တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၆)
Vol. 145 Ch. 2009
“ဆယ့်သုံးယောက်မြောက်နန်းတော်မျာ ရပ်တန့်နေတဲ့ ခုနစ်ယောက် ရှိတယ်။ ဩဇာအင်ပါယာလေးဆယ့်ခုနစ်ယောက်အပြင် အသန်မာဆုံးဩဇာအင်ပါယာနှစ်ယောက် ရှိကြတယ်။ ပထမတစ်ယောက်ကတော့ ဆယ့်လေးခုမြောက်နန်းတော်မှာ ရပ်တန့်နေတဲ့ ဩဇာအင်ပါယာ ချိုက်ဝေပဲ။ နောက်တစ်ယောက်ကတော့ ဆယ့်ခြောက်ခုမြောက်နန်းတော်မှာ ရပ်တန့်နေတဲ့ ဩဇာအင်ပါယာ မန်တောက်ပဲ…”
“ဆယ့်တစ်ခုမြောက်နန်းတော်ကနေ စလို့ နန်းတော်တိုင်းဟာ ခက်ခဲလွန်းတယ်။ ဒီအဆင့် နန်းတော်တွေဟာ ပထမဆုံးနန်းတော် ဆယ်ခုလိုမျိုး ဂြိုဟ်တွေကို ဖျက်စီးပစ်ရုံလောက် မရိုးရှင်းတော့ဘူး။ ကောင်းကင်ဘုံဘိုးဘေး ရင်ဆိုင်ခဲ့ရတဲ့ ပြင်ပသားရဲခုနစ်ဆယ့်နှစ်ကောင်နဲ့ တိုက်ခိုက်ရမှာ ဖြစ်တယ်…”
“ဒီသားရဲခုနစ်ဆယ့်နှစ်ကောင်ထဲမှာ အားနည်းတဲ့သားရဲ၊ သန်မာလှတဲ့သားရဲတွေ ရှိကြတယ်။ အင်ပါယာစမ်းသပ်ကွင်းထဲမှာ သူတို့ရဲ့ တည်ရှိမှုက ပုံရိပ်ယောင်ဆိုပေမယ့်လို့ သူတို့ဟာ အများကြီး အားနည်းနေပြီ ဖြစ်ပေမယ့်လို့ တကယ်တော့ သူတို့ဟာ ကောင်းကင်ဘုံဘိုးဘေးနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ သားရဲတွေ မဟုတ်လား…”
“သင့်အနေနဲ့ ပြင်ပသားရဲခုနစ်ဆယ့်နှစ်ကောင်ကို နိုင်ခဲ့ပြီး ကောင်းကင်ဘုံဘိုးဘေး လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ပြီး အဲ့နောက် ဆယ့်ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် သင်ဟာ မဟာအင်ပါယာတွေတောင် လက်လွတ်စပယ် မဆန့်ကျင်မယ့် ခွန်အားမျိုး ပိုင်ဆိုင်လာမှာ ဖြစ်တယ်…”
“ဆယ့်တစ်ခုမြောက်နန်းတော်ကနေစပြီး ကံကောင်းမှုကြီးကြီးမားမားလည်း ရှိသေးတယ် ဒါပေမဲ့ လူတိုင်းကတော့ ဒီကံကောင်းမှုတွေကို ရနိုင်တာ မဟုတ်ဘူး။ ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့ပြီးပေမဲ့ ဘာတစ်ခုမျှ မရခဲ့တဲ့ ဩဇာအင်ပါယာတွေလည်း ရှိကြတယ်…”
“အသေးစိတ်ကိုတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ငါ သိသလောက် ဆယ့်တစ်ခုမြောက်နန်းတော်မှာ တစုံတစ်ယောက်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ မန္တနာ်ကို ရခဲ့တယ်…”
“ဒါပေမဲ့ ဆယ့်ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပြီး အဲ့ဒီနောက် မဟာအင်ပါယာဖြစ်လာခဲ့ဖူးတဲ့ ဩဇာအင်ပါယာကတော့ တစ်ယောက်ပဲ ရှိခဲ့တယ်။ သူကလွဲလို့ ဘယ်သူကမျှ ဆယ့်ကိုးခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်ခဲ့ကြဘူး…”
“ခုလက်ရှိ မဟာအင်ပါယာတွေတောင် မလုပ်နိုင်ခဲ့ကြဘူး။ ခုလက်ရှိ မဟာအင်ပါယာ တောက်ရီနဲ့ မဟာအင်ပါယာအစွန်းရှစ်ပါးတို့ဟာ အတိတ်တုန်းက အင်ပါယာအတုအထွတ်အထိပ်တွေသာ ဖြစ်ခဲ့ကြတာ။ တယောက်က ထာဝရနတ်ဘုရားနယ်မြေမှာ ကံကောင်းမှု ရခဲ့ပြီး မဟာအင်ပါယာ ဖြစ်လာခဲ့တာ။ တခြားတစ်ယောက်တော့ ကောင်းကင်ဘုံသွေးမျိုးဆက်ကို အမွေဆက်ခံပြီး မဟာအင်ပါယာ ဖြစ်လာခဲ့တာပဲ…”
“မဟာအင်ပါယာကန်းနီနဲ့ မဟာအင်ပါယာကျိုးသဲတို့ဟာ ကောင်းကင်ဘုံဘိုးဘေးလက်အောက်မှာ ရှိခဲ့ပြီး သူနဲ့ တူညီတဲ့မျိုးဆက်လို့ ကောလဟာလဆိုကြတယ်။ ဒါက မှန်လား၊မှားလားတော့ ငါလည်း မသိဘူး။ မဟာအင်ပါယာဝူဖန်ကတော့ ဩဇာအင်ပါယာတစ်ယောက် ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ သူလည်း ဆယ့်လေးခုမြောက်နန်းတော်ကိုပဲ ဖြတ်သန်းနိုင်ခဲ့ပြီး ခုလက်ရှိ ဩဇာအင်ပါယာမန်တောက်နဲ့တောင် မယှဉ်နိုင်ဘူး…”
“ငါ မဟာအင်ပါယာဝူဖန်နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တာကလည်း ဒါကြောင့်ပဲ။ တကယ်တော့ ငါတို့ ဩဇာအင်ပါယာတွေဟာ ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိကြတယ်။ လူတစ်ယောက်ဟာ ကံကောင်းမှုကြောင့် မဟာအင်ပါယာ ဖြစ်လာခဲ့ရင်တောင် ငါတို့ စိတ်ဆန္ဒမပါဘဲ ငါတို့က သူတို့နောက်လိုက် လုပ်စရာ မလိုဘူး…”
ဩဇာအင်ပါယာနှင်းမိုးက ဝမ်လင်းကို ဖြည်းဖြည်းချင်း ပြောပြလာ၏။
“ဆယ့်ကိုးခုမြောက်နန်းတော်ကို ဩဇာအင်ပါယာအဆင့်နဲ့ ရောက်ရှိခဲ့တဲ့သူက ဘယ်သူများလဲ…”
ဝမ်လင်းသည် ထိုအကြောင်းအရာများကို အရင်က မကြားဖူးခဲ့ပေ။ သူ၏အမူအရာက အလေးအနက် ဖြစ်လာ၏။
“တန်လင်းကလန်ရဲ့ မဟာအင်ပါယာ တန်လင်းပဲ။ သူ မကျရှုံးခဲ့ခင်တုန်းက သူဟာ ငါတို့ ကောင်းကင်ဘုံကလန်မှာ နံပါတ်တစ်မဟာအင်ပါယာပဲ။ မဟာအင်ပါယာကျိုးသဲတောင် သူ့ကို ရှိန်ရတယ်။ သူဟာ သူ့ကိုယ်ပိုင်ခွန်အားကိုပဲ မှီခိုပြီး မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့တာ။ ဒါပေမဲ့…”
ဩဇာအင်ပါယာနှင်းမိုးသည် မဟာအင်ပါယာတန်လင်းကို အတော်လေး လေးစားသည့်အမူအရာဖြင့် ရှိနေ၏။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် တန်လင်းကလန်၌ အိပ်မက်ကို အဖော်ပြုကာ နေထိုင်နေသော အထီးကျန်အဘိုးအိုအကြောင်း ပြန်တွေးမိသွားသည်။ ထိုအဘိုးအိုက မဟာအင်ပါယာတန်လင်း၏မျိုးဆက်ပင်။
ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ နှင်းမိုးနှင့် တခြားနှစ်ယောက်ထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်…”
ထို့နောက် သူသည် တိမ်စိုင်များကို မြန်ဆန်စွာ ဖြတ်သန်းသွားပြီး ဆယ့်တစ်ခုမြောက်နန်းတော်ထံ ရောက်ရှိလာ၏။ သူက ဆယ့်တစ်ခုမြောက်နန်းတော်ကို မော့ကြည့်ပြီးနောက် တုံ့နှေးခြင်းမရှိ ဦးတည်ဝင်ရောက်လာသည်။ နှင်းမိုးတို့သုံးယောက်၏ အကြည့်အောက်၊ အောက်ဘက်မှ လူတိုင်း၏အကြည့်အောက်တွင် ဝမ်လင်းသည် တိမ်စိုင်များကြားရှိ ဆယ့်တစ်ခုမြောက်နန်းတော်ထံ ဦးတည်လေတော့၏။
ဆယ့်တစ်ခုမြောက်နန်းတော်က သည်နေရာရှိ အင်ပါယာအတုအားလုံး၏ ပန်းတိုင်နှင့် ဖြတ်သန်းချင်သည့် နန်းတော်ပင် ဖြစ်၏။ သူတို့သည် ဖြတ်သန်းနိုင်သည် ဖြစ်စေ၊ မဖြစ်စေ ၎င်းက စွမ်းအား၏ သန်မာမှု သင်္ကေတတစ်ခုပင်။
ဆယ့်တစ်ခုမြောက်နန်းတော်သည် ကျန်ရစ်ပြီးသော နန်းတော်ဆယ်ခုနှင့် ကွာခြား၏။ ၎င်းက ပိုကြီးမားကာ ဖိအားကလည်း ပိုအားကောင်းသည်။ ၎င်းက လုံးဝ နက်မှောင်နေပြီး အေးစက်စက်အော်ရာတစ်ခုကို ပေးစွမ်းနေသည်။
“ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တဲ့သူဟာ နှစ်ဆယ့်နှစ်ယောက်ပဲ ရှိတယ်။ သူက ကျော်ကြာပြီးနေပြီလေ…ဆယ်ခုမြောက်နန်းတော်က သူ့အတွက် မလုံလောက်သေးတဲ့ပုံပဲ…”
ဝမ်လင်းက ဆယ့်တစ်ခုမြောက်နန်းတော်ထံ တွေဝေခြင်းမရှိ ဝင်ရောက်လာခဲ့၏။
ဝမ်လင်း ဆယ့်တစ်ခုမြောက်နန်းတော်ထဲ ဝင်ရောက်သွားချိန်၌ အင်ပါယာအတုအားလုံးသည် ပင့်သက်ရှိုက်ကာ သူတို့၏မျက်နှာများထက်၌ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်းတို့ ရှိနေသည်။ သူတို့၏ထိုသို့သော အမူအရာတို့က ဖြစ်ပေါ်ခဲပေသည်။ တကယ်တော့ သူတို့ထဲက မည်သူမဆို လောကကို တုန်လှုပ်စေနိုင်သူများ မဟုတ်လား။ သို့သော် ဒီအခိုက်၌ သူတို့သည် ဝမ်လင်း၏ ရူးသွပ်ဖွယ်လုပ်ဆောင်မှုကြောင့် စိတ်လှုပ်တရှားနှင့် အကြောက်တရားတို့ ဖြစ်ပေါ်နေမိ၏။
“သူ ဆယ်ခုမြောက်နန်းတော်ပြီးရင် ရပ်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ သူက ဆက်ပြီးချိုးဖျက်ဖို့ ဦးတည်နေတာပဲ…”
“သူ နန်းတော် ဘယ်လောက်များများကို ဖြတ်သန်းနိုင်လိမ့်မလဲ…”
နှင်းမိုးတို့ သုံးယောက်အုပ်စုကလည်း လှမ်းကြည့်နေသည်သာ။ သူတို့က ဝမ်လင်း အောင်မြင်နိုင်မည်ဟု မထင်ကြပေ။ တကယ်တော့ သူတို့သည်လည်း ဆယ့်တစ်ခုမြောက်နန်းတော်ကို ကျော်ဖြတ်ဖို့ ကြိုးစားပြီးခဲ့ပြီး ဖြစ်၏။ သို့သော် ကျရှုံးခဲ့ကြသည် မဟုတ်လား။ ဩဇာအင်ပါယာတစ်ဝက်ကျော်က သည်အဆင့်တွင် တစ်နေကြပေသည်။
သူတို့က ခုမှ ဩဇာအင်ပါယာ ဖြစ်လာသော ဝမ်လင်းထံ၌ ဒီအဆင့်ကို ဖြတ်ကျော်နိုင်မည့် ခွန်အား ရှိမည်ဟု မယုံကြည်ကြပေ။
ခုအခါ၌ သည်နေရာရှိ ကျင့်ကြံသူများကသာ အင်ပါယာစမ်းသပ်ကွင်းရှိ ဒီမြင်ကွင်းကို ကြည့်ရှုနေတာ မဟုတ်ပေ။ မဟာအင်ပါယာများအပြင် ဩဇာအင်ပါယာများသည်လည်း ဒီအင်ပါယာစမ်းသပ်ကွင်းကို မတူညီသော နည်းလမ်းများ အသုံးပြုကာ ကြည့်ရှုနေကြ၏။ သူတို့က လေးဆယ့်ကိုးယောက်မြောက်ဩဇာအင်ပါယာတစ်ယောက်ကို တွေ့ရှိခဲ့ကြပြီး ဖြစ်၏။ သို့သော် ထိုသူက ထွက်မသွားသေးဘဲ ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းချင်နေ၏။
တောက်ရီကလန်၌ မဟာအင်ပါယာတောက်ရီက အရာအားလုံးကို မေ့နေပြီး သူ့ရှေ့ရှိရေကန်ထံသို့သာ အာရုံရောက်နေသည့်ပုံပင်။ သူက တည်ငြိမ်နေ၏။ သို့သော် သူ့လက်သီးထံမှ ထူးခြားသောအလင်းတစ်ခု တောက်ပနေ၏။
“ဒီကောင်လေး…သူ့ကို ငါ့လက်အောက်မှာ အလုပ်လုပ်ဖို့ ငါ စည်းရုံးမှ ဖြစ်မယ်…”
မြောက်ပိုင်းကုန်းမြေ၏ ရေခဲပြင်ရှိ မဟာအင်ပါယာဝူဖန်သည်လည်း အလားတူပင်။
ခရမ်းယင်ကလန်၌ သက်လတ်ပိုင်းလူက အပြင်ဘက်မှ ထွက်ပေါ်နေသော နာကျင်စူးဝါးစွာ အော်သံများကို မကြာဆိုသလို ကြားနေလျက်ကနေ သူလည်း အတော့်ကို စိတ်လှုပ်တရှား ဖြစ်နေ၏။ သူက ကြေးမုံကို စိုက်ကြည့်ကာ သူ့ဘာသာ ခပ်တိုးတိုးရေရွတ်သည်။
“သူသာ မဟာအင်ပါယာကန်းနီလက်အောက် ဝင်ရောက်ခဲ့ရင် သူဟာ မဟာအင်ပါယာကို အတော့်ကို အကူအညီ ဖြစ်စေမှာပဲ…”
ဗဟိုကုန်းမြေ၊ အင်ပါယာတောင်၊ မဟာအင်ပါယာကျိုးသဲက ပျင်းရိပျင်းတွဲဟန်ဖြင့် နေရောင်အောက်တွင် ထိုင်နေ၏။ ဝမ်လင်း ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနေသည့်အခါ၌ သူက မျက်လုံးဖွင့်လာ၏။
“သူ ကျော်ဖြတ်နိုင်ခဲ့တာလား။ သူ ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် ဒါဟာ ပိုကြီးမားတဲ့ ပုရွတ်ဆိတ်တစ်ကောင်သာ ဖြစ်နေတုန်းပဲ။ ဩဇာအင်ပါယာ ချိုက်ဝေနဲ့လည်း မယှဉ်နိုင်သလို၊ ဩဇာအင်ပါယာမန်တောက်နဲ့လည်း ကျိန်းသေပေါက် မယှဉ်နိုင်သေးဘူး။ ကောင်းကင်ဘုံအင်ပါယာ(မဟာအင်ပါယာအစွန်းရှစ်ပါး)က မန်တောက်ကို ဘယ်လိုများ စည်းရုံးခဲ့တာပါလိမ့်…”
မဟာအင်ပါယာကျိုးသဲက သက်ပြင်းချကာ အတိတ်တုန်းက မန်တောက်ကို မစည်းရုံးနိုင်ခဲ့သည့်အပေါ် မချင့်မရဲ ဖြစ်မိနေတုန်းပင်။
အင်ပါယာနန်းတော်အတွင်းရှိ ဗလာကင်းမဲ့နေသော နန်းတော်ထဲ၌ အသံတစ်သံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။
“မန်တောက်…မင်းရော ဘယ်လိုထင်လဲ…”
ထိုအသံ ပဲ့တင်ထပ်လာသည့်အခါ နန်းတော်အတွင်း၌ လှိုင်းဂယက်များ ထလာပြီး လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ သူက ဝတ်ရုံနက်ဖြင့် အေးစက်စက်အသွင်ရှိသော လူငယ်တစ်ယောက်ပင်။ သူက ဗလနန်းတော်ထဲရှိ ပုံရိပ်ယောင်ကို ကြည့်နေ၏။
“ကျုပ် သူ့ကို သတ်ဖို့ အသက်တရှိုက်စာပဲ အချိန်လိုတယ်…”
ထိုအခိုက်တွင် ဝမ်လင်းက ဆယ့်တစ်ခုမြောက်နန်းတော်ထဲ ဝင်ရောက်ခဲ့ပြီး သူ၏အမြင်က ဝေဝါးသွား၏။ ထို့နောက် သူသည် ကြယ်အဖွဲ့အစည်းတစ်ခုတွင် ပေါ်လာသည်။
သို့ပေမည့် သည်ကြယ်အဖွဲ့အစည်းတွင် မည်သည့်ဂြိုဟ်မှ ရှိမနေဘဲ မြူများဖြင့်သာ ခြုံလွှမ်းနေ၏။ ထိုမြူတို့က သိပ်သည်းလွန်းစွာ ရှိနေသည်။
“တာအိုဆိုတာ ဘာလဲ…” ဒီကြယ်အဖွဲ့အစည်းအတွင်းမှ ထည်ဝါသောအသံတစ်သံ ထွက်ပေါ်လာကာ မရေမတွက်နိုင်စွာ ပဲ့တင်ထပ်၏။ ထိုအသံက ဝမ်လင်း၏စိတ်နှလုံးနှင့်နားအတွင်းသို့ ပဲ့တင်ထပ်လာသည်။
“တာအိုဆိုတာ ဘာလဲ…”
ထိုအသံက ပို ပြင်းထန်လာ၏။ ၎င်းအသံက ဝမ်လင်း၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူ့စိတ်ဝိညာဉ်ပင် ပျက်စီးလေတော့မလား ခံစားလိုက်ရ၏။
ဝမ်လင်း၏မျက်နှာက အနည်းငယ် ဖြူရောသွား၏။ သို့သော် သူ့မျက်လုံးတို့ကမူ အရောင်တောက်နေသည်။ သူ၏တာအိုအပေါ် နားလည်မှုဖြင့် သူသည် ဆန်းကြယ်အနှစ်သာရသုံးခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး မဟုတ်လား။ တာအိုအပေါ် သူ၏ဉာဏ်အလင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ လူအများစုထက် သာလွန်ချေသည်။ အင်ပါယာအတုအချို့နှင့် ဩဇာအင်ပါယာအချို့သည်ပင် ဒီတာအိုအပေါ် နားလည်ခြင်းတွင် ဝမ်လင်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။
တာအိုအပေါ် ဉာဏ်အလင်းက အပြင်လူများ တွေ့မြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ၎င်းသည် လူတစ်ယောက်၏ ကိုယ်ပိုင်အတွေးဖြစ်စဉ် ဆင့်ကဲတိုးတက်မှုသာ။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သေခြင်းရှင်ခြင်းဟာ အထိန်းအချုပ်ပဲ။ ဒါဟာ တာအိုပဲ…”
သူ ထိုသို့ ဆိုလိုက်သည့်အခိုက်တွင် သေခြင်းရှင်ခြင်းအပေါ် သူ၏ နားလည်မှုဉာဏ်အလင်းတာအိုက သူ့ပတ်လည်တွင် ပေါ်ထွက်လာ၏။ ထိုအခိုက်တွင် ယင်းအသံက ပျောက်ကွယ်သွားကာ သူ့ပတ်လည်တွင် ချိန်းကြိုးများ ပေါ်လာ၏။ ထိုချိန်းကြိုးတို့က စတင်ပျံ့နှံ့ကာ မြူများကို တွန်းဖယ်ပစ်ပြီး သည်တောက်ပသောကြယ်အဖွဲ့အစည်းကို လှစ်ဟပေါ်လာစေသည်။ ဝမ်လင်း၏ရှေ့တွင် ရွှေရောင်ဝတ်ရုံဖြင့် သရဖူဆောင်းထားသော ပုံရိပ်တစ်ခု ရှိနေ၏။
ထိုပုံရိပ်၏ ရှေ့တွင် ဧရာမကင်းမြှီးကောက်တစ်ကောင် ရှိနေသည်။ ထိုကင်းမြှီးကောက်က ပေထောင်သောင်းချီ ကြီးမားကာ ၎င်းထံမှ အေးစက်စက်အော်ရာကို ပေးစွမ်းနေလျက် ၎င်းက ဟိန်းသံ ပေးသည်။
ဝမ်လင်း၏အမြင်က ဝေဝါးသွား၏။ သူ့အမြင် ပြန်ကြည်လင်လာသည့်အခါ သူက ထိုရွှေရောင်ပုံရိပ်၏ အစားဝင်ရောက်သွားကာ ဒီကင်းမြှီးကောက်နှင့် တိုက်ခိုက်နေသည့်အလား။
“အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်…” သည်အခိုက်တွင် ဝမ်လင်းက စိတ်ဝိညာဉ်ချပ်ဝတ်ကို ချက်ခြင်း မဝတ်ဆင်သေးပေ။
အချိန် တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ဝမ်လင်း ဝင်ရောက်လာပြီးနောက် အချိန်ကာလသည် အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ရှိလာခဲ့ပေပြီ။ သည်နေရာတစ်ခုလုံးက တိတ်ဆိတ်နေ၏။
“ဆယ့်တစ်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ ရည်ရွယ်တာဟာ ကောင်းတယ်။ သူ ကျရှုံးသွားတာနဲ့ သူဟာ အင်ပါယာစမ်းသပ်ကွင်းဟာ သူ အရူးအမူး ချိုးဖျက်ချင်တိုင်း ချိုးဖျက်လို့ မရတဲ့နေရာမှန်း သဘောပေါက်သွားလိမ့်မယ်…”
ဩဇာအင်ပါယာနှင်းမိုးက စိတ်ထဲကနေ သက်ပြင်းချမိနေ၏။ ခုချိန်ထိ သူသည် ဝမ်လင်း ကျော်ဖြတ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
“သူက သူ့ကိုယ်သူ ဩဇာအင်ပါယာချိုက်ဝေ၊ ဒါမှမဟုတ် မန်တောက်လို့ ထင်နေတာလား…။ ငါတောင် ဒီဆယ့်တစ်ခုမြောက်နန်းတော်ကို အတော့်ကို အားစိုက်ထုတ်ပြီးမှ ချိုးဖျက်နိုင်ခဲ့ရုံပဲ။ ပြင်ပစိတ်ဝိညာဉ်တွေနဲ့ တိုက်ခိုက်ရတာဟာ အတော့်ကို ခက်ခဲလွန်းတယ်။ သူ ကျိန်းသေပေါက် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး…”
ဩဇာအင်ပါယာကလေးငယ်က စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ ထိုစဉ်မှာပင် ရုတ်တရက် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ၏မျက်လုံးသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားတော့သည်။
ဆယ့်တစ်ခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာခဲ့လေပြီ။
“မဖြစ်နိုင်ဘူး…” ဩဇာအင်ပါယာကလေးငယ်က မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွား၏။