သွားရောက်လည်ပတ်ခြင်း
Vol. 28 Ch. 380
အခန်း (၃၈၀) : သွားရောက်လည်ပတ်ခြင်း
လော့ချန်က သူ့စိတ်ထဲမှ ဆေးဖော်စပ်နည်းကို တွေ့ကာ အမှန်တကယ် အံ့အားသင့်မိသွားသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ထိုအကြောင်း တွေ့ရှိသွားပါက လူအများသည် မူလဆေးလုံးတာအိုဂိုဏ်းကို ဖျက်ဆီးရလျှင်ပင် ရယူဖို့ အဆုံးအစွန် ကြိုးစားကြလိမ့်မည်။
ထို့ကြောင့် လော့ချန်က ထိုအရာကို သူ့ဆရာအပါအဝင် မည်သူ့ကိုမှ မပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက အောင်မြင်နိုင်ချေကိုလည်း စတင် စဉ်းစားလိုက်သည်။ ပြောရလျှင် မည်သူကများ မဟာဧကရာဇ် ဖြစ်မလာချင်ဘဲ နေမည်နည်း။
ဤမျိုးဆက်တွင် ကောင်းကင်ရွေးချယ်ခံများက မည်မျှ အားကောင်းနေမှန်းသိထား၍ သူ့အနေနှင့် ကောင်းကင်အလိုဆန္ဒကို ရယူဖို့ မဖြစ်နိုင်ကြောင်း သိထားလေသည်။ ထို့ကြောင့် ထိုအရာက သူနှင့် သူ ချစ်မြတ်နိုးရသူတွေအတွက် ထွက်လမ်းတစ်ခုသာ ဖြစ်လိမ့်မည်။
သူက စိတ်ထဲမှ ဆေးဖော်စပ်နည်းအပေါ် အာရုံစိုက်ထားပြီး ဆေးလုံးအတွက် ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာအထက် နေရခက်သည့် အပြုံးမျိုး ပေါ်ထွက်လာသည်။ ပထမလိုအပ်ချက်က မီးတောက်တစ်သောင်းပညာရပ်နှင့် မူလဆေးလုံး မီးတောက်ကျမ်းကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံဖို့ ဖြစ်သည်။ ထိုအခါမှ ဆေးလုံးကို ဖော်စပ်ဖို့ အခွင့်အရေး ရလာလိမ့်မည်။
ဤလိုအပ်ချက်ကပင် ခက်ခဲနေပြီဖြစ်သော်လည်း လော့ချန်အား ပို၍ စိတ်ပျက်သွားစေသည်က ထိုဆေးလုံးအတွက် လိုအပ်သည့် ပါဝင်ပစ္စည်း ဖြစ်ပေသည်။ အရိုးသားဆုံးပြောရလျှင် သူ့အနေနှင့် ဂိုဏ်းရှိ အရင်းအမြစ်အားလုံး အသုံးပြုလျှင်ပင် ထိုဆေးလုံးဖော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းအားလုံးကို ရှာတွေ့မည် မဟုတ်ပေ။
ထို့ကြောင့် လော့ချန်က အနည်းငယ် စိတ်ပျက်မိသွားသည်။ မိနစ်ပိုင်းအကြာ တွေးလိုက်ပြီးသည့်နောက်တွင် သူ့မျက်နှာအထက်တွင် ဆုံးဖြတ်ချက် ချလိုက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူက ကြိုးစားကြည့်ရမည်။ ပထမအဆင့်က မူလဆေးလုံးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာပြီး ဂိုဏ်းကို ထိန်းချုပ်နိုင်ရမည်။
ဤသို့ဆိုလျှင် ဖူချိုက်ယွင်က သေဆုံးရမည်။
“ အရာအားလုံး ကျရှုံးသွားရင်တောင် ဒီမျိုးဆက်ရဲ့ မဟာဧကရာဇ်နဲ့ ငါအပေးအယူ လုပ်လို့ရသေးတာပဲ” လော့ချန်က ဝမ်ဝေ့ ထွက်သွားသည်ကို တွေးမိရင်း ရေရွတ်လိုက်သည်။
လော့ချန်က ထိုဆုံးဖြတ်ချက်ကို ချပြီးသည့်နောက်တွင် သူ့ဆရာအား စောင့်ဆိုင်းလိုက်သည်။
အကယ်၍ ဝမ်ဝေ့က ထိုနေရာမှာ ရှိနေပါက လော့ချန်၏ အပြောင်းအလဲကို ချက်ချင်းသတိပြုမိလိမ့်မည်။ သူ အယောင်ဆောင်ထားသည့် တိတ်ဆိတ်ကာ အေးဆေးသည့် ကောင်လေးက ဉာဏ်များမှု၊ ကလိမ်ကျမှုတို့ သိခဲ့သည့်သူ မဟုတ်ခဲ့ပေ။ မီးတောက်ဧကရာဇ်က သူ့ပါရမီကို တိုးမြှင့်ပေးခဲ့ရုံသာမက သူ့အကျင့်စရိုက်လည်း ပြောင်းလဲပေးခဲ့သည်မှာ သိသာလှသည်။ အကယ်၍ ဝမ်ဝေ့သာ ဖြစ်ပါက ထိုရုတ်ချည်းအပြောင်းအလဲကြောင့် အမှန်တကယ် ထိတ်လန့်သွားမိလောက်သည်။ သို့သော်လည်း ထိုအပြောင်းအလဲက ယခုအတွက် သူနှင့် ဘာမှမသက်ဆိုင်ပေ။
လော့ချန်က အပြုံးတောက်တောက်ပပ ရှိနေသည့် သူ့ဆရာအား သွားရောက်တွေ့ဆုံလိုက်သည်။ သူ တစ်ဦးတည်း ရှိနေခြင်း မဟုတ်ပေ။ သူ့ ဆရာတူမောင်နှမများကလည်း သူ့ဆရာအား ဂုဏ်ပြုဖို့ ရောက်ရှိနေကြသည်။ သီးသန့်လေ့ကျင့်နေဆဲ ဖြစ်သည့် အစ်ကို(၂) တစ်ယောက်တည်းသာ ပါမလာခြင်း ဖြစ်၏။
ဆရာတူတပည့်များနှင့် တွေ့ဆုံသည့်အခါ လော့ချန်က သူ့အစ်မ(၃)သည် သူ့အား အပြုံးများ၊ အကြည့်များ မကြာခဏ ပေးနေသည်ကို သတိထားမိလိုက်သည်။ ပုံမှန်အားဖြင့် သူ့အနေနှင့် ပျော်ရွှင်မည်ဖြစ်သော်လည်း ယခုအခါ သူ့စိတ်ထဲတွင် ကိစ္စများစွာ ရှိနေလေသည်။
ထိုတွေ့ဆုံမှုအတွင်း လော့ချန်က သူ့ဆရာအား စကားပြောဖို့ အနည်းငယ် အချက်ပြလိုက်သည့်အတွက် ထိုလူက တပည့်များအား ပြန်ခိုင်းလိုက်သည်။ ထိုအခါ လော့ချန်က ဝမ်ဝေ့နှင့် အခြေအနေအားလုံးအကြောင်းကို ပြောပြလိုက်သည်။
ယဲ့လောင်က နဖူးသွေးကြောများ ထောင်လျက် သူ့တပည့်အား ကြည့်နေသည်။ သူက သူ့အံ့ဖွယ်အသိစိတ်ဖြင့် လော့ချန်၏ အသိစိတ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ဧကရာဇ်ကျမ်း၏ အတားအဆီးများက ရှိနေသေးပြီး မီးတောက်တစ်သောင်းပညာရပ်၏ အတားအဆီးလည်း အပါအဝင် ဖြစ်၏။
“ မင်း သေချာရဲ့လား” ယဲ့လောင်က မေးလိုက်သည်။ သူက ထိုသို့သော ထူးဆန်းဖွယ် နည်းစနစ်မျိုး ရှိလိမ့်မည်ဟု ထင်မထားမိပေ။ ထိုအရာဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းက ကမ္ဘာတစ်လွှမ်းရှိ ဂိုဏ်းများမှ ဧကရာဇ်ကျမ်းများအား ခိုးယူနိုင်မည် မဟုတ်ပါလော။
သူ့ တပည့်က ခေါင်းညိတ်လိုက်သည်ကို မြင်ပြီးသည့်နောက်တွင် ယဲ့လောင်က ဒေါသတကြီးဖြင့် ဂိုဏ်းမှထွက်ကာ ထိုသူခိုးအား လိုက်လံဖမ်းဆီးချင်မိသည်။ ပြောရလျှင် သူတို့၏ ကျမ်းများ ပေါက်ကြားသွားခြင်းကို မည်သည့်ဂိုဏ်းမှ သည်းခံနေမည် မဟုတ်ပေ။ အထူးသဖြင့် မူလဆေးလုံး မီးတောက်ကျမ်းလိုမျိုး အဖိုးတန်သည့် အရာဆိုလျှင် ပိုဆိုးလေသည်။
ဂိုဏ်းချုပ်က သူ့ဘာသာသူ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ အကြောင်းမှာ သူက ထိုအရာသည် အသုံးမဝင်ကြောင်း သိရှိထား၍ ဖြစ်သည်။ ယခုအခါ ထိုလူက ထွက်သွားပြီးလောက်လေပြီ။ အကယ်၍ သူ့ကို ဖမ်းဆီးနိုင်လျှင်ပင် သူ့အနေနှင့် ဘာများတတ်နိုင်မည်နည်း။
တာအိုအခွင့်အလမ်းဂိုဏ်းက ဤမျိုးဆက်အတွင်း မဟာဧကရာဇ် ပြုစုမွေးထုတ်ပေးဖို့အတွက် ဤမျှအထိ ကြိုးစားထားကြသည်။ လက်ရှိအမွေခံသားတော်၏ အဆင့်အတန်းဖြင့် သူတို့ဂိုဏ်းက သူ့အတွက် ဧကရာဇ်တာအိုတိုက်ပွဲကို စတင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
နှစ်များစွာကြာသည်အထိ တာအိုအခွင့်အလမ်းဂိုဏ်းသည် ကမ္ဘာတွင် အားအကောင်းဆုံး ဂိုဏ်းဖြစ်ကြောင်း ပြသဖို့အတွက် ဧကရာဇ်တာအိုစစ်ပွဲကို ဆင်နွှဲဖို့ စီစဉ်နေသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။
ယဲ့လောင်က သူ့အပြုအမူသည် တာအိုအခွင့်အလမ်းဂိုဏ်း၏ အမျက်ဒေါသ ပစ်မှတ်ဖြစ်မည်ကို အလိုမရှိပေ။
ဤသည်က ယဲ့လောင်အနေနှင့် ဝမ်ဝေ့ကို လိုက်လံ မဖမ်းဆီးရသည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ အကြောင်းအရင်းမှာ ဂိုဏ်းရှိ သူ့အခြေအနေက လတ်တလော ပြောင်းလဲသွားပြီး သူ့လုပ်ပိုင်ခွင့်များ ပြန်လည်ရရှိလာပြီ ဖြစ်၏။ ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးဝါးပညာရှင် အဖြစ်သို့ ရောက်ရှိပြီးသည့်အခါ ဖြစ်စဉ်များက ပိုမိုချောမွေ့လာသည်။ ထို့ကြောင့် သူ့အနေနှင့် သူ့လက်ရှိတိုးတက်မှုကို သက်ရောက်မှု ခံရသည့်အရာမျိုးကို မလိုချင်ပေ။
ဖူချိုက်ယွင်သာ ယဲ့လောင်က ဂိုဏ်းမှ ဧကရာဇ်ကျမ်းနှစ်ခုကို ပျောက်ဆုံးအောင် လုပ်မိကြောင်း သိသွားခဲ့လျှင် သူ့အနေဖြင့် သူ့အဆင့်အတန်းနှင့် ဂိုဏ်းချုပ်ရာထူးပင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ယဲ့လောင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အခြေအနေကို ကျိုးကြောင်းဆင်ခြင်လိုက်သည်။
ဒါက ကိစ္စဆိုးလည်း မဟုတ်ဘူး။ ငါ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပြီးတော့ ဂိုဏ်းထဲမှာ အာဏာတိုးအောင် လုပ်ပြီး ဖူချိုက်ယွင်ကို ရှင်းပစ်လို့ရအောင် လုပ်နိုင်တယ်
ဖူချိုက်ယွင်က အားကောင်းပြီး လွှမ်းမိုးမှုကြီးသည့် အကြောင်းအရင်းတစ်ချက်မှာ သူက ဆေးဝါးပါရမီဖြင့် ကမ္ဘာအနှံ့တွင် အဆက်အသွယ်များစွာကို ဖွဲ့စည်းထား၍ ဖြစ်သည်။ ထိုလူက အကျင့်စရိုက် မကောင်းကာ ကောင်းကင်ထက်ပင် မောက်မာနေသော်လည်း အာဏာပိုင်းဆိုင်ရာကိစ္စများတွင် မည်သို့ကစားရမည်ကို ကောင်းကောင်း သိထားလေသည်။
လူတစ်ယောက်က အဆင့်အတန်း မြင့်မားခြင်း သို့မဟုတ် သူ့ဆီ ဆေးလုံးဖော်စပ်ဖို့ အကူအညီ တောင်းသည်နှင့် သူ့အနေနှင့် သူတို့အား ကျေနပ်အောင် လုပ်ဖို့ အကောင်းဆုံးကြိုးစားပြီး အဆက်အသွယ်များကို တိုးမြှင့်လိမ့်မည်။
ဖူချိုက်ယွင်က ထိုနည်းစနစ်အား အသုံးပြုသည့်အတွက် တခြားလူများကလည်း အသုံးပြုနိုင်လေသည်။
“ ဆရာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ” လော့ချန်က မေးလိုက်သည်။
“ အထူးသဖြင့် အစ်မ(၃)ရဲ့ အရူးအမူးစွဲလမ်းပန်းနဲ့ ပတ်သက်ပြီးတော့ပေါ့”
ယဲ့လောင်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည် “ ဒီလိုအခြေအနေမှာ သူမကို အကုန်လုံးရှင်းပြပြီးတော့ နောက်ထပ် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားတာ ကောင်းလိမ့်မယ်”
………….
လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဝမ်ဝေ့သည် လော့ချန်ဆီမှ ကွဲထွက်ပြီးသည့်နောက်တွင် သာမန်ဆေးဝါးပညာရှင် တစ်ဦးအဖြစ် ဟန်ဆောင်ကာ မူလဆေးလုံးတာအိုဂိုဏ်းမှ ထိန်းချုပ်ထားသည့် နယ်မြေမှ ထွက်ခွာသွားလိုက်သည်။ ထို့နောက် သူက ပုံမှန်အဖြစ် ပြန်ပြောင်းလိုက်၏။ သူ ပြောင်းလဲပြီးနောက် သိပ်မကြာခင် ယန်းချန်က သူ့အနားတွင် ပေါ်ထွက်လာသည်။
“ သခင်လေး အောင်မြင်သွားပြီလား”
“ အဟုတ်ပဲ။ ကျွန်တော် အကျိုးအမြတ်အများကြီး ရရှိလိုက်တယ်။”
“ သခင်လေးက တော်လိုက်တာ” သူက သူ့သခင်ငယ်လေးသည် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် တက်လှမ်းဖို့ ပြဿနာ မရှိတော့မည်ကို တွေးမိရင်း ပျော်ရွှင်နေမိသည်။ ယန်းချန်က အချိန်တွေသာ ကြာနေလျှင် ဂိုဏ်းရှိ ဂိုဏ်းအမှုထမ်း အင်အားစုက ထိုအခွင့်အရေးကို အသုံးချကာ ပြဿနာရှာမည်ကို စိုးရိမ်မိနေ၏။ ယခုအခါ ထိုအင်အားစု အားလုံးက စုစည်းသွားကာ ကောင်းကင်ရွေးချယ်ခံကို ပြုစုပျိုးထောင်ပေးဖို့ အာရုံစိုက်ထားခြင်းက အကောင်းဆုံးရလဒ်သာ ဖြစ်ပေသည်။
“ ဂိုဏ်းချုပ် ယဲ့လောင်က ကျွန်တော်တို့ဂိုဏ်းကို ဆက်သွယ်ပြီးတော့ မဟာမိတ်အတွက် တောင်းဆိုနိုင်ချေ ရှိတယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူတို့နဲ့ အဆက်သွယ်ကောင်း လုပ်နိုင်တယ်” ဝမ်ဝေ့က ရုတ်ချည်းပြောလိုက်သည်။
“ ကျုပ်တို့ ပြန်ရောက်တာနဲ့ ဂိုဏ်းချုပ်ကို အကြောင်းကြားထားလိုက်ပါ့မယ်။” ယန်းချန်ကပြောလိုက်သည်။
“ သခင်လေး အခု ကောင်းကင်ဘုံဗိမာန် ကမ္ဘာကို သွားတော့မလား။ ဒါမှမဟုတ်ဘူးဆိုရင် ဂိုဏ်းကို ခဏပြန်ဦးမလား”
ဝမ်ဝေ့က ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် “ အလျင်မလိုပါနဲ့။ ကျွန်တော်တို့ တောင်ဘက်ပိုင်းကို ရောက်နေပြီဆိုတော့ ထာဝရအိပ်မက်ဂိုဏ်းကို သွားကြည့်ရအောင်။ သူတို့က အယုံကြည်ရဆုံး မဟာမိတ်ထဲက တစ်ယောက်ပဲလေ။”
သိပ်မကြာခင် နှစ်ဦးသား ထာဝရအိပ်မက်ဂိုဏ်း တည်ရှိသည့် ရွှန်းလဲ့အိပ်မက်နယ်မြေသို့ ရောက်ရှိသွားကြသည်။ ဝမ်ဝေ့နှင့် ယန်းချန်တို့က သူတို့လာမည့်အကြောင်း ကြိုတင်အကြောင်းကြားထားသည့်အတွက် တောင်ခြေရောက်သည်နှင့် ထာဝရအိပ်မက် ဂိုဏ်းသားများက စောင့်ကြိုနေကြလေသည်။
အဖွဲ့ကို ဦးဆောင်လာသည်က ရေပြင်လို တောက်ပနေသည့် မျက်ဝန်းများ ပိုင်ဆိုင်ထားသော မိန်းမလှလေးတစ်ဦး ဖြစ်၏။ သူမက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြာဖျော့ဖျော့ ဆံနွယ်များ ပိုင်ဆိုင်ထားလေသည်။ နှုတ်ခမ်းအထက် မှဲ့လေးက သူမ၏ အလှတရားကို ပိုမိုမြှင့်တင်ပေးလေ၏။
ဝမ်ဝေ့က သူမကို မြင်လိုက်သည်နှင့် တန်းသိလိုက်သည်။
ကုအန်း .. ဝိညာဉ်မျိုးနွယ်
ထာဝရအိပ်မက်ဂိုဏ်း၏ ဤမျိုးဆက် သူတော်စင်မ၊ အံ့ဖွယ်ခန္ဓာကိုယ် အစစ်အမှန် မြေကမ္ဘာအထွတ်အထိပ်အဆင့်
လျှို့ဝှက်မျှော်နန်း၏ ဤမျိုးဆက်အတွင်း အလှဆုံး အမျိုးသမီးစာရင်းထဲတွင် ခုနစ်ယောက်မြောက်လည်း ဖြစ်ပေသည်။
ဝမ်ဝေ့က သူမရှေ့သို့ ရောက်ရှိလာပြီးနောက် သူမသည် လူသားအသွင် မပြောင်းခင် အသိဝင်လာသည့် မြစ်တစ်စင်း ဖြစ်ကြောင်း ပြောနိုင်လေသည်။ သူမက ထာဝရအိပ်မက်ဂိုဏ်း၏ သူတော်စင်မ ဖြစ်လာသည့်အတွက် အလွန်ပါရမီကောင်းလိမ့်မည်။
သူ သိထားသလောက် ထာဝရအိပ်မက်ဂိုဏ်းသည် ဝိညာဉ်မျိုးနွယ်ဂိုဏ်း ဖြစ်ပြီး သူတို့၏ ဂိုဏ်းချုပ်၊ သူတော်စင်မ သို့မဟုတ် အမွေခံသားတော်တို့က ထိုနေရာအတွက် ယှဉ်ပြိုင်မည့် ဝိညာဉ်မျိုးနွယ်များသာ ဖြစ်တတ်ကြသည်။
သူတို့က လူသားမျိုးနွယ်များကို လက်ခံသော်လည်း သူတို့တွင် အလွန်ထူးချွန်ပြောင်မြောက်သည့် အိပ်မက်တာအိုကို မပိုင်ဆိုင်ထားသရွေ့ ဂိုဏ်းအတွင်း နေရာရဖို့ ခက်ခဲလိမ့်မည်။
“ အမွေခံသားတော် ဝမ်ဝေ့ ကျွန်မတို့ ဂိုဏ်းက ကြိုဆိုပါတယ်” ကုအန်းက ပင်လယ်ပြင်လိုမျိုး ငြိမ်သက်သာ စည်းချက်ကျသည့် အသံမျိုးဖြင့် ပြောလိုက်သည်။