ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်
Vol. 28 Ch. 387
အခန်း (၃၈၇) : ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်
ဂိုဏ်းမှ ကူးသန်းရေးအစီအရင်ကို အသုံးပြုပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ကိုယ်သူ မျောလွင့်နေသည့် ဥက္ကာပျံတစ်လုံးအပေါ် တည်ဆောက်ထားသည့် မြို့ငယ်တစ်ခုသို့ ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရသည်။ သူနှင့် မနီးမဝေးတွင် လေဟာနယ်ထဲ လှပသော သလင်းကျောက်အလွှာတစ်ခု ရှိနေသည်။
သူက ဤမြို့တွင် အခြေချထားသည့် သူ့အဖိုးအား တွေ့လိုက်ရပြီး သူ့အနေနှင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာတွင် လိုအပ်သည့်အရာများအား သင်ယူလိုက်သည်။
ထို့ကြောင့် သူ တခြားလူများနှင့် စကားပြောဆိုပြီးသည့်နောက်တွင် သူက သလင်းကျောက်အလွှာအား ဖြတ်သန်းလိုက်သည်။
သူ အထဲသို့ ဝင်လိုက်သည်နှင့် ဤကမ္ဘာသည် မည်မျှ ကျိုးပဲ့လွယ်ကြောင်း တန်းခံစားမိလိုက်သည်။ သူသာ ခန္ဓာကိုယ်ခွန်အားကို အပြည့်အဝ မထိန်းချုပ်ထားလျှင် အနည်းငယ်သော အင်အားများဖြင့် ဤကမ္ဘာကို ဖျက်ဆီးနိုင်လိမ့်မည်။
အရာအားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်သည်ဟု ခံစားရခြင်းမှာ သက်တောင့်သက်သာဖြစ်စေသည့် ခံစားချက်မျိုးတော့ မဟုတ်ပေ။ သို့သော် သူက အသားကျနေပြီ ဖြစ်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
ဝမ်ဝေ့က မိုးမြေက သူ ရောက်ရှိလာသည်ကို ကြိုဆိုနေသည့်အလား ခံစားမိလိုက်သည်။ သူက နောက်ဆုံးတွင် အိမ်ပြန်လာသည့် ကမ္ဘာ့မျက်နှာသာ အပေးခံရဆုံးသော သားဖြစ်သည့်အလား ကြိုဆိုခြင်းခံရသည်။ ဝေဟင်အထက် ခရမ်းရောင်ကောင်းချီးတိမ်တိုက်များ ရုတ်ချည်းပေါ်ထွက်လာပြီး နယ်မြေ ၃၆ခုသို့ ပျံ့နှံ့သွားပြီး သူ၏ မြင့်မြတ်မှုနှင့် ဝင့်ထည်မှုပါ ပြသနေသည်။
“ ဒီလူတွေ အလုပ်ကောင်းကောင်း လုပ်ထားကြတာပဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် ရေရွတ်လိုက်သည်။ အကြောင်းမှာ သူက ထိုသို့သော ကြီးကျယ်သည့် ကြိုဆိုမှုမျိုး၏ အကြောင်းအရင်းကို ခန့်မှန်းမိလိုက်၍ ဖြစ်သည်။ ပြောရလျှင် ဤကမ္ဘာ၏ ယုံကြည်မှုအားလုံးကို ထိန်းချုပ်သည့် တစ်ဦးတည်းသော နတ်ဘုရားတစ်ပါးအနေနှင့် သူက ထူးခြားသည့် အဆင့်အတန်းမျိုး ရှိလေသည်။
ဝမ်ဝေ့က မျက်လုံးကို မှိတ်ကာ ပတ်ဝန်းကျင်မှ ရွှေရောင်စွမ်းအားများအား စတင် ခံစားလိုက်သည်။ ဤစွမ်းအားပမာဏက ကျယ်ပြန့်လွန်း၏။
“ ဒါက ယုံကြည်မှုစွမ်းအားလား” ဝမ်ဝေ့က စိတ်ဝင်စားစွာ ရေရွတ်လိုက်သော်လည်း ချက်ချင်း စုပ်ယူခြင်း မရှိပေ။
သူ ရောက်ရှိလာပြီးနောက် သိပ်မကြာခင် လီကျွင်းနှင့် တခြားလူများလည်း ရောက်ရှိလာကြသည်။ အဝေးမှ သူတို့က ထိုသုံးယောက်သည် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်၏ ယင်ဝိညာဉ်အသွင်သို့ ရောက်ရှိသွားကြောင်း သိလိုက်မိသည်။ သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်မိ၏။
လေးယောက်သား တွေ့ဆုံပြီးသည့်နောက်တွင် ဝမ်ဝေ့က သူတို့၏ အတွေ့အကြုံများကို မေးမြန်းလိုက်ပြီး သူ့အတွေ့အကြုံများအား ပြန်လည်ပြောပြလိုက်သည်။ ထို့နောက် သူ့နောက်ဆုံးပုံရိပ် ထွက်ပေါ်လာသည်က ဤကမ္ဘာတွင် နှစ် ၃၈၀ကျော် ကြာမြင့်သွားစဉ် အသင်္ချေအင်ပါယာကမ္ဘာတွင် နှစ်၂၂၀ မျှသာ ရှိသေး၏။
ထို့ကြောင့် ထိုကမ္ဘာနှစ်ခုကြား အချိန်စီးဆင်းမှုက ၁ အချိုး ၂ ဖြစ်နေလေသည်။ ထို့နောက် လီကျွင်းက သူ လုပ်ဆောင်ထားသည့် အရာအားလုံးကို လိုက်လံပြသ၏။ နယ်မြေ ၃၆ခုလုံးတွင် သူ့ ရုပ်ထုနှင့် ဘုရားကျောင်းများစွာ ရှိနေလေသည်။
လူသားနှင့် နတ်ဘုရားများက ဝမ်ဝေ့ကသာ အားကောင်းသည့် ကံကြမ္မာ နတ်ဘုရား၊ သေခြင်းတရား နတ်ဘုရား၊ ကြမ္မာ(ကံတရား) နတ်ဘုရားဖြစ်ကြောင်း သိကြသည်။ ယခင်ခေတ်မှ နေရာများ၏ ကောင်းကင်ဘုံဗိမာန် အများစုကလည်း သူ့ တစ်ဦးတည်းကိုသာ ယုံကြည်သည့် သေမျိုးများနှင့် ပြည့်နေလေပြီ။ တစ်ကမ္ဘာလုံး၏ လူဦးရေသည် အဖွဲ့ ကမ္ဘာကို ရောက်စဉ်ကထက် အဆရာချီ တိုးပွားလာခဲ့ပြီဖြစ်၏။ နှစ်လေးရာအတွင်း သေမျိုးများ၏ မျိုးဆက်များစွာတိုင် ရှိလာပြီဖြစ်ကာ အားလုံးကလည်း ဝမ်ဝေ့ကို ယုံကြည်ကြသည်။
သူတို့၏ သေဆုံးမှုအပြီးတွင် သူတို့၏ ဝိညာဉ်က ဝမ်ဝေ့၏ နာမည်ဖြင့် သီးသန့်ဖန်တီးထားသော ကောင်းကင်ဘုံဗိမာန်သို့ ရောက်ရှိသွားကြသောကြောင့် ထိုလူများက ယုံကြည်မှုစွမ်းအားကို ဆက်လက်၍ထောက်ပံ့နေကြသည်။
ဤကမ္ဘာရှိ တိရစ္ဆာန်များပင် အသိစိတ်ဝင်လာသည်နှင့် ကံကြမ္မာနတ်ဘုရား၏ နောက်လိုက်များ ဖြစ်လာကြပြီး ယုံကြည်မှုစွမ်းအားကို ထောက်ပံ့ပေးကြသည်။
“ မင်းတို့တွေ ငါ လုပ်နိုင်တာထက် ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။ ထို့နောက် နောက်ရက်အနည်းငယ်အတွင်း သူက နယ်မြေအားလုံးကို သွားကာ ကမ္ဘာထံ သူ ရောက်ရှိလာကြောင်း သေမျိုးများရှေ့ ပုံသဏ္ဌာန်ပြရမည်ဖြစ်၏။ ထိုအပြုအမူက သူ့နောက်လိုက်များအား ပိုမိုရူးသွပ်သွားစေကာ သူတို့၏ ယုံကြည်မှုကို တိုးပွားလာပြီး အစွန်းရောက် ယုံကြည်ကိုးကွယ်သူများလည်း ထွက်ပေါ်လာကြသည်။
ထို့နောက် ဝမ်ဝေ့က သူ အဆင့်တက်လှမ်းဖို့အတွက် စတင်ပြင်ဆင်လိုက်သည်။ ပထမဦးစွာ သူက ယန်းလီလင်း သူ့အတွက် ဖန်တီးပေးထားသည့် ယုံကြည်မှုသန့်စင်ရေး ဆေးလုံးကို စမ်းသပ်ကြည့်လိုက်သည်။ သူ့တွက်ချက်မှုအရ ထိုဆေးလုံးတစ်ရာသည် နောက်အဆင့်သို့ တက်လှမ်းနိုင်ချေကို ဆယ်ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်လေသည်။
လက်ရှိ မူလဆေးလုံးမီးတောက်ကျမ်းက သူ့အား ငါးဆယ်ရာခိုင်နှုန်း အောင်မြင်နှုန်း ပေးစွမ်းထားသည့်အတွက် ယခု ဆယ်ရာခိုင်နှုန်းပါ ထည့်ပေါင်းလိုက်လျှင် သူ့တွင် အောင်မြင်နိုင်ချေ ခြောက်ဆယ်ရာခိုင်နှုန်း ရှိနေပြီဖြစ်၏။ ယခင် မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးနှင့် ယှဉ်ကြည့်လိုက်လျှင် ဤသည်က အရေအတွက် များပြားပေသည်။ သို့သော်လည်း ဝမ်ဝေ့က မကျေနပ်သေးပေ။
ထို့ကြောင့် ဝမ်ဝေ့က ကြမ္မာနတ်ဘုရားမ၏ မှတ်ဉာဏ်များကို စတင်ကြည့်ရှုလိုက်သည်။ သူက သူ့ အောင်မြင်နိုင်ချေကို တိုးမြှင့်ဖို့အတွက် ဖြစ်နိုင်ချေလှုံ့ဆော်ရေး အံ့ဖွယ်စွမ်းရည်ကို အသုံးပြုချင်မိသည်။
ထိုနည်းစနစ်ကို ရှာတွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က အနည်းငယ် စိတ်ပျက်သွားလေသည်။ အကြောင်းမှာ ထိုအရာက ကောင်းကင်တာအို၏ အကူအညီကို လိုအပ်ပြီး သက်တမ်းအများစုကိုလည်း တန်ကြေးအဖြစ် ပြန်လည်ပေးဆပ်ရမည် ဖြစ်၏။ ထို့ကြောင့် သူက ဤကမ္ဘာတွင် ထိုအရာကို အသုံးပြုနိုင်သော်လည်း တခြားနေရာတွင် အသုံးပြုနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုအရာဖြင့် သူက အောင်မြင်နိုင်ချေကို နောက်ထပ် ၁၀ ရာခိုင်နှုန်း မြှင့်တင်လိုက်သည်။
သူက သက်ပြင်းချလိုက်၏။ ကမ္ဘာတစ်ခုလုံးကို ပြင်ဆင်ပြီး သူ့အဆင့်တက်လှမ်းမှုအတွက် အကျိုးရှိစေဖို့ နည်းလမ်းကို လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်နိုင်ချေအား ဆယ်ရာခိုင်နှုန်းမျှသာ တိုးမြင့်လာစေသည်။
သူက ခေါင်းအသာခါလိုက်ပြီး ပြင်ဆင်မှုများအား ဆက်လက် လုပ်ဆောင်လိုက်သည်။ သူက ကွာခြားချက်ကို လိုက်ရမည် ဖြစ်၏။ လော့ချန်အဖြစ် နေနေစဉ်အတွင်း သူက ထိုလူ၏ ပင်ကိုစွမ်းရည်ကို သေချာလေ့လာခဲ့သည်။
ရည်ရွယ်ချက်က ထိုနည်းစနစ်နှင့် စွမ်းအားတူသည့် ကျမ်းတွေကို ဖန်တီးဖို့ရာ ဖြစ်၏။ ယခု သူက ထိုကျင့်စဉ်ကို စတင်ဖန်တီးတော့မည် ဖြစ်သည်။
နှစ်နှစ်ဆယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်လုံးပွင့်လာလေသည်။ သူ့ မျက်ဝန်းအထက် နက်နဲမှုတို့ ပြည့်နှက်နေ၏။
“ ဒါက ယုံကြည်မှုရဲ့ စွမ်းအားတစ်ခုလား”
ထိုအရာကို စုပ်ယူပြီးသည့်နောက်တွင် သူ့ နားလည်နိုင်စွမ်းက သိသိသာသာ တိုးမြှင့်လာပြီး သက်ရောက်မှုက ဉာဏ်အလင်းပွင့် အဖန်ရည် သို့မဟုတ် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အရင်းအမြစ်အများစုထက်ပင် ပို၍သာလေသည်။ နောက်ဆုံးတွင် သူက ထိုခေတ်ကာလမှ ဗုဒ္ဓဘုန်းကြီးအများစု သည် ထိုယုံကြည်မှုစွမ်းအားကို အဘယ်ကြောင့် နှစ်ခြိုက်နေရသလဲဟု နားလည်သွားလေသည်။ ထို့နောက် သူက စာအုပ်ကို ထုတ်ကာ ရေးသားလိုက်သည်။
အစွမ်း ထိန်းချုပ်ရေးနည်းစနစ်
ဤသည်က အင်အား၊ စွမ်းအား၊ စည်းမျဉ်း အစရှိသဖြင့် အရာအားလုံးကို တိတိကျကျ ထိန်းချုပ်နိုင်မှုအပေါ် အာရုံစိုက်ထားသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်ပေသည်။ ပြည့်ဝသော ထိန်းချုပ်မှုဖြင့် လူတစ်ယောက်က အနည်းငယ်မျှ သုံးပြီး စွမ်းအားများများ ထုတ်နိုင်လိမ့်မည်။
နမူနာအားဖြင့် ဆိုရလျှင် လူတစ်ယောက်က ကျင်းတစ်ထောင် ခွန်အားရှိလျှင် ထိုအရာက သူတို့ ခန္ဓာကိုယ်ကို အသုံးပြုနိုင်သည့် အများဆုံးခွန်အား ဖြစ်လိမ့်မည်။ လူအများစုက ခန္ဓာကိုယ်၏ ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်ကြပဲ ကျင်းရှစ်ရာမျှသာ ထိုးခွင်းနိုင်ကြသည်။
သို့သော်လည်း ဤနည်းစနစ်ကမူ သူတို့အား အလားအလာ အပြည့်ထုတ်ပြဖို့ ခွင့်ပြုပေးထားလိမ့်မည်။ ထိုအရာဖြင့် သူတို့က ကျင်းတစ်ထောင် ထုတ်လွှတ်နိုင်ရုံသာမက လုံလုံလောက်လောက် မြင့်မားသည့် အဆင့်သို့ ကျင့်ကြံနိုင်သည်နှင့် ကျင်းထောင့်ငါးရာမှ နှစ်ထောင်အထိ ထုတ်သုံးနိုင်လိမ့်မည်။
ဤနည်းစနစ်က ခွန်အားအပေါ်သာ မူတည်ထားခြင်းမျိုး မဟုတ်ဘဲ မီးတောက်ထိန်းချုပ်ရေး၊ ဆေးပင်ရောစပ်ရေး၊ သင်္ကေတရေးထွင်းခြင်း၊ စည်းမျဉ်းထိန်းချုပ်ရေး၊ ဝိညာဉ်စွမ်းအား ထိန်းချုပ်ရေး၊ မူလအဆီအနှစ်ထိန်းချုပ်ရေး အစရှိသဖြင့် များစွာကိုလည်း သက်ရောက်မှု ရှိလေသည်။
ထိုနည်းစနစ်၏ အကြမ်းဖျင်းအပေါ် မူတည်၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။ အပြည့်အဝ ထိန်းချုပ်မှု၊ ပညာရှင် ထိန်းချုပ်မှု၊ ကျွမ်းကျင်ပညာရှင် ထိန်းချုပ်မှု၊ အထွတ်အထိပ် ထိန်းချုပ်မှု နှင့် ကောင်းကင်တာအို ထိန်းချုပ်မှုတို့ ဖြစ်သည်။
ပထမအဆင့်က လူများအား သူတို့ခန္ဓာကိုယ်အတွင်း သို့မဟုတ် စွမ်းရည်အတွင်းရှိသည့် အလားအလာများကို ထိန်းချုပ်ဖို့အတွက် ကူညီ သင်ကြားပေးလေသည်။ ယခင်နမူနာများကို အသုံးပြုရလျှင် ကျင်းတစ်ထောင်ကို အသုံးပြုနိုင်သည့် လူတစ်ယောက်က ကျင်းတစ်ထောင်လုံး အသုံးပြုနိုင်မည့် နည်းလမ်းကို သင်ကြားခံရမည်။
ဆေးဝါးပညာနှင့် ပတ်သက်လာသည့်အခါ သူတို့က ထိုအဆင့်ကို အသုံးပြုကာ သာမန်ဆေးလုံးများကို ဖော်စပ်နိုင်ကြသည်။ မီးတောက်ထိန်းချုပ်မှု၊ ဆေးပင်ရောစပ်မှု သို့မဟုတ် သင်္ကေတရေးထွင်းခြင်းနှင့် ပတ်သက်လာသည့်အခါ သူတို့က ထိုအဆင့်ဖြင့် သာမန်အရည်အသွေးဆေးလုံးကို အမြဲတမ်း ဖော်စပ်နိုင်လိမ့်မည်။
ပညာရှင်အဆင့်မှာမူ ထိုလူတစ်ယောက်၏ အလားအလာ သို့မဟုတ် စွမ်းရည်၏ ကန့်သတ်ချက်ကို ကျော်လွန်အောင် မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပြသပေး၏။ ကျင်းတစ်ထောင် လုပ်ဆောင်နိုင်သည့်လူက ထိုအရာထက် ပို၍ ထုတ်ဖော်နိုင်လိမ့်မည်။ ထိုအခါ ထိုအဆင့်အပေါ် နက်နက်နဲနဲ နားလည်လေလေ ခန္ဓာကိုယ်က ထုတ်ဖော်နိုင်သည့် ခွန်အားများလာလေလေ ဖြစ်၏။
ခန္ဓာကိုယ်က ကန့်သတ်ချက်ရှိသည့်အတွက် ထိုကန့်သတ်ချက်ကို ကျော်ဖြတ်သွားသည်နှင့် ခွန်အားများများ ထုတ်သုံးပါက လူတစ်ယောက်၏ ခန္ဓာကိုယ်က ပေါက်ထွက်သွားလိမ့်မည်သာ ဖြစ်၏။
ကျွမ်းကျင်ပညာရှင်အဆင့် ထိန်းချုပ်ရေးတွင်မူ ဤနည်းစနစ်ကို ပြောင်းလဲထားပြီး နည်းစနစ်တစ်ခု မဟုတ်တော့ဘဲ အလိုလိုသိစိတ်တစ်ခု ဖြစ်လာလေသည်။ ထိုအဆင့်တွင် လူတစ်ယောက်က ထိုနည်းစနစ်ကို လုပ်ဆောင်နိုင်သည်ထက် ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် ထိုနည်းစနစ်ကို ထုတ်သုံးနေဖို့ မလိုအပ်တော့ပေ။
အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်တွင်မူ သက်ရှိအားလုံး၏ ရောက်ရှိနိုင်သည့် ကန့်သတ်ချက် ဖြစ်၏။ ဝမ်ဝေ့၏ ခန့်မှန်းချက်အရ ထိုအဆင့်သည် ထိန်းချုပ်မှု၏ ကန့်သတ်ချက် သို့မဟုတ် ခွန်အားများ၏ တိကျမှု ဖြစ်လိမ့်မည်။
ကောင်းကင်တာအို ထိန်းချုပ်မှုအဆင့်အတွက်မူ ဝမ်ဝေ့ ဖန်တီးထားသည့် သဘောတရားတစ်ခုအပေါ် မူတည်ထားလေသည်။ ထိုသဘောတရားက ကောင်းကင်တာအိုသည် ကမ္ဘာအားလုံး၏ စည်းမျဉ်းအားလုံးကို ထိန်းချုပ်ဖို့ မွေးဖွားလာခြင်း သို့မဟုတ် ဖန်တီးခံရခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့က တခြားသက်ရှိများ မရောက်ရှိနိုင်သည့် ပင်ကို သို့မဟုတ် သဘာဝစွမ်းရည် ရှိတတ်ကြသည်။
ကျင့်ကြံရေး နည်းစနစ် သို့မဟုတ် မျိုးနွယ်က မည်သို့ ဖြစ်နေစေကာမူ သူတို့၏ စည်းမျဉ်းထိန်းချုပ်ရေးနည်းလမ်းများမှာ မိုးမြေမှ လေ့လာပြီး သင်ယူခြင်းသာ ဖြစ်၏။ ထို့ကြောင့် မိုးမြေမှ အရာအားလုံး ဖြစ်တည်လာသည့်အတွက် သူတို့က မကျော်လွှားနိုင်ပေ။
ဝမ်ဝေ့၏ သဘောတရားက လူတစ်ယောက်က မိုးမြေကိုသာ ခွန်အားအရ သို့မဟုတ် စွမ်းအားအရ ကျော်လွန်သွားခဲ့လျှင်ပင် သူတို့အနေနှင့် ထိန်းချုပ်မှုကိုမူ ကျော်လွန်ဖို့ ခက်ခဲလိမ့်မည်။
ကောင်းကင်တာအိုက ထိုစည်းမျဉ်းများကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် မွေးဖွားလာသောကြောင့် လူအားလုံးထက် အရေးသာချက် ရှိနေလေသည်။ သို့သော်လည်း ထိုအရာကို လေ့လာခြင်းဖြင့် ဝမ်ဝေ့က ထိုသို့သော အဆင့်မျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု ကောက်ချက်ချထားသည်။
ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ဝမ်ဝေ့က ကောင်းကင်တာအိုထက် မြင့်မားသည့် အဆင့်ရှိမည် ဖြစ်ကြောင်း တွေးထားသော်လည်း ထိုအရာကိုတော့ မသိသေးပေ။ သို့သော် သူ့တွင် ခန့်မှန်းချက်တချို့တော့ ရှိထား၏။
ထိုနည်းစနစ်ကို ဖန်တီးနိုင်သည်နှင့် သူ့ အဆင့်တက်လှမ်းနိုင်ချေက မြင့်တက်လာလိမ့်မည်။