← Chapters

အံ့ဖွယ်ငါးပါးဓားသိုင်း၊ မီးလောင်ပြင်ဓား

Vol. 1 Ch. 8

အံ့ဖွယ်ငါးပါးဓားသိုင်း၊ မီးလောင်ပြင်ဓား

Vol. 1 Ch. 8

ဆေးလုံးသည် ပါးစပ်ထဲကို ဝင်သွားသောအခါ သကြားလုံးကဲ့သို့ အရသာဖျော့ဖျော့ရှိသည်။ သူက အရသာ သေချာမခံလိုက်ရသေးမီတွင်ပင် ၎င်းသည် ထူးဆန်းသော အငွေ့အသက်အဖြစ် ပြောင်းလဲကာ သူ၏အတွင်းကလီစာများမှတစ်ဆင့် ခြေလက်နှင့် အရိုးအကြောများသို့ ပျံ့နှံ့သွားသည်။

ထို့နောက် ဟန်မူယဲ့သည် သူ၏ခန္ဓာကိုယ် ပူပြင်းလာသည်ဟု ခံစားရ၏။

“ပြီးပြီလား…”

အရည်အသွေးမြင့်ဆေးလုံးက ဒါပဲလား…

အသေအချာစဉ်းစားတွက်ချက်ပြီးနောက် ဟန်မူယဲ့သည် နောက်ထပ်ကာယအားဖြည့်ဆေးတစ်လုံးကို သိမ်းဆည်းလိုက်သည်။

ဆေးလုံးမှာ ဝိညာဉ်ကျောက်တုံး ၁၀တုံးခန့်ဖြင့် လဲလှယ်နိုင်၏။ သူ့အနေဖြင့် မဖြုန်းတီးပစ်နိုင်ပေ။

သူ့တွင် နဝမတန်းစားဒန်ထျန်ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သူက ဆေးလုံးကို အပြစ်မတင်နိုင်ချေ။

တင်ပလ္လင်ခွေထိုင်ကာ ဟန်မူယဲ့ မျက်လုံးအိမ်များကို ကျဉ်းမြောင်းလိုက်သည်။

သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ဝင်ကတည်းက သူ၏အမြင့်ဆုံးနားလည်နိုင်စွမ်းဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့်အရာများစွာကို သင်ယူခဲ့သည်။

သူသည် လက်နက်သွန်းလုပ်သည့်ပညာများ၊ အာခီမီနှင့် ဓားသိုင်းလေးခုကို တတ်မြောက်ခဲ့၏။

အံ့ဖွယ်ဓားသိုင်းသုံးမျိုးမှာ သစ်ရွက်ကြွေဓား၊ အထီးကျန်သစ်စိမ်းဓားနှင့် ကျောက်ဆောင်အက်ကွဲဓားတို့ ဖြစ်သည်။

နံပါတ်၁ အံ့ဖွယ်ဓားသိုင်း၊ တောင်ဖြိုဓား။

သူသည် ထိုဓားသိုင်းများကို တတ်မြောက်ပြီးဖြစ်သည့်တိုင် လေ့ကျင့်ရန်မလိုဟု မဆိုလိုပါ။

ယနေ့ လေ့ကျင့်ရေးခန်းမတွင် ဟန်မူယဲ့သည် ကျောက်ဆောင်အက်ကွဲဓား၏အနှစ်သာရ အပြည့်အဝကို နားလည်ခဲ့သော်လည်း ၎င်း၏ထက်ဝက်မျှကိုသာ ထုတ်နိုင်ခဲ့သည်။

ကျင့်ကြံခြင်း၌ နားလည်နိုင်စွမ်းသီးသန့်ဖြင့် အလုပ်မဖြစ်နိုင်။ သူ့အနေဖြင့် သေသေချာချာ လေ့ကျင့်ရန်လည်း လိုသေးသည်။

လေ့ကျင့်ရေးမှူးလင်းကဲ့သို့ပင် သူက ဓားကို အကြိမ်ထောင်သောင်းများစွာ ဝှေ့ယမ်းပြီးနောက်တွင် တောင်ကုန်းအား ဓားတစ်ချက်တည်းဖြင့် ဖြိုဖျက်နိုင်ပေမည်။

ဟန်မူယဲ့သည် ယနေ့ည ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။ ၎င်းမှာ ကာယအားဖြည့်ဆေးကြောင့်လော၊ သို့မဟုတ် တူနှစ်ကိုယ့်ကျင့်ကြံဓား၏အနှောင့်အယှက်မရှိသောကြောင့်လော ဟန်မူယဲ့ မသိပါ။

နောက်တစ်နေ့ နံနက်တွင် ဟန်မူယဲ့သည် ဓားတစ်လက်ကို သွားဆွဲယူကာ ဓားစံအိမ်အနောက်ဘက်သို့သွားရောက်၍ လေ့ကျင့်သည်။

ရွက်ကြွေ၊ အထီးကျန်သစ်စိမ်း၊ ကျောက်ဆောင်အက်ကွဲ၊ တောင်ဖြို။

ကျင့်ကြံဆင့်၏အထောက်အပံ့မရှိရာ သူ့ဓားကွက်များတွင် ဓားအလင်းများကိုသာ တွေ့နိုင်သည်။

အကြိမ်ကြိမ်လေ့ကျင့်ပြီးနောက်တွင် ဓားသိုင်းလေးမျိုးမှာ တစ်ခုတည်းဖြစ်လာပြီး အဆုံးမဲ့သော အနက်ရောင်အရှိန်အဝါသို့ ပြောင်းလဲသွားသည်။

ဓားသိုင်းလေးမျိုး၏အနှစ်သာရကို သဘောပေါက်ထားသော ဟန်မူယဲ့အတွက် ဓားသိုင်းကွက်များမှာ ပုံစံရှိသည် မရှိသည်က မကွဲပြားတော့ပါ။ သော့ချက်မှာ ခံစားချက်ဖြစ်ပေသည်။

ရွက်ကြွေဓားတွင် ဓားသည် သစ်ရွက်ကဲ့သို့ ထွက်သွားရမည်။ ရန်သူက ဓားကွက်ကို မည်သို့မှ ဖမ်းဆုပ်၍ မိမည် မဟုတ်ပါ။

အထီးကျန်သစ်စိမ်းဓားမှာမူ ထုတ်ဖော်ရန် ခက်ခဲသော်လည်း ၎င်းသည် ခိုင်မာကာ လေနှင့်မိုးကို မကြောက်မလန့်သော နှလုံးသားရှိသည်။ ဓားကွက်သည် စိတ်ဓာတ်ခိုင်မာမှုကို ကိုယ်စားပြု၏။

ကျောက်ဆောင်အက်ကွဲနှင့် တောင်ဖြိုဓားတို့မှာ ရိုးရှင်းသည်။ ထိုဓားကွက်များမှာ တည်ငြိမ်ရက်စက်ပြီး တိကျသည်။

တောင်ကုန်းများကို ဖြိုဖျက်နိုင်သောဓားသည် အပေါ်မှ ခုတ်သည်ဖြစ်စေ၊ အောက်မှ ပင့်ထိုးသည်ဖြစ်စေ မထူးခြားပါ။

ဟွမ်လောင်လျှို ထွက်လာသောအခါ ဟန်မူယဲ့ ဓားသိုင်းကစားနေသည်ကို မြင်၏။

သူက ပြုံးလျှက် မည်သည့်စကားမှ မဆိုချေ။

သူ့အမြင်တွင် ဟန်မူယဲ့သည် ကာယအားဖြည့်ဆေးကို သောက်ကာ ခွန်အားများကို အသုံးချစရာနေရာမရှိဖြစ်နေသည်။ ထို့ကြောင့် သူက ကိုယ်လက်လှုပ်ရှား ကစားနေခြင်းဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့၏ရှေ့မှ ကျောက်နံရံကြီးတွင် အက်ကြောင်းများရှိနေသည်ကို သူ သတိမထားမိပါ။

နံနက်စာစားပြီနောက်တွင် ဓားစံအိမ်သည် တံခါးများကို ပိတ်လိုက်သည်။ ဟွမ်လောင်လျှိုသည် သစ်သားစင်များထံသို့ သုန်မှုန်စွာ လျှောက်လာ၏။

“ဒီဓားတွေအကုန်လုံးက လူသားဘုံအဆင့်တွေပဲ။ သူတို့ဟာ လူသားဘုံကနဦးအဆင့်ကနေပြီးတော့ အခြေခံအုတ်မြစ်ထိပ်ဆုံးအဆင့်အထိ ရှိတယ်”

ဟွမ်လောင်လျှိုက သုန်မှုန်သောအမူအရာဖြင့် ပြောသည်။

“ဓားတွေမှာ အသက်ဝိညာဉ်ရှိတယ်။ ငါတို့ ဓားထိန်းတွေက ဓားတွေကို ဓားအိမ်က ထုတ်တာဟာ မလေးမစား ပြုမူတာ မဟုတ်ဘူး”

ရှေ့ကို ဦးညွှတ်အရိုအသေတစ်ချက်ပြုပြီး ဆီသုတ်ထားသောအဝတ်စဖြင့် သူသည် သစ်သားစင်ထံသို့ လျှောက်သွား၏။

“ကလန်…”

ဟွမ်လောင်လျှိုက လက်ဆန့်တန်းကာ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။ သူ၏မျက်လုံးများက အရောင်တစ်ချက်လက်သွားသည်။ သူက ဓား၏အရင်းမှသည် ထိပ်ဖျားအထိ အဝတ်စဖြင့် သုတ်လိုက်၏။

သုံးကြိမ်ခန့်သုတ်ပြီးနောက်တွင် သူက သက်သာရာရဟန်ဖြင့် သက်ပြင်းချသည်။

“မင်း မြင်လား…”

“ငါတို့က ဓားတွေကို တလေးတစား ဆက်ဆံရမယ်”

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား လေးနက်သောလေသံဖြင့် ပြောသည်။

“ဓားအသစ်တွေက ရတယ်။ ဓားအဟောင်းတွေကတော့… ငါတို့က မလေးမစားဆက်ဆံရင် ဓားအိမ်ထဲက ဆွဲထုတ်လို့ရမှာ မဟုတ်ဘူး”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက ထိုအချက်ကို သိသည်။ သူ ပထမဆုံးစရောက်တုန်းက ဓားတစ်လက်ကို ဆွဲထုတ်ခဲ့သော်လည်း မည်သို့မှ ဆွဲထုတ်မရခဲ့ချေ။

ဟွမ်လောင်လျှိုအတိုင်းပင် ဟန်မူယဲ့က ဦးညွှတ်အရိုအသေပြုကာ ဓားကို ဆွဲထုတ်သည်။ အဝတ်စဖြင့် ညင်သာစွာ သုတ်လိုက်လျှင် ဓားအလင်းသည် ရေပြင်အလား ကြည်လင်သွား၏။

ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ သူ့မျက်နှာချင်းဆိုင်တွင် ဟွမ်လောင်လျှိုမှာ ပါးစပ်ကြီးဟကာ တီးတိုးရေရွက်သည်။

“မင်းက ဓားထိန်းဖြစ်ဖို့ မွေးလာတဲ့သူပဲ”

သူတို့က တစ်ဖက်ခြမ်းစီတာဝန်ယူကာ ဓားများကို ဓားအိမ်ထဲမှထုတ်လျှက် အဝတ်စဖြင့် သုတ်ကြသည်။

ဟန်မူယဲ့က ဓားလက်ကိုင်ကို ထိမိသည်နှင့် ဓား၏အတိုင်းအတာ၊ အလေးချိန်၊ သွန်းလုပ်သည့်ပညာရပ်နှင့် ဆက်စပ်အချက်အလက်များကို သိမြင်သည်။

အစပိုင်းတွင် သူသည် မြန်ဆန်စွာ သန့်ရှင်းနိုင်၏။

သည်ဓားများမှာ အသစ်သွန်းလုပ်ထားသောဓားများဖြစ်ရာ သူ သိမြင်နိုင်သော အချက်အလက် များများစားစား မရှိပါ။

နောက်ပိုင်းတွင် သူက ဓားတစ်လက်ကို ကိုင်ဆွဲမိသည်နှင့် သူ့အာရုံထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

အစိမ်းရောင်ဝတ်လူငယ်တစ်ဦးသည် သူ၏ဓားကို လွတ်လပ်ပေါ့ပါးစွာ ဝှေ့ယမ်းနေ၏။

ဓားအလင်းသည် ရေပြင်အလား တည်ငြိမ်သည်။

အံ့ဖွယ်သဘာဝဓားသိုင်း၊ သန့်စင်ရေဓားသိုင်း။

အေးစက်သော အငွေ့တစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွား၏။

သည်တစ်ကြိမ် သူက ခန္ဓာကိုယ်ကို လှည့်ပတ်နေသော အေးစက်စက်လှိုင်းတစ်ခုအား ပြတ်သားစွာ ခံစားရသည်။ ၎င်းသည် သူ့ရင်ဘတ်နှင့်ဝမ်းဗိုက်များသို့ စီးဆင်းသွား၏။

“ဒါက ဘာအငွေ့အသက်လဲ…”

စိတ်ဝင်တစားဖြင့် ဟန်မူယဲ့သည် နောက်ထပ်ဓားတစ်ဖက်ကို ဆွဲထုတ်လိုက်၏။

နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာသည်။

မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးသည် ဓားတစ်လက်ဖြင့် လေ့ကျင့်နေ၏။ သူ၏ဓားသည် လေနှင့်လျှပ်စီးများအား ဖြိုခွင်းကာ တောင်များကို တားဆီးနိုင်၏။

“ခရမ်းမီးတောက်… ငါတို့ နှုတ်ဆက်ဖို့အချိန်ကျပြီပဲ”

အဖိုးအိုက တီးတိုးပြောကာ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်တွင် မိုင်တစ်ရာပတ်လည်နေရာမှ တောင်များနှင့် မြစ်များအားလုံး လောင်ကျွမ်းပြာကျသွား၏။

မီးခိုးများ ပျက်ပြယ်သွားလျှင် မဲညိုနေသောဓားတစ်လက်သာ ကျန်ရစ်တော့၏။

အံ့ဖွယ်ငါးပါးဓားသိုင်း၊ မီးလောင်ပြင်ဓားသိုင်း။

“ဘုန်း…”

ရုန့်ရမ်းသောအားလှိုင်းတစ်ခုသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာ၏။ လျှော်ရည်ကဲ့သို့သော အပူလှိုင်းသည် ချက်ချင်း သူ့သွေးကြောများသို့ စီးဆင်းသွားကာ တကိုယ်လုံးကို တုန်ယင်သွားစေ၏။

“ကလန်…”

ဓားသည် မြေပြင်သို့ ကျသွားကာ ဟွမ်လောင်လျှိုလည်း ပြေးလာခဲ့၏။

“ညီလေးဟန်… ဘာဖြစ်တာလဲ”

ဟန်မူယဲ့က နောက်လှည့်ကာ မချိပြုံးပြုံးသည်။

သူ၏ရင်ဘတ်တစ်ခုလုံး မီးပြင်းဖိုနှင့်ဖိထားသလို ပူလောင်ကာ ပေါက်ထွက်တော့မတတ် ခံစားနေရ၏။

သွေးတစ်ပွက်အန်ကာ သူသည် မြေပြင်သို့ ပြိုလဲကျသွား၏။

…

သူ သတိဝင်လာသောအချိန်တွင် ဟွမ်လောင်လျှို၏အသံကို ကြားရသည်။

“ကျေးဇူးပါ အကြီးအကဲ…”

သူက မျက်လုံးများကိုဖွင့်လျှင် ဟွမ်လောင်လျှိုအပြင် နောက်ထပ် ဆံပင်ဖြူအဖိုးအိုတစ်ဦးကိုပါ တွေ့ရသည်။

အဖိုးအိုသည် ဟန်မူယဲ့ ဆွဲထုတ်လိုက်သောဓားအား ကိုင်ထားသည်။

“ဒီဓားက သာမန်ဓားတစ်လက်သာဆိုပေမဲ့ အရင်တုန်းက ဂိုဏ်းကို သစ္စာဖောက်သွားတဲ့ အကြီးအကဲတောက်ရင်ရဲ့ဓားပဲ။”

ဓားကိုကိုင်ထားရင်း အဖိုးအို၏အမူအရာက ထူးဆန်းနေသည်။

“အကြီးအကဲရဲ့ဓား…”

ဟွမ်လောင်လျှို မှင်တက်သွားသည်။

“အကြီးအကဲရဲ့ဓားဆိုမှတော့… ဓားမှာ ဓားဆန္ဒရှိနေမှာပေါ့”

“အကြီးအကဲ… သူ အဆင်ပြေရဲ့လား…”

“ဓားချီက သူ့နှလုံးထဲကို ရောက်သွားပြီ။ သူ့ကံကြမ္မာကိုပဲ ကြည့်ရတော့မယ်”

အိုမင်းသောအသံ ထွက်ပေါ်လာ၏။

အဖိုအို၏အမူအရာက ခံစားချက်ကင်းမဲ့နေသည်။ ဟန်မူယဲ့ နိုးလာသည်ကိုမြင်လျှင် သူသည် ဓားကို စင်တွင်တင်လိုက်ကာ ထွက်သွား၏။

ဟွမ်လောင်လျှိုက နောက်မှ လေးစားစွာပြောသည်။

“နှုတ်ဆက်ပါတယ် အကြီးအကဲ…”

ဟန်မူယဲ့က အဖိုးအို ဒုတိယထပ်သို့ တက်သွားသည်ကို ကြည့်နေသည်။

“ကြည့်မနေနဲ့တော့… ငါတို့ဓားစံအိမ်မှာ လူသုံးယောက်ပဲရှိတယ်”

“နောက်ပိုင်း မင်း သူ့ကိုတွေ့ရင် အကြီးအကဲလို့သာခေါ်”

ဟွမ်လောင်လျှို၏မျက်နှာတွင် လေးစားအားကျခြင်းများ ရှိနေသည်။ သူက တီးတိုးပြောသည်။

“သူက ဓားစံအိမ်မှာ နှစ် ၆၀ကြာ ဓားထိန်းသိမ်းလာခဲ့တာ။ သူက အလယ်အလတ်အဆင့်ဖြစ်ပြီးတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ပါးပဲ”

“မဟာအကြီးအကဲ…”

ဓားစံအိမ်တွင် အမြဲတမ်း တတိယမြောက်လူတစ်ဦး ရှိနေသည်လား။

ဟန်မူယဲ့ တောင့်တင်းသွားသည်။

သို့သော်လည်း သူက သေချာတွေးကြည့်လျှင် ၎င်းမှာ သဘာဝကျသည်ဟု ခံစားရသည်။ သူနှင့် ဟွမ်လောင်လျှိုတို့မှာ ပထမထပ်အတွက်သာ တာဝန်ယူရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဒုတိယထပ်နှင့် တတိယထပ်အတွက် စောင့်ကြည့်ရန် လူတစ်ယောက် လိုပေသည်။

“အစ်ကိုဟွမ်… ခင်ဗျားပြောတော့ ဓားထိန်းတစ်ယောက်က ၁နှစ်ပဲ အသက်ရှင်နိုင်တယ်ဆို။ ဆယ်နှစ်အထိ အသက်ရှင်နိုင်ရင် သူက ဂိုဏ်းရဲ့စီမံခန့်ခွဲရေးမှူး ဖြစ်လာနိုင်တယ်”

“သူက နှစ် ၆၀ ထက်ပိုပြီး အသက်ရှင်နေတာပေါ့”

ကြည့်ရသည်မှာ ဓားစံအိမ်၌ အသက် ၆၀ထက် ပိုနေရန် ဖြစ်နိုင်လောက်၏။

“ဒါဆို သူက ဘယ်လိုအသက်ရှင်နေခဲ့တာလဲ”

ဟန်မူယဲ့၏အမူအရာကိုမြင်လျှင် ဟွမ်လောင်လျှိုက နှာခေါင်းရှုံ့ကာ ပြောသည်။

“ကောင်လေး… သိပ်အများကြီးမတွေးနဲ့။ ဓားချီက မင်းနှလုံးထဲကို ရောက်သွားပြီ။ မင်းက ၃လပဲ အသက်ရှင်နိုင်တော့မယ်”

သို့သော်လည်း သူ့အမူအရာက ပျော့ပြောင်းသွားကာ ဟန်မူယဲ့ကို ပြောသည်။

“မင်း သောက်တာ စားတာ တစ်ခုခုလုပ်ချင်ရင်လည်း…”

“မင်း တစ်ခုခုလုပ်ချင်တာရှိရင် သွားလုပ်ချေ…”

အဝတ်စကို ကောက်ကိုင်ကာ ဟွမ်လောင်လျှိုက သူ့ခုံးကို ပုတ်လျှက် ပြောသည်။

“သွားနားလိုက်။ ကျန်တဲ့ဓားတွေကို ငါသုတ်လိုက်မယ်”

ထို့နောက် သူက သက်ပြင်းချလျှက် ဓားစင်မြင့်ထံသို့ လှမ်းသွားလိုက်သည်။

ချွင်…

ဓားဆွဲထုတ်သံတစ်ခုကို ကြားရသည်။

ဟန်မူယဲ့ နားမလည်ပါ။

‘ငါ့မှာ အချိန် ၃လပဲ အသက်ရှင်ဖို့ ကျန်တာပေါ့’

‘ငါက တစ်နှစ်လို့ ထင်ခဲ့တာ’

‘ဓားချီက ငါ့နှလုံးထဲကို ရောက်သွားတာလား’

‘ဓားချီ’

သူ့အတွေးမှ စေခိုင်းမှုအရ ပုံရိပ်တစ်ခု သူ့အာရုံထဲ ပေါ်လာသည်။

ယခု သူက သူ့နှလုံးနှင့် ဝမ်းဗိုက်ထဲမှ ပုံရိပ်ကို မြင်သည်။

၁၀ပေခန့် မီးတောက်များမှာ ထိုနေရာ၌ လောင်ကျွမ်းနေ၏။ ၎င်းအနီးတွင် အစိမ်းရောင်တိမ်များ၊ မီးခိုးနှင့် အဝါရောင် ကမ္ဘာမြေစွမ်းအားနှင့် မြူများဆိုင်းနေသော ပုံရိပ်တစ်ခုရှိသည်။

ထို့နောက် လွတ်နေသောတစ်နေရာတွင် အငွေ့အသက်တစ်ခု အဆက်မပြတ် လှည့်ပတ်နေ၏။

ဒါက ဓားချီလား…။

ဓားချီက ဘယ်မှာလဲ…။

All Chapters