စကားပြောကြစို့
Vol. 28 Ch. 390
အခန်း(၃၉၀) : စကားပြောကြစို့
“ မင်းက ငါ ဘယ်သူလဲဆိုတာ သိနေမှတော့ ဘာလို့ မေးနေသေးတာလဲ” နောက်ထပ် ဝမ်ဝေ့က မေးလိုက်သည်။ မူလကိုယ်နှင့် ကွဲပြားနေသည့် တစ်ခုတည်းသောအရာမှာ အနီရောင် ဆံပင်နှင့် အနီရောင် မျက်ဝန်း ဖြစ်၏။
“ ငါ ပြောတဲ့အတိုင်း ငါက မင်း ဘယ်သူလဲဆိုတာကို သိထားပေမဲ့ ငါ မှန်ပါ့မလားဆိုတာ မသေချာဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ တော်လောက်ပြီ။ ငါက မင်းရဲ့ နှလုံးသားနတ်ဆိုးပဲ”
“ ဒါက အဖြေ မဟုတ်ဘူး။ နှလုံးသားနတ်ဆိုးက ဘာကိုပြောချင်တာလဲ”
“ ဘာလို့ လာမေးနေရတာလဲ”
“ ဘာမှမဟုတ်ပါဘူး။ ဒီလိုမျိုး ဆိုးဆိုးရွားရွား ပုံရိပ်ယောင်ထဲမှာ ထားပြီးတဲ့နောက်မှာ အနည်းဆုံးတော့ ရှင်းပြသင့်တယ် မဟုတ်ဘူးလား”
နှလုံးသားနတ်ဆိုးက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြောလိုက်သည် “ ကောင်းပြီ။ ငါက မင်းရဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေ၊ အတွေးအခေါ်တွေနဲ့ လိုအင်ဆန္ဒတွေကနေ ရုပ်ပိုင်းဆိုင်ရာ ပုံပေါ်လာတဲ့သူပဲ။ အဲဒါကြောင့် ငါ မင်းရဲ့ လျှို့ဝှက်ချက်အားလုံးကို သိထားတယ်။ ပြောရရင် ဒီကမ္ဘာမှာ ငါ့လောက် မင်းအကြောင်းကို ဘယ်သူမှမသိဘူး”
“ ငါ့ရဲ့ လျှို့ဝှက်ချက်အားလုံးကို သိထားတယ်လား”
“ ဟုတ်တယ် အားလုံးပဲ” နှလုံးသားနတ်ဆိုးက သူ့အား ကြည့်ရင်း ပြန်ပြောလိုက်သည်။
“ ကောင်းပြီ။ အဆိုးဝမ်ဝေ့ … မင်းက ဘာကြောင့် ဒီရောက်လာတာလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။ ထိုသူက လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလေသည်။ အကြောင်းမှာ သူက နှလုံးသားနတ်ဆိုးသည် ရုပ်ပိုင်းဆိုင်ရာ ပုံပေါ်လာဖူးကြောင်း စာများ ဖတ်ထားဖူးသည်။
ထိုအရာက အလွန်ရှားပါးသော်လည်း ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် တက်လှမ်းရာတွင် လူတချို့က ကြုံတွေ့ရလေ့ရှိသည်။
“ ငါက စကားပြောဖို့ ရောက်နေတာ” နတ်ဆိုးက ပြောလိုက်သည်။ ထို့နောက် သူက အသိစိတ်ပင်လယ်အတွင်း အဖန်ရည်အိုး ပါသည့် စားပွဲခုံနှင့် ထိုင်ခုံများကို ဖန်တီးလိုက်သည်။
သူတို့က အဖန်ရည်သောက်ပြီးနောက် နှလုံးသားနတ်ဆိုးက မေးလိုက်သည် “ မင်းက ပုံရိပ်ယောင်ကို ဘယ်လိုလုပ် သိသွားတာလဲ”
နှလုံးသားနတ်ဆိုး စမ်းသပ်ချက်နှင့် ပတ်သက်လာသည့်အခါ ပုံသဏ္ဌာန်နှစ်မျိုးသာ လာလေ့ရှိသည်။ ပထမတစ်ခုက ကျင့်ကြံသူများသည် ဆွဲဆောင်သည့် အသံများကို ကြားရမည်ဖြစ်ကာ ထိုအသံများသည် သူတို့၏ စိတ်အတွင်းရှိ အဆိုးမြင် ခံစားချက်များကို လှုံ့ဆော်ပေးလိမ့်မည်။ သူတို့အနေဖြင့် စမ်းသပ်ချက်ကို အောင်မြင်ဖို့အတွက် ထိုစကားများ၏ ဆွဲဆောင်မှုကို ခံနိုင်ရည် ရှိရမည်။ အကယ်၍ အောင်မြင်သွားပါက သူတို့၏ စိတ်အခြေအနေသည် ပို၍ နူးညံ့သွားပြီး ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းခြင်း ပြီးမြောက်သွားပြီ ဖြစ်၏။
အကယ်၍ ကျရှုံးသွားလျှင် သူတို့အနေဖြင့် ထိုအသံများကြောင့် ရူးသွပ်သွားမည်ဖြစ်ကာ သူတို့ကိုယ်သူတို့ သတ်သေခြင်း သို့မဟုတ် တခြားသူများကို ထိခိုက်နာကျင်စေခြင်းများ ပြုလုပ်လာလိမ့်မည်။ မဟုတ်ပါက သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်သည် ပြိုလဲသွားပြီး အဆင့်တက်လှမ်းမှု ကျရှုံးသွားနိုင်သလို သေဆုံးသွားနိုင်သည်။
အကယ်၍ သူတို့က အသက်ရှင်ကျန်လျှင် ထပ်မံကြိုးစားကြည့်နိုင်သော်လည်း ကျရှုံးမှုတစ်ခုအပြီးတွင် စမ်းသပ်ချက်၏ ပြင်းထန်နှုန်းက အနည်းဆုံး နှစ်ဆတိုးမြင့်လာသောကြောင့် လူများအနေဖြင့် ထိုအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးက လျော့နည်းသွားစေသည်။
နှလုံးသားနတ်ဆိုး စမ်းသပ်ချက်၏ နောက်ထပ် ပုံစံတစ်ခုက ပုံရိပ်ယောင်ကမ္ဘာ ဖြစ်၏။ ထိုအရာက ကျင့်ကြံသူ၏ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများကို တိုးမြှင့်ပေးဖို့ ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု ဖြစ်ပေသည်။ ထိုကမ္ဘာက ပြီးပြည့်စုံနေဟန် ပေါ်သောကြောင့် ထိုစမ်းသပ်မှုကို အောင်မြင်ဖို့ ပို၍ ခက်ခဲလေသည်။ ပုံရိပ်ယောင်ကမ္ဘာအတွင်း ကျင့်ကြံသူများသည် စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများကို တွေ့ကြုံခံစားရပြီး သတိပြုမိကာ ထိန်းချုပ်ရမည်။ အကယ်၍ အောင်မြင်သွားပါက သူတို့သည် နိုးထလာနိုင်သည်။ စုယာကဲ့သို့သော လူများအတွက် ထိုစမ်းသပ်ချက်က အသက်ရှူသလောက် လွယ်ကူနေသည်။ သို့သော် တခြားသူများအတွက်မူ ထိုသို့မဟုတ်ပေ။
နှလုံးသားနတ်ဆိုး စမ်းသပ်ချက်က စိတ်အတွင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထို့ကြောင့် ဝိညာဉ်က မည်မျှအားကောင်းနေစေကာမူ ခုခံနိုင်ခြင်း မရှိပေ။
ထိုစမ်းသပ်မှုကို အောင်မြင်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိပေသည်။ ထိုအရာက ပုံရိပ်ယောင်ကမ္ဘာဟု သတိပြုမိပြီး ထိုအရာမှ ချိုးဖောက်ဖို့ ဖြစ်၏။ ယခု ဝမ်ဝေ့ လုပ်ခဲ့သလိုမျိုး ဖြစ်သည်။ ထိုအရာသည် အလွန်ခက်ခဲသောကြောင့် လူတချို့ကသာ ထိုနည်းလမ်းကို အသုံးပြုနိုင်ကြသည်။
နှလုံးသားနတ်ဆိုးက သူ့အား မည်သို့ထိုးဖောက်မြင်ကြောင်း မေးသည်မှာ အကြောင်းအရင်း ရှိလေသည်။
ထိုမေးခွန်းကို စဉ်းစားကာ ဝမ်ဝေ့ကာ ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်လည်မတွေးဘဲ မနေနိုင်တော့ပေ။ အရာအားလုံးက အစစ်အမှန် ဖြစ်လွန်းသည်။ သူ့စိတ်ခံစားချက် အများစုက အတိုင်းထက်အလွန် လှုံ့ဆော်ခံလိုက်ရပြီး သူပင် မမှတ်မိနိုင်သည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
မောက်မာမှု၊ ရမ္မက်၊ အမျက်ဒေါသ၊ ဂုဏ် သို့မဟုတ် အာဏာအတွက် လိုအင်ဆန္ဒ ဖြစ်စေကာမူ ထိုစိတ်ခံစားချက်များ၏ ဘက်မညီမှု အနည်းငယ်ကပင် သူ့ပင်ကိုစရိုက်ကို အပြီးတိုင် ပြောင်းလဲပစ်စေနိုင်သည်။ ထိုအတွေ့အကြုံအပြီးတွင် ဝမ်ဝေ့က ချီယွီလျှိုချင် ရုပ်ခန္ဓာသည် အဆင့် ၃ ဖြစ်နေရသည့် အကြောင်းအရင်းအား နားလည်သွားလေသည်။
“ လီကျွင်းနှင့် တိုက်ပွဲက ငါ ပုံရိပ်ယောင်ထဲ ကျရောက်နေတယ်ဆိုတာကို သတိထားမိသွားစေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ ဘယ်လိုလဲ”
“ မင်းက ငါ့ကို ကောင်းကောင်းသိတယ်ဆိုပေမဲ့ လီကျွင်းကိုတော့ မသိထားဘူး။ ပြီးတော့ မင်းက သူ့ဉာဏ်ရည်ကို လျှော့တွက်ထားတယ်”
“ ပြောစမ်းပါဦး”
“ တကယ်လို့ ငါ တစ်ခုခု မှားယွင်းတာ လုပ်မိတယ်ဆိုရင် လီကျွင်းက ဘယ်တော့မှ ထိပ်တိုက် ရင်ဆိုင်မှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ အကြီးမားဆုံး ပြစ်ချက်ပဲ။ အဲဒီအစား သူက ငါ့အတွက် အပြစ်ကို ခံယူတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ဖုံးကွယ်တာမျိုး လုပ်ဖို့ ကြိုးစားလိမ့်မယ်။ ငါ့ ဂုဏ်သတင်းအတွက်ပေါ့။ အဲဒီကတည်းက ငါက သံသယဝင်ခဲ့ပြီးပြီ။
ဒါပေမဲ့ သူ့လှံကို မြှောက်လိုက်တဲ့အချိန်မှာ သူက ငါ့ကို ဘယ်တုန်းကမှ တိုက်ခိုက်ဖို့ ဆန္ဒမရှိခဲ့ဘူးတော့ တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သေချာသွားတယ်။ အဲဒီအခါ မှားယွင်းနေတဲ့ အချက်ကို ငါ သိသွားတယ်။
ငါက ထိပ်တိုက်ရင်ဆိုင်မှုအတွင်းမှာ ကိုယ့်ဘာသာကို မထိန်းချုပ်နိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ အခြေအနေကို ပြန်လည်သုံးသပ်ပြီးတော့ ပြဿနာကို သဘောပေါက်ခဲ့တယ်။
တကယ်လို့ ငါသာ တလွဲပြုမူနေမယ်ဆိုရင် လီကျွင်းက အင်အားသုံးပြီး တားဆီးမှာ မဟုတ်ဘူး။ သူက သူ့အင်အားက ငါ့ကို တားဖို့ မလုံလောက်ဘူးဆိုတာ သူ သိထားရုံတင် မကဘူး နောက်ထပ် ဖြေရှင်းဖို့ နည်းလမ်းကောင်းလည်း ရှိသေးတယ်။ ဒီကမ္ဘာရဲ့ အပြင်ဘက်မှာရှိနေတဲ့ ငါ့အဘိုးကို သွားပြီး ဆက်သွယ်လိုက်ရုံပဲ”
“ အဟုတ်ပဲ။ ငါ သူ့ကို လျှော့တွက်မိသွားတယ်။” နှလုံးသားနတ်ဆိုးက အပြုံးဖြင့် ပြောလိုက်သည်။ ဒါပေမဲ့ မင်း အောင်မြင်မှုအတွက် အကြီးမားဆုံး အကြောင်းအရင်းက မျှော်နန်းဆောင် စစ်ဆေးမှုနဲ့ ပတ်သက်နေရမယ်”
“ အဲဒါ မှန်ကောင်းမှန်နိုင်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထိုစစ်ဆေးမှုအတွင်း သူက ပြီးပြည့်စုံစွာ ဖန်တီးထားသည့် ပုံရိပ်ယောင်ကမ္ဘာများကို ထည့်သွင်းထားခဲ့သောကြောင့် သူ့အနေနှင့် အရေးသာချက် ရှိခဲ့လေသည်။
“ ဒါပေမဲ့ ဒီကိစ္စတစ်ခုတည်းနဲ့ မင်းက ငါနဲ့လာပြီး စကားပြောတာ မဟုတ်ဘူးလို့ ထင်နေတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ မင်း ခန့်မှန်းတဲ့အတိုင်း မင်းရဲ့ စမ်းသပ်ချက်က မပြီးဆုံးသေးဘူး။ မင်းအနေနဲ့ ဖြေပေးဖို့ ကိစ္စတချို့ ကျန်သေးတယ်” နှလုံးသားနတ်ဆိုးက ဉာဏ်များစွာ ပြုံးရင်း ပြောလိုက်သည်။
“ ဘာအတွက်ဖြေရမှာလဲ။ ဘယ်သူ့အတွက်လဲ”
“ မင်းရဲ့ အသိစိတ်အတွက်ပေါ့” သူက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ကျင့်ကြံရေးလမ်းကြောင်းတွင် စိတ်အခြေအနေက အလွန်အရေးပါလေသည်။ အကယ်၍ လူတစ်ယောက်က အပြစ်ရှိစိတ်၊ နောင်တရစိတ်တို့ ဖြစ်လာခဲ့လျှင် သူတို့၏ လမ်းကြောင်းက ဖြတ်တောက်ခံရမည် ဖြစ်၏။
သန့်စင်သည့် စိတ်ဝိညာဉ် သို့မဟုတ် စိတ်အခြေအနေ မရှိဘဲ မိုးမြေစည်းမျဉ်းကို နားလည်ဖို့ မဖြစ်နိုင်ပေ။
အပြစ်ရှိစိတ်ဟု ခေါ်သည့်အရာက လူမှုအဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းများ မဟုတ်ဘဲ ကျင့်ကြံသူကိုယ်တိုင်က ချမှတ်ထားသည့် အရာဖြစ်ပေသည်။ ထိုအရာက သူတို့၏ အတွေးအခေါ်၊ စိတ်ခံစားချက် အခြေအနေ၊ ရည်ရွယ်ချက်နှင့် သူတို့တစ်ဘဝလုံး လျှောက်လှမ်းခဲ့ရသည့် အရာများလည်း အပါအဝင် ဖြစ်၏။
“ ငါက မင်းကို မေးစရာ ရှိတယ်… ကမ္ဘာမြေက မင်းက အခုလက်ရှိ မင်းကို မှတ်မိဦးမယ်ထင်လား။ သူက မင်းရဲ့ အပြုအမူတွေကိုရော သဘောတူမယ် ထင်လား”
ထိုအရာကို ပြောလိုက်ရင်း နှလုံးသားနတ်ဆိုးက လက်ဝှေ့လိုက်သည့်အခါ သူတို့နှစ်ဦးရှေ့တွင် ပုံရိပ်များစွာ ပေါ်ထွက်လာလေသည်။ ထိုအရာက ဝမ်ဝေ့၏ ဘဝ ဖြစ်၏။ ထိုအရာက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးပွဲမှ စတင်ထားပြီး သူ သတ်ခဲ့သည့် လူအားလုံးကို ပြသနေသည်။
“ မင်းကို ကြည့်လိုက်ပါဦး။ မသင်မဖြစ် ကိုးနှစ်တာ ပညာရေးသင်ပြီးတဲ့နောက်မှာ မင်းက လူတွေကို တိရစ္ဆာန်လိုမျိုး သတ်ဖြတ်ခဲ့တယ်” နှလုံးသားနတ်ဆိုးက သရော်ကာ ပြောလိုက်သည်။
ထို့နောက် သူက ဟန်လီနှင့် အဖြစ်အပျက်ကိုလည်း ဖော်ပြလာသည်။
“ မင်းရဲ့ အကျိုးအမြတ်အတွက် မင်း ဂိုဏ်းကလူတွေကိုတောင် စမ်းသပ်ခံကြွက်တစ်ကောင်လို သဘောထားခဲ့ပြီးတော့ သူ့ရဲ့ အနာဂတ်ကို မင်းအတွက် ဖျက်ဆီးပစ်ခဲ့တယ်။”
ဝမ်ဝေ့က ထိုအရာအားလုံးကို ကြည့်ရင်း တိတ်ဆိတ်နေလေသည်။
ထိုစဉ် နှလုံးသားနတ်ဆိုးက ဆက်ပြောလိုက်၏။ သူ့စကားများက လူများ၏ နှလုံးသားအတွင်း ပဲ့တင်ထပ်ပြီး ဖြည်းဖြည်းချင်း သက်ရောက်မှု ရှိလာစေသည်။
“ နောက်ထပ် ရှိသေးတာက မင်းက မင်းအပြုအမူတွေက မှန်ကန်ကြောင်း သက်သေပြဖို့ နည်းလမ်းတွေ ရှာခဲ့တယ်။ ဒါရော ဘယ်လိုလဲ” သူက ဝမ်ဝေ့သည် သူက တာအိုသက်သေပြ လက်နက်ကို ဖန်တီးဖို့အတွက် လူများစွာ၏ ကံကြမ္မာကြိုးမျှင်များကို ယူဆောင်ခဲ့သည့် ပုံရိပ်ကို ထုတ်ပြလာသည်။
“ ထူးခြားတဲ့ လက်နက်တစ်ခုကို ဖန်တီးဖို့ အပြစ်မဲ့တဲ့ သေမျိုး ၁၃ သန်းကို သတ်ခဲ့တယ်။ ဒီတစ်ကြိမ် အပြုအမူကို မင်းက ဘယ်အကြောင်းပြချက် သုံးဦးမှာလဲ။ မင်းက သူတို့မိသားစုတွေကို နှစ်ရာချီ ဂရုစိုက်ပေးတယ်ဆိုပြီး ပြန်လည်ပေးဆပ်ပြီးပြီလို့တော့ လာမပြောနဲ့။
အဲဒီသေမျိုးတွေက နေ့တိုင်းလိုလို ခက်ခဲမှုတွေနဲ့ နေထိုင်ခဲ့ရတာ။ မင်းရဲ့ အပြုအမူက သူတို့အတွက် ရွေးချယ်မှုပေးခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်ရော ဟုတ်လို့လား။
သူတို့ရဲ့ လက်ရှိအခြေအနေမှာ သူတို့မိသားစုအတွက် အသက်ကို စတေးရုံအပြင် ဘာတတ်နိုင်သေးလို့လဲ။ အထူးသဖြင့် ကျင့်ကြံသူတွေရဲ့ လက်ထဲမှာ သေဆုံးမလား ဒါမှမဟုတ်ဘူးဆိုရင် ငတ်ပြီးတော့ပဲ သေဆုံးမလား ဒါမှမဟုတ်ဘူးဆိုရင် ကပ်ဘေးကြောင့်ပဲ သေဆုံးမလား။ ဘာရွေးချယ်စရာ ရှိဦးမှာလဲ”
နှလုံးသားနတ်ဆိုးက ဝမ်ဝေ့အား ကြည့်ပြီး ရှင်းပြချက်အား စောင့်ဆိုင်းနေလေသည်။
သို့သော်လည်း ထိုလူက တိတ်ဆိတ်နေလေ၏။
ထို့နောက် သူက ခေါင်းအသာခါကာ ဆက်ပြောလိုက်သည်။
“ ငါ မင်းကို အမုန်းဆုံးအချက်က မင်းရဲ့ကြောင်သူတော်ယောင်ဆောင်တဲ့ သဘာဝပဲ။ မင်းက ကမ္ဘာကူးလာတဲ့သူတွေက တခြားကမ္ဘာတစ်ခု ရောက်တာနဲ့ ချက်ချင်းဆိုသလို သတ်ဖြတ်တယ် ဘာညာဆိုပြီး ပြောပြီး မင်းက သူတို့ကို စိတ္တဇလို့ ပြောပေမဲ့ မင်းလည်း အတူတူပဲ လုပ်နေတာ မဟုတ်ဘူးလား။
အခု မင်းက ဒီကမ္ဘာကို ရောက်ရောက်ချင်း အဲလိုလုပ်နေတဲ့ သူတွေထက်တောင် ဆိုးနေတဲ့ သူ ဖြစ်လာပြီ မလား”
နှလုံးသားနတ်ဆိုးက တိတ်ဆိတ်နေသည့် ဝမ်ဝေ့အား ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ မင်းက မျိုးနွယ်တစ်ခုလုံးကို မျိုးတုန်းသတ်ဖြတ်ခဲ့သေးတယ်။” နတ်ဆိုးက ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း ဝမ်ဝေ့က နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးသည့် ပုံရိပ်များကို ထုတ်ပြလာသည်။
ထို့နောက် သူက ဝမ်ဝေ့သည် ကျီစုန့်၏ ခန္ဓာကိုယ် ပြန်လည်သန့်စင်နေသည့် ပုံရိပ်ကိုလည်း ထုတ်ပြလာ၏။
“ မင်း သူ့ကို လုပ်လိုက်တဲ့ အပြုအမူက ဇာတ်တူသားစားတာနဲ့ ဘာမှမထူးဘူး။ မင်း အပြုအမူတွေကို နည်းနည်းလေးမှ နောင်တမရဘူးလား”
ဝမ်ဝေ့က သူ့ရှေ့မှ ပုံရိပ်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက နှလုံးသားနတ်ဆိုးအား ကြည့်ကာ ပြောလိုက်၏ “ ငါ့ရဲ့ အပြုအမူတချို့အတွက်ကိုတော့ နည်းနည်းတော့ နောင်တရပါတယ်”
“ ဒါပေမဲ့ မင်းက ရွေးချယ်မှု အတူတူကိုပဲ လုပ်ဦးမှာ မဟုတ်ဘူးလား”
“ အမှန်ပဲ”
“ အဲဒါဆို ဒါက နောင်တ မဟုတ်ဘူး”
ဝမ်ဝေ့က ထိုလူ၏ စကားများကို ဂရုမစိုက်သည့်အလား အဖန်ရည်တစ်ငုံ သောက်လိုက်သည်။ လူများသည် သဘာဝအားဖြင့် ရှုပ်ထွေးလှပြီး လူတစ်ယောက်အား အပြည့်အဝ ဖော်ပြနိုင်သည့် နည်းလမ်း မရှိပေ။
အကယ်၍ နတ်ဘုရားကဲ့သို့သော စွမ်းအားများကို ကျင့်ကြံသူများဖြင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့၏ ရှုပ်ထွေးမှုက သက်သေမပြနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားလေသည်။
“ မင်းက ငါ့ကို ကောင်းကောင်း သိထားတယ်ဆိုတော့ ငါ ကျင့်ကြံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မှတ်မိလား။” ဝမ်ဝေ့က မေးလိုက်သည်။
“ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့ မဟုတ်ဘူးလား”
“ အဲဒီဆိုလိုရင်းကို မင်း ဘယ်လိုထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ တစ်ယောက်ယောက်ဆီကနေ အနှောင်အဖွဲ့ မခံရဖို့ပေါ့” နတ်ဆိုးက ပြန်ဖြေလိုက်သည်။
“ အဲဒါက အရိုးဆုံးပုံစံပဲ ရှိသေးတယ်။ ငါ လိုချင်တာက စိတ်ရော ခန္ဓာကိုယ်ရော အကြွင်းမဲ့ လွတ်လပ်မှုကို လိုချင်တာ။ ငါက ငါ လုပ်ချင်တာ အားလုံးကို လုပ်ခွင့်ရပြီးတော့ ငါ့စိတ်အပါအဝင် ဘယ်အရာကမှ ငါ့ကို တားဆီးလို့ မရစေရဘူး။
ငါ လျှောက်လှမ်းနေတဲ့ အရာက တစ်ရက်ကျ ငါက အကြီးမြတ်ဆုံးမိစ္ဆာ ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ ကျရင်လည်း အဲလို ဖြစ်လာလိမ့်မယ်။ ငါက စကြဝဠာထဲက သက်ရှိအားလုံးကို မျက်တောင်မခတ် သတ်ဖြတ်နိုင်တယ်။ တကယ်လို့ အဲဒီနောက်ပိုင်းမှာ ငါက လက်ဝှေ့ပြီး အရာအားလုံးကို ဘာမှမဖြစ်ခဲ့သလို ပြန်လည်ဖန်တီးမယ်ဆိုရင်လည်း ရတယ်။ တကယ်လို့ ငါ အဲလိုမှ မလုပ်ချင်ဘူးဆိုရင် စကြဝဠာကြီးက ဒီအတိုင်း ပျက်စီးတဲ့အတိုင်းပဲ ကျန်ရှိနေလိမ့်မယ်။
တကယ်လို့ ငါက စကြဝဠာထဲမှာ မြင်ဖူးသမျှထဲ အကြီးမြတ်ဆုံး ဗုဒ္ဓ ဖြစ်လာချင်တယ်ဆိုရင်လည်း သက်ရှိတွေကို သူတို့ရဲ့ နာကျင်မှုတွေကနေ ကယ်ဆယ်ပြီးတော့ သက်ရှိတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် နေထိုင်နိုင်မဲ့ ကောင်းကင်ဘုံကို ဖန်တီးပေးနိုင်တယ်။ တကယ်လို့ ငါ အလိုရှိတယ်ဆိုရင်လည်း သူတို့ ဖြစ်ခဲ့ဖူးတဲ့အတိုင်း အရာအားလုံးကို ပြန်ပြောင်းပစ်နိုင်တယ်။
ငါလိုချင်တာက ရွေးချယ်မှု … စွမ်းအားတွေ၊ အင်အားတွေ၊ အကျင့်စာရိတ္တတွေဆိုတာနဲ့ ချုပ်နှောင်ခြင်း မရှိဘဲ ငါ စိတ်ကြိုက် လုပ်နိုင်တဲ့ ရွေးချယ်မှုတစ်ခု။
ငါက အကြွင်းမဲ့ လွတ်လပ်ခွင့်ကို လိုချင်တယ်”
စိတ်နတ်ဆိုးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ့နည်းလမ်းက အလုပ်မဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သူက အရာအားလုံးဆီမှ လွတ်မြောက်လိုသည့် လူတစ်ယောက်အား အကျင့်စာရိတ္တ နှောင်ကြိုးများကို ထားဖို့ ကြိုးစားခဲ့ခြင်းသာ ဖြစ်၏။
သူက ဝမ်ဝေ့အား ကြည့်ကာ “ မင်းရဲ့ နည်းလမ်းက အရမ်းကို အန္တရာယ်များပြီးတော့ ဆိုးဆိုးရွားရွား အကျိုးဆက် ခံစားရနိုင်တယ်ဆိုတာ သိတယ်မလား”
“ ငါ အပြည့်အဝ သိထားတယ်”
“ ကောင်းပြီ မင်း စမ်းသပ်ချက် အောင်မြင်တယ်” နတ်ဆိုးက အပြုံးဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ ဒါက မင်း ငါ့ကို တွေ့ရမဲ့ နောက်ဆုံးအကြိမ် မဟုတ်သေးဘူး”
ထို့နောက် သူက ပျောက်ကွယ်သွားလေသည်။ ဝမ်ဝေ့အတွက်မူ ဤတစ်ကြိမ် သူက အမှန်တကယ် နိုးထလာခဲ့၏။ သူက သူ့အသိစိတ်ပင်လယ်အတွင်းရှိ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်မိလိုက်သည်။
အကြမ်းဖျင်း စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ၁.၂၆၉ ထရီလီယံ ဝိညာဉ်အမှုန်အမွှားများတွင် သန်းရာချီမျှသာ တောက်ပနေပြီး ကျန်အရာများက မှေးမှိန်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူက အဆင့်တက်လှမ်းခြင်းမှ ကျန်ရှိနေသည့် ယုံကြည်မှု စွမ်းအားပမာဏကို စုပ်ယူလိုက်သည့်အခါ အမှုန်အမွှား အများစုက လင်းလက်လာသောကြောင့် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် သူက ကျန်အရာအားလုံးကို စုပ်ယူလိုက်၏။
သို့သော် ဝမ်ဝေ့က ချက်ချင်းဆိုသလို ပြည့်နှက်လာသည့် ခံစားချက်ကို ခံစားမိလိုက်ပြီး ဤအဆင့်၏ ယင်ဝိညာဉ်အသွင်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်ကို သိလိုက်သည်။ သူ့အတွက် စောင့်ကြိုနေသည်က ယင်ယန်ဆန့်ကျင်ပြီး ယန်ဝိညာဉ်အသွင်သို့ ဝင်ရောက်ဖို့ ဖြစ်သည်။
နောက်ဆုံးတွင် သူက သူ့အမှုန်အမွှားများ၏ စွမ်းရည်ကို စစ်ဆေးကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း သူတို့က သူနှင့် ကွဲပြားနေသည့်အလား သီးသန့်တည်ရှိနေပြီး ထိုစွမ်းရည်က သူ့အား ကောင်းကင်ဘုံ သွေဖယ်နေပြီးသားဖြစ်သည့် နားလည်နိုင်စွမ်းကို ပို၍ တိုးမြှင့်ပေးလေသည်။
ဝမ်ဝေ့က သူ့ကျင့်ကြံရေးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အလိုလိုသိစိတ်က ရုတ်ချည်းဆိုသလို အသက်ဝင်လာလေ၏။
သူ့ခန္ဓာကိုယ်က အလိုလိုရှောင်ရှားလိုက်ပြီးနောက် လီကျွင်းနှင့် တခြားလူများသည် သူ့အား စောင့်ကြပ်ပေးကာ ရှိနေသည့် အခန်းအပြင်ဘက်သို့ ရောက်ရှိသွားသည်။
သူက ဘာမှမပြောဘဲ အာကာပြင်ကို ခွဲလိုက်ပြီး ထိုသုံးယောက်အား ကမ္ဘာ့အပြင်ဘက်သို့ နှင်လွှတ်လိုက်သည်။
ထိုအရာအားလုံးက ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည့်အတွက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် သူ့ဘာသာသူ ပြုမူနေသည်ဟု ခံစားမိလာသည်။ ထို့နောက် သူက ခေါင်းမော့ကာ ကြည့်လိုက်သည့်အချိန် တစ်စုံတစ်ယောက်က လေထဲတွင် မျောလွင့်ရင်း သူ့အား ကြည့်နေလေ၏။
ထိုစဉ် သူ ခံစားဖူးသည့် အန္တရာယ်မျိုးနှင့် မတူသည့် ခံစားချက်က ရုတ်ချည်းပေါ်ထွက်လာသည်။ သူ့ အလိုလိုသိစိတ်က ဤတွေ့ဆုံမှုတွင် သူ သေဆုံးသွားနိုင်သည်ဟု ပြောပြနေလေသည်။
သူက ရောက်ရှိလာသည့်သူအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် “ မင်းကိုး”