ဘယ်သူလဲ
Vol. 28 Ch. 389
အခန်း (၃၈၉) : ဘယ်သူလဲ
ဝမ်ဝေ့က သူ့သွေးကြောအတွင်း စီးဆင်းနေသည့် ခွန်အားကို ခံစားမိလိုက်ပြီး ယုံကြည်ချက်ရှိသည့် အပြုံးမျိုး ပေါ်ထွက်လာလေသည်။ ယခု သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီး ထူးခြားသည့် အရာကို ဖန်တီးနိုင်ခဲ့သည်။ သူ့ ခွန်အားက သိသိသာသာ တိုးမြင့်လာပြီဖြစ်၏။
ယခုအင်အားဖြင့် ဝမ်ဝေ့က တိထျန်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ပေ။
သူက ဧကရာဇ်အစောပိုင်းခေတ်ကာလကတည်းက နေထိုင်ခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ…
ဤသည်က ခေတ်သစ်၊ အချိန်သစ်ဖြစ်ပြီး အသက်ကြီးခြင်းက သူ့ထက် အတွေ့အကြုံများသည်ဟု ဆိုလိုခြင်းသာဖြစ်ပြီး သူ့ထက် အားကောင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုသို့ကောက်ချက်ချပြီးသည့်နောက်တွင် ဝမ်ဝေ့က ပြုံးလိုက်ပြီး သီးသန့်လေ့ကျင့်ရာမှ ထွက်လာလိုက်သည်။ သူက လီကျွင်းနှင့် တခြားလူများအတွက် ပွဲစီစဉ်ခိုင်းလိုက်၏။ သူက တစ်ကမ္ဘာလုံးကိုပင် သူ့ခွန်အား တိုးတက်လာမှုကို ဆင်နွှဲဖို့ ပျော်ပွဲရွှင်ပွဲ ကျင်းပခဲ့သည်။ ထို့ကြောင့် ကံကြမ္မာနတ်ဘုရား၏ ပွဲတော်အသစ်ကို ထိုနေ့ရက်တွင် ဖန်တီးခဲ့၏။ ကြီးကျယ်ခမ်းနားသည့် ပွဲတော်ကြီးက သူ့ပြိုင်ဘက်ကင်းကာ တုနှိုင်းမဲ့ ခွန်အားကို ချီးမွမ်းထောပနာပြုနေကြသည်။
ထိုပွဲအခမ်းအနားအပြီးတွင် လီကျွင်းက သူ့အိမ်ဆီ မျက်မှောင်ကြုတ်လျက် လျှောက်လာသည်။
“ တစ်ခုခု မှားလို့လား” ယန်းလီလင်းက မေးလိုက်သည်။
“ အစ်ကိုကြီးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားမိတယ်။ သူ့သဘောထားက ပုံမှန်နဲ့ နည်းနည်းကွဲပြားနေတယ်”
“ သူ နည်းနည်းကွဲပြားနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက လတ်တလော အဆင့်တက်တာ ကျရှုံးမှုတွေများတော့ ဖိအားတွေအောက်မှာ ရောက်နေတာ ကြာပြီလေ။ အခု အောင်မြင်သွားပြီဆိုတော့ သူ့အနေနဲ့ စိတ်အပန်းဖြေတာ သာမန်ပါပဲ”
“ အဲလိုလည်း ဖြစ်နိုင်ပါတယ်”
နောက်တစ်ရက် နိုးထလာပြီးသည့်နောက်တွင် ဝမ်ဝေ့က နယ်မြေ ၃၆ ခုလုံးကို သွားရောက်လည်ပတ်ပြီး ဤကမ္ဘာ၏ ထူးဆန်းမှုများကို ခံစားဖို့ ဆုံးဖြတ်လိုက်သည်။ ယခင်က သူ့ခေါင်းထဲတွင် အဆင့်တက်လှမ်းဖို့သာ ပြည့်နှက်နေခဲ့၏။
သူ သွားသည့်နေရာတိုင်း ငြိမ်းချမ်းသည့် မြို့များ၊ ရွာများ၊ တိုင်းပြည်ငယ်များကို မြင်တွေ့နေရသည်။ ထိုလူများက ဘာသာတူသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် ပဋိပက္ခ ဖြစ်ခဲသည်။
အကယ်၍ ဖြစ်ခဲ့လျှင်ပင် ဘုရားကျောင်းက ဝင်ရောက်စွက်ဖက်ပြီး ဖြေရှင်းပေးတတ်ကြသည်။ သူ သွားလာရာတိုင်း သူ ပေါ်ထွက်လာသည်နှင့် သေမျိုးအားလုံးက သူ့မျက်နှာအား ချက်ချင်းသတိပြုမိကာ ဦးညွှတ်ကြပြီး ဆက်တိုက် ဆုတောင်းကိုးကွယ်ကြသည်။ အစပိုင်းတွင် သူက အသားမကျပေ။ သို့သော် ဒုတိယအချိန်တွင် သူက ပျော်ရွှင်ခံစားနေမိ၏။ လူများစွာက သူ့ခြေထောက်အောက်တွင် ဒူးထောက်နေသည်ကို ကြည့်ရင်း သူ ရှိနေရုံဖြင့် သူတို့၏ ပြုံးပျော်နေသည့် မျက်နှာများကို မြင်တွေ့နေရသည့်အခါ စိတ်ပျော်သလို ခံစားမိလိုက်သည်။
စွမ်းအားက သေမျိုးများ၏ ဘဝထိန်းချုပ်မှု ရှိနေသည့်အပေါ် ဖြစ်လာခြင်းဖြစ်ကာ သူ့အနေနှင့် သူတို့အားလုံးကို သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်လျှင်ပင် သူတို့အနေဖြင့် သူ့အား တားဆီးဖို့ အင်အားမဲ့နေကြလိမ့်မည်။
ထိုအသိဖြင့် သူက ပိုမို အထက်စီးဆန်လာခဲ့သည်။ သွားလေရာနေရာတိုင်း သူ့ဇစ်မြစ်ကို ပြသဖို့အတွက် ရွှေရောင်ရထားလုံးပျံကိုသာ အသုံးပြုလေ့ ရှိသည်။ သူက နတ်ဘုရားတစ်ပါး ဖြစ်ရခြင်း၏ ဂုဏ်ကျက်သရေထဲတွင် ပျော်မွေ့နေလေ၏။
သူက ပုံရိပ်ယောင်နယ်မြေအတွင်း ပင်မကျောင်းဆောင်သို့ သွားလည်သည့်အခါ ဝမ်ဝေ့က အလွန်လှပသည့် မိန်းကလေးတစ်ဦးကို တွေ့ခဲ့ရပြီး ထိုမိန်းကလေး၏ ကြိုဆိုခြင်းကို ခံခဲ့ရသည်။ ထိုမိန်းကလေး၏ အလှတရားက ရှီရှစ်နှင့်ပင် ယှဉ်နိုင်လေသည်။
ရှီရှစ်လိုမျိုး ပြီးပြည့်စုံသည့် အနေအထားမျိုးမဟုတ်ဘဲ ထိုမိန်းကလေးက ညင်သာကာ သန့်စင်သည့် သဘောထားကို ပေးစွမ်းသည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ထိုမိန်းကလေးက သေမျိုးနယ်မြေသို့ မတော်တဆ ရောက်ရှိလာသည့် နတ်ဘုရားမတစ်ပါးနှင့်ပင် ဆင်တူနေသည်။
သူမအကြောင်း စိတ်ဝင်စားဖို့ ကောင်းသည့်အချက်မှာ သူမက သေမျိုး ဖြစ်သော်လည်း စကားဖြင့် မဖော်ညွှန်းနိုင်လောက်အောင် လှပနေခြင်း ဖြစ်၏။
လီကျွင်းအား ဖြစ်စဉ်တစ်ခုလုံးအကြောင်း မေးမြန်းပြီးသည့်အခါ သူမသည် ဤကျောင်းဆောင်၏ သူတော်စင်မ ဖြစ်နေကြောင်း သိလိုက်ရသည်။
လီကျွင်းက ဝမ်ဝေ့အား ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တစ်ခုခု မှားယွင်းနေသည်ကို သိနေသည်။ ဤညတွင် သူက တစ်ခုခုဖြစ်ပျက်တော့မည်ဟု ခံစားနေရ၍ မအိပ်စက်နိုင်ပေ။
ထို့ကြောင့် သူက ထိုခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ကိစ္စများအား စစ်ဆေးကြည့်ဖို့ သူ့နေရာမှ ထွက်လာခဲ့သည်။ သူတော်စင်မအခန်းမှ ထွက်သွားသည့်အခါ အလင်းရောင် ရှိနေသေးကြောင်း မြင်လိုက်ရသည်။ လီကျွင်းက ဘုရားကျောင်း၏ သူတော်စင်မများ ဖြစ်လာဖို့အတွက် စည်းမျဉ်းများက အလွန်ကို တင်းကြပ်ကြောင်း သိထားသောကြောင့် ဤအချိန်တွင် သူမက အိပ်စက်နေသင့်ပြီ ဖြစ်၏။
သူက အခန်းအတွင်း ချောင်းကြည့်လိုက်သည့်အခါ သူ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်မိသွားသည်။
သူတော်စင်မက သူမ၏ ဝတ်ရုံကို ဖြည်းဖြည်းချင်း ဝတ်ရင်း ငိုယိုနေသည်။ သူမ ရှိနေသည့် အခင်းပေါ်တွင် သွေးများ မြင်တွေ့နေရ၏။ သူမက ထရပ်ဖို့ ကြိုးစားသော်လည်း ထိခိုက်မှု တချို့ရှိနေသည့် သူမ၏ ခြေထောက်များက တုန်ယင်နေ၍ မအောင်မြင်ပေ။
အနည်းငယ် ကြိုးစားပြီးသည့်နောက်တွင် သူမက ထရပ်နိုင်ရုံမျှဖြစ်ပြီး အိပ်ရာပေါ်ရှိ အခင်းများကို ပြောင်းကာ မီးပိတ်လိုက်ပြီး အိပ်ရာဝင်သွားသည်။ ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း သူမ၏ ငိုရှိုက်သံက ဘယ်တော့မှ ရပ်တန့်မသွားပေ။ မျက်ရည်များလည်း အပါအဝင် ဖြစ်၏။
လီကျွင်းက ထိုအရာကို မြင်ကာ အမူအရာ ပျက်ယွင်းသွားပြီး ဝမ်ဝေ့၏ အခန်းသို့ ဝင်သွားလေသည်။ သူက အော်ပြောလိုက်၏ “ ဘာလို့လဲ။ ဘာလို့ အဲလိုလုပ်ခဲ့တာလဲ”
ကံကောင်းစွာဖြင့် သူက အသိစိတ် ရှိနေသေးသည့်အတွက် သူ့မူလအဆီအနှစ်ဖြင့် အသံလုံအကာအရံအား ဖွဲ့စည်းထားခဲ့သည်။ မဟုတ်ပါက ဘုရားကျောင်းတစ်ခုလုံး သူ့အသံကြောင့် လန့်ဖျပ်သွားကြလိမ့်မည်။
“ မင်း ဘာပြောနေတယ်ဆိုတာ ငါ မသိဘူး”
“ အခု ဒီလိုလုပ်ပြီးတော့ အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာလား။ မင်းက ငကြောက်ဆိုတာ မသိခဲ့ဘူးပဲ”
စာအုပ်ဖတ်နေသည့် ဝမ်ဝေ့က နောက်ဆုံးတွင် ခေါင်းမော့ကြည့်လာသည်။ သူ့မျက်ဝန်းအထက် အေးစက်စက် မပြောင်းမလဲ အမူအရာမျိုးသာ ရှိနေ၏။
“ ငါ လုပ်ခဲ့တော့ရော ဘာဖြစ်လဲ။ သူတော်စင်မဆိုတာ သူမရဲ့ နတ်ဘုရားအတွက် အစေခံပဲ။ သူမ ခန္ဓာကိုယ်ကို ငါ့ဆီပေးအပ်လိုက်ရတာ ဂုဏ်ယူစရာတောင် ဖြစ်ဦးမယ်”
လီကျွင်း၏ နဖူးအထက် သွေးကြောများ ထင်းထွက်လာကာ လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်သည်။ သူ့လက်ဝန်းကျင်ရှိ လေဟာနယ်က အနည်းငယ် တွန့်ချိုးသွားပြီးနောက် သိပ်မကြာခင် ပုံမှန် ပြန်ဖြစ်သွားသည်။
“ အဲဒါဆို ဝူဟုန်ကရော” သူက မေးလိုက်သည်။
“ တာအိုရဲ့ လမ်းစဉ်အဆုံးအထိ တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ့ပေးဖို့ တစ်ယောက်တည်းပဲ လိုတယ်လို့ ပြောတာတွေကရော ဘာလဲ။ အဲဒါတွေက ဒီအတိုင်း လေကြီးသက်သက်လား”
“ အဲဒါနဲ့ ဘာမှမဆိုင်ဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာသက်သက်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ အဓိပ္ပာယ်မရှိတာတွေ။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ချိုးဖောက်တဲ့ အကျိုးဆက်ကို နားလည်သင့်တယ်”
“ ငါက ဘာမှမချိုးဖောက်ဘူး။ ငါ အဆင်ပြေတယ်”
လီကျွင်းက သူ့အား ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။
“ ကောင်းပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မပြောတော့ဘူး။ ဒါပေမဲ့ ဝူဟုန်ကရော။ သူမကို သစ္စာဖောက်တဲ့အတွက် နည်းနည်းလေးမှတောင် မခံစားရဘူးလား။ သူမက ဒါကို တွေ့သွားရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ။”
လီကျွင်းက ထိုစကားများ ပြောလိုက်သည်နှင့် သူ့မျက်ဝန်းအထက် ဖျတ်ခနဲလက်သွားကာ ကြောက်မက်ဖွယ် လက်ကြီးတစ်ခုက သူ့လည်ချောင်းအား ဆုပ်ကိုင်ထားသည်ကို ခံစားမိလိုက်သည်။
သူက သူ့အစ်ကိုကြီး၏ သတ်ဖြတ်မှု ပြည့်နေသည့် မျက်ဝန်းအား ငုံ့ကြည့်လိုက်သည်။ သူက ထိုမျက်ဝန်းအတွင်း တုံ့ဆိုင်းနေမှု အရိပ်အယောင်ပင် ရှာမတွေ့ခဲ့ပေ။
“ ဒါက ငါတို့နှစ်ယောက်တည်း သိတဲ့ ကိစ္စပဲ။” ဝမ်ဝေ့က အေးစက်စက် ပြောလိုက်သည်။
“ မင်းဘာသာ မင်း နေတာ အကောင်းဆုံးပဲ”
ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူက လီကျွင်းအား အခန်းထဲမှ နှင်ထုတ်လိုက်ပြီး လေတစ်ချက်က တံခါးအား ပြန်ပိတ်သွားသည်။ ထို့နောက် သူက စာအုပ် ပြန်ဖတ်လိုက်၏။
ထိုစဉ် လီကျွင်းက အပြင်ဘက်တွင် ရပ်နေသည်။
“ တစ်ခုခုတော့ မှားနေပြီ” သူက ရေရွတ်လိုက်သည်။
“ သူ့ သဘောထားက ပြောင်းလဲသွားတာ ရုတ်ချည်းဆန်လွန်းတယ်။ ဒါက အဓိပ္ပာယ်မရှိဘူး။ ဒါက ယုံကြည်မှုစွမ်းအားရဲ့ အကျိုးဆက်လား။ ဒါပေမဲ့ ငါနဲ့ တခြားသူတွေ အဆင့်တက်တုန်းက ဘာမှမဖြစ်ခဲ့ဘူး”
ထိုနေ့ညတွင် လီကျွင်းက ထိုအဖြစ်အပျက်အား သူ့ဇနီးအပါအဝင် ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။ သူက ဆက်လက် လေ့လာစောင့်ကြည့်ဖို့သာ ဆုံးဖြတ်ခဲ့၏။ သူ ထင်ထားသည့်အတိုင်း ကိစ္စများက နေ့စဉ်နှင့်အမျှ ပို၍ ဆိုးရွားလာသည်။ ဝမ်ဝေ့ သွားသည့်နေရာတိုင်း ဘုရားကျောင်းဆောင်များ၌ သူတော်စင်မများတွင် ကိစ္စအတူတူသာ ဖြစ်ပွားခဲ့သည်။ မည်သူမှ မရှိသည့်အခါ သူက သာမန်ယုံကြည်ကိုးကွယ်သူများထဲမှ မိန်းမလှများကို ပစ်မှတ်ထားလိမ့်မည်။
ပို၍ ဆိုးရွားသည်က သူက ထိုအမျိုးသမီးများကို ထိတွေ့ပြီးသည်နှင့် ထိုသူများတွင် အိမ်ထောင်ဖက် ရှိနေပါက သတ်ဖြတ်ခဲ့သည်။ သူ့အနေနှင့် သေမျိုးများသည် သူ့အမျိုးသမီးကို ထိတွေ့ခွင့် မရှိကြောင်း ပြောခဲ့၏။ အခြေအနေများက ဆက်တိုက် ပျက်ယွင်းလာသည်ကို သိကာ လီကျွင်းက ဂိုဏ်းအား အသိပေးလိုသော်လည်း စကားပြောကြည့်ရုံဖြင့် အသိပြန်ဝင်လာစေလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
ကံဆိုးစွာဖြင့် သူ့စကားများက အသုံးမဝင်ခဲ့ပေ။ ထိုစဉ် လီကျွင်းအား မျှော်လင့်ချက် ကင်းမဲ့သွားစေသည့် တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့သည်။
သူက အခကြေးငွေ ပေးကာ နှစ်သိမ့်ပေးဖို့ အမျိုးသမီးတစ်ယောက်အား သွားရောက်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူမ၏ အလောင်းက ကြမ်းပြင်ပေါ် လဲကျနေသည်ကို တွေ့လိုက်ရပြီး လည်ချောင်းမှ သွေးများ ပန်းထွက်နေလေသည်။ သူမ၏ ဘယ်ဖက်လက်တွင် ဓားမြောင်တစ်ချောင်း ကိုင်ဆောင်ထား၏။
ဝမ်ဝေ့ကို တားဆီးရတော့မည်မှန်း သိလိုက်သည်။ ဤတစ်ကြိမ် ချပ်ဝတ်နှင့် လှံကိုပင် ကိုင်ဆောင်သွားသည်။
“ ဘာတွေလုပ်နေတာလဲတော့ မသိဘူး။ ဒါပေမဲ့ ရပ်တန့်သင့်ပြီ” လီကျွင်းက ပြောလိုက်သည်။ ထို့နောက် သူ့နောက်တွင် သွေးမြစ်တစ်စင်း ပေါ်ထွက်လာပြီး သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက်ခိုင်မာသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။
ဝမ်ဝေ့က သူ့အား အေးစက်စက်ကြည့်ကာ ပြောလိုက်၏ “ ငါက မင်းကို ညီအစ်ကို ညီအစ်ကို ခေါ်နေတာနဲ့ မင်းကိုမင်း တော်တော် ဟုတ်လှပြီ မှတ်နေလား။ မင်း နေရာ မင်း သိသင့်တဲ့အချိန်ရောက်ပြီ။ မင်းက ငါ့အစေခံကလွဲပြီး ဘာမှမဟုတ်ဘူး”
သူက လက်သီးဆုပ်ကာ ထိုးခွင်းလိုက်သည်။
အထီးကျန်လက်သီး
ထိုလက်သီးချက်ဖြင့် အပြစ်ကြွေးနယ်မြေတစ်ခုလုံး၏ အသက်ဓာတ်က ချက်ချင်းဆိုသလို ပျက်စီးသွားပြီး အထဲရှိ သေမျိုးများဖြစ်စေ၊ နတ်ဘုရားများဖြစ်စေ၊ တိရစ္ဆာန်များဖြစ်စေ သက်ရှိအားလုံးက အသတ်ခံလိုက်ရသည်။ ဝေဟင်ရှိ ကောင်းကင်ဘုံဗိမာန်များလည်း ချက်ချင်း ပျက်သုဉ်းသွားလေသည်။
ဗလာလေဟာနယ်အတွင်း လူငါးယောက်သာ အသက်ရှင်ပြီး လေးယောက်သာ အကောင်းအတိုင်း ကျန်ရှိသည်။ ဤသည်က ဝမ်ဝေ့နှင့် ကျန်ရှိသည့် လူလေးယောက် ဖြစ်၏။ ဝမ်ဝေ့က ပျက်သုဉ်းလုနီးပါး ဖြစ်နေသည့် လီကျွင်းအား ကြည့်ကာ လက်သီးဆုပ်ကာ နောက်တစ်ချက် ထပ်ထိုးလိုက်သည်။
ယန်းလီလင်းက သူ့ရှေ့မှ ထွက်လာပြီး ဒူးထောက်လိုက်သည် “ အမွေခံသားတော် … ကျွန်မတို့ လုပ်ပေးခဲ့တာတွေကို ထောက်ထားပြီး သူ့ကို သက်ညှာပေးပါ”
ထိုစဉ် ထျဲ့ကန်နှင့် ဝမ်ကျူလည်း ကြောက်လန့်တကြား ဖြစ်နေကြသည်။ ဝမ်ဝေ့က အေးစက်စက်အကြည့်ဖြင့် ယန်းလီလင်းနှင့် သေဆုံးလုနီးပါး ဖြစ်နေသည့် လီကျွင်းအား ကြည့်လိုက်သည်။
“ ဒါက မင်းတို့အတွက် သတိပေးချက်ပဲ။ ဘယ်သူက သခင်ဆိုတာ မမေ့နဲ့။ ဒီကမ္ဘာက ထွက်သွားပြီးတော့ ဒီနေရာက ငါ့ ကျင့်ကြံဆင့်အတွက် အထောက်အကူဖြစ်တယ်လို့ ဂိုဏ်းကို ပြောလိုက်။ ငါ စည်းမျဉ်း နားလည်ပြီးရင် ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက လေဟာနယ်ကို ဖြိုခွင်းကာ နောက်ထပ် နယ်မြေတစ်ခုဆီ သွားလိုက်သည်။ သူက နယ်မြေ ၃၆ ခုအတွင်း ခရီးသွားလာနေဆဲ ဖြစ်၏။ ယခုအခါ နယ်မြေ ၃၅ ခု ဖြစ်သွားလေပြီ။ ယခုအခါ သူ့အား မေးခွန်းထုတ်မည့်သူ မရှိသည့်အတွက် လွတ်လပ်သွားပြီ ဖြစ်၏။
သူက သေမျိုးများ၏ ကိုးကွယ်မှုကို ခံယူကာ သူ မကျေနပ်သည့် လူတိုင်းအား သတ်ဖြတ်ပြီး ပျော်ပွဲရွှင်ပွဲများစွာလည်း ကျင်းပခဲ့ကာ သူ အလိုရှိသည့် အမျိုးသမီးများကိုလည်း ရယူခဲ့သည်။ ဤသည်က တကယ့် ဘဝ ဖြစ်၏။
သူ ကျင့်ကြံရေးအပေါ် အာရုံစိုက်ထားပြီး မဟာဧကရာဇ် ဖြစ်လာရမည့် ရည်ရွယ်ချက်ဖြင့် အားထုတ်ခဲ့ရသည့် နှစ်များစွာက သူ့ကိုယ်သူ မပျော်ရွှင်ခဲ့ရပေ။ ကမ္ဘာရှိ အားအကောင်းဆုံးဂိုဏ်း၏ သခင်လေးအနေဖြင့် ဤသည်က သူ နေထိုင်သင့်သော ဘဝမျိုး ဖြစ်ပေသည်။
သူ့ခွန်အားဖြင့် မဟာဧကရာဇ် ဖြစ်လာဖို့က အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ ထိုအခါ သူ့အနေနှင့် သူ အလိုရှိသလို လွတ်လပ်ကာ လုပ်ချင်တာ လုပ်လို့ ရလေပြီ။
တစ်ရက်တွင် ဝမ်ဝေ့က ညဘက် ပွဲအခမ်းအနားအပြီး တောင်ထိပ်တွင် ရပ်ကာ လတ်ဆတ်သည့်လေကို ရှူရှိုက်ရင်း ကောင်းကင်အား ကြည့်ကာ ပြုံးလိုက်၏။
“ ဒါက နှလုံးသားနတ်ဆိုး စမ်းသပ်ချက်လား။ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံပဲ”
ထိုစကားကို ပြောလိုက်သည်နှင့် ကမ္ဘာကြီးက ပျက်စီးသွားတော့မည့်အလား အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။ ထို့နောက် ဝမ်ဝေ့က မျက်လုံးပွင့်လာသည့်အခါ သူ့အသိစိတ်ပင်လယ်အတွင်း ကမ္ဘာဦးစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရှိနေသေးကြောင်း တွေ့လိုက်မိသည်။
သူ့ရှေ့ရှိ တစ်ပုံစံတည်း တူသည့်သူအား ကြည့်လိုက်သည်။ ထိုလူက သူနှင့် တစ်ပုံစံတည်းသာ ဖြစ်၏။
“ ငါက အဖြေကို ခန့်မှန်းမိပြီးသားဖြစ်ပေမဲ့ မင်းက ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။