ကံတရား
Vol. 28 Ch. 382
အခန်း (၃၈၂) : ကံတရား
ဝမ်ဝေ့က ကျမ်းခန်းမဆောင်အတွင်း အိပ်မက်တာအိုအကြောင်းကို ဖတ်ရှုရင်း အခြေခံများကို လေ့လာလိုက်သည်။ ထိုတစ်လျှောက်လုံး ကုအန်းက ဘေးနားကနေ အဖော်ပြုပေးနေပြီး သူ မြန်မြန်ဆန်ဆန် သင်ယူနိုင်ဖို့အတွက် အကုန်ရှင်းပြပေးနေသည်။
ဝမ်ဝေ့က သူမအား ထူးထူးဆန်းဆန်း ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ သူက တခြားတစ်ယောက်၏ နေရာသို့ ရောက်နေသည် မဟုတ်ပါလော။ တစ်ရက်အကြာ သူတို့ကျမ်းခန်းမဆောင်ထဲ တွေ့ဆုံပြီးသည့်နောက်တွင် ကုအန်းက သူမ၏ ဆရာနှင့် တွေ့ဆုံဖို့ ထွက်သွားလေသည်။
ကုအန်းက ထန်ကျစ်ချန်းရှေ့တွင် ထိုင်နေရင်း တိတ်ဆိတ်နေသည်။
“ ရှောင်အန်း ပြဿနာရှိလို့လား”
သူမက ဖွင့်ဟကာ ပြောချင်သော်လည်း တုံ့ဆိုင်းနေမိသည်။
“ မင်းပြောချင်တာရှိရင် တုံ့ဆိုင်းနေဖို့ မလိုဘူး”
“ ဆရာ ကျွန်မကို ဘာလို့ သူနဲ့ ရင်းနှီးစေချင်တာလဲ”
“ ငါတို့ထာဝရအိပ်မက်ဂိုဏ်းက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ခဲ့တာ” ထန်ကျစ်ချန်းက အဖန်ရည်သောက်ရင်း ပြောလိုက်သည်။
“ ဂိုဏ်းချုပ်ရဲ့ သမိုင်းကြောင်းကိုလည်း သိထားပါတယ်။ ကျွန်မတို့ ဂိုဏ်းချုပ်ထဲက တစ်ယောက်က ပလ္လင်အတွက် အနိုင်ရရှိဖို့ အခွင့်အလမ်းများနေပေမဲ့လည်း ယှဉ်ပြိုင်ဖို့ လက်လျှော့ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက မဟာဧကရာဇ်တစ်ပါးနဲ့ လက်ထပ်သွားခဲ့တယ်။
ကျွန်မတို့ဂိုဏ်းက မဟာမိတ်ကောင်းကောင်း ရှိခဲ့တယ်။ အဲဒီကတည်းက မိသားစုကြီး သုံးခုက လူတွေက ကျွန်မတို့ဂိုဏ်းနဲ့ လက်ထပ်ပွဲတွေ ရှိလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီလောက်ထိ နှိမ့်ချဖို့ မလိုဘူးမလား”
ထန်ကျစ်ချန်းက သူမ၏ ဖန်ခွက်ထဲမှ အဖန်ရည်ကိုကြည့်ရင်း အနည်းငယ် လှုပ်လိုက်သည်။
“ တပည့်လေး မင်းက ထာဝရဧကရာဇ်တစ်ပါးနဲ့ မဟာဧကရာဇ်တစ်ပါးကြားက ကွာခြားချက်ကို သိထားလား”
ကုအန်းက ခေတ္တမျှစဉ်းစားပြီးနောက် “ ခွန်အားလား”
“ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါက အကြွင်းမဲ့ မဟုတ်ဘူး။ ခွန်အားအရ ထာဝရဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ မဟာဧကရာဇ်အနည်းငယ် ရှိခဲ့ဖူးတယ်။ နမူနာအရဆိုရင် မီးတောက်ဧကရာဇ်၊ နေဝင်ဖြိုးဖျ ဧကရာဇ်၊ သန့်စင်ခြင်းသုံးပါး ဧကရာဇ်နှင့် နောက်ထပ်လူတွေလည်း ရှိသေးတယ်”
ထန်ကျစ်ချန်းက အဖန်ရည်သောက်လိုက်ပြီးနောက် ခေတ္တရပ်တန့်လိုက်သည်။
“ ငါ ပြောချင်တဲ့ ကွာခြားချက်က သူတို့ ဖန်တီးနိုင်တဲ့ တာအိုဘိုးဘေးတွေနဲ့ ထာဝရအရှင်တွေရဲ့ အရေအတွက်ပဲ။ မဟာဧကရာဇ်တွေက ဘယ်လောက်ပဲ အားကောင်းကောင်း ထာဝရဧကရာဇ်တွေနဲ့ အဲဒီဘက်မှာ မယှဉ်နိုင်ဘူး။ တာအိုအခွင့်အလမ်းဂိုဏ်းက လက်ရှိ အားအကောင်းဆုံးဂိုဏ်း ဖြစ်နေတဲ့ အကြောင်းအရင်းကလည်း အဲဒါကြောင့်ပဲ။ သူတို့က ထာဝရဧကရာဇ်နှစ်ပါးကို ပြုစုမွေးထုတ်ထားနိုင်ခဲ့တယ်လေ။
အဆုံးမဲ့လေဟာနယ်အတွင်းမှာ ကောင်းကင်အလိုဆန္ဒကမ္ဘာတွေ အများကြီးရှိတဲ့အထဲ သူတို့ထက် မဟာဧကရာဇ်တွေ ပြုစုမွေးထုတ်နိုင်တဲ့ ဂိုဏ်းတွေအများကြီး ရှိပေမဲ့ ထာဝရဧကရာဇ်တစ်ပါးထက် ပိုတာကို မွေးထုတ်ပေးနိုင်တဲ့ ဂိုဏ်းအရေအတွက်ကိုတော့ လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရတယ်။ အဲဒါက ထာဝရဧကရာဇ်တွေ ဘယ်လောက်ရှားပါးတယ်ဆိုတာကို ပြသနေတာပဲ”
ထန်ကျစ်ချန်းက သက်ပြင်းချလိုက်သည်။ ထာဝရဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် ပါရမီ၊ ခွန်အား၊ ဉာဏ်ပညာ၊ တာအိုနှလုံးသား၊ စိတ်ဆန္ဒနှင့် စိတ်အခြေအနေတို့က အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေဖို့ လိုအပ်ပေသည်။ သို့သော်လည်း အဓိက အကြောင်းအရင်းတစ်ချက်က ကံကောင်းမှု သို့မဟုတ် ကံတရားလည်း ပါဝင်သည်။ ထာဝရဧကရာဇ်တိုင်းက အခွင့်သင့်သည့်အချိန်တွင် မွေးဖွားလာကြသည်။ အကြောင်းမှာ သူတို့နှင့်အတူ သယ်ဆောင်ထားသည့် ကံတရားကြောင့် ဖြစ်၏။
ချီယွမ်ဧကရာဇ်က ကမ္ဘာကြီးထံ တာအိုကို ဖြန့်ဝေခဲ့ပြီး လူသားဧကရာဇ်ကမူ လူသားများအား ဤကမ္ဘာ၏ ဇာတ်လိုက်အဖြစ် ပြုလုပ်နိုင်ခဲ့သည်။ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ကမူ ဗုဒ္ဓဘာသာ ယုံကြည်မှုနည်းစနစ်နှင့် ထိခိုက်စေမှုများကို ရပ်တန့်ပေးခဲ့သည်။
ဧကရီဝူက အသင်္ချေအင်ပါယာကမ္ဘာမှ မျိုးနွယ်အားလုံးကို လွတ်မြောက်ခွင့် ရယူပေးခဲ့ပြီး နတ်ဆိုးမျိုးနွယ် ကျွန်ပြုခြင်းကို ရပ်တန့်ခဲ့သည်။ ဧကရာဇ်ခုံကလည်း ဗဟုသုတများကို ဖြန့်ဝေကာ ဖွံ့ဖြိုးတိုးတက်သည့် လူမှုအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ခြင်းကြောင့် ပညာရှိဟု လူသိများလေသည်။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်နှင့် ပတ်သက်လာသည့်အခါ သူ့ကံတရားက အသင်္ချေအင်ပါယာကမ္ဘာအတွင်း မိစ္ဆာကျင့်ကြံသူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို သယ်ဆောင်ပေးဖို့ ဖြစ်ပြီး ကမ္ဘာကြီးအား ပိုမိုကောင်းမွန်အောင် ဦးဆောင်ပေးဖို့ ဖြစ်ပေသည်။ သို့သော်လည်း သူက လမ်းသွေဖယ်သွားခဲ့၏။
ကံတရားက ထိုလူများသည် မဟာဧကရာဇ် ဖြစ်လာဖို့ မွေးဖွားလာသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့က ကမ္ဘာရှိ လူအားလုံးနှင့် တိုက်ခိုက်ပြီး နောက်ဆုံးအနိုင်ရရှိသူက ကံကြမ္မာဟု ခေါ်သည့်အရာကို ခံယူလိုက်ခြင်းသာ ဖြစ်၏။
ထိုစည်းမျဉ်းများနှင့် ပတ်သက်ပြီး ခြွင်းချက်များ ရှိလေသည်။ ထန်ကျစ်ချန်း သိထားသလောက် ရှေးဟောင်း ဧကရာဇ်ခေတ်ကာလက ထူးကဲသည့်အချိန် ဖြစ်သည့်အတွက် ထာဝရဧကရာဇ်ဖြစ်လာဖို့ ကံကောင်းမှု သို့မဟုတ် ကံတရားက ပေါများပေသည်။
ကျင့်ကြံရေး အဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပြီး ပြန်လည်တည်ဆောက်နေသည့် အချိန်ကာလ ဖြစ်သည်။ သဘောတရားအရပြောရလျှင် ထိုအချိန်အခါမှ အစီအရင်ဘိုးဘေး၊ ဆေးလုံးဘိုးဘေးနှင့် အဆောင်ဘိုးဘေး အစရှိသည့် ဘိုးဘေးအားလုံးသည် ထာဝရဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေးရခဲ့ကြသည်။ ကံဆိုးစွာဖြင့် သူတို့က နောက်ဆုံးမိနစ်တွင် ကျရှုံးသွားကြ၏။
နောက်ထပ် ခြွင်းချက်တစ်ခုမှာ ဓားဧကရီ ဖြစ်ပေသည်။ သူမက သမိုင်းကြောင်းတစ်လျှောက် ထာဝရဧကရာဇ်ဖြစ်လာဖို့ ကံတရားအပေါ် မှီခိုခဲ့သည့် လူတချို့ထဲမှ တစ်ဦးဟု ယူဆနိုင်လေသည်။ သူမက ပါရမီနှင့် စွမ်းရည်ဖြင့် ထူးဆန်းမှု အားလုံးကို သွေဖယ်ခဲ့သည်။
သူမက ပြီးမြောက်စေရမည့် တာဝန်မျိုးလည်း မရှိထားပေ။ သမိုင်းကြောင်းလေ့လာသူများက သူမအား ဓားတာအို၏ ဂုဏ်ကျက်သရေကို အထွတ်အထိပ်အထိ ရောက်ရှိနိုင်သည်ဟု ချီးကျူးခဲ့ကြသော်လည်း ဤသည်က သူမကိုယ်တိုင် လုပ်ဆောင်ခဲ့ရသည့်အရာ ဖြစ်ပေသည်။
“ ဆရာ အဲဒါတွေနဲ့ ဘာဆိုင်လို့လဲ” ကုအန်းက မေးလိုက်သည်။
“ ငါတို့ဂိုဏ်းချုပ်က ဝမ်ကျန့်ကို လက်ထပ်ဖို့အတွက် ဧကရာဇ်လမ်းစဉ်ကို စွန့်ပယ်ခဲ့ပြီးတဲ့နောက်မှာ အဲဒီလူက တာအိုကို သက်သေပြပြီးတော့ လိပ်ခွံချပ်ဝတ်ဧကရာဇ်လို့ နာမည်ခံယူခဲ့တယ်။ သူက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ လေးယောက်မြောက်ဧကရာဇ် ဖြစ်လာခဲ့တယ်။ အဲဒီတုန်းက ငါတို့ ထာဝရအိပ်မက်ဂိုဏ်းက ဧကရာဇ်သုံးပါး ရှိထားပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက အားအကောင်းဆုံးလို့ ယူဆလို့ မရသေးဘူး။
ဒါပေမဲ့ လူတွေက သူတို့ရဲ့ တည်ထောင်သူကြောင့် လေးစားနေပေမဲ့ အခုနဲ့ မယှဉ်နိုင်သေးဘူး”
ကုအန်းက သူမ၏ ဆရာသည် ဘယ်အရာကို ပြောလိုသည်မှန်း နားမလည်သော်လည်း ဂရုတစိုက် နားထောင်နေသည်။
ဤသည်က အသက်အရွယ်ကြောင့်လားဆိုတာ မသိသော်လည်း ကုအန်းက ထိုအတွေးများအား ထုတ်ပြောမည် မဟုတ်ပေ။
“ တာအိုကို သက်သေပြပြီးတော့ လိပ်ခွံချပ်ဝတ် ဧကရာဇ်က ငါတို့ဂိုဏ်းကို တာအိုဘိုးဘေးနဲ့ ထာဝရအရှင်နေရာအတွက် ပေးအပ်လာခဲ့တယ်။ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ၅ ယောက်မြောက်နဲ့ ၆ ယောက်မြောက် မဟာဧကရာဇ်တွေကလည်း ကံကြမ္မာဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ဖို့အတွက်လည်း နေရာတစ်ခုစီ ပေးလာခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီနောက်မှ ခုနစ်ယောက်မြောက်ကနေ ကိုးယောက်မြောက် ဧကရာဇ်တွေကျတော့ ငါတို့တွေ ကံကြမ္မာဝဋ်ကြွေးက ပေးဆပ်ပြီးသွားပြီဖြစ်လို့ ဘာနေရာမှ မရရှိခဲ့ဘူး။ ငါတို့ဂိုဏ်းတွေက မဟာမိတ်ဖြစ်နေပေမဲ့ ဒီမှာ မဟာဧကရာဇ် မွေးထုတ်နိုင်တာက ကြာလှပြီ”
“ ကျွန်မတို့ဂိုဏ်းက ဘိုးဘေးအဆင့် မရှိတာ ကြာလှပြီမလား။ သူနဲ့ ရင်းနှီးခိုင်းတာနဲ့ ဘာဆိုင်လို့လဲ” ကုအန်းက မေးလိုက်သည်။
ထန်ကျစ်ချန်းက သက်ပြင်းချလိုက်သည်။ သူမက သူမ၏ တပည့်သည် အာဏာပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်လာသည့်အခါ ဉာဏ်မထက်ကြောင်း သိထားလေသည်။ သူမက အဝေးတစ်နေရာအား လှမ်းကြည့်ကာ ဆက်ပြောလိုက်သည်။
“ အလယ်ပိုင်းဧကရာဇ် ခေတ်ကာလအဆုံးသတ် ကပ်ဘေးအပြီးမှာ အသင်္ချေအင်ပါယာကမ္ဘာရဲ့ တိုးတက်မှုက နှေးကွေးပြီးတော့ တုံ့ဆိုင်းသွားခဲ့တယ်။ ယေဘုယျအရ ပြောရမယ်ဆိုရင် ဧကရာဇ်ခေတ်သစ်ကာလက အတော်လေးကို စိတ်ပျက်ဖို့ ကောင်းလွန်းတယ်။ လူတချို့က ဒီရလဒ်ကို ခန့်မှန်းထားပြီးသားပဲ။ ဒါပေမဲ့ သူတို့က ခေတ်သစ် ရောက်လာတော့မယ်ဆိုပြီးတော့ တွက်ချက်ပြီး ခန့်မှန်းထားခဲ့ပြီး သူတို့ကိုယ်သူတို့ စည်ကားတဲ့ ခေတ်ကာလမှာ ပြန်လည်မွေးဖွားလာဖို့ စည်းပိတ်ခဲ့ကြတယ်။
သူတို့ရဲ့ တွက်ချက်မှုတွေအရ အဲဒီခေတ်ကာလရဲ့ အပြောင်းအလဲအချိန်က နီးကပ်လာပြီပေါ့။ အရင်မျိုးဆက်ထဲမှာ ဝမ်ထျန်းရဲ့ မြင့်တက်လာမှုကြောင့် လူတော်တော်များများက အဲဒီအချိန်ရောက်လာပြီလို့ တွေးခဲ့မိကြတယ်။
ကံဆိုးတာက ကောင်းကင်တာအိုက အထွတ်အထိပ်လမ်းစဉ်ကို ဖြတ်တောက်လိုက်တော့ အဲဒီမျိုးဆက်က ထာဝရဧကရာဇ် ပေါ်ထွက်လာတော့မဲ့ ကံတရား၊ ထာဝရဧကရာဇ်ကို မွေးထုတ်ပေးနိုင်ဖို့ ဦးတည်နေတဲ့အရာ၊ ခေတ်သစ်ရဲ့ အစလို့ မှတ်ယူခဲ့ကြတယ်။
ပြီးတော့ ကောင်းကင်ရုပ်ခန္ဓာ ဆယ်ခုလုံးကလည်း တစ်ပြိုင်နက်ပေါ်ထွက်လာပြီးတော့ ကောင်းကင်ရွေးချယ်ခံတွေကလည်း အရွယ်ရောက်လာကြတော့ လူတော်တော်များများက သူတို့ရဲ့ခန့်မှန်းချက် မှန်ကန်တယ်ဆိုတာကို သိလိုက်ရတယ်။ ဧကရာဇ်ခေတ်သစ်ကာလက ဒီမျိုးဆက်မှာ အဆုံးသတ်သွားလိမ့်မယ်”
ကုအန်းက နက်နက်နဲနဲ စဉ်းစားလိုက်သည်။ သူမက ထိုကိစ္စများနှင့် ပတ်သက်လာသည့်အခါ နှေးကွေးသော်လည်း တုံးအနေခြင်းတော့ မဟုတ်ပေ။ မဟုတ်ပါက သူမအနေဖြင့် ဂိုဏ်း၏ သူတော်စင်မ ဖြစ်လာနိုင်မည် မဟုတ်ပေ။ သူမက သူ့ဆရာ၏ ဆိုလိုရင်းကို နားလည်လိုက်၏။
ဝမ်ဝေ့က ဤမျိုးဆက်အတွင်း တာအိုသက်သေပြနိုင်မည့် အောင်မြင်နိုင်ချေ အမြင့်ဆုံးလူထဲမှ တစ်ဦးဖြစ်ပြီး ထာဝရဧကရာဇ် ဖြစ်လာနိုင်ချေ ရှိလေသည်။ ဆိုလိုချင်သည်ကား သူက တခြားသော မဟာဧကရာဇ်များထံ တာအိုဘိုးဘေးနှင့် ထာဝရအရှင်များကို ပိုမိုဖန်တီးနိုင်လိမ့်မည်။
ထို့ကြောင့် သူမသာ သူ့ဇနီး သို့မဟုတ် ကိုယ်လုပ်တော် ဖြစ်ခဲ့လျှင် သူက လိပ်ခွံချပ်ဝတ်ဧကရာဇ် လုပ်ခဲ့သလိုမျိုး ထာဝရအိပ်မက်ဂိုဏ်းအား ဆုချီးမြှင့်လိမ့်မည်။
“ ဒါပေမဲ့ ဆရာ ကျွန်မတို့ ရက်ပိုင်းလောက် ထိတွေ့ဆက်ဆံပြီးတဲ့နောက်မှာ သူက ကျွန်မအပေါ် စိတ်ဝင်စားပုံ မပေါ်ဘူး”
ထန်ကျစ်ချန်းက သူမတပည့်အား ကြည့်ကာ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ သူမ၏ အဆင့်အတန်းဖြင့် တခြားသူအား အကျိုးအမြတ်အတွက် ဆွဲဆောင်ရသည်မှာ စော်ကားမှုတစ်ခုလို ခံစားနေရမည်မှန်း ပြောနိုင်လေသည်။
တခြားနည်းဖြင့် ပြောရလျှင် သူမ ဆိုလိုချင်သည်ကလည်း မှန်ကန်နေပေ၏။ သို့သော်လည်း ဂိုဏ်းချုပ်အနေဖြင့် ထန်ကျစ်ချန်းက ကိစ္စများကို ကွဲကွဲပြားပြား မြင်လေသည်။ သူမ၏ တပည့်က ဤမျိုးဆက်အတွင်း ကောင်းကင်အလိုဆန္ဒကို တိုက်ခိုက်ရလောက်အောင် ပါရမီ မရှိပေ။ ထို့ကြောင့် သူမက တခြားနည်းလမ်းကို ရှာဖွေနေရသည်။
နောက်ထပ် ရွေးချယ်စရာတစ်ခုက ဂိုဏ်းအတွင်း စည်းပိတ်ထားသည့် နောက်ထပ် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ကို နိုးထစေဖို့ ဖြစ်သည်။ သို့သော်လည်း ထိုအပြုအမူက ဂိုဏ်းချုပ်အနေဖြင့် သူမအပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်ပြီး ထိုလူများက နိုးထလာပြီးသည့်နောက်တွင် ယှဉ်ပြိုင်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
အကြောင်းအရင်းမှာ သူတို့အချိန်အခါက ကောင်းကင်ရွေးချယ်ခံများသည် ယနေ့ခေတ်တွင် ကောင်းကင်ရွေးချယ်ခံ ဖြစ်နေလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အထူးသဖြင့် ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလမျိုးတွင် ဖြစ်၏။