သူတို့က ဘယ်မှာလဲ။ ဘာတွေလုပ်နေကြတာလဲ
Vol. 28 Ch. 385
အခန်း (၃၈၅) : သူတို့က ဘယ်မှာလဲ။ ဘာတွေလုပ်နေကြတာလဲ
ကိုယ်ကြပ်အနက်ရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက စံအိမ်ဆီ လမ်းလျှောက်လာနေသည်။ သူ့ ညာဖက်မျက်လုံးအထက်တွင် အမာရွတ်တစ်ခု ရှိထားပြီး သူ့ခန့်ညားမှုအား ပို၍ မြင့်တင်ပေးထား၏။
သူ့မျက်ဝန်းနက်ထဲတွင် အေးစက်မှုနှင့် တည်ငြိမ်မှုတို့ ရှိနေပြီး သေခြင်းတရားကို အသားကျနေသည့်အလား ထုံထိုင်းနေဟန်ပေါ်သည်။ ထိုလူငယ်လေး၏ လမ်းလျှောက်နှုန်းက အလွန်မြန်ဆန်လှသည့်အတွက် သူ့ ဦးတည်ရာသို့ မကြာခင် ရောက်ရှိသွားလေသည်။
သူက အမျိုးသားများကိုပင် မနာလိုဖြစ်စေသည့် အစေခံမိန်းမလှ အားလုံးကို လျစ်လျူရှုလိုက်သည်။ သူ့အနေနှင့် သူတို့သည် သူ့အား စောင့်ဆိုင်းနေသည်ကို ဂရုမစိုက်ဘဲ သူ့ ကျင့်ကြံရေးအခန်းသို့သာ ဝင်သွားလေသည်။
သူက ကမ္ဘာဦးဟွင်သွမ်းခန္ဓာကိုယ် နည်းစနစ်ဟု ခေါင်းစဉ်ရှိသည့် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ထိုလူ၏ မျက်နှာအထက်တွင် တဖြည်းဖြည်း အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။
“ နောက်ဆုံးတော့ နှစ်တွေကြာပြီးတဲ့နောက်မှာ ဒီပစ္စည်း အမှတ်လဲလှယ် ဝယ်ယူရင်း စာရင်းကနေ ဖယ်ရှားမခံရခင် ဒီနည်းစနစ်ကို သတ်ဖြတ်ရေးအမှတ်တွေနဲ့ လဲလှယ်ပြီး ဝယ်နိုင်ခဲ့ပြီ။ ဒီနည်းစနစ်က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနဲ့ ယှဉ်နိုင်တယ်။ ငါ နောက်ဆုံးတော့ ဝမ်ဝေ့နဲ့ အမီလိုက်နိုင်တော့မယ်”
ထိုလူ့နာမည်အား စဉ်းစားပြီးသည့်နောက်တွင် လင်းဖန်၏ မျက်ဝန်းအထက် ခက်ထန်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက သူ ရှုံးနိမ့်ခဲ့ရရုံသာမက သူ့ဟွင်သွမ်းချီလည်း ယူဆောင်ခံရသည်ကို အမှတ်ရသွားသည်။
“ တိထျန်း၊ ဝမ်ဝေ့ … မင်းတို့တွေ ငါ ပြန်အလာကို စောင့်နေလိုက်ကြ” လင်းဖန်က ရေရွတ်လိုက်ပြီး ကျမ်းကို စတင်ဖတ်ရှုလိုက်သည်။ ဤသည်က ဟွင်သွမ်းရုပ်ခန္ဓာကို ပိုင်ဆိုင်ထားဖူးသည့် မဟာဧကရာဇ်တစ်ဦးမှ ဖန်တီးထားခြင်း ဖြစ်ပြီး ထိုနည်းစနစ်က ထိုကျင့်စဉ်က သူ့အတွက် သင့်တော်လှသည်။
ထိုအရာက မည်သူမဆို ကျင့်ကြံနိုင်သော်လည်း နံပါတ်တစ် ရုပ်ခန္ဓာရှိထားသူများအတွက်မူ ထိုကျင့်စဉ်က ဟွင်သွမ်း အငွေ့အသက်ကို အသုံးပြုကာ ကျင့်ကြံရသည့်အတွက် အရေးသာချက် များလေသည်။
ဟွင်သွမ်းအငွေ့အသက်ကို ဖန်တီးဖို့ အချိန်ကြာကြာ လိုအပ်သော်လည်း ဟွင်သွမ်းရုပ်ခန္ဓာ ရှိသည့်သူအတွက်မူ သူတို့ ခန္ဓာကိုယ်အတွင်းမှ တန်း၍ ဖန်ဆင်းနိုင်လေသည်။
ထိုစာအုပ် ရေးသားသူ၏ ဖော်ပြချက်အရ ကမ္ဘာဦးဟွင်သွမ်းကျင့်စဉ်၏ အမြင့်ဆုံးအဆင့်သည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်အား ရှေးဟောင်းနတ်ဘုရားများထက် မပိုလျှင်ပင် ထိုမျှအားကောင်းစေလိမ့်မည်ဟု ပြောထားသည်။ ထိုနာမည်သည် တခြားကမ္ဘာအသိုက်အဝန်းများတွင် ကမ္ဘာဦးနတ်ဘုရားများကို ခေါ်သည့်အမည် ဖြစ်၏။
ကျမ်းကို ဖတ်ရှုပြီးသည့်နောက်တွင် လင်းဖန်က သက်ပြင်းချလိုက်ပြီး ဟွင်သွမ်းနှင့် ပတ်သက်လာသည့် အရာအားလုံးက ထိုကျင့်စဉ်၏ ကျင့်ကြံရေးဖြစ်စဉ်ကို အရှိန်မြှင့်ပေးနိုင်ကြောင်း ပြောထားလေသည်။
သူက ဟွင်သွမ်းချီ ပိုင်ဆိုင်ထားသည့်အတွက် မအံ့ဩမိဘဲ မနေနိုင်တော့ပေ။ သူသာ ဤကျင့်စဉ်ကို ကျင့်ကြံနိုင်လျှင် မည်မျှမြန်ဆန်သွားမည်နည်း။
သို့သော်လည်း လင်းဖန်က နောက်ထပ် နည်းလမ်းကို ထုတ်သုံးလိုက်သည်။
သူက ပင်ကိုစွမ်းရည် ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းလိုက်၏။ ထိုအခြေအနေတွင် သူ ဟွင်သွမ်းအငွေ့အသက်ကို ဖန်တီးနိုင်သည့် အရှိန်က သိသိသာသာ တိုးမြင့်လာသည့်အတွက် ကျင့်ကြံနှုန်းအား တိုးမြှင့်လာစေပြီး အားကောင်းသည့် ခန္ဓာကိုယ်ကို အလျှင်အမြန် ဖန်တီးနိုင်လာလိမ့်မည်။
ထို့အပြင် သူက နောက်ထပ် အခွင့်အရေး တစ်ခု ရရှိထားသေး၏။
သတ်ဖြတ်ရေးစစ်ဆေးမှုတွင် လဲလှယ်မှုစာရင်းထဲ ဟွင်သွမ်းချီမျှင် ငါးခု ရှိခဲ့သည်။ သုံးခုက ယူဆောင်သွားပြီ ဖြစ်၍ နှစ်ခုသာ ကျန်ရှိတော့လေသည်။ သူသာ သတ်ဖြတ်ရေးအမှတ် အလုံအလောက် ရရှိသရွေ့ တစ်ခုဖြင့် လဲလှယ်နိုင်လိမ့်မည်။ သူက နှစ်ခုလုံးရလျှင် ပိုကောင်းလေသည်။ သို့သော်လည်း လင်းဖန်က သူ့အမှတ်များ စုဆောင်းနိုင်နှုန်းဖြင့် အကုန်ရရှိဖို့ မလွယ်ကူကြောင်း သိလေသည်။
နောက်ဆုံးကြိုးမျှင်ကို ရရှိမဲ့လူကို မလုပ်ကြံသရွေ့ပေါ့ …
“ ဒါက ခွန်အား လိုတယ်” လင်းဖန်က ရေရွတ်လိုက်သည်။ သူက လက်ဝှေ့လိုက်သည့်အခါ သူ့ရှေ့တွင် စာရင်းတစ်ခု ပေါ်ထွက်လာသည်။ သူက သူ့နာမည်အား ကြည့်လိုက်၏။
“ လင်းဖန်၊ ဟွင်သွမ်းရုပ်ခန္ဓာ၊ အသင်္ချေအင်ပါယာကမ္ဘာ၊ အဆင့် ၁၃၂”
“အဆင့်တစ်ရာအတွင်း ရောက်ဖို့အတော်လေး ခက်တာပဲ။ ဒါပေမဲ့ ငါ့ ခန္ဓာကိုယ်ကို သန့်စင်လေ့ကျင့်ပြီးတာနဲ့ ပြဿနာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ထိပ်တန်းအဆင့်ထဲ ရောက်ဖို့တော့ အများကြီး ပြင်ဆင်ဖို့ လိုအပ်သေးတယ်”
လင်းဖန်က အစီအစဉ်များ ပြုလုပ်ပြီးသည့်နောက်တွင် ဤနည်းစနစ်အား နားလည်ဖို့အတွက် စတင် ကျင့်ကြံလိုက်သည်။
…………………
အသင်္ချေအင်ပါယာ၊ အရှေ့ပိုင်းကုန်းမြေ၊ လိမ္မော်ရိုင်းနယ်မြေ၊ လေလွင့်ကျင့်ကြံသူအဖွဲ့အစည်း၏ ဌာနချုပ်
ဟွမ်ယွမ်က တင်ပျဉ်ခွေလျက် ထိုင်နေပြီး သူ့ရှေ့တွင် အနက်ရောင် စာအုပ်တစ်အုပ် မျောလွင့်နေလေသည်။ ထိုစာအုပ်မှ အနက်ရောင် မီးခိုးများထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။ သူက ပြီးဆုံးသွားသည်နှင့် မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်ဝန်းအတွင်း နက်နဲသည့် အမှောင်ထုကို မြင်နေရသည်။
“ နောက်ဆုံးတော့ ငါ့အခြေခံအုတ်မြစ် ပြန်လည် ပြုပြင်တာ ပြီးသွားပြီ”
သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယခင်က သူ့အတွင် အထွတ်အထိပ် အခြေခံ အုတ်မြစ်မျှသာ ရှိခဲ့သောကြောင့် သွေးချီနယ်ပယ်ကို ၁၁ လွှာမျှသာ ကျင့်ကြံထားသည်ဟု ဆိုလိုနေသည်။ ထို့ကြောင့် သူ့အံ့ဖွယ်ပင်လယ်က အပြည့်အဝ မဖွံ့ဖြိုးသလို သူ့ အံ့ဖွယ်ပလ္လင်ကလည်း အက်ကြောင်းအမြောက်အများ ရှိနေလေသည်။ သူက သွေးကြော ၃၅၀ သာ ရေးထွင်းထားနိုင်ခဲ့၏။
သို့သော်လည်း ယခုတွင် သူက ပြီးပြည့်စုံသည့် တာအိုအုတ်မြစ်ကို ရရှိဖို့ နီးကပ်လာခဲ့သည်။ ၁၂ လွှာမြောက် သွေးချီ၊ အပြည့်အဝ ဖွံ့ဖြိုးထားသည့် အံ့ဖွယ်ပင်လယ်၊ အက်ကြောင်း မရှိဘဲ အရာသာ ထင်သည့် အံ့ဖွယ်ပလ္လင်နှင့် သွေးကြော ၃၆၅ ခုတို့ဖြစ်သည်။
ယခင်က ဟွမ်ယွမ်သည် သူ့အုတ်မြစ်နှင့် ပတ်သက်ပြီး ကျေနပ်နေခဲ့မိသည်။ ထိုအရာက သူ့အား အလွှာနိမ့်မှ ဖြည်းဖြည်းချင်းစီ မြင့်တက်လာစေခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း သူ၏ ကမ္ဘာသို့ ရောက်လာပြီးသည့်နောက်တွင် ထိုအရာက ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်ဖို့အတွက် မလုံလောက်ကြောင်း သဘောပေါက်လာခဲ့သည်။
ထို့ကြောင့် သူက သေခြင်းရှင်ခြင်းစာအုပ်ဟု ခေါ်သည့် ပင်ကိုလက်နက်ကို အသုံးပြုကာ သူ့အခြေခံအုတ်မြစ်အား ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဤနည်းဖြင့် သူက ယခုအခါ ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်၏။
သူ့ရှေ့မှ စာအုပ်ကို ကြည့်နေရင်း သူ့မျက်ဝန်းအထက် ထိုစာအုပ်ကို ရရှိဖို့အတွက် မည်မျှခံစားခဲ့ရကြောင်း၊ မည်သို့ သစ္စာဖောက်ခံခဲ့ရကြောင်းကို တွေးမိကာ အမုန်းတရားတို့ ပြည့်နှက်လာသည်။
ဟွမ်ယွမ်က အမြဲလိုလို ကံကောင်းသည့်သူ ဖြစ်ခဲ့၏။ အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေးမှာ သူက လျှို့ဝှက်နယ်မြေအတွင်း ဤစာအုပ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ထိုလျှို့ဝှက်နယ်မြေအတွင်း သူက ဤစာအုပ်လောက် ကြီးမားသည့် နောက်ထပ် ကံအပြောင်းအလဲနှင့်လည်း တွေ့ဆုံခဲ့လေသည်။
သူက ကံကြမ္မာဆေးကြောရေ ပြည့်နေသည့် ရေအိုင်တစ်ခုကို တွေ့ရှိခဲ့သည်။ သူ့လိုမျိုး အထွတ်အထိပ်နယ်ပယ် အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်အတွက် ထိုအရာက ကောင်းကင်ဘုံမှ စေလွှတ်လိုက်သည့် အခွင့်အရေးသာ ဖြစ်၏။
ရေအိုင်ငယ်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဟွမ်ယွမ်က သူသည် ကံကြမ္မာဖန်လာသည့်သူဖြစ်ကြောင်း သိလိုက်သည်။
သူ့ ယခင်ကံကောင်းမှုများကြားတွင် အသင်္ချေအင်ပါယာကမ္ဘာ၏ တည်နေရာကို ရရှိထားခဲ့၏။ ယခုတွင် သူက ယခင်မျိုးဆက်မှာ သူ့ကံကြမ္မာများအား ဆေးကြောနိုင်ပြီး ဤမျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရလာခဲ့လေသည်။
ထို့ကြောင့် သူက စာအုပ်ကို မယူခင် ကံကြမ္မာဆေးကြောရေဖြင့် သန့်စင်ဖို့ တုံ့ဆိုင်းမနေပေ။ ထိုအရာ ပြီးဆုံးသွားသည်နှင့် ဟွမ်ယွမ်က သူ့ ဇနီးအား လေဟာနယ်သင်္ဘောပေါ် ခေါ်ကာ အသင်္ချေအင်ပါယာကမ္ဘာဆီ ဦးတည်လာခဲ့၏။
သို့သော်လည်း သူတို့နီးကပ်လာသည့်အခါ တစ်ခုခု မှားယွင်းနေသလို ခံစားလာမိသည်။ သူ့အတွေးက မှန်နေခဲ့၏။ သူ့ဇနီးက သူ့အား သစ္စာဖောက်ကာ သူ့ကမ္ဘာမှ အစစ်အမှန်အုပ်ချုပ်သူများအား စုဝေးပြီး သူ့တွင် သူတို့၏ သက်တမ်းကို ဆွဲဆန့်နိုင်မည့် နည်းလမ်းရှိကြောင်း ပြောပြခဲ့သည်။
ဟွမ်ယွမ်က သူမသည် သူ့အား သတ်ပြီး စာအုပ်ကို ယူဖို့ ကြံစည်ထားသည်ကို သိလိုက်သည်။ အကြောင်းမှာ သူမကသာ ထိုအကြောင်း တည်ရှိမှုကို သိသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ထို့နောက် သူမက အသင်္ချေအင်ပါယာ ကမ္ဘာအတွင်း ဝင်ရောက်ကာ စာအုပ်အား အခြေခံအဖြစ် အသုံးပြုပြီး တာအိုကို သက်သေပြဖို့ ကြိုးစားလိမ့်မည်။
ဤတိုက်ပွဲတွင် ဟွမ်ယွမ်က သူတို့၏ သက်တမ်းကို ဆွဲဆန့်လိုသည့် မကောင်းဆိုးဝါးအိုကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ သူတို့က ထိုလူများအား ရာချီသတ်ဖြတ်ခဲ့သော်လည်း သူတို့က ဆက်တိုက် လာနေသည်။
အဆုံးသတ်၌မူ သူက သူ့ခန္ဓာကိုယ်က ပျက်စီးသွားပြီး ကမ္ဘာဦးစိတ်ဝိညာဉ်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။ ကံကောင်းစွာဖြင့် သူက နောက်ဆုံးထွက်သက်တွင် သေခြင်းရှင်ခြင်းစာအုပ်အား အသုံးပြုကာ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ဖြင့် အသင်္ချေအင်ပါယာကမ္ဘာသို့ ထွက်ပြေးနိုင်ခဲ့သည်။
“ ဖန်ချင်းဟန် … ငါ့ကို စောင့်နေလိုက်။ မင်းတို့ ဖန်မျိုးနွယ်ရဲ့ မျိုးဆက် ၉ဆက်လုံး ရှင်းထုတ်ပစ်မယ်” ဟွမ်ယွမ်က ရေရွတ်လိုက်သည်။ ထို့နောက် သူက ကျင့်ကြံရေးကို ပြန်လည်ဝင်ရောက်လိုက်၏။
သူ အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ဝင်ရောက်ဖို့ရန် ဖန်တီးထားသည့် ယခင်ကျင့်စဉ်က ဤကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်ဖို့ရာ မလုံလောက်ပေ။ ထို့ကြောင့် သူက ပိုမိုကောင်းမွန်သည့်အရာ၊ ပိုမို ကောင်းမွန်သည့်တာအိုကို ဖန်တီးဖို့ လိုအပ်နေလေပြီ။
ကံကောင်းစွာဖြင့် သေခြင်းရှင်ခြင်း စာအုပ်တွင် သေခြင်းရှင်ခြင်းစည်းမျဉ်း ပါဝင်နေသောကြောင့် နားလည်ဖို့ လွယ်ကူလှသည်။ သူသာ ထိုအရာကို ကောင်းမွန်စွာ အသုံးပြုနိုင်သည်နှင့် အထွတ်အထိပ် လမ်းစဉ်က ပို၍ချောမွေ့သွားလိမ့်မည်။
ယခင်က ဟွမ်ယွမ်သည် အထွတ်အထိပ်အခြေအနေ ရောက်ရှိဖို့သာ အလျင်လိုနေခဲ့သော်လည်း ယခုအခါ ကိစ္စများအား အလျင်လိုနေဖို့ မလိုကြောင်း သိရှိလာခဲ့သည်။
……………………
အသင်္ချေအင်ပါယာကမ္ဘာ၏ လကမ္ဘာပေါ်
အသင်္ချေအင်ပါယာကမ္ဘာ၏ လပေါ်တွင် မဟာကမ္ဘာများထက် မနိမ့်ကျသည့် ကမ္ဘာတစ်ခု၏ ဝင်ပေါက် ရှိနေသည်။ ထိုကမ္ဘာတွင် ရေများနှင့် ပိုင်းခြားထားသည့် ကုန်းမြေများစွာလည်း ရှိနေလေ၏။
ထိုကမ္ဘာ၏ ဝိညာဉ်ချီများက အလယ်ပိုင်းကုန်းမြေနှင့် ယှဉ်နိုင်လေသည်။ ထူးဆန်းစွာဖြင့် ထိုဝိညာဉ် စွမ်းအားအများစုက တစ်နေရာထဲ၊ တစ်မြို့ထဲ၌သာ စုစည်းနေလေသည်။
ကုန်းမြေတစ်ခုချင်းစီတွင် ဝိညာဉ်စွမ်းအား၏ ၉၅ ရာခိုင်နှုန်းကျော်က ကုန်းမြေ၏ အလယ်ပိုင်းမြို့၌သာ စုဝေးနေသည်။ ဤမြို့က ရှေးဟောင်းမျိုးနွယ်၏ ပင်မမိသားစု တည်ရှိသည့် မြို့ ဖြစ်ပေသည်။
မီးတောက်ကုန်းမြေ၊ ဇာမဏီမြို့တော်
ဟို့ဖုန်းဟွမ်က လျှို့ဝှက်အခန်းတွင် ကျင့်ကြံနေလေသည်။ သူမ၏ နောက်တွင် ဘုံကိုးဘုံအထက် ဝဲပျံနေသည့် ဇာမဏီတစ်ကောင်၏ စိတ်အာရုံ ရုပ်လွှာတစ်ခု ရှိနေလေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်ယောင် နဂါးတစ်ကောင်လည်း ဖြည်းဖြည်းချင်းစီ ဖြစ်ပေါ်လာသည်။
ဇာမဏီက တည်ရှိမှုအသစ်အား သတိပြုမိသွားသည်။ ထို့နောက် သူက သူ့စွမ်းအားအနည်းငယ်ကို အသုံးပြုကာ နဂါးအား ကြီးမားလာပြီး ဖွံ့ဖြိုးလာစေဖို့ ကူညီပေးလိုက်သည်။ ဇာမဏီက ထိုနဂါး ရောက်ရှိလာခြင်းသည် အကျိုးအမြတ် ဖြစ်မည်မှန်း သိထားသောကြောင့် ကူညီဖို့ရာ စိတ်ထဲမထားပေ။