နဝမမန္တန်ကို ဟန့်တားနေသော အခက်အခဲ
Vol. 104 Ch. 1443
ငါးရက်မြောက်နေ့ ကုန်လွန်သွားသည့်အခါ ကျင်ယွင်ရှန်းတစ်ယောက် လင်းတ,မှိုင် မှိုင်နေသည်။ သူ့မှာ မမြင်ရသောလက်ကြီးတစ်ဖက်ဖြင့် ပါးဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားနေရလေသည်။
စောစောကလေးတင် မန်ဟို ငါးရက်ထက်ပို၍ ခံမည်မဟုတ်ဟု သူ ရဲရဲတင်းတင်း အသံကောင်းဟစ်ခဲ့သည်မဟုတ်ပါလော။ ယခုတော့ မန်ဟိုကား တုန်ရီမနေတော့ဘဲ တည်ငြိမ်အေးဆေးစွာ ထိုင်နေသည်။
ထိုမြင်ကွင်းက ကျင်ယွင်ရှန်း၏မျက်နှာကို လွန်စွာတင်းမာနေစေ၏။ ကျန်ရှိသူများတွင်တော့ ထူးဆန်းသောအမူအရာများ ရှိကြသည်။
မည်သို့ဆိုစေ မန်ဟို့တွင် အနှစ်သာရ ၉ ခု အမှန်တကယ်မရှိဟု ထင်မြင်နေသော သံသယများက သူတို့၏ရင်ထဲတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်ရာ သူ ခြောက်ရက်တောင့်ခံနိုင်လျှင်တောင်မှ မသင်္ကာဖြစ်ဦးမည်သာ။
မန်ဟို အံ့ဖွယ်သရဲတစ်ခုခု မလုပ်ပြသရွေ့ ... အကုန်လုံး သံသယဝင်နေလိမ့်မည်။ မန်ဟိုသာ အံ့ဖွယ်သရဲလုပ်ပြလျှင်တော့ သူ၏အဆင့်အတန်းနှင့် အာဏာစက်သည် စိတ်ကူးဖြင့်မှန်းဆမကြည့်နိုင်သော အတိုင်းအတာသို့ ရောက်ရှိသွားလိမ့်မည်။
“ခြောက်ရက်က သူရဲ့အကန့်အသတ်ပဲ” ကျင်ယွင်ရှန်းက ဟိန်းဟောက်သည်။ လူတိုင်း မန်ဟို့ကိုသာ အာရုံရောက်နေသဖြင့် သူ၏စကားလုံးများမှာ တိတ်ဆိတ်မှုနှင့်သာ ဆုံတွေ့သွား၏။
နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီ၊ ဆယ်နာရီ... ဆယ့်နှစ်နာရီ။ ဆယ့်လေးနာရီရောက်သော် ကျင်ယွင်ရှန်းမှာ အီးမှန်ထားသကဲ့သို့ မျက်နှာကြီးရှုံ့မဲ့နေလေပြီ။
လူတိုင်းလည်း မျက်နှာအမူအရာကိုယ်စီဖြင့် မန်ဟို့အား စောင့်ကြည့်နေကြသည်။ သူ၏ကိုးခုမြောက်အနှစ်သာရနှင့်ပတ်သက်၍ ခံစားနေရသော သံသယများက သူတို့ကို ရိုးတိုးရွတဖြစ်စေလေသည်။
မကြာခင် ဆယ့်ရှစ်နာရီ ကြာသွားသည်။ နောက်ဆုံးတော့ ... နှစ်ဆယ့်လေးနာရီ ပြည့်သွား၏။ တအံ့တဩရေရွတ်သံများ ကြားလာရသည်။
“ခုနစ်ရက်”
“နဝမပါရာဂွန်တော့ တစ်ခုခုထူးဆန်းနေတယ်။ နိုးထလာတော့ပုံပေါ်တာတောင်မှ တစ်ရက်လုံးလုံး တောင့်ခံနိုင်တာက မဟုတ်သေးဘူး”
“အေး ခုနစ်ရက်ကတော့ သူ့ရဲ့အကန့်အသတ် ဖြစ်လောက်တယ်”
လူတိုင်း ဆွေးနွေးနေစဉ် ကျင်ယွင်ရှန်း၏မျက်နှာမှာတော့ မြေဖြူမှုန့်လို ဖြူဖျော့နေသည်။ သည့်ထက်ပို၍ သူ မှုန်ကုပ်မနေနိုင်တော့ပေ။ သူသည် မန်ဟို ငါးရက်သာ ခံမည်ဟု ရဲဝင့်စွာ ကြွေးကြော်ခဲ့သော်လည်း မန်ဟိုက ခြောက်ရက်ခံခဲ့၏။ ထို့နောက် သူ ခြောက်ရက်ဟု ပြောသောအခါ မန်ဟိုကား ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
သူ့ကို ငပေါကြီးလို ကြည့်နေသူများကိုလည်း သတိထားမိ၍ ကျင်ယွင်ရှန်းမှာ ဒေါသထွက်လာတော့သည်။
“ခုနစ်ရက် သေချာပေါက် ခုနစ်ရက်ထက် မပိုဘူး” သူက အံကြိတ်ထားသည့်ကြားမှ အော်သည်။
လူတိုင်း သူ့စကားကို သဘောတူကြသယောင်ပင်။ မည်သူမှ ထုတ်မပြောသော်လည်း မန်ဟို ခုနစ်ရက်သာ ခံလိမ့်မည်ဟု သူတို့တွေးထားကြ၏။
ဂိုဏ်းချုပ်ပင်လျှင် ထိုနည်းတူ သုံးသပ်ထားပုံပေါ်သည်။ ရှကျုံတုံးကတော့ မျက်လုံးပိတ်ထားပြီး မကြည့်တော့ပေ။ ထိုအစား မန်ဟို့တွင် ကိုးခုမြောက်အနှစ်သာရ အမှန်တကယ် ရှိမရှိ စဉ်းစားနေ၏။
လူတိုင်း ဆက်စောင့်နေကြသည်။ ဆယ်နာရီကြာခဲ့လေပြီ။ ထို့နောက် ဆယ့်ခြောက်နာရီ။ နာရီနှစ်ဆယ် ကုန်သွားဖို့ သိပ်မကြာလိုက်။ ဤအခိုက်အတန့်တွင် ကျင်ယွင်ရှန်းတစ်ယောက် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ သူက မယုံနိုင်သောအမူအရာဖြင့် ထရပ်လိုက်သည်။
သူတစ်ယောက်တည်းမဟုတ်။ ရှကျုံတုံးလည်း မျက်လုံးပြန်ဖွင့်ထားပြီး ဂိုဏ်းချုပ်လည်း မမှိတ်မသုန် ကြည့်နေသည်။ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ကျင့်ကြံသူသုံးယောက်လုံး တအံ့တဩ ကြည့်နေကြ၏။
သူတို့သာ ထိုသို့ဖြစ်နေလျှင် ကျန်ပါရာဂွန်များမှာတော့ ဆိုဖွယ်မရှိတော့ပြီ။ သူတို့အားလုံး၏မျက်နှာပေါ်တွင် အံ့အားသင့်နေသောအမူအရာများကို မြင်ရနိုင်လေသည်။
“ခုနစ်ရက် ကုန်တော့မယ်။ သူက တကယ်ပဲ ရှစ်ရက်ခံတော့မှာလား”
“မဖြစ်နိုင်တာကြီး။ ဂိုဏ်းချုပ်တောင် ခုနစ်ရက်ပဲ ခံတာလေ၊ တာအိုရောင်ရင်းရှနဲ့ တာအိုရောင်ရင်းကျင်လည်း တူတူပဲ”
အကုန်လုံးဆွေးနွေးနေကြသည့်အချိန်မှာပင် ၂၄ နာရီပြည့်သွားပြီး ရှစ်ရက်မြောက်နေ့သို့ ... ရောက်လာခဲ့၏။
ဤအချိန်တွင် ကျင်ယွင်ရှန်း၊ ဂိုဏ်းချုပ် ၊ ရှကျုံတုံးနှင့် လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်နေတော့သည်။ ရှစ်ရက်သည် သလွန်ပေါ်တွင် နေနိုင်ခဲ့သောရက်များအနက် အကြာဆုံးဖြစ်၏။
မန်ဟိုသာ တစ်ချိန်လုံး ငြိမ်ငြိမ်လေး ထိုင်နေခဲ့လျှင် ထိုမျှအံ့ဩစရာကောင်းမည်မဟုတ်ပေ။ သို့သော် သူက တရားထိုင်နေရာမှ နိုးလာတော့မလိုလိုဖြစ်ပြီးနောက် ခေါင်းမာမာဆက်ထိုင်တတ်လေသည်။ စောင့်ကြည့်နေသူတိုင်းမှာ အံ့ဩပြီးရင်း အံ့ဩလျက် ချာချာလည်နေတော့သည်။
ကျင်ယွင်ရှန်းမှာတော့ ပါးဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြန်သည်။ ရှစ်ရက်မြောက်နေ့ စတင်ကုန်လွန်လာသည်နှင့်အမျှ သူ၏မျက်လုံးများ ပြူးကျယ်လာတော့၏။
ခြောက်နာရီ။ ဆယ့်နှစ်နာရီ၊ ဆယ့်ရှစ်နာရီ... မကြာမီ နာရီနှစ်ဆယ် ကြာခဲ့လေပြီ။ မန်ဟိုသည် ကိုးရက်တိုင်တိုင် တောင့်ခံခဲ့၏။
“မဖြစ်နိုင်တာ” ကျင်ယွင်ရှန်းက ရေရွတ်သည်။ ဂိုဏ်းချုပ်၏မျက်လုံးများလည်း လက်ဖက်ရည်ပန်းကန်းပြားတမျှ ပြူးကျယ်နေသလို၊ ရှကျုံတုံးလည်း အသက်ပင်ကောင်းကောင်း မရှူနိုင်တော့ပေ။ ကျန်ရှိသူများမှတော့ ပါးစပ်အဟောင်းသား။
ထိုစဉ် မန်ဟို့စိတ်ထဲတွင် နဝမမန္တန်၏ချုပ်နှောင်စည်းသည် နောက်တစ်ဖန် ကိုးဆယ်ရာခိုင်နှုန်းပြီးမြောက်သွားပြန်၏။ အင်မော်တယ်ချီမျှင်များစွာက သူ့ခန္ဓာကိုယ်၏နေရာအနှံ့အပြားသို့ ဖြာထွက်လျက် ၎င်းတို့အား ချုပ်နှောင်စည်းနှင့် ချိတ်ဆက်နေသည်။ ရလဒ်အနေဖြင့် အင်မော်တယ်အငွေ့အသက်သည် ပို၍ပင်အားကောင်းလာ၏။
သူ အောင်မြင်သွားလျှင် ဘာဖြစ်မည်လဲ စဉ်းစားကြည့်နိုင်လေသည်။ နဝမမန္တန် ပြီးမြောက်သွားလျှင် ၎င်းက မန်ဟို၏လမ်းစဉ်ကို ပြန်တည့်မတ်ပေးနိုင်သည်။ မိစ္ဆာအား... အင်မော်တယ်အဖြစ် ပြန်ပြောင်းလဲပေးလိမ့်မည်။
မန်ဟိုသည် အာရုံအပြည့်အဝစူးစိုက်ထားသဖြင့် နဝမမန္တန် ကိုးဆယ်ရာခိုင်နှုန်းပြီးမြောက်သွားသည်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံ ပြောင်းလဲနေသည်ကိုပင် ခံစားလိုက်ရ၏။ သူ၏ကျင့်ကြံခြင်းအခြေခံကား တောင်ပင်လယ်လောကမှာတုန်းက ... သူ၏တစ်ဘဝလုံး ကျင့်ကြံနေခဲ့သော အင်မော်တယ်လမ်းစဉ်သို့ ပြန်ဦးတည်နေလေပြီ။
ချုပ်နှောင်စည်းကို ဖော်ဆောင်ခြင်းက သူ၏အာရုံများနှင့် ဉာဏ်အလင်းစွမ်းအားကို အပြည့်အဝအသုံးပြုနေစဉ် မန်ဟိုသည် အမှားမပါအောင် ဂရုစိုက်နေ၏။
ကိုးခုမြောက်အနှစ်သာရလည်း ကျန်မန္တန်ရှစ်ခုနှင့်အတူ ပေါင်းစည်းလျက် ပေါ်ထွက်လာရာ မန်ဟိုအား သူ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပိုမိုသေချာသွားစေသည်။
သူသည် တွန့်ဆုတ်မနေဘဲ နောက်ဆုံးဆယ်ရာခိုင်နှုန်းကို အပြီးသတ်ဖို့ ဆက်လက်ကြိုးစားလိုက်၏။
နဝမမန္တန်၏ ချုပ်နှောင်စည်းကား ... ဝုန်းခနဲ ပြိုကွဲသွားပြန်သည်။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ စောစောက အားလှိုင်းပြန်ပေါ်လာသည်။ ၎င်း၏နှင်ထုတ်နေမှုက ပို၍ပင်အားကောင်းနေ၏။
ကြေးမီးအိမ်က တဖျတ်ဖျတ်လက်နေပြီး မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ မန်ဟိုမှာ သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးပြီးနောက်မှ ဉာဏ်အလင်းရှာနေသောအခြေအနေသို့ ပြန်ဝင်ရောက်နိုင်သွားလေသည်။ သူ့စိတ်သည် မိုးကြိုးများနှင့်ပစ်ချခံနေရသကဲ့သို့ ခံစားနေရ၏။
“တစ်စုံတစ်ခု ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့ရဲ့နဝမမန္တန်ပြီးမြောက်သွားမှာကို မလိုလားဘူးဖြစ်နေတယ်” နဝမမန္တန်ကို ဒုတိယအကြိမ် ပြန်ဖော်ဆောင်နေသည့်အတောအတွင်း မန်ဟိုသည် အာရုံအပြည့်စိုက်ထားခဲ့၍ ပြီးမြောက်ခါနီးအခိုက်အတန့်တွင် အခိုးအငွေ့တချို့ သူ့ကိုယ်ထဲ၌ ပေါ်လာခဲ့သည်ကို တွေ့ခဲ့ရ၏။ ထိုအခိုးအငွေ့များအား လိုက်မရှာသရွေ့ သတိထားမိဖို့ ခဲယဉ်းသည်။
ထိုအခိုးအငွေ့များသည် နဝမမန္တန်၏ ပြီးမြောက်မှုကို နှောင့်ယှက်ခဲ့၍ သူ့အား ဒုတိယအကြိမ် ကျရှုံးသွားစေပြန်သည်။
မန်ဟို့မျက်လုံးများမှာ မှိတ်ထားသော်လည်း သွေးချင်းနီနေ၏။ သူသည် အံတင်းတင်းကြိတ်၍ သလွန်မှ ဉာဏ်အလင်းစွမ်းအားကို ထပ်မံ ဆင့်ခေါ်ပြန်သည်။ ထို့နောက် ကျင့်ကြံခြင်းအခြေခံကို အားကုန်လှည့်ပတ်လိုက်ရာ ကြေးမီးအိမ်၏အရောင်အဝါသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြာထွက်သွား၏။ သူကား သလွန်နှင့် တစ်သားတည်းဖြစ်သွားသည့်အလားပင်။
သလွန်၏ ဉာဏ်အလင်းစွမ်းအားက မန်ဟို့ကိုယ်ထဲ စိမ့်ဝင်ရင်း ဖြာထွက်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများအား ကြားရနိုင်သည်။ တန်ခိုးရှင်အရှိန်အဝါက သလွန်ကို ဝန်းရံလှည့်ပတ်နေသော လေပွေပမာ အားကောင်းလာ၏။
သူ၏အားထုတ်မှုများမှာ ဆက်တိုက်ကျရှုံးနေသော်လည်း ကျန်ရှိသူများအတွက်တော့ လွန်စွာအံ့အားသင့်ဖွယ်ကောင်းလေသည်။
သလွန်အပြင်ရှိ အုပ်စုမှာတော့ မန်ဟို့ကိုယ်ပေါ်တွင် တန်ခိုးရှင်အရှိန်အဝါတိုးပွားလာသည်ကို ကြည့်နေပြီး သူ့ထံမှ ပြင်းထန်သောဖိအားတစ်ရပ် ပျံ့နှံ့လာသည်ကို ခံစားလိုက်ကြရသည်။
ဂိုဏ်းချုပ်ပင်အပါအဝင် လူတိုင်း နောက်ဆုတ်သွားကြ၏။ တန်ခိုးရှင်အရှိန်အဝါနှင့် လေပွေမှာ ဤတစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်သော အရာများ မဟုတ်ပါလော။
စူးစူးရှရှအရောင်အဝါများ လေထဲတွင် ပြိုးပြိုးပြက်ပြက် လက်နေပြီး ကြည့်ရှုနေသူတိုင်းအတွက် မန်ဟိုက အဆင့်တက်နေသလို ထင်ရလေသည်။
ယင်းက သူတို့အား ခေါင်းကြိမ်းလာစေသည်။
“မဖြစ်နိုင်ဘူး” ကျင်ယွင်ရှန်းက မျက်လုံးပြူးလျက် ရေရွတ်သည်။
ထို့နောက် နောက်တစ်ရက် ကြာသွားသည်။ ကိုးရက်မြောက်နေ့ လွန်၍ ဆယ်ရက်မြောက်သို့ ရောက်လာ၏။ ထို့နောက် ဆယ့်တစ်ရက်၊ ဆယ့်နှစ်ရက်....
“ဆယ့်...ဆယ့်နှစ်ရက်”
“ဒီနဝမပါရာဂွန်က လူရောဟုတ်ရဲ့လား။ ဘယ်လိုလုပ်ပြီး ဆယ့်နှစ်ရက်တောင့်ခံနိုင်တာလဲ”
“သူ့ကျင့်ကြံအဆင့်က ဘာပါလိမ့်။ အနှစ်သာရ ၉ ခုအထွတ်အထိပ်ပညာရှင်တွေတောင်မှ ခုနစ်ရက်ပဲခံတာ။ သူက ... ဆယ့်နှစ်ရက်တောင် ခံနိုင်နေတယ်။ ပြီးတော့ ကြည့်ရတာ ဆက်သွားနေသေးတဲ့ပုံပဲ” လူတိုင်းမှာ မန်ဟို့ကြောင့် အံ့ဩလွန်း၍ ပွက်လောရိုက်နေတော့သည်။
ဆယ့်သုံးရက်၊ ဆယ့်လေးရက်၊ ဆယ့်ငါးရက်...
ဆယ့်ခြောက်ရက်မြောက်နေ့သို့ ရောက်သောအခါ မန်ဟိုသည် သူတို့၏ထင်မြင်ချက်များကို ကျော်လွန်၍ အံ့ဖွယ်သရဲလုပ်ပြခဲ့လေပြီ။
သူသည် မည်သူမှ မလုပ်နိုင်သော ၊ လုပ်ဖို့ အနားပင်မကပ်နိုင်သော အံ့ဖွယ်သရဲလုပ်ရပ်ကို လုပ်ပြခဲ့၏။
မန်ဟိုအပေါ် ထားရှိသော သံသယအားလုံး ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ လောလောလတ်လတ်ကမှ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် တက်သွားခဲ့သော ဒုတိယပါရာဂွန်ပင်လျှင် တုန်လှုပ်လွန်း၍ မန်ဟို့ကို စိန်ခေါ်လိုစိတ်အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။
ဆယ့်ခြောက်ရက် တောင့်ခံ၍ ဤမျှအားကောင်းသော တန်ခိုးရှင်အရှိန်အဝါကို ထုတ်လွှတ်ပြီးနောက် မန်ဟို့တွင် ကိုးခုမြောက်အနှစ်သာရ မရှိဘဲ နေလိမ့်မည်ဟု ကျင်ယွင်ရှန်း မယုံပေ။
“လခွမ်း ဒီကောင်က ငါတို့တိုက်ပွဲမှာ ငါထင်ထားတာထက်ပိုပြီး အစွမ်းတွေ လျှိုထားခဲ့တာပဲ။ တမင်သက်သက် အဲဒီလိုလုပ်ခဲ့တာပဲ ဖြစ်မယ်။ နေရာရဖို့ ငါ့ကို အသုံးချခဲ့တာ။ ငါ နောက်တစ်ကြိမ် လှုပ်ရှားရင် သတ်နိုင်မယ့် ဆင်ခြေရဖို့အတွက် ငါ့ကို တမင်လွှတ်ပေးခဲ့တာပဲ” ဤသို့သုံးသပ်ပြီးနောက် ကျင်ယွင်ရှန်းမှာ တုန်ရီလာတော့သည်။ နောက်ဆုံးတော့ သူသည် ဣန္ဒြေပြန်ဆည်လိုက်သော်လည်း မန်ဟို မည်မျှဉာဏ်များကြောင်း မအံ့ဩမိဘဲ မနေပေ။
ဂိုဏ်းချုပ်၏မျက်နှာသည်လည်း လွန်စွာလေးနက်နေ၏။ မန်ဟို ကျင်ယွင်ရှန်းကို တိုက်ခိုက်ခဲ့တုန်းကထက်ပင် သူ အံ့အားသင့်နေလေသည်။ အမှန်တွင် သူလည်း ကျင်ယွင်ရှန်းတွေးနေသလို တွေးနေသည်။
သူတို့နှစ်ယောက်သာမဟုတ်။ ရှကျုံတုံးလည်း ထိုသို့သုံးသပ်လိုက်ပြီး မန်ဟို့ကို ပို၍ပင် ကြောက်သွားတော့သည်။
မန်ဟိုကတော့ သူ၏လုပ်ရပ်များကြောင့် လူတိုင်း မည်မျှကြောက်လန့်နေသလဲ မသိပေ။ နဝမမန္တန်ကို တတိယအကြိမ်ဖော်ဆောင်မှုလည်း မအောင်မြင်ပြန်သည်ကိုသာ သူ သိသည်။
သို့သော် သူသည် တည်ငြိမ်နေ၏။ ဤတစ်ခေါက်တွင် နဝမမန္တန်အား ဖော်ဆောင်ရာတွင်သာ သူ အာရုံမစိုက်ခဲ့ပေ။ ထိုအစား သူ့ကို ဟန့်တားနေသူက မည်သူလဲ အကဲခတ်နေခဲ့၏။
နဝမမန္တန် ပြိုကွဲသွားသောအခိုက်အတန့်တွင် သူသည် သလွန်အပေါ်၌ တင်ပျဉ်ခွေထိုင်နေပြီး တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ၏နီရဲနေသော မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ဒေါသူပုန်ထနေသောအမူအရာဖြင့် သူက ပြောလေသည်။ “မင်း ဖြစ်နေခဲ့တာကိုး”