ပျက်သုဉ်းခြင်း
Vol. 145 Ch. 2000
ပုံရိပ်ယောင်အတွင်းရှိ တန်လင်းကလန်သည် မနက်ခင်းနေရောင်အောက်တွင် သာယာလှပနေ၏။ နေရောင်က ကလန်တစ်ခုလုံးကို ခြုံလွှမ်းထားသည်။
တန်လင်းကလန်၏ တပည့်များက ငြိမ်သက်တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။ သူတို့က လောက၏စွမ်းအားကို စုပ်ယူကာ ကျင့်ကြံနေကြသည်။
သည်ပုံရိပ်ယောင်တန်လင်းကလန်၏ တောင်အနောက်ဘက်တွင် ကျေးငှက်များ တေးဆိုကာ ပန်းပွင့်မွှေးရနံ့တို့က ကြိုင်လှိုင်နေ၏။ သားရဲငယ်လေးများ၏ မြူးထူးစွာ အော်မြည်သံတို့လည်း မကြာဆိုသလို ထွက်ပေါ်နေကာ ယင်းနေရာ၌ ထုထည်ကြီးမားသော ပလ္လင်တစ်ခုကို တည်ဆောက်ထား၏။
ထိုပလ္လင်က မျှော်စင်တစ်ခုကဲ့သို့ပင်။ ပေတစ်သောင်းလောက် ဗြက်ရှိပြီး ပေတစ်ထောင် မြင့်သည်။ ၎င်းကို အပြာရောင်ကျောက်တုံးဖြင့် တည်ဆောက်ထားပြီး အေးစက်မှုအငွေ့အသက်ကို အဝေးထိ ပေးစွမ်းနေ၏။
ထိုပလ္လင်၏အထက်တွင် ပေတစ်ထောင်ခန့် ရှိသော ကျောက်ဖြာတစ်ခု ရှိလေ၏။ ယင်းကျောက်ဖြာ၏ ဗဟိုချက်တွင်မူ ရေကန်ငယ်တစ်ခု ရှိ၏။ ထိုရေကန်က ခြောက်သွေ့နေပုံ ရသော်လည်း ခပ်တိမ်တိမ်ရေလွှာတစ်ခုတော့ ရှိနေဆဲပင်။ လေအဝှေ့တွင် ထိုရေထဲ၌ လှိုင်းဂယက်များ ထနေလေသည်။
ဝမ်လင်းက ထိုရေကန်၏ အပြင်ဘက်တွင် ရပ်ကာ ၎င်းကို ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိနေသည်။ လျှိုကျင်းပြောင်က သူ့နောက်တွင် ရပ်နေပြီး ဘေးပတ်လည်သို့ ဟိုကြည့်ဒီကြည့် ကြည့်နေ၏။ သို့သော် လျှိုကျင်းပြောင်၏မျက်လုံးထဲတွင်မူ အကြောက်တရား ရှိနေသည်။
“ဒီသောက်နေရာဟာ ငါ အခု မြင်နေရသလိုမျိုး မဟုတ်ဘူး။ ငါ့ခြေထောက်အောက်မှာတောင် အရိုးစုတစ်ခု ရှိနေနိုင်လောက်တယ်။ ဒီရေကန်ဟာ ကြည်လင်ပုံ ပေါ်ပေမဲ့ အမှန်တကယ်တော့ ဒီရေကန်အတွင်းမှာ အလောင်းကောင်တွေ နစ်မြုပ်နေလောက်မှာ…” လျှိုကျင်းပြောင်က ထိုသို့ မြင်ယောင်ကြည့်မိကာ ပိုထိတ်လန့်လာ၏။
သူက အလောင်းကောင်များကို ထိတ်လန့်ခြင်းတော့မဟုတ်၊ မည်သည်မှန်းမသိနေရခြင်းကို ထိတ်လန့်နေခြင်းသာ။
ထိုသို့ အကြောက်တရား ခံစားမိနေသဖြင့် သူက ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာနေသည်ကို သတိမပြုမိပေ။ ဝမ်လင်းက ရေကန်ကို ကြည့်ကာ အချိန်အကြာကြီး စဉ်းစားနေသည်။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်ပြီး သူ အိပ်မက်ထဲ၌ တွေ့မြင်ခဲ့ရသည့် တန်လင်းရေကန်နှင့် တန်လင်းကလန်အကြောင်းကို စိတ်ကူးပုံဖော်ကြည့်သည်။
“တန်လင်းကလန်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဖန်တီးခဲ့တဲ့ အိပ်မက်နယ်မြေထဲက ပုံစံနဲ့ ဘာကြောင့် လုံးဝ ခြားနားနေရတာလဲ…”
“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်ထဲက တန်လင်းရေကန်ဟာ ဒီမှာပဲ ရှိနေခဲ့တာ။ဒါပေမဲ့ အဲ့အိပ်မက်ထဲက ရေကန်နေရာမှာတော့ ပလ္လင်လည်း မရှိသလို ကြီးမားတဲ့ ရေကန်တစ်ခုသာ ရှိခဲ့တာ။ ဘယ်ရေကန်က အတုလဲ၊ ဘယ်ရေကန်က အစစ်လဲ…”
ဝမ်လင်းက မျက်လုံးဖွင့်ကာ ဘေးပတ်လည်သို့ ကြည့်၏။ သူ၏အကြည့်က ပုံရိပ်ယောင်များကို ချိုးဖျက်သွားနိုင်သည့်အလား။
သူသည် အရင်ကနှင့် မတူကွဲပြားစွာ တွေ့မြင်လိုက်ရသည်။ သူ ပလ္လင်ကို ကြည့်သည့်အခါ ၎င်းက ရှေးကျကာ အက်ကြောင်းများနှင့် ပြည့်ဖုံးနေ၏။ နေရာတိုင်းတွင်လည်း ခြောက်ကပ်နေသော သွေးကွက်သွေးစက်များပင် ရှိနေသည်။
သူ၏အကြည့်အောက်၌ ဒီဧရိယာမှာ သေခြင်းအော်ရာနှင့် ခြုံလွှမ်း၏။ သူက ရေကန်ကို တွေ့မြင်သည့်အခါ သူ့အကြည့်ကို လျှော့ချလိုက်၏။ ထိုရေကန်က မပြောင်းလဲ ရှိနေသည်။
ရေကန်ထဲရှိ ရေများကလွဲ၍ ၎င်းပတ်လည်ရှိ အရာအားလုံးကတော့ ပြောင်းလဲနေလေသည်။
“ဒါက တန်လင်းရေကန်အစစ်ပဲ ဖြစ်ရမယ်။ ပလ္လင်ကို ကြည့်ရသလောက် ၎င်း တည်ရှိခဲ့တာဟာ အချိန်ကြာမြင့်လွန်းခဲ့ပြီ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခု ဒီရေကန်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်ထဲက ရေကန်နဲ့ ဘာကြောင့် ကွဲပြားနေရတာလဲ…”
“ဒီနေရာဟာ လုံးဝ မပြောင်းလဲခဲ့ရင် ပြောင်းလဲသွားတဲ့အရာကတော့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူပဲ…” ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။
သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ တန်လင်းကလန်ထံ အိပ်မက်ထဲမှာ မဟုတ်ဘဲ အပြင်မှာ ပထမဆုံး ခြေလှမ်းဝင်လာချိန်၌ သူ့စိတ်ထဲတွင် မြူလွှာတစ်ခု ပေါ်လာခဲ့လေ၏။ သူက လှိုဏ်ဂူလောကအပေါ် သူ့နားလည်မှုကို မေးခွန်းစထုတ်လာမိခဲ့သည်။
“လှိုဏ်ဂူလောကထဲက အရာအားလုံးကို ငါ တကယ်ပဲ ထိန်းချုပ်နိုင်ခဲ့တာလား။ ရှေ့ဖြစ်ဟောသူရဲ့ အော်ရာ၊ ဒီကျောက်ပြားတွေ၊ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှားယွင်းနေတဲ့ မှတ်ဉာဏ်တွေ။ ဒီအရာတွေအားလုံးမှာ ဘယ်လိုလျှို့ဝှက်ချက်များ ပုန်းကွယ်နေသလဲ…”
“ဒီတန်လင်းကလန်ဟာ သာမန်နေရာ တစ်ခုမဟုတ်ဘူး။ မဟာအင်ပါယာတန်လင်းဟာ ဒီမှာ ပေါ်ထွက်လာခဲ့ပြီးမှ ကျရှုံးခဲ့တာ။ သူ့ခန္ဓာကိုယ်ကိုလည်း ခုထိ ရှာမတွေ့ကြသေးဘူး…”
“တန်လင်းကလန်တစ်ခုလုံးကို ဘယ်သူက ဖျက်စီးခဲ့တာလဲ။ ရှေ့ဖြစ်ဟောသူလား။ ဒါမှမဟုတ် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူလား။ ဒါမှမဟုတ် ငါ လွတ်နေတဲ့၊လွဲချော်သွားတဲ့ လှိုဏ်ဂူလောကနဲ့ နက်နက်နဲနဲ ပတ်သတ်မှုရှိတဲ့ တစုံတစ်ယောက်လား…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေလေ၏။
ဝမ်လင်းသည် တန်လင်းရေကန်ကို အချိန်ကြာမြင့်စွာ ကြည့်နေ၏။ ထို့နောက် သူက အသက်ဝဝရှုထုတ်ကာ ၎င်းရေကန်ထံ လျှောက်လာသည်။ ရေကန်၏အပြင်ဘက်တွင် သူက ရေမျက်နှာပြင်ထံ ငုံ့ကြည့်လိုက်ရာ သူ၏အသွင် ရောင်ပြန်ဟပ်တာကို တွေ့မြင်လိုက်ရသည်။
သူက ဆံဖြူ၊ဝတ်ရုံဖြူတို့ဖြင့် သူ့ကိုယ်သူ ပြန်ကြည့်မိသည့်အခါ သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့စိတ်ထဲတွင် တုန်ဟည်းမြည်သံ ပဲ့တင်ထပ်သွားပြီး သူက တစုံတစ်ခုကို အမှတ်ရမိသွားသလိုပင်။
“ထူးခြားလွန်းနေတဲ့ တစ်ခုကို ငါ အမှတ်ရမိပြီ။ ငါ အဲ့ကိစ္စကို သံသယ ရှိနေခဲ့တာ။ အဲ့အရာဟာ ငါ့ရဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပဲ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ မဟာအင်ပါယာတောက်ရီနဲ့ ဆရာ့ထံကနေ သူတို့အာရုံမစိုက်မိဘဲ ဘာကြောင့် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ယူဆောင်နိုင်ခဲ့ရတာလဲ…”
“လှိုဏ်ဂူလောကမှာတုန်းက ခုနစ်ရောင်စုံတာအိုသခင် အပါအဝင်၊ အိပ်မက်ပြာနဲ့ တခြားသူတွေဟာ ငါ့မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပိုင်ဆိုင်ခဲ့တာကို တွေ့မြင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာတော့ အခုထိ ဘယ်သူကမျှ ဒီပုတီးစေ့ကို သတိမပြုမိကြသေးဘူး…”
“ငါ့ဆရာရွှမ်လောလည်း သူ လှိုဏ်ဂူလောကကို ရောက်လာခဲ့တဲ့အချိန်တုန်းကလည်း ဒီပုတီးစေ့ကို ဘာကြောင့် ဖြတ်မမြင်နိုင်ခဲ့တာလဲ။ သူက မြင်နိုင်ခဲ့ပေမဲ့ ဘာမှ မပြောခဲ့တာများ ဖြစ်နိုင်လား…”
“ဒါသာ အမှန်ဆိုရင် ငါဟာ မဟာအင်ပါယာတောက်ရီနဲ့လည်း တွေ့ခဲ့ဖူးတယ်။ သူကရော ဘာမှ မပြောခဲ့သလို ဒီပုတီးစေ့ကို လုယူခဲ့တာလည်း မရှိဘူး။ သူတို့ ဒီပုတီးစေ့ကို မတွေ့ကြတာ ပို သေချာလောက်တယ်…”
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟာ ဘာများ ဖြစ်မလဲ။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွက် သံလိုက်အိမ်မြှောင်ကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ဒါကို ဘာအတွက် အသုံးပြုရတာလဲ။ လှိုဏ်ဂူလောကမှာတုန်းက တချို့လူတွေက ဒီပုတီးစေ့ကို မြင်နိုင်ပေမယ့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာတော့ ဘယ်သူကမျှ မမြင်ကြတာဟာ ဘာကြောင့်လဲ…”
“ငါ ကင်းမြှီးကောက်စိတ်ဝိညာဉ်ကို စုပ်ယူတဲ့အခါမှာတုန်းက အဲ့ကင်းမြှီးကောက်က အဖြူရောင်ပုတီးစေ့လို့ ပြောခဲ့တယ်။ အဖြူရောင်ပုတီးစေ့။ ဆိုတော့ နောက်ထပ် အနက်ရောင်ပုတီးစေ့ကော ရှိနိုင်တယ်လို့ ဆိုလိုတယ် မဟုတ်လား…”
“တန်လင်းကလန် ဖျက်စီးခံရတာနဲ့ ဒီကိစ္စကို ငါ ချိတ်ဆက်ကြည့်နိုင်ခဲ့ရင် ငါ့အနေနဲ့ လှိုဏ်ဂူလောကမှာ ပုန်းကွယ်နေတဲ့ တုန်လှုပ်ဖွယ်လျှို့ဝှက်ချက်တွေကို သိလာနိုင်လောက်တယ်…”
ဝမ်လင်းသည် ဘေးပတ်လည်သို့ ကြည့်နေလျက် သူ့အမူအရာက ပြောင်းလဲသွားလေ၏။
“အမှန်တော့ ငါ့မှာ တန်လင်းကလန်ကို ဘယ်သူ ဖျက်စီးခဲ့တာလည်းအပေါ် ကြည့်နိုင်တဲ့ တခြားနည်းလမ်းတစ်ခုလည်း ရှိသေးတယ်။ ဒါပေမဲ့လို့ မဟာအင်ပါယာတွေတောင် ဒီအဖြစ်အပျက်ကို ရှေ့ဖြစ်မကြည့်နိုင်ခဲ့ကြဘူး။ အင်ပါယာဆရာသခင်တောင် သုံးရက်လုံး စိတ်ရှုပ်ထွေးခဲ့ပြီး ဒါနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကို ပယ်ဖျက်ခံခဲ့ရတယ်။ ငါကော…ငါဆိုကော ဒါကို လုပ်နိုင်မလား…”
ဝမ်လင်းက ခဏတာ တွေဝေနေ၏။ သို့သော် တအောင့်အကြာတွင် သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်လာ၏။ ဤသည်မှာ တန်လင်းကလန်နှင့်သာ ပတ်သတ်နေခြင်း မဟုတ်ပေ။ ၎င်းအဖြစ်အပျက်က သူနှင့်လည်း ပတ်သတ်နေသည် မဟုတ်လား။ တကယ်တော့ သူက လှိုဏ်ဂူလောကမှ လာခဲ့တာ ဖြစ်ပြီး သူ့ထံ၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကိုလည်း ပိုင်ဆိုင်ထားပေသည်။
ဝမ်လင်းသည် မူလတုန်းက သူသည် လျှို့ဝှက်ချက်များ၏ လိုက်ကာစကို ဖယ်ရှားပြီးပြီဟု ထင်ထားခဲ့၏။ သို့သော် သူက အစွန်းအနားလောက်ကိုသာ ပင့်မြှောက်ကြည့်နိုင်ခဲ့ခြင်းသာ။ ၎င်းက သူ့ကို အမှန်တရားအား မမြင်ရအောင် ဖုံးအုပ်ထားဆဲပင်။ ခုခါ၌ သူသည် သူ့မျက်လုံးကို ပိတ်ဆို့ထားသော မမြင်ရသော လက်တစုံအား ဖယ်ရှားကြည့်ဖို့ ကြိုးစားရပေတော့မည်။ အမှန်တရားကို သူကိုယ်တိုင် သိမြင်ရဖို့ အားထုတ်ရပေမည်။
အသက်ခပ်ဝဝရှိုက်သွင်းကာ ဝမ်လင်းက ရေကန်ဘေး၌ ထိုင်ချလိုက်၏။ သူက တန်လင်းရေကန်ကို မကြည့်ဘဲ အကွာအဝေးတစ်ခုရှိ တန်လင်းဘုံကျောင်းထံ လှမ်းကြည့်၏။ သူ၏အော်ရာက ပျောက်ကွယ်သွားပြီး သူသည် ထူးခြားသောအခြေအနေသို့ ဝင်ရောက်သွားလေ၏။
ဝမ်လင်းဘေးတွင် ရှိနေသော လျှိုကျင်းပြောင်က ရုတ်တရက် လှည့်ကြည့်လာ၏။ ဝမ်လင်းက သူ့အာရုံခံနိုင်မှုကနေ ပျောက်ကွယ်သွားခဲ့လေပြီ။ သို့သော် သူ နောက်လှည့်ကြည့်သည့်အခါ ဝမ်လင်းကိုမူ တွေ့နေရ၏။ သို့သော်လည်း ဝမ်လင်းက ဒီနေရာတွင် မရှှိတော့သကဲ့သို့ သူ ခံစားမိသည်။
“ငါ့ခန္ဓာကိုယ်ဟာ ဒီလောကနဲ့ ပေါင်းစပ်သွားလိမ့်မယ်။ ငါ့နတ်ဘုရားအာရုံကလည်း လေဟာနယ်နဲ့ အံဝင်ခွင်ကျ ဖြစ်သွားလိမ့်မယ်။ ငါ့စိတ်ဝိညာဉ်နဲ့ အချိန်ရဲ့ ပြောင်းလဲမှုအပေါ် ငါ့အိပ်မက်နဲ့အတူ လောကတစ်ခုကို ဖန်တီးမယ်…”
ဝမ်လင်း၏ အိပ်မက်တာအိုနှင့် အချိန်စီးဆင်းခြင်းမန္တာန်တို့က သူ့ကို လှိုဏ်ဂူလောကမှာတုန်းကကဲ့သို့ အတိတ်တချိန်ကို ပြန်ရောက်သွားအောင် လုပ်ပေးနိုင်ပေသည်။
ဝမ်လင်းသည် တခြားသူများက ထိုသို့ လုပ်နိုင်၏၊မလုပ်နိုင်၏ကိုမူ မသိပေ။ သို့သော် သူ တွေ့ခဲ့ဖူးသော လူများထဲ၌ သူ တစ်ယောက်သာ ထိုသို့လုပ်နိုင်ပေသည်။ သူက မဟာစိတ်ဝိညာဉ်ကလန်၏ တစ္ဆေရွက်ဖျင်ကိုလည်း ငှားယမ်းအသုံးချရမည် ဖြစ်၏။
ဝမ်လင်းက သူ့အိပ်မက်တာအိုထဲ၌ နစ်မြုပ်သွားချိန်၌ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းသည်။ တစ္ဆေရွက်ဖျင်ပေါ်လာကာ သူ့ပတ်လည်၌ လှည့်ပတ်သည်။
နှစ်ပေါင်းထောင်ချီမည့် အိပ်မက်တစ်ခု…။
ဝမ်လင်း၏ အိပ်မက်ထဲပ အချိန်သည် နှစ်ပေါင်းတစ်ထောင်၊ နှစ်တစ်သောင်း၊ နှစ်တစ်သိန်း ပြန်ပြောင်း စီးဆင်းလေသည်။ သူသည် အချိန်မည်မျှ ကုန်လွန်သွားသည်ကို မေ့သွားသည့်အထိပင်။ တန်လင်းကလန်က တန်လင်းကလန် ဖြစ်နေဆဲပင်။
တောင်တန်းများကလည်း အတူတူ၊ ရေတို့မှာလည်း ကြည်လင်ဆဲ။ တန်လင်းကလန်၏ တပည့်များစွာကလည်း ကျင့်ကြံနေကြဆဲ။
သည်ကလန်က တည်ငြိမ် အေးချမ်းနေသည်။ ပင်မခန်းမထံမှ တာအိုသင်ခန်းစာ ပို့ချသံများ ထွက်ပေါ်နေပြီး တပည့်အမြောက်အများက နားထောင်နေကြသည်။
အကွာအဝေးတစ်ခု၌ အလင်းတန်းများက တောင်တန်းများနှင့် လေထဲတွင် ပျံသန်းနေသော ကြိုးကြာငှက်တို့ကြားကနေ ပျံသန်းထွက်လာ၏။ မြေပြင်ထက်တွင် သားရဲငယ်လေးများက မြူးထူးအော်မြည်သံ ပေးနေသည်။ လှပသောအမျိုးသမီးတစ်ယောက်က ပြုံး၍ ထိုသားရဲငယ်လေးများကို ဆေးလုံးများ ခွံ့နေ၏။
ပိုဝေးသောနေရာ၊ တန်လင်းကလန်၏ ဆေးပင်ဥယျာဉ်တွင် တပည့်များက သူတို့၏ဆရာများ၏ အမိန့်အရ ဆေးပင်များကို ဂရုတစိုက် ပျိုးနေကြသည်။
တောင်ပေါ်သို့ ဆင်းချည်၊တက်ချည် သွားလာနေသော တပည့်များလည်း ရှိပေ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံသည့်အခါ စီနီယာများကို ဂျူနီယာတို့က လေးစားသမှုဖြင့် နှုတ်ဆက်ကြ၏။ ကလန်၏ ပြင်ပတပည့်အချို့ကတော့ တောင်အောက်တွင် ရေပုံးများ သယ်နေရင်း ရယ်ကာမောကာ စကားပြောဆိုနေသည်။
ထိုအခိုက်မှာပင် ကောင်းကင်က နက်မှောင်သွား၏။ သို့သော် ဤအဖြစ်က တန်လင်းကလန်၏ တပည့်များကို အာရုံမစိုက်မိစေပေ။ သို့သော် ချက်ခြင်းလိုလိုပင် ရေပုံးများ သယ်ဆောင်နေသည့် တပည့်များက တုန်ယင်ကုန်ကာ မြေပြင်ထက်သို့ လဲကျကုန်၏။
တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်နေသော ကလန်ရောင်းရင်းတို့မှာလည်း နာကျင်စူးဝါးစွာ အော်ဟစ်ကုန်ပြီး သူတို့၏ခန္ဓာကိုယ်များသည် သွေးအလိမ်းလိမ်းနှင့် အလောင်းကောင်များ ဖြစ်ကုန်၏။
ထိုအခါ တန်လင်းကလန်တစ်ခုလုံးသည် သည်အခိုက်၌ သေခြင်းတရားနှင့် ပြည့်ကုန်ပြီး သက်ရှိအားလုံး သေဆုံးကုန်လေ၏။
တန်လင်းကလန်၏ လူများ သေဆုံးနေကြစဉ် ဝိုးတဝါးပုံရိပ်တစ်ခုက ကောင်းကင်ထက်တွင် ပေါ်လာ၏။ ထိုပုံရိပ်၏ နောက်တွင် နေမင်း ရှိနေကာ သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့မှာ မဖြစ်နိုင်ပေ။
ဝမ်လင်းက ထိုအိပ်မက်ထဲ၌ သည်ပုံရိပ်၏ ပုံပန်းသွင်ပြင်ကို တွေ့မြင်ရဖို့ ခေါင်းမော့ကြည့်၏။ သို့သော် သူက ဝိုးတဝါးသာ တွေ့မြင်လိုက်ရပြီး သူ့ခေါင်းထဲ၌ နာကျင်မှု ပြင်းထန်စွာ ထွက်ပေါ်သည်။ ထိုနာကျင်မှုမျိုးကို သူ့အနေဖြင့် အရင်က လုံးဝ မကြုံခဲ့ဖူးချေ။ သူ ခံစားမိခဲ့ဖူးသော နာကျင်မှုများစွာထက် ယခု နာကျင်မှုက များစွာ ပိုပြင်းထန်လွန်းနေသည်။