ငါးရက်ထက်ပိုပြီး ခံမှာမဟုတ်ဘူး
Vol. 104 Ch. 1442
ကျင်ယွင်ရှန်းတစ်ယောက်တည်းသာ သလွန်ပေါ်ရှိ အခြေအနေကို စိတ်ဝင်စားနေခြင်းမဟုတ်ပေ။ ဂိုဏ်းချုပ်နှင့် ရှကျုံတုံးလည်း အလားတူ အာရုံစိုက်နေကြသည်။
ပတ်ဝန်းကျင်ရှိ အနှစ်သာရ ၈ ခုပါရာဂွန်များသည်လည်း မျှော်လင့်ချက်တို့နှင့်အတူ အားကျနေသောမျက်ဝန်းများဖြင့် သေချာကြည့်နေကြသည်။
“နဝမပါရာဂွန်က အကြာဆုံးတောင့်ခံနိုင်လောက်တယ်။ ဘယ်နှရက်ကြာမလဲပဲ သိချင်တာ...”
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေ၏။ လေးရက်မြောက်နေ့ ရောက်သောအခါ အနှစ်သာရ ၉ ခုပါရာဂွန်ခုနစ်ယောက်အနက် သုံးယောက်မှာ မျက်လုံးဖွင့်တော့မည့်အလား တုန်ရီနေကြသည်။ သူတို့အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ သူတို့ကိုယ်ပေါ်ရှိ နိုးထခြင်းအရှိန်အဝါသည် ပိုမိုအားကောင်းလာ၏။
“သတ္တမ၊ ပဉ္စမနဲ့ စတုတ္ထပါရာဂွန်တွေရဲ့ ကျင့်ကြံအဆင့်က အခြားသူတွေထက် အားနည်းတယ်။ သူတို့ လေးရက်တောင် ခံပါ့မလား မသိဘူး” တီးတိုးတီးတိုးပြောသံများက ဟိုဟိုသည်သည်မှ ထွက်လာနေသည်။
မန်ဟို၏မျက်နှာသည် တည်ကြည်နေသော်လည်း သူ့စိတ်ထဲတွင်တော့ ကောင်းကင်ဘုံချုပ်နှောင်မန္တန်နှင့် ပတ်သက်သည့် ဉာဏ်အလင်းက သူ့အား အလွန်အန္တရာယ်များသောအခြေအနေအတွင်း ကျရောက်သွားစေသည်။ တိုးပွားလာနေသော ဉာဏ်အလင်းစွမ်းအား၏ ကျေးဇူးကြောင့် သူသည် ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို အပြည့်အဝ ဆင်ခြင်သုံးသပ်နိုင်နေ၏။ တစ်ယောက်ယောက်သာ သူ၏စိတ်ထဲကို ကြည့်လိုက်လျှင် အံ့မခန်းလိလိချုပ်နှောင်စည်းတစ်ခု တစတစဖြစ်ပေါ်လာနေကြောင်း မြင်ရလိမ့်မည်။
ချုပ်နှောင်စည်း၏ပတ်ပတ်လည်တွင် ၎င်းနှင့်သဏ္ဍာန်တူ မှော်သင်္ကေတရှစ်ခု ဝန်းရံနေသည်။ ၎င်းတို့သည် ကျန်မိစ္ဆာချုပ်နှောင်မန္တန်များ ဖြစ်၏။ ကြည့်ရခြင်းအားဖြင့် နဝမမန္တန်ကား ခုနစ်ရာခိုင်နှုန်းပြီးမြောက်သွားခဲ့ပုံပေါ်သည်။
နဝမချုပ်နှောင်စည်းထံမှ အမျှင်များက မြွေလိမ်မြွေကောက် ထွက်လာကာ မန်ဟို၏ခန္ဓာကိုယ်အပြည့် ပျံ့နှံ့သွားသည်။ ထိုသို့ဖြာထွက်နေစဉ် ၎င်းတို့က မန်ဟို မိစ္ဆာအဖြစ် ဖောက်ပြန်ပျက်စီးသွားခဲ့သည့်အတောအတွင်း ဖြတ်တောက်ခံခဲ့ရသော အင်မော်တယ်ချီမျှင်များနှင့် ဆုံတွေ့သွား၏။
ချုပ်နှောင်စည်းမှ ဖြာထွက်လာသော အမျှင်တိုင်းသည် အင်မော်တယ်ချီမျှင်များကို ပြန်ဆက်ပေးနေ၏။ သူ့ကိုယ်ထဲတွင် အင်မော်တယ်ချီများ ပြည့်နှက်လာလေလေ၊ တန်ခိုးရှင်အငွေ့အသက်များက ပို၍အားကောင်းလာလေလေပင်။
နဝမမန္တန်၏ပေါ်ထွက်လာမှုက မန်ဟို့အား ပျောက်ကွယ်သွားခဲ့သော အင်မော်တယ်လမ်းစဉ်အပေါ်၌ ဆက်လက်လျှောက်လှမ်းနိုင်အောင် ကူညီပေးနိုင်ဟန်တူသည်။
နဝမမန္တန်၏အမှတ်အသားသည် အင်မော်တယ်ချီများအား တစတစ စုဝေးလာစေရာ သူ့ထံမှ အင်မော်တယ်အခိုးအငွေ့များ စိမ့်ထွက်လာတော့သည်။
တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးသွားသည်။ လေးရက်မြောက်နေ့ ကုန်ဆုံးတော့မည့်အချိန်တွင် တုန်ရီနေသော အနှစ်သာရ ၉ ခုပါရာဂွန်များက သူတို့၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ကြ၏။ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် သူတို့က သက်ပြင်းချပြီး သလွန်ပေါ်မှ ဆင်းလိုက်ကြသည်။
သူတို့သည် အကျိုးအမြတ်များစွာ ရခဲ့သော်လည်း သလွန်ပေါ်မှ ပထမဆုံးထွက်သွားရသည့် အနှစ်သာရ ၉ ခု ပါရာဂွန်များ ဖြစ်နေသေး၏။ မျက်နှာငယ်ရသော်လည်း မတတ်နိုင်ပေ။ သလွန်၏အပြင်တွင် သူတို့သုံးယောက်သား တင်ပျဉ်ခွေထိုင်၍ ကျန်ခဲ့သောလေးယောက်ကို ဆက်လက်စောင့်ကြည့်နေကြ၏။
လေးရက်မြောက်နေ့ ကုန်ဆုံး၍ ငါးရက်မြောက်သို့ ကူးပြောင်းတော့မည့်အချိန်တွင် အနှစ်သာ ၉ ခုပါရာဂွန်နောက်တစ်ယောက် မျက်လုံးပွင့်လာသည်။ စစချင်း သူ၏မျက်လုံးများက ငေးကြောင်နေသော်လည်း မကြာခင် သူသည် သက်ပြင်းချကာ သလွန်မှ ထွက်လာသည်။
ထိုအခိုက်အတန့်မှာပင်.... ငါးရက်မြောက်နေ့ ရောက်လာခဲ့လေပြီ။
ဤအချိန်တွင် သလွန်အပေါ်၌ မန်ဟိုအပါအဝင် သုံးယောက်သာ ကျန်တော့သည်။
အနှစ်သာရ ၉ ခုအဆင့် ပါရာဂွန်ကိုးဦးအနက် ဒုတိယနှင့် တတိယပါရာဂွန်သည် ဂိုဏ်းချုပ်ပြီးလျှင် အင်အားအကြီးဆုံးဖြစ်၏။ ငါးရက်မြောက်နေ့ရောက်သည့်အခါ သူတို့သည် တုန်ရီနေသော်လည်း သူတို့၏တန်ခိုးရှင်အရှိန်အဝါများက အားကောင်းလေသည်။
“ငါးရက်မြောက်နေ့ ရောက်ပြီ။ သုံးယောက်ပဲ ကျန်တော့တယ်။ ဘယ်တစ်ယောက်က အကြာဆုံးခံမလဲမသိဘူး”
“ဂိုဏ်းချုပ်က ခုနစ်ရက်တောင့်ခံနိုင်ခဲ့တယ်။ တာအိုရောင်ရင်းကျင်နဲ့ တာအိုရောင်ရင်းရှလည်း အတူတူပဲ”
“ဒီနေ့ ဒုတိယပါရာဂွန်နဲ့ တတိယပါရာဂွန်နှစ်ယောက်လုံး နိုးလာလိမ့်မယ်လို့ ငါ လောင်းရဲတယ်။ နဝမပါရာဂွန်ကတော့ ... ခြောက်ရက်လောက်ခံလိမ့်မယ်။ တကယ့်တကယ် ခုနစ်ရက်က သူ့အတွက် မဖြစ်နိုင်တဲ့အရာမဟုတ်ဘူး” လူတိုင်း ဆွေးနွေးနေသည့်အချိန်မှာပင် မန်ဟိုသည် ရုတ်တရက် သိသိသာသာ တုန်ရီလာ၏။
လှုပ်ရှားမှုက သိပ်မကြီးမားသော်လည်း လူတိုင်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့၍ ချက်ချင်း သတိထားမိလိုက်လေသည်။
“ဘယ်လို။ နဝမပါရာဂွန်က အခုနိုးလာတော့မှာလား။ ဒါ... ဒါပေမဲ့ ငါးရက်ပဲ ရှိသေးတယ်လေ”
“တာအိုရောင်ရင်းကျင်နဲ့ တိုက်ပွဲက သူ့မှာ အုပ်စိူးသူတစ်ပါး ဖြစ်ပိုင်ခွင့်ရှိတယ်ဆိုတာ သက်သေပြခဲ့တယ်မဟုတ်လား။ ဘယ်လိုလုပ် ငါးရက်တည်းနဲ့ နိုးလာနိုင်မှာလဲ” လူတိုင်း အံ့အားသင့်နေပုံရသော်လည်း ကျင်ယွင်ရှန်း၏နှုတ်ခမ်းက ကွေးညတ်သွားသည်။ သူ၏ခန့်မှန်းချက် မှန်သည်ဟု သူ ယုံကြည်၏။ ယခုရက်ပိုင်း မန်ဟိုနှင့် သူ၏တိုက်ပွဲကို ပြန်ဆန်းစစ်ပြီးနောက် မန်ဟို၏ကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်၍ တစ်ခုခုက လွန်စွာထူးဆန်းကြောင်း သူ ပို၍သေချာလာခဲ့သည်။
ထူးဆန်းသည်က မန်ဟို့တွင် အနှစ်သာရ ၉ ခု အမှန်တကယ် ရှိပုံမရပေ။ အမှန်တကယ်ရှိခဲ့လျှင် မန်ဟို ထုတ်သုံးလိမ့်မည်ဖြစ်ကြောင်း ကျင်ယွင်ရှန်း ယုံကြည်ချက်ရှိသည်။
“ကြည့်ရတာ အနှစ်သာရ ၉ ခုအတိုက်အခိုက်စွမ်းရည်ကို ထုတ်လွှတ်ဖို့ အဲဒီကောင် အထူးကျင့်စဉ်တစ်ခုခုကျင့်ထားတာ ဖြစ်ရမယ်” သူက တွေးသည်။ “တကယ်က သူ့ကျင့်ကြံအဆင့်က အနှစ်သာရ ၈ ခုအဆင့်မှာပဲ။ အဲဒီတိုင်းသာ တကယ်ဆိုရင် အုပ်စိုးသူအဆင့်အတန်းက အဲဒီကောင်နဲ့ မထိုက်တန်ဘူး” ကျင်ယွင်ရှန်း၏မျက်လုံးများက လင်းလက်နေပြီး သူ၏သွေးအေးအေးအပြုံးသည် ပို၍ကောက်ကျစ်လာ၏။
ရှကျုံတုံးနှင့် ဂိုဏ်းချုပ်လည်း မန်ဟို့ကို အကဲခတ်ရင်း မျက်နှာအမူအရာများတစ်မျိုးဖြစ်နေကြသည်။ မန်ဟိုက ငါးရက်တည်းနှင့် နိုးထလာတော့မည့် အရိပ်ယောင်များ ပြသနေပြီဖြစ်၍ သူတို့နှစ်ယောက်လုံး အံ့ဩနေကြသည်။
ငါးရက်မြောက်နေ့တစ်ပိုင်း ကုန်သွားခဲ့ချေပြီ။ တတိယပါရာဂွန်မှာ သွေးတစ်ပွက်အန်ကာ မျက်လုံးဖွင့်လိုက်သည်။ အတန်ကြာသော် သူသည် ခေါင်းခါလိုက်သော်လည်း သလွန်ပေါ်မှ ထထွက်လာစဉ် သူ၏အမူအရာသည် စိတ်လှုပ်ရှားနေဟန်ရှိ၏။
ထို့နောက် ရှေးမနှောင်းမှာပဲ ဒုတိယပါရာဂွန်မှာ နုံးခွေသွားသည်။ သူ၏ခန္ဓာကိုယ်သည် အတိုင်းထက်အလွန် ခြောက်ကပ်လာပြီး နိုးထခြင်းအရှိန်အဝါက အားကောင်းလာသည့်တိုင် မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... သူကား တည်ငြိမ်စွာ ဆက်လက်တောင့်ခံထား၏။
ထိုအခြင်းအရာက စောင့်ကြည့်နေသူတိုင်းအား အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။ အထူးသဖြင့် မန်ဟိုမှာ ဒုတိယပါရာဂွန်ထက်ပင် တုန်ရီနေပြီး သူ့ကိုယ်ပေါ်ရှိ နိုးထခြင်းအရှိန်အဝါက တန်ခိုးရှင်အငွေ့အသက်များကို ဖိနှိပ်နေပုံပေါ်ကြောင်း သူတို့ သတိထားမိလိုက်သောအခါ၌ ဖြစ်သည်။ သူတို့အားလုံး ဇဝေဇဝါ တွေဝေကုန်၏။
“ဘာဖြစ်နေတာလဲ။ နဝမပါရာဂွန်က ငါးရက်တောင် မခံနိုင်ဘူးလား”
“မဟုတ်မှ .... အတွင်းဒဏ်ရာများ ရထားလို့လား”
“ဖြစ်နိုင်ခြေ နောက်တစ်ခုရှိသေးတယ်။ သူ ကိုးခုမြောက်အနှစ်သာရကို မသုံးခဲ့တဲ့ အကြောင်းရင်းက ... သူ့မှာ ကိုးခုမြောက်အနှစ်သာရ အမှန်တကယ် မရှိလို့များလား” ဤကမ္ဘာထဲရှိ လူတိုင်းသည် အသိအမြင်နှံ့စပ်၍ အကင်းပါးသော ပါရာဂွန်များ ဖြစ်ကြ၏။ အကုန်လုံး ထိုသို့တွေးမိလာရန် သိပ်မကြာလိုက်ပေ။
မန်ဟိုသာ ငါးရက်မြောက်နေ့တွင် အမှန်တကယ် နိုးထလာပါက လောလောလတ်လတ်ကမှ ရရှိခဲ့သည့် သူ၏အုပ်စိုးသူအဆင့်အတန်းသည် အကဲ့ရဲ့ခဲ့ဖြစ်လာလိမ့်မည်။ မည်သူမှ ကျယ်ကျယ်ပြောရဲမည်မဟုတ်သော်လည်း သူ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ပြဿနာများ ရင်ဆိုင်ရလိမ့််မည်။
ဤအခိုက်အတန့်တွင် မန်ဟိုမှာ ပို၍ပင်ပြင်းထန်စွာ တုန်ရီလာပြီး နိုးထခြင်းအရှိန်အဝါမှာ ပို၍ပင်ထင်ရှားလာသည်။ သူ၏စိတ်ပင်လျှင် တုန်ခါလှိုင်းများ၏ ဝင်တိုက်ခြင်းခံနေရလေသည်။
“ဘာကြောင့် ဒီလိုဖြစ်နေတာလဲ” သူက စိတ်ထဲတွင် ဟိန်းဟောက်နေသည်။ “မဖြစ်နိုင်ဘူး” သူ၏နတ်ဘုရားအာရုံသည် နဝမမန္တန်၏ ချုပ်နှောင်စည်းအပေါ်တွင် ရာနှုန်းပြည့်စုဝေးနေ၏။ ထိုစည်းသည် ယမန်နေ့က ကိုးဆယ်ရာခိုင်နှုန်းပြီးမြောက်ခဲ့၍ ၎င်းထံမှ ဖြာထွက်နေသောအမျှင်များက သူ၏ကိုယ်ထဲတွင် ပြည့်နှက်နေခဲ့လေပြီ။ နဝမမန္တန်မှာ ပြီးမြောက်တော့မည်ဖြစ်သလို၊ သူ၏ကျင့်ကြံအဆင့်လည်း မြင့်တက်ဖို့ တဲတဲလေးသာ လိုတော့သည်။
သို့သော် မျှော်လင့်ချက်များပြင်းထန်နေသည့် ထိုအခိုက်အတန့်မှာပင် နဝမမန္တန်၏ ချုပ်နှောင်စည်းသည် ကောက်ကာငင်ကာ ... ကွဲထွက်လာ၏။
စည်းကား ဘာကြောင့်မှန်းမသိ အမှန်တကယ် ကွဲနေခြင်းဖြစ်သည်။ နာရီအနည်းငယ်အတွင်း တစ်ဝက်ကျော်ပြိုကွဲသွားရာ မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံများ ဆူညံနေတော့သည်။
ယင်းက သူ တုန်ရီနေသည့် အကြောင်းရင်းပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အားတစ်လှိုင်းက သူ့အား ဉာဏ်အလင်းရှာနေသောအခြေအနေမှ ထွက်သွားအောင် တွန်းထုတ်နေသည်။
မန်ဟို၏အရန်စွမ်းအားများသည် နက်ရှိုင်း၏။ သူ့တွင် ရွှေတုန်းလျှို၏အမွေ ရှိသည်။ ပို၍ပင်အရေးကြီးသည်ကတော့ ကြေးမီးအိမ်ပင်။ အားလှိုင်း သူ့အား တွန်းထုတ်နေစဉ် ကြေးမီးအိမ်က မှိန်ပျပျလင်းလာကာ ထိုအားလှိုင်းကို ပျက်ပြက်သွားစေသည်။ သို့သ်ော မန်ဟိုမှာ ဆက်လက်တုန်ရီနေပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
လူတိုင်း၏ရှေ့မှောက်တွင် မန်ဟို၏မေးဖျားမှ သွေးများ စက်လက်စက်လက် စီးကျနေလေပြီ။
ထိုစဉ် ဒုတိယပါရာဂွန်ပါရာဂွန်က သွေးတစ်ပွက်အန်ကာ တခိုက်ခိုက်တုန်လာသည်။ သူ ဆက်ထိုင်နေပြီးနောက် ထရပ်၏။ သို့သော် အရှုံးသမားလို စိတ်ဓာတ်ကျနေမည့်အစား သူက ခေါင်းနောက်လှန်ကာ တဟားဟား အော်သည်။ သလွန်ပေါ်မှ ဆင်းလာသည့်အခါ အံ့ဩဖွယ်ကောင်းစွာနှင့် ... သူသည် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
ထိုအရှိန်အဝါက ပတ်ဝန်းကျင်ရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။
ဂိုဏ်းချုပ်၊ ရှကျုံတုံး၊ ကျင်ယွင်ရှန်းတို့အားလုံး လှမ်းကြည့်ကြသည်။ ဒုတိယပါရာဂွန်သည် သလွန်မှ ကံကြမ္မာကောင်းကို ရရှိခဲ့လေပြီ။ တန်ခိုးရှင်အဆင့်သို့ မတက်သွားသော်လည်း သူ၏ကျင့်ကြံအဆင့်သည် အဆင့်တစ်ဝက်ခုန်တက်ကာ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့၏။
စိတ်လှုပ်ရှားနေသော ဒုတိယပါရာဂွန်က အသက်ပြင်းပြင်းရှူပြီးနောက် မန်ဟို့ကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်တို့ ပြင်းပြနေသည်။ မန်ဟိုက အုပ်စိုးသူငါးပါးထဲမှ တစ်ပါးဖြစ်လာနိုင်လျှင် သူလည်း ထိုသို့ဖြစ်လာကြောင်း သူ ယုံကြည်ချက်ရှိသည်။
အထူးသဖြင့် မန်ဟို သလွန်အပေါ်၌ တုန်ရီလျက် ကျန်ခဲ့သောအချက်ကို ထည့်တွက်လျှင်ပင်။ ယင်းက ဒုတိယပါရာဂွန် ယုံကြည်ချက်ရှိနေသော အကြောင်းရင်းဖြစ်သလို၊ လူတိုင်း အာရုံစိုက်နေသော အကြောင်းရင်းလည်း ဖြစ်၏။
ကျင်ယွင်ရှန်းက ဟက်ခနဲ မထီမဲ့မြင်ရယ်သည်။
“အဲဒီကောင် ငါးရက်ထက်ပိုပြီး ခံမှာမဟုတ်ဘူး” သူက ပြောသည်။ “နောက်နာရီအနည်းငယ်နေရင် ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်” သူ့အသံပဲ့တင်ထပ်နေစဉ် ရှကျုံတုံးက မျက်မှောင်ကြုတ်သွားပြီး ဂိုဏ်းချုပ်၏မျက်လုံးများတွင် သံသယတို့ ပေါ်လွင်နေသည်။
လူတိုင်း စကားမပြောဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ မျက်လုံးအားလုံးသည် မန်ဟို့အပေါ် ကျရောက်နေ၏။
မန်ဟို့စိတ်မှာတော့ ကယောင်ကယက် ဖြစ်နေသည်။ သူသည် နဝမမန္တန်၏အစအနများဖြစ်သော အလင်းမှုန်များ သူ့ကိုယ်ထဲ၌ ပျံဝဲနေသည်ကို စိုက်ကြည့်နေ၏။ ထို့နောက် သူ၏ဖရိုဖရဲအတွေးများကို ငြိမ်သက်စေလိုက်သည်။
“ငါ့အစီအစဉ်မှာ အမှားမပါဘူး။ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို နဝမမန္တန်အဖြစ် ပြောင်းလဲတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ
“ဒါ့အပြင် ဉာဏ်အလင်းရှာနေတဲ့အတောအတွင်း ကောင်းကင်ဘုံချုပ်နှောင်ဂါထာအပေါ် ငါ နားလည်ထားတဲ့အသိအမြင်ကလည်း မူလအဆင့်ထက် အများကြီးကျော်လွန်သွားခဲ့ပြီ။ မန္တန်ကိုတောင် အောင်အောင်မြင်မြင် စုစည်းနိုင်ခဲ့တာပဲ။ ဘာကြောင့် မအောင်မြင်ဘဲ နေမှာလဲ
“ထပ်ကြိုးစားပြီး အကြောင်းရင်းကို ဆုံးဖြတ်ရမယ်။ ဘာက ငါ့နဝမမန္တန်အစုအဝေးကို ဖျက်စီးစေခဲ့တာလဲ” စိတ်ပိုင်းဖြတ်ပြီးနောက် မန်ဟိုသည် နဝမမန္တန်၏အလင်းမှုန်များကို စတင်စုစည်းရင်း သလွန်စွမ်းအားကိုလည်း ဆင့်ခေါ်ကာ ဉာဏ်အလင်းရှာနိုင်စွမ်းကို မြှင့်တင်လိုက်၏။
အလင်းမှုန်များ စုဝေးလာသည်နှင့်အမျှ နဝမမန္တန်၏ ချုပ်နှောင်စည်းသည် ပြန်လည်ဖြစ်ပေါ်လာ၏။ ဤတစ်ခေါက်တွင် မန်ဟိုက သတိရှိရှိ လုပ်ဆောင်နေသည်။ အသက်တစ်ရှိုက်ကုန်သွားတိုင်း သူသည် အာရုံအပြည့်အဝစူးစိုက်ကာ အမှားမပါအောင် သတိထားနေ၏။ ဉာဏ်အလင်းအမျိုးမျိုးရရှိပြီးနောက် သူက ထိုအသိအမြင်အားလုံးကို နဝမမန္တန်အား ဖန်တီးရာတွင် အသုံးချနေသည်။
နှစ်နာရီ၊ လေးနာရီ... သူ့ကိုယ်ထဲတွင် ထစ်ချုန်းသံများ ဆူညံနေပြီး သူ့မှာ ထပ်မံတုန်ရီလာပြန်သည်။ ထိုအချိန်မှာပဲ... ငါးရက်မြောက်နေ့ ကုန်လွန်သွားချေပြီ။