← Chapters

တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၇)

Vol. 145 Ch. 2010

တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၇)

Vol. 145 Ch. 2010

အင်ပါယာစမ်းသပ်ကွင်းအတွင်း၌ ရွှေရောင်အလင်းသည် ဆယ့်တစ်ခုမြောက်နန်းတော်ထံမှ ပျံ့နှံ့လာနေစဉ် ဝမ်လင်းက ခြေလှမ်းထွက်လာသည်။ သူ၏မျက်နှာက ဖြူရောနေ၏။ သူသည် ချက်ခြင်းပင် ရွှေရောင်အလင်းအတွင်း၌ ထိုင်ချသည်။ ဆယ့်တစ်ခုမြောက်နန်းတော်အတွင်း၌ ဖြစ်ပျက်ခဲ့သမျှက သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။

အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်က ဦးဆုံး ပေါ်လာခဲ့သော စိတ်ဝိညာဉ်ပင်။ ထို့နောက်တွင် နောက်ထပ်ပြင်ပစိတ်ဝိညာဉ်ရှစ်ခုက အကြားအလပ်မရှိ ပေါ်လာကြသည်။ ဝမ်လင်းသည် ချက်ခြင်း စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်ခြင်းကြောင့်သာ မဟုတ်ပါက သူ့အတွက် ဒီဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ခက်ခဲသွားပေလိမ့်မည်။

အထူးသဖြင့် နောက်ဆုံးစိတ်ဝိညာဉ်ဖြစ်သော ဂြိုဟ်တလုံးအရွယ်အစားလောက် ကြီးမားသည့် ဧရာမဆင်သားရဲစိတ်ဝိညာဉ်တွင် ကြီးမားသည့်ခွန်အား ရှိနေခဲ့ပေသည်။

ဝမ်လင်းသည် ထိုပြင်ပစိတ်ဝိညာဉ်များသည် ပုံရိပ်ယောင်များသာ ဖြစ်ပြီး သူတို့၏ မူလခန္ဓာကိုယ်များနှင့် ယှဉ်၍ မရတာကို သိ၏။ သို့သော် ယင်းတို့သည် အတော့်ကို အစွမ်းထက်နေကြတုန်းပင်။ ယင်းသားရဲစိတ်ဝိညာဉ်တစ်ခုစီက အင်ပါယာအတုအဆင့်၏ ထိပ်ဆုံးတွင် ရှိနေပြီး နောက်ဆုံးစိတ်ဝိညာဉ်လေးခုဆို သာမန်ဩဇာအင်ပါယာများနှင့်ပင် တိုက်ခိုက်နိုင်လောက်သည့်အထိ သန်မာပေသည်။

ဝမ်လင်းထံ၌ ဖြုန်းနေဖို့ အချိန်မရှိခဲ့ပေ။ သူက စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် အချိန်အကန့်အသတ် ရှိသည်မဟုတ်ာလး။ထို့ကြောင့် သူသည် ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ၎င်းကို အသုံးပြုပြီးနောက် ချက်ခြင်း ပြန်ချွတ်ထားခဲ့၏။ သို့မှသာ ၎င်းချပ်ဝတ်ကို နောက်ထပ် အသုံးပြုနိုင်အုံးမည် မဟုတ်လား။

သူက ဆယ့်တစ်ခုမြောက်နန်းတော်ထံမှ လှမ်းလျှောက်လာသည့်အခါ ဝမ်လင်း၏စိတ်ထဲတွင် ထည်ဝါသောအသံတစ်သံ ပေါ်လာ၏။

ထိုအသံကို အပြင်လူများအနေဖြင့် မကြားနိုင်၊ သူသာ ကြားနိုင်သည်။

“ငါဟာ လျန်ယွမ်ကျွယ်ပဲ။ ငါ့နတ်ဘုရားအာရုံဟာ အင်ပါယာစမ်းသပ်ကွင်းရဲ့ ဒီမှာ ချန်ထားခဲ့တယ်။ ငါဟာ ငါ့မန္တာန်တစ်ခုဖြစ်တဲ့ အဆုံးစွန်ရှစ်ပါးတာအိုကိုလည်း ဒီမှာ ချန်ရစ်ထားခဲ့တယ်။ ကံစပ်တဲ့ အနာဂတ်မျိုးဆက် တစ်ယောက်ယောက် ရှိခဲ့ရင် ဒီနေရာမှာ ငါချန်ရစ်ခဲ့တဲ့ မန္တာန်ကို ရနိုင်လိမ့်မယ်…”

“မင်းဟာ ငါ့စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒါ့ကြောင့် ငါ့ရဲ့အဆုံးစွန်မီးတာအိုကို ရနိုင်မှာ ဖြစ်တယ်။ ဒါက မန္တာန်တစ်ခု၊ အနှစ်သာရ၊ ဒါမှမဟာ တာအိုမန္တာန်တစ်ခုလည်း မဟုတ်ဘူး။ ပြီးတော့ ဒါကို ငါ ဖန်တီးထားခဲ့တာလည်း မဟုတ်ဘူး။ ဒါကို ထာဝရနတ်ဘုရားနယ်မြေကနေ အမွေဆက်ခံခဲ့ရတာ…”

ထိုအသံက ဝမ်လင်း၏စိတ်ထဲ၌ ပေါ်လာသည့်အခါ သူ့စိတ်ထဲတွင်လည်း ပုံရိပ်တစ်ခု ပေါ်လာ၏။ ယင်းက လက်ဝါးတစ်ခုပင်။ သို့သော် ၎င်းထံ၌ မည်သည့်မီးဓာတ် အရိပ်အငွေ့မှ မပါဝင်နေပေ။ ထိုလက်က ပင့်မြှောက်လာပြီး ၎င်းလက်ချောင်းပတ်လည်တွင် အစိမ်းရောင်အခိုးငွေ့တို့ ပေါ်လာ၏။ ထိုအခိုးအငွေ့တို့က လက်ချောင်းကို ကိုးကြိမ်တိုင် လှည့်ပတ်ပြီး အခိုးအငွေ့အဝန်းအဝိုင်းကိုးခု ဖြစ်ပေါ်သည်။ ထိုအခိုးအငွေ့အဝန်းတို့က ကြီးထွားလာနေပြီး ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းသည်။

ဝမ်လင်းက ရွှေရောင်အလင်းကြားထဲ၌ မျက်လုံးမှိတ်ကာ ထိုင်နေ၏။ ထိုပုံရိပ်နှင့်အသံကမူ သူ့စိတ်ထဲတွင် ပေါ်လာနေသည်။ သူသည် အရင်က ဒီမြင်ကွင်းကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်၏။ လေဟာနယ်အတွင်းရှိ သူ့ကိုယ်ပွား၏ အစွမ်းကို ငှားယမ်း၍ပင် ၎င်းကို အသုံးပြုခဲ့သေးသည်။

သို့သော် ခုခါ၌ သူက သူ့ကိုယ်ပွားထံမှ စွမ်းအားကို ငှားယမ်းထားခြင်း မရှိပေ။ သူ့ညာလက်ကို အလိုလို ပင့်မြှောက်မိသွား၏။ အစိမ်းရောင်အခိုးအငွေ့က သူ့လက်ချောင်းကို လှည့်ပတ်လေသည်။ ထိုမြင်ကွင်းက အောက်ဘက်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။

“သူ တကယ်ပဲ ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာပဲ…”

“ဒီအဆင့်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ ဩဇာအင်ပါယာအဆင့် များများစားစား မရှိဘူး။ သူဟာ ငါးခုမြောက်နန်းတော်ကနေ စလို့ အချိန်တိုအတွင်း ဆယ့်တစ်ခုမြောက်နန်းတော်ထိ ဖြတ်သန်းနိုင်ခဲ့ပြီ…”

“ငါ သူ့အကန့်အသတ်ကို မခန့်မှန်းနိုင်တော့ဘူး…”  ဝမ်လင်းက ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးနောက် သူသည် အင်ပါယာအတုများနှင့် လုံးဝ အဆင့်မတူတော့ပေ။ သူ့အောက်ရှိ အင်ပါယာအတုများက သိပ်သည်းသောတိမ်စိုင်များကြောင့် ဝမ်လင်း၏လက်ချောင်းထိပ်မှ အစိမ်းရောင်အခိုးအငွေ့ကိုပင် မမြင်နိုင်ကြတော့ပေ။

သို့သော် နှင်းမိုးနှင့် တခြားသူတို့ကတော့ ၎င်းကို ရှင်းလင်းစွာ မြင်နိုင်၏။

နှင်းမိုးတို့သုံးယောက်သည် ဝမ်လင်းကို ကြည့်ကာ စိတ်ရှုပ်ထွေးဟန် အမူအရာတို့ ဖြစ်ပေါ်နေ၏။

“သူ့ ပထမဆုံးအကြိမ်မှာတင် ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တယ်။ ဒီအစိမ်းရောင်အခိုးအငွေ့၊ ငါ ဒါကို ဩဇာအင်ပါယာချိုက်ဝေထံမှာ မြင်ခဲ့ဖူးတယ်။ဒါဟာ အဆုံးစွန်ရှစ်ပါးတာအိုထဲက အဆုံးစွန်မီးတာအိုဆိုတာ သိသာတယ်…”

“ကျုပ်တို့က သူ့ကို ကျုပ်တို့နဲ့ အတူတူပဲလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်တော့ သူဟာ ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဩဇာအင်ပါယာတွေကြားမှာတောင် နန်းတော်တွေကြား ကွာဟချက်က ကြီးမားလွန်းတယ် မဟုတ်လား…”

မိုးနှင်းတို့ သုံးယောက်က ငြိမ်သက်စွာ စဉ်းစားနေလျက် ကြိတ်၍ သက်ပြင်းချမိသည်။ သူတို့သုံးယောက်နှင့် မတူသည်က အကွာအဝေးတစ်ခုရှိ ဩဇာအင်ပါယာကလေးငယ်၏ အမူအရာက အဆက်မပြတ် ပြောင်းလဲနေခြင်းပင်။ သူက ဝမ်လင်းကို မုန်းတီးဟန်ဖြင့် လှမ်းကြည့်သည်။

“ဆယ့်တစ်ခုမြောက်နန်းတော်…။ ငါ့တုန်းက ဒီနန်းတော်ကို ချိုးဖျက်ဖို့ အချိန်အတော် ပေးခဲ့ရတယ်။ ဒါပေမဲ့ သူကတော့ အချိန်သိပ်မယူခဲ့ရတဲ့အပြင် ကောင်းကင်ဘုံဘိုးဘေးရဲ့ မန္တာန်ကိုလည်း ရရှိခဲ့သေးတယ်။ ငါ့တုန်းကတော့ ဘာမျှ မရခဲ့ဘူး..”

“ဆယ့်တစ်ခုမြောက်နန်းတော်ဟာ သူ့အကန့်အသတ်ပဲ ဖြစ်ရမယ်။ သူ့အတွက် ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်ဖို့ဟာ မဖြစ်နိုင်ဘူး။ မရေမတွက်နိုင်တဲ့ နှစ်တွေအတွင်းမှာ ဩဇာအင်ပါယာချိုက်ဝေတောင် ဆယ့်နှစ်ခုမြောက်နန်းတော်မှာ ရပ်တန့်ခဲ့ရဖူးတယ်။ ဩဇာအင်ပါယာတစ်ယောက်သာ တခါတည်းနဲ့ ဒီနန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာ…”

“ဒီလူ ကျိန်းသေပေါက် ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး…”  ဩဇာအင်ပါယာကလေးငယ်က ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူ၏စိတ်ထဲတွင်လည်း ဖြစ်ခဲလှသော မနာလိုမှု ပေါ်လာသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက သူ့လက်ချောင်းထိပ်ရှိ အစိမ်းရောင်အခိုးငွေ့စက်ဝန်းကို ကြည့်သည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ခနဲ ပေါ်၏။ ထို့နောက် ထိုအခိုးအငွေ့စက်ဝန်းက လွင့်ပျောက်သွားသည်။ သူက မော့ကြည့်လိုက်၏။ ထိုအခါ အောက်ဘက်မှ ကျင့်ကြံသူတို့၏ စိတ်နှလုံးမှာ တုန်ယင်မိကုန်သည်။ ဝမ်လင်းသည် သူ့အထက်ရှိ ပိုမြင့်သော နေရာရှိ ဆယ့်နှစ်ခုမြောက်နန်းတော်ထံ လှမ်းကြည့်လိုက်ခြင်းပင်။

“ဩဇာအင်ပါယာနှင်းမိုး ပြောခဲ့သလိုပဲ ဆယ့်တစ်ခုမြောက်နန်းတော်ကနေ စလို့ နန်းတော်တိုင်းမှာ ကံကောင်းခြင်းကိုယ်စီ ရှိကြတယ်။ ဒီအဆုံးစွန်ရှစ်ပါးတာအိုဟာ ငါ ထင်ထားတာနဲ့ ကွာခြားနေတယ်။ ကောင်းကင်ဘုံဘိုး‌ဘေးက ဒါကို ဖန်တီးခဲ့တာလို့ ငါ ထင်ထားခဲ့မိတာ။ ဒါပေမဲ့ ဒါက ထာဝရနတ်ဘုရားနယ်မြေက အမွေဆက်ခံထားတဲ့အရာသာ ဖြစ်နေခဲ့တယ်…”

“ဒီထာဝရနတ်ဘုရားနယ်မြေက ဘယ်လိုအရာများလဲ။ ကြည့်ရတာ အချက်အလက်တွေကတော့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟာ အဲ့နေရာက ဖြစ်နိုင်လောက်တာကို ညွှန်ပြနေတဲ့ပုံပဲ။ ပြီးတော့ မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ နည်းလမ်းကလည်း အဲ့နေရာကနေ ထွက်ပေါ်လာခဲ့တာ…”

“ကောင်းကင်ဘုံဘိုးဘေးရဲ့ မန္တာန်ကတောင် ထာဝရနတ်ဘုရားနယ်မြေကနေ အမွေဆက်ခံခဲ့ရတယ်။ ဒီနေရာဟာ ဘယ်လိုတည်ရှိမှုမျိုးလဲ…”

ဝမ်လင်းသည် စဉ်းစားနေလျက် သူ၏မျက်လုံးသည် အရောင်တောက်နေတော့သည်။

“အင်ပါယာစမ်းသပ်ကွင်းမှာ ဂုဏ်သတင်းတစ်ခုသာ ရနိုင်တာ မဟုတ်ဘူးပဲ။ လူတစ်ယောက်ဟာ ကောင်းကင်ဘုံဘိုးဘေး လျန်ယွမ်ကျွယ် ချန်ထားခဲ့တဲ့ ကံကောင်းမှုကိုလည်း ရနိုင်သေးတယ်…”

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ တချိန်တည်းမှာ အောက်ဘက်မှ စိတ်လှုပ်တရှားဖြင့် အာမေဍိတ်အသံများ ထွက်ပေါ်လာကြတော့၏။ အကြောင်းကား ဝမ်လင်းသည် ဆယ့်နှစ်ခုမြောက်နန်းတော်ထံ ဦးတည်သွားနေသည် မဟုတ်လား။

ဝမ်လင်းသည် အောက်ဘက်မှ လူအုပ်ကြီး၏ ထိုစိတ်ခံစားမှုအပြည့်ဖြင့် ထွက်ပေါ်လာသော အသံများကို ဝိုးတဝါး ကြားမိသည်။ သို့သော် သူက အရေးစိုက်မနေပေ။ သူက ဒီနေရာသို့ ရောက်လာရသည့် သူ့မူလရည်ရွယ်ချက်ကိုသာ အာရုံစိုက်ထားပေသည်။

သူသည် တချီတည်းနှင့် ကျော်ကြားလာရမည် ဖြစ်၏။

သူက ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခြင်းက လုံလောက်စွာ မတောက်ပသေးဟု ခံစားမိနေဆဲပင်။ သူက ဒုတိယအသန်မာဆုံးဖြစ်သည့် ဩဇာအင်ပါယာချိုက်ဝေနှင့် ယှဉ်နိုင်ပြီး ဆယ့်နှစ်ခုမြောက်နန်းတော်တွင် ရပ်တန့်နေရလျှင်ပင် လုံလောက်စွာ မတောက်ပသေးဟု ခံစားမိနေရဆဲပင်။

သူက အသန်မာဆုံးဖြစ်သည့် ဩဇာအင်ပါယာမန်တောက်ကို ဖိနှိပ်နိုင်မှသာ သူ၏ တောက်ပထွန်းလင်းမှုသည် လုံလောက်ရုံရှိပြီဟု ခံစားမိပေမည်။

ထို့အပြင် ဆယ့်တစ်ခုမြောက်နန်းတော်မှစ၍ အထက်အဆင့်နန်းတော်များတွင် ကံကောင်းမှုများ ရနိုင်သေးသည် မဟုတ်လား။ ဝမ်လင်းက ကောင်းကင်ဘုံဘိုးဘေး ထာဝရနတ်ဘုရားနယ်မြေမှ ရခဲ့သော အဆုံးစွန်ရှစ်ပါးတာအိုကို အတော်လေး စိတ်ဝင်စားနေမိသည်။

“အရူး…ရူးသွားပြီ။ သူက တကယ်ပဲ ဆယ့်နှစ်ခုမြောက်နန်းတော်ကို သွားရောက်အုံးမှာလား…”

“ဆယ့်နှစ်ခုမြောက်နန်းတော်…ဒီအဆင့်ကို ဖြတ်သန်းနိုင်ခဲ့တဲ့ ဩဇာအင်ပါယာ ဘယ်နှစ်ယောက် ရှိလဲတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ နည်းပါးလွန်းတာတော့ သေချာတယ်…”

ဝမ်လင်း၏အပြုအမူက နှင်းမိုးနှင့်တခြားသူတို့အား မင်သက်သွားမိစေသည်။ အချိန်အတန်ကြာပြီးနောက် သူတို့၏အကြည့်ထဲ၌ လေးစားမှုနှင့်အတူ စိတ်ရှုပ်ထွေးမှုခံစားချက်တို့ ပြည့်လာသည်။

“နှင်းမိုး…သူ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်လိမ့်မယ်လို့ မင်း ထင်လား…”

“အင်း…ဒါက ကျုပ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံကြတာ ဖြစ်ပေမယ့် ဒီလူ့ကို ခန့်မှန်းလို့ မရတာ သိသာနေတာပဲ။ သူက ဆယ့်နှစ်ခုမြောက်နန်းတော်ကို ခြေလှမ်းဝံ့မှတော့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိလို့ပဲ ဖြစ်ရမယ်…”

“ကျုပ်တော့ သိပ်မထင်ဘူး။ ဩဇာအင်ပါယာမန်တောက်တစ်ယောက်သာ သူ ဩဇာအင်ပါယာ ဖြစ်လာခဲ့ချိန်တုန်းက ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်စွမ်း ရှိခဲ့တာ။ ဒီတော့ ဝမ်လင်းကသာ ဖြတ်သန်းနိုင်ခဲ့ရင် သူဟာ ဩဇာအင်ပါယာမန်တောက်တုန်းကလိုမျိုး မုန်တိုင်းထန်စေလိမ့်မယ်လို့ ဆိုလိုတယ် မဟုတ်လား…”

“အတိတ်တုန်းက ဩဇာအင်ပါယာမန်တောက် ဩဇာအင်ပါယာ ဖြစ်လာခဲ့ချိန်၊ သူ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ချိန်က မဟာအင်ပါယာတွေကိုယ်တိုင် လာကြည့်ကြတယ်။ ဩဇာအင်ပါယာအများစုလည်း ရောက်လာခဲ့ကြတယ်။ မဟာအင်ပါယာတွေအားလုံးက သူ့ကို စွဲဆောင်မှုရှိလွန်းတဲ့ အခြေအနေတွေ ပေးခဲ့ကြပေမယ့် အဆုံးသပ်မှာတော့ သူဟာ ကောင်းကင်ဘုံအင်ပါယာကိုပဲ ရွေးချယ်သွားခဲ့တယ်…”

နှင်းမိုးတို့ သုံးယောက် ထိုသို့ပြောနေစဉ် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံမှ သိပ်သည်းသောအလင်း ထွက်ပေါ်လာကာ ပုံရိပ်များ စတင် ပေါ်လာသည်။

ထိုပုံရိပ်များသည် အောက်ဘက်ရှိ အင်ပါယာအတုအားလုံးကို တလေးတစားဟန်အမူအရာများ ဖြစ်သွးစေသည်။ တွေ့ရမြင်ရခဲသော ထိုသူများက အခု ထွက်ပေါ်လာကြသည် မဟုတ်လား။

“ဩဇာအင်ပယာ ကောင်းကင်မီးတောက်…”

“ဩဇာအင်ပါယာ ချန်းဖန်…”

“ဩဇာအင်ပါယာ ပျက်စီးခြင်းအိပ်မက်…”

“ဩဇာအင်ပါယာ ဟန်တန်း…”

ငြိမ်သက်တိတ်ဆိတ်နေမှုအတွင်း ဩဇာအင်ပါယာသုံးဆယ်နီးပါးသည် သူတို့၏နတ်ဘုရားအာရုံများဖြင့် ရောက်လာကြသည်။ သူတို့ ပေါ်လာသည့်အခါ သူတို့က အလေးအနက်အမူအရာများဖြင့် လှမ်းကြည့်သည်။

ထိုမျှများပြားသော ဩဇာအင်ပါယာများနှင့် အင်ပါယာအတုများ ပေါ်လာသည်မှာ ဖြစ်တောင့်ဖြစ်ခဲပင်။ နှစ်ပေါင်းများစွာ အတွင်း မန်တောက် ဩဇာအင်ပါယာ ဖြစ်လာခဲ့ချိန်၌သာ ခုလိုမျိုး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ဖူးသည်။ ဩဇာအင်ပါယာချိုက်ဝေသည်ပင် ထိုမျှ မဖြစ်စေခဲ့ပေ။

အသက်ရှိုက်စာ အတော်အတန် ကြာမြင့်ပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က တောက်ပလာ၏။ ထိုအလင်းက ပို၍ ပြင်းထန်လာ၏။ ခဏအကြာတွင် အရပ်မြင့်မြင့်ပုံရိပ်တစ်ခု လှမ်းလျှောက်ထွက်လာသည်။

သူ ပေါ်လာသည့်နောက် အင်ပါယာစမ်းသပ်ကွင်းတစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။ အင်ပါယာအတုများဖြစ်စေ၊ ဩဇာအင်ပါယာများဖြစ်စေ သူတို့က ထိုဦးခေါင်းပြောင်၊အရပ်မြင့်မြင့်ပုံရိပ်ကို ဦးညွှတ်လိုက်ကြ၏။

“မဟာအင်ပါယာဝူဖန်ကို နှုတ်ဆက်ပါတယ်…”

ထိုသူက မဟာအင်ပါယာဝူဖန်ပင်။ သူ ပေါ်လာသည့်နောက် သူသည် ရှေ့သို့ ခြေလှမ်းကာ ကောင်းကင်ထက်တွင် ရပ်၏။ သူသည်‌ အောက်ဘက်မှလူများကို လစ်လျူရှုကာ ဝမ်လင်းထံသို့ လှမ်းကြည့်ပြီး စဉ်းစားနေသည်။

“ဝမ်လင်း…မင်း ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တာ၊ မနိုင်တာ အရေးမကြီးဘူး။ မင်း ငါ့နောက် လိုက်မယ်ဆိုရင် မင်း တောင်းဆိုတဲ့ အခြေအနေတွေကို ငါ သဘောတူနိုင်တယ်…”

မဟာအင်ပါယာဝူဖန်၏ အသံက မကျယ်ပေ။ သို့သော် သူ့အသံက အင်ပါယာစမ်းသပ်ကွင်းတခွင် ပဲ့တင်ထပ်ကာ ဝမ်လင်း၏စိတ်အတွင်းသို့ ဝင်ရောက်လာ၏။

ဝမ်လင်းသည် ဆယ့်နှစ်ခုမြောက်နန်းတော်၏ အပြင်ဘက်တွင် ခဏရပ်ကာ ဦးညွှတ်ပြီး အောက်သို့ ငုံ့ကြည့်သည်။

“ကျေးဇူးတင်ပါတယ်…မဟာအင်ပါယာ။ ဒါပေမဲ့ ကျုပ့်အနေနဲ့ အင်ပါယာစမ်းသပ်ကွင်းပေါ်မှာပဲ အာရုံအပြည့် စိုက်ထားချင်သေးတယ်။ ကျုပ်တို့ ဒီကိစ္စကို နောက်မှ ပြောကြရင် အဆင်ပြေနိုင်မလား…”

“ကောင်းပြီ…” မဟာအင်ပါယာဝူဖန်က စိတ်ထဲမထားပေ။ သူက ဝမ်လင်းကို ပို၍ ကြည့်မိလေလေ သူသည် သူ့ကို ပို၍ စည်းရုံးချင်စိတ် ပေါ်လာလေပင်။

ဤသည်ကို ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးက တွေ့မြင်ကြ၏။ သူတို့၏အမူအရာများသည် ပြောင်းလဲကုန်သည်။ သူတို့၏စိတ်ထဲ၌ ထူးခြားသောခံစားချက် ရှိနေ၏။ ထိုသို့သော မြင်ကွင်းက အတိတ်တုန်းက ဩဇာအင်ပါယာမန်တောက်တုန်းကနှင့် ယှဉ်နိုင်လုနီးပါးပင်။

“မိတ်ဆွေလေး ဝမ်လင်း။ မင်း ငါတို့ရဲ့ သဘောတူညီမှုကို မှတ်မိသေးရဲ့လား…”

ထိုအခိုက်တွင် မဟာအင်ပါယာဝူဖန်ကို မျက်မှောင်ကြုတ်သွားစေသော အသံတစ်သံသည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ ထွက်ပေါ်လာ၏။

ထိုအစီအရင်သည် လင်းလက်သွားကာ မဟာအင်ပါယာတောက်ရီ လှမ်းထွက်လာခဲ့သည်။

All Chapters