← Chapters

အမတလက်ဖွဲ့နှောင်းပိုင်းဆင့် သိုင်းဆရာသခင်

Vol. 41 Ch. 569

အမတလက်ဖွဲ့နှောင်းပိုင်းဆင့် သိုင်းဆရာသခင်

Vol. 41 Ch. 569

အခန်း (၅၆၉) အမတလက်ဖွဲ့နှောင်းပိုင်းဆင့် သိုင်းဆရာသခင်

ရန်ကျောက်ကဲက လေထဲမှ နန်းတော်ထက်သို့ ဆင်းသက်လိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့်...

“ဒီ ‘ရန်’ မျိုးနွယ်က ဒီနေရာက ရတနာတွေအားလုံးကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက် မရှိပါဘူး ၊ ဒါကြောင့် မင်းတို့နှစ်ယောက် ငါ့ကိုတိုက်ခိုက်ဖို့ မစဉ်းစားသင့်ဘူး”

သူက ဆက်ပြောသည်။

“များပြားလွန်းတဲ့ နဂါးချီစွမ်းအားတွေကြောင့် နဂါးသင်္ချိုင်းနယ်မြေက မတည်ငြိမ်တော့ဘဲ အချိန်မရွေး ပြိုကျတော့မယ်ဆိုတာ မင်းတို့လည်း အာရုံခံမိမှာပဲ ၊ ဒီတော့ ငါ့ကို တိုက်ခိုက်မယ့်အစား ကိုယ်တတ်နိုင်သမျှ များများယူသင့်တယ် ၊ အချိန်မရှိတော့ဘူးလေ...”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုကြည့်ရင်း လင်ရှီးနှင့် လျိုစောတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။

သူတို့အားလုံးက ဉာဏ်အမြော်အမြင်ရှိသူများဖြစ်တာကြောင့် ရန်ကျောက်ကဲကို ဆက်မလက်မတိုက်ခိုက်ကြတော့ဘဲ ချောက်နက်ကြီးအတွင်းမှ အားကောင်းသော နဂါးရုပ်အလောင်းများကို ရှာဖွေစုဆောင်းရန် စတင်လိုက်ကြသည်။

လင်ရှီးနှင့် လျိုစောတို့သည် စောစောက တန်ခိုးအကြီးဆုံး နဂါးရုပ်အလောင်းများရှိနေသော ချောက်နက်ကြီး၏ အလယ်ဗဟိုကို သိမ်းပိုက်ထားခဲ့ကြသည်။

သို့သော် ယခုတော့ ထိုနေရာကို ရန်ကျောက်ကဲက မသိမသာ သိမ်းပိုက်လိုက်ပြီ ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဖြတ်ကျော်နိုင်ခြင်းမရှိသလို ရန်ကျောက်ကဲပြောသကဲ့သို့ အချိန်ကလည်းမကျန်တော့သဖြင့် ထိုလူငယ်နှင့် ခပ်ဝေးဝေးတွင်ရှိနေသော အပြင်ဘက်ပိုင်းမှ အားနည်းသောနဂါးအလောင်းများကိုသာ ရသလောက် ယူဆောင်နေကြရသည်။

ရန်ကျောက်ကဲ တစ်ချက်ပြုံးလိုက်သည်။

အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ခြေဖဝါးအောက်မှ နန်းတော်ကြီးက မရေမတွက်နိုင်သော နဂါးချီစွမ်းအားများနှင့် ပြည့်နက်နေပြီး ပိုမိုထင်သာမြင်သာဖြစ်လာကာ တဖြည်းဖြည်းကြီးမားလာသည်ကို တွေ့ရသည်။

ဤနေရာတွင် နဂါးအစစ်အမှန် ရုပ်အလောင်းများစွာရှိလေရာ အားလုံးကို အချိန်တိုအတွင်း သန့်စင်ရန် မဖြစ်နိုင်သဖြင့် အများစုကို စုဆောင်းသိမ်းဆည်းပြီး ချိတ်ပိတ်ထားရုံသာ တတ်နိုင်သည်။

သို့သော် နန်းတော်ကြီးကတော့ နဂါးရုပ်အလောင်းများကို အဆက်မပြတ် သန့်စင်ပေးလျှက် ရှိ၏။

“ဒီနန်းတော်ကို ‘နဂါးသင်္ချေနန်းတော်’ လို့ ယာယီနာမည်ပေးထားရမယ်”

ရန်ကျောက်ကဲ ပြုံးရင်း တွေးလိုက်သည်။

နဂါးအသင်္ချေနန်းတော်မှ များပြားလှစွာသော ချီစွမ်းအားအနှစ်သာရများက သူ့ ခြေဖဝါးအောက်ဘက် ယုံချွမ်သွေးကြောဆုံချက်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းဝင်‌ရောက်လာသည်ကို ခံစားရသည်။ ထို နဂါးချီစွမ်းအားများက သူ ယင်ခက စုပ်ယူထားသော ရေခဲနဂါးကြီး၏ ချီစွမ်းအားနှင့် သွေးစွမ်းအားအနှစ်သာရများ ထပ်မံထွက်ပေါ်လာအောင် လှုံ့ဆော်ပေးသည်။

နဂါးတံခါးဖွင့်ရန် ချန်လီတောင်တွင် နှစ်ဝက်ကျော်ခန့် စောင့်နေစဉ်ကာလအတွင်း ရန်ကျောက်ကဲက လုံ့လစိုက်ထုတ်ကျင့်ကြံရင်း အချိန်များကို ကုန်ဆုံးစေခဲ့သည်။ ယခု နဂါးချီစွမ်းအားများကြောင့် ရေခဲ့နဂါး ချီစွမ်းအား ၊ သွေးစွမ်းအား အနှစ်သာရများ ထပ်မံလှုံ့ဆော်ခံရလေရာ မကြာသေးမီရက်များအတွင်း သန့်စင်ထားသော ချီစွမ်းအားအနှစ်သာရများနှင့် ချိတ်ဆက်သွားသည်။

ထိုသို့ဖြင့်...

မြောက်မြားစွာသော အမတအင်းသင်္ကေတများ ရန်ကျောက်ကဲဦးခေါင်းထက်မှ ထွက်ပေါ်လာပြီး လေးနက်သောဝိညာဉ်သင်္ကေတများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြသည်။

ထိုမြင်ကွင်းကိုတွေ့တော့ လူတိုင်း တုန်လှုပ်ခြောက်ခြားစွာ ခံစားလိုက်ရသည်။

“အမတအင်းသင်္ကေတ ကောင်းကင်ပလ္လင်”

ဖူအန်းစု ရေရွတ်လိုက်၏။

“သိုင်းဆရာသခင် အဆင့် (၉) ၊ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်...”

ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်တက်သွားသည်ကို ထိတ်လန့်တုန်လှုပ်စွာကြည့်ရင်း ဖူအန်းစု ထုံပေပေပင် ဖြစ်သွားရသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သိုင်းပညာရှင်အဆင့်မျှသာ ရှိသေးသော အနှီလူငယ်သည် ယခုတော့ သူမနှင့် ကျင့်ကြံခြင်းအဆင့် တူညီသွားပြီ ဖြစ်သည်။ ဖူအန်းစုစိတ်များ ဗလာကျင်းလျှက် လွင့်မျောသွားသလိုပင် ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင်...

သမုဒ္ဒရာကမ္ဘာမှ ကျင့်ကြံသူများမှာလည်း ရန်ကျောက်ကဲဦးခေါင်းထက်မှ စေတီတစ်ဆူအသွင်ရှိသော ကောင်းကင်ပလ္လင်ကို တွေ့မြင်သည့်အခါ စကားမပြောနိုင်ဘဲ ဆွံ့အသွားကြသည်။

အတန်ကြာမှ လင်ရှီးနှင့် အခြားသူများ ပြန်လည်သတိဝင်လာကြသည်။ သူတို့က ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် အကြံအစည်ကို လုံးလုံးလျားလျား ပယ်ချလိုက်ကြပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

သမုဒ္ဒရာကမ္ဘာတွင်နေထိုင်ခဲ့သော အချိန်တစ်နှစ်အတွင်း ရန်ကျောက်ကဲသည် သိုင်းဆရာသခင် အဆင့် (၆) ဖြစ်သော အမတဝိညာဉ်နှောင်းပိုင်းအဆင့်မှ သိုင်းဆရာသခင် အဆင့် (၉) ဖြစ်သော အမတဝိညာဉ် နှောင်းပိုင်းအဆင့်သို့ တက်ရောက်ခဲ့သည်။ သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများအားလုံးသည် ဤအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံကြရပြီး အံ့သြတုန်လှုပ်မှုကို စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်ခဲ့ကြပေ။

သမုဒ္ဒရာကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ဤသို့သောကျင့်ကြံသူတစ်ယောက် ဘယ်တုန်းကမှ ပေါ်ထွန်းခဲ့ခြင်း မရှိပေ။

နဂါးသင်္ချိုင်းအတွင်းမှ ရှုတ်ထွေးသောအချိန်ကာလကို ထည့်တွက်လိုက်လျှင် ရန်ကျောက်ကဲသည် သမုဒ္ဒရာကမ္ဘာတွင် အချိန် (၁)နှစ်ကျော်ကြာအောင် နေထိုင်သကဲ့သို့ဖြစ်သော်လည်း သူ၏ကြောက်မက်ဖွယ်ရာအရှိန်အဟုန်က လူတိုင်းကို ဆွံ့အစေခဲ့သည်။

ကောင်းထျန်းကျုန်းက...

“ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ အထူးချွန်ဆုံးတပည့်တွေထက်သာလွန်တဲ့ ပါရမီရှင်တွေကြားက ပါရမီရှင် ၊ လူတော်တွေကြားက လူတော်ပဲ ၊ ဒီလိုအသက်အရွယ်နဲ့ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်တက်ရောက်နိုင်တာဟာ တကယ့်ကို သမိုင်းတွင်ကျန်ရစ်မယ့် ဖြစ်ရပ်ကြီးတစ်ခုပါပဲ”

ယခုဆိုလျှင် ကောင်းကျုန်းထျန်းနှင့် လျိုစောတို့လို သိုင်းဆရာသခင်များ မဆိုထားနှင့်  သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော ရေသလင်းနန်းတော်သခင် လင်ရှီးသည်ပင် ရန်ကျောက်ကဲကို တိုက်ခိုက်ရန် မစဉ်းစားတော့ပေ။

သူတို့သည် တူညီသောအဆင့်တွင် ရှိမနေခဲ့ကြတော့ပေ။

ဤသည်က ယခု လင်ရှီးစိတ်ထဲတွင်ရှနေသော တစ်ခုတည်းသောအတွေး ဖြစ်၏။

သိုင်းသူတော်စင်တစ်ယောက်ဆိုသည်က အလွယ်တကူ မတုန်လှုပ်သော ခိုင်မာသည့်စိတ်ဆန္ဒ ပိုင်ဆိုင်သည်ဖြစ်ရာ ယခု လင်ရှီးစိတ်ထဲတွင် ထိုသို့သောအတွေးမျိုး ဝင်ရောက်လာသော်လည်း သူ့စိတ်ဓာတ်ကတော့ မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။

နေထွက်ခြင်း ၊ လထွက်ခြင်းများ ၊ နွေ ၊ မိုး ၊ ဆောင်း ရာသီအလီလီပြောင်းခြင်းများကဲ့သို့ ထိုအကြောင်းအရာကို လုံးဝ သဘာဝကျသည့်ကိစ္စပမာ လက်ခံထားခဲ့သည်။

ရန်ကျောက်ကဲဆိုသောလူငယ်က သာမန်မဟုတ်သည်ကို ခံစားရသော်လည်း ထိုလူငယ်ကိုကြည့်ရင်း သူ့စိတ်ထဲ ထိုအတွေးမှလွဲပြီး အခြားအတွေး မရှိပေ။

ရန်ကျောက်ကဲက သူ၏ဦးခေါင်းထက်မှ အမတလက်ဖွဲ့ကောင်းကင်ပလ္လင်ကိုကြည့်ရင်း သူ့ကိုယ်သူ တိုးလျစွာ ပြောလိုက်သည်။

“နောက်တစ်ဆင့်တော့ တက်သွားပြီ...”

ထို့နောက် သူက အေးစက်သော ‌ရှေးဟောင်းချောက်နက်ကြီးအတွင်းမှ နဂါးရုပ်အလောင်းများကို အေးအေးဆေးဆေးကြည့်ရင်း အဘယ့်ကြောင့် ဤမျှများပြားသောနဂါးပေါင်းများစွာ ဤနေရာတွင် သေဆုံးနေရပါသနည်းဆိုသော ပဟေဠိကို စဉ်းစားနေသည်။

ချောက်နက်ကြီးအတွင်းမှ နဂါးရုပ်အလောင်းများ နန်းတော်ထဲ စုပ်ယူခံရပြီး တဖြည်းဖြည်း လျော့နည်းလာသည်။ ထိုအခါ ချောက်နက်ကြီးထဲတွင် တောက်ပနေသော ကြယ်စင်အလင်းရောင်များကို မြင်တွေ့လာရသည်။

“အသင်္ချေသောကြယ်စင်တွေကို ဆုံစည်းစေပြီး နဂါးတွေက ပင်လယ်ထဲကိုဆင်းသွားတယ်...”

များပြားလှစွာသော ကြယ်စင်အလင်းမှုံများကိုကြည့်ရင်း ရန်ကျောက်ကဲက ရေခဲနဂါးသူတော်စင်၏ နန်းတော်အဟောင်းတွင် သိရှိခဲ့ရသော စာသားအပိုင်းအစများအား ဆက်စပ်တွေးတောနေသည်။

“ဒီကြယ်စင်အလင်းမှုံတွေက တကယ့် အစီအရင်ကြီးတစ်ခုပဲ ၊ မဟာကပ်ဘေးကြီးမတိုင်ခင် အသင်္ချေကြယ်စင်မရဏအစီအရင်က ဆင်းသက်လာတဲ့ သဘောတရားတွေနဲ့ တူညီနေတယ်”

“အသင်္ချေသောကြယ်စင်တွေကို ဆုံစည်းစေပြီး...” ဆိုသောစကားက ဤ “အသင်္ချေကြယ်စင်မရဏအစီအရင်” ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

“နဂါးတွေက ပင်လယ်ထဲကိုဆင်းသွားတယ်...” ဆိုသည်မှာ များပြားလှစွာသော နဂါးအုပ်စုကြီးက သူတို့ကိုယ်သူတို့ စတေးခံပြီး ဤအစီအရင်ကို  အခြေခံအဖြစ်အသုံးပြုကာ စည်းတံဆိပ်တစ်ခု ဖန်တီးခဲ့ကြခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်။

“ရှေးကျပြီး အေးစက်တဲ့ ချောက်နက်ကြီး” ဆိုသည်က တည်နေရာကို ညွှန်ပြခြင်းဖြစ်ပြီး ၊

နောက်ဆုံးစာကြောင်းဖြစ်သော “စံနှုန်းကိုပြောင်းပြန်လှန်ပြီး လမင်းကို တုန်လှုပ်စေတယ်...” ဆိုသည့်စကားမှာ စည်းတံဆိပ်ခတ်ခြင်း၏ နောက်ဆုံးပစ်မှတ်ကို ရည်ရွယ်ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း...

“စံနှုန်းကိုပြောင်းပြန်လှန်ပြီး လမင်းကို တုန်လှုပ်စေတယ်... နဂါးတွေက သူတို့ရဲ့ အကြေးခွံကို ပြောင်းပြန်လှန်ပြီး ဒီနေရာက စည်းတံဆိပ်ကို ပြီးပြည့်စုံစေခဲ့တယ် ၊ ကြည့်ရတာ နဂါးမျိုးနွယ်အချင်းချင်း ပဋိပက္ခဖြစ်ခဲ့ကြတာများလား”

ရန်ကျောက်ကဲ၏စိတ်အာရုံကို ပိုမိုဖမ်းစားသည့်အချက်မှာ ဤနေရာတွင် စည်းတံဆိပ်ခတ်ခံထားရသောအရာသည် ဟိုး ရှေးယခင်ကတည်းကပင် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ထိုအရာ သို့မဟုတ် ထိုသူက ဤနေရာတွင် ရှိမနေတော့ဘဲ စည်းတံဆိပ်အခွံသက်သက်သာ ကျန်ရစ်တော့၏။

ထိုအချက်ကို သတိမထားခဲ့မိလျှင် ရန်ကျောက်ကဲက ထိုမျှများပြားသောနဂါးရုပ်အလောင်းများကို နန်းတော်ထဲထည့်ပြီး ယူဆောင်ရန် သတ္တိရှိမည် မဟုတ်ပေ။

“နဂါးတွေ စည်းတံဆိပ်ခတ်ခဲ့တဲ့သူက ဘယ်သူလဲ ၊ ဒါမှမဟုတ် ဘာပစ္စည်းလဲ”

ရန်ကျောက်ကဲသည် ကြယ်စင်ရောင်အလင်းမှုံများပမာ တည်ရှိနေသော အစီအရင်ကြီးကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်း အချို့သောအကြောင်းအရာများကို နားလည်ခဲ့သည်။

နဂါးရုပ်အလောင်းများကို ယူငင်သိမ်းဆည်းလိုက်သည့်အခါ စည်းတံဆိပ်က တဖြည်းဖြည်းပြိုကျလာပြီး အပူရှိန်များ သိသိသာသာ ထွက်ပေါ်လာသည်။

အေးစက်သော ရှေးဟောင်းချောက်နက်ကြီးအတွင်းမှ ဆီးနှင်းပွင့်များ ပျောက်ကွယ်သွားပြီး လူတိုင်းမှာ အလွန်တရာ ပူပြင်းလာသည်ဟု ခံစားလိုက်ကြရသည်။

“ဒီ အပူရှိန်က အကြွင်းအကျန်ရောင်ဝါတစ်ခုပဲ ၊ ဒီ ပစ္စည်းက ဒီလောက်ပူပြင်းနေမှတော့ သူ့ကို စည်းတံဆိပ်ခတ်ချိတ်ပိတ်ဖို့ ဒီ ရှေးဟောင်းချောက်နက်ကြီးကို ရွေးချယ်ခဲ့တာ မအံ့သြတော့ပါဘူး ၊ မြေပြင်အနေအထားအရ ဒီလောက် အေးခဲနေတဲ့နေရာက ပူလောင်တဲ့အရာတစ်ခုကို စည်းတံဆိပ်ခတ်ဖို့ အသင့်တော်ဆုံးပဲ”

အဆုံးမဲ့သော အချိန် ၊ ဗလာနယ်အာကာသကို ဖြတ်ကျော်လျှက် အဝေးတစ်နေရာမှာ နဂါးဟိန်းသံများက ရက်စက်ကြမ်းတမ်းသော မီးတောက်မီးလျှံများပမာ ထွက်ပေါ်လာသည်ကို ကြားရသည်။

အလွန်တရာအစွမ်းထွက်သော တည်ရှိမှုတစ်ခုက သူ့ကိုစောင့်ကြည့်နေသည့်အလား ရန်ကျောက်ကဲစိတ်ထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။

ဤသည်မှာ ချိတ်ပိတ်ခံရသော ပစ္စည်း သို့မဟုတ် လူသားမှ ကျန်ရစ်ခဲ့သော အကြွင်းအကျန်ရောင်ဝါဖြစ်သည်။ သို့သော် ဤ ရောင်ဝါအပိုင်းအစ‌လေးတွင် ကိုယ်ပိုင်စိတ်ဆန္ဒတစ်ခု ရှိနေသည့်အလား ခံစားရသည်။

“ထူးကဲ... ယန်... စည်းတံဆိပ်လား... ၊ မတွေ့တာကြာပြီဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ပြန်ဆုံတွေ့ဖို့ မမျှော်လင့်ထားဘူး..."

ထို့နောက်မှာတော့ ပူပြင်းသောရောင်ဝါသည် လျှင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

ရန်ကျောက်ကဲနှင့် အခြားသူများမှာ ချက်ချင်းပင် အပူရှိန်လျော့ကျသွားသည်ကို သိသိသာသာ ခံစားကြရပြီး အေးစက်သော ရှေးဟောင်းချောက်နက်ကြီးသည် ယခင်ကထက်ပင် ပိုမိုအေးစက်လာတော့သည်။

ပြင်းထန်လွန်းသောအအေးဓာတ်က အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသဖြင့် သိုင်းသူတော်စင်တစ်ယောက်သည်ပင် ခံနိုင်ရည် မရှိတော့ပေ။

“ဟုတ်တယ်... စည်းတံဆိပ်ခတ်ထားတဲ့ပစ္စည်းက မရှိတော့သလို စည်းတံဆိပ်လည်း ပျက်ဆီးသွားပြီ ၊ ဒီလို အေးစက်မှုတွေက ဒီ ရှေးဟောင်းချောက်နက်ကြီးရဲ့ မူလအခြေအနေပဲ ၊ မဟုတ်ရင် ဒီလောက်အားကောင်းတဲ့ပစ္စည်းတစ်ခုကို ဘယ်လိုလုပ်စည်းတံဆိပ်ခတ်ထားနိုင်မှာလဲ”

ရန်ကျောက်ကဲက ဖူအန်းစုကို ခေါ်ပြီး အသင်္ချေနဂါးနန်းတော်အတွင်းသို့ အတူတူ ဝင်ရောက်လိုက်ကြသည်။

နဂါးရုပ်အလောင်းများ အတော်အတန် ရယူပြီးကြသည့်နောက် ရှေးဟောင်းချောက်နက်ကြီးထဲမှ ပြင်းထန်လွန်းသော အအေးဒဏ်ကို မခံနိုင်သဖြင့် နဂါးသင်္ချိုင်းက မတည်မငြိမ်ဖြစ်လာသည်။ လင်ရှီးနှင့် အခြားသူများ ဆက်လက်နေထိုင်နိုင်ခြင်းမရှိတော့ဘဲ အလျှင်အမြန် ထွက်ခွာသွားကြသည်။

ကောင်းကျုန်းထျန်းက အသင်္ချေနဂါးနန်းတော်ကို လည်ပြန်လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲ၏ စကားသံက သူ့နားထဲ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ကျွန်တော့ရဲ့ ဂိုဏ်းတူအစ်ကိုနဲ့ တူလေးကို ဆက်လက်စောင့်ရှောက်ပေးဖို့ ‘ကောင်း’ ဂိုဏ်းချုပ်ကိုပဲ ဆက်ပြီး အကူအညီတောင်းပါရစေ ၊ ဒီ ‘ရန်’ မျိုးနွယ်က ဒီကျေးဇူးကို သေသေချာချာ မှတ်ထားပါ့မယ် ၊ နောက်မှပြန်ဆုံကြရအောင်”

‌ကောင်းထျန်းကျုန်းက...

“အားမနာပါနဲ့ သခင်လေး ၊ ကျွန်တော်တို့ ချန်လီတောင်ကလည်း သခင်းလေး’ရန်’ ကို အချိန်မရွေး ကြိုဆိုနေမှာပါဗျာ”

ရန်ကျောက်ကဲသည် ဤသမုဒ္ဒရာကမ္ဘာမှမဟုတ်ဘဲ အခြားသောနေရာတစ်ခုမှ ရောက်ရှိလာသူဖြစ်ပြီး ယခု နဂါးသင်္ချိုင်းမှတစ်ဆင့် ထိုနေရာသို့ ပြန်တော့မည်ဖြစ်ကြောင်း ကောင်းထျန်းကျုန်းနှင့် ချန်လီတောင်မှ ထိပ်တန်းအကြီးအကဲများ နားလည်လိုက်ကြသည်။

သူတို့က ရန်ကျောက်ကဲကို အလျှင်အမြန် ဦးညွှတ်နှုတ်ဆက်ပြီး ရှေးဟောင်းချောက်နက်ကြီးအတွင်းမှ လျှင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

အသင်္ချေနဂါးနန်းတော်ထဲတွင် ရန်ကျောက်ကဲက ဖူအန်းစုကိုလှမ်းကြည့်ရင်း...

“ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်က အပေါ်ဘက်က ရှုတ်ထွေးနေတဲ့ အချိန်နဲ့ ဗလာနယ်တွေထဲမှာ ရောယှက်နေတယ် ၊ ကျွန်တော်တို့လည်း သွားကြရအောင်”

All Chapters