ကွဲသွားသလိုသာ ထင်ရလေသည်။
ယင်းတို့ ပေါက်ကွဲသွားခိုက်၌ ရွှေရောင်အလင်းတစ်ခုက ရွှေရောင်လှိုင်းတစ်ခုအလား ပျံ့လွင့်လာသည်။
လူများစွာ၏အကြည့်အောက်၌ နှစ်ပေါင်းများစွာ မလင်းလက်သော ကိုးခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်းသည် လင်းလက်လာချေ၏။ ထိုအခါ အောက်ဘက်မှ ကျင့်ကြံသူများသည် မယုံကြည်နိုင်ဟန်၊ တုန်လှုပ်ဟန်တို့ ဖြစ်ပေါ်သည်။
“သူက ကိုးခုမြောက်နန်းတော်ကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ…။ ဒီနေ့ ပြီးရင် ဝမ်လင်းရဲ့ နာမည်ဟာ ကုန်းမြေငါးခုလုံးကို ကျိန်းသေပေါက် တုန်လှုပ်စေပြီ…”
“ကိုးခုမြောက်နန်းတော်၊ ကိုးခုမြောက်နန်းတော်။ ကိုးခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်တာဟာ အင်ပါယာအတုအထွတ်အထိပ်၊ ဩဇာအင်ပါယာအဆင့်နဲ့ ခြေတလှမ်းပဲ လိုတော့တယ်လို့ ဆိုလိုတာ မဟုတ်လား။ ဒီနေ့မှာ ငါတော့ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာတစ်ယောက် မွေးဖွားလာမှာကို မြင်ရနိုင်တော့မှာလား…”
“မဟာအင်ပါယာအားလုံးက ဒီနေရာကို စောင့်ကြည့်နေမှာ ငါ စိုးမိတယ်…”
အောက်ဘက်ရှိ ကျင့်ကြံသူအားလုံးသည် ပင့်သက်ရှိုက်နေ၏။ အင်ပါယာကျူးလင်းသည် စိတ်ပျက်စွာ ခေါင်းငုံ့မိသွားသည်။
“ရောင်းရင်းကျင့်ကြံသူဝမ်လင်း...ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်…”
မည်သူက ဤသို့ စတင် ပြောဆိုလိုက်သည်ကို မသိရသော်လည်း အောက်ဘက်မှ ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ တလေးတစားဟန်ဖြင့် သူတို့၏လက်နှစ်ဖက်ကို ဆုပ်လိုက်ကြသည်။