← Chapters

ငါပြန်လာပြီ

Vol. 41 Ch. 570

ငါပြန်လာပြီ

Vol. 41 Ch. 570

အခန်း (၅၇၀) ငါပြန်လာပြီ

အစွန်းရောက်ရှစ်ပါးကမ္ဘာ။

နေသူတော်စင်ဂိုဏ်း ၊ ကမ္ဘာအလင်းတောင်ထွတ်။

နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ သည် ပင်မခန်းဆောင်အတွင်းရှိ အဓိကထိုင်ခုံကြီးထက်တွင် ထိုင်နေပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် နေသူတော်စင်ဂိုဏ်း၏ ထိပ်တန်းအဆင့် အကြီးအကဲများ ရှိနေကြသည်။

တိုက်ပွဲများစွာဆင်နွှဲခဲ့ပြီးနောက် နေသူတော်စင်ဂိုဏ်းမှ နေဘုရင် (၇) ပါး အသက်ဆုံးခဲ့ရပြီး လူသစ်များဖြင့် အစားထိုးခဲ့ရသောကြောင့် ဝမ်းနည်းဖွယ်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်သည်။ ဂိုဏ်း၏ဘိုးဘေးအကြီးအကဲ (၄)ဦးတွင် ဖန်းပေါ်ထိုင်နှင့် မုန့်ဖုန်းတို့ သေဆုံးသွားပြီဖြစ်ရာ လက်ရှိတွင် (၂)ဦးသာလျှင် ကျန်ရစ်တော့သည်။

ယခု ပင်မခန်းဆောင်ထဲတွင် ထိုင်နေကြသူများကတော့ မျက်နှာအမူအရာများ ရုပ်ဆိုးအကျည်းတန်လျှက် ရှိကြ၏။

အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေတွင် တစ်ပြိုင်နက်တည်းဖြစ်ပွားခဲ့သော တိုက်ပွဲကြီးများတွင် အခြားထိပ်သီးသိုင်းဂိုဏ်းများနှင့်ယှဉ်လျှင် နေသူတော်စင်ဂိုဏ်းက များစွာ အမြတ်ထွက်ခဲ့သည်ပင်။ ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်းတို့သည် သူတို့ထက်ပိုပြီး ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုများ ခံစားခဲ့ကြရသည်။

သို့သော် နေသူတော်စင်ဂိုဏ်းသည်လည်း မလွယ်ကူခဲ့ပေ။

အရှေ့ပင်လယ်တွင် မီးတောက်မိစ္ဆာကမ္ဘာကို စည်းတံဆိပ်ခတ် ချိတ်ပိတ်ခဲ့စဉ် သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ခဲ့သော “ရန်တိ” သည် သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်သော ဟွမ်ကွမ်လီ ၊ အဘိုးအို’မော့’ တို့ထက်ပင် တန်ခိုးစွမ်းအားသာလွန်လေရာ ထိုအချက်ကို မည်သူမှ မေ့မထားနိုင်ခဲ့ကြပေ။

ဝါဒတောင်မှ ယွမ်ကျန်းဖုန်းက သေသည်လား ၊ ရှင်သည်လား မသိရသော်လည်း ခဏအတွင်း ပြန်ရောက်လာနိုင်မည် မဟုတ်သေးပေ။

သို့သော် ပြိုင်ဘက်ကင်း ‘ရန်’ ဆိုသော “ရန်ဝူတိ” အရှေ့ပင်လယ်မှ ပြန်လည်ရောက်ရှိလာပါက နေသူတော်စင်ဂိုဏ်းအတွက် ကြောက်မက်ဖွယ်ရာကြမ္မာဆိုးသင့်ပေလိမ့်မည်။

အကယ်၍ ထိုသူသာ သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက နေသူတော်စင်ဂိုဏ်း တစ်ချက်တည်း ဇာတ်သိမ်းသွားပေမည်။ သူတို့ဂိုဏ်းမှ စွမ်းအားအမြင့်မားဆုံးဖြစ်သော ဟွမ်ကွမ်လီ  သိုင်းသူတော်စင် တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင်ပင် ‘ရန်တိ’ ကို တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ပြင် စည်းတံဆိပ်ထဲတွင် ပိတ်မိနေသည်မှာ ရန်တိနှင့် ဟွမ်ကွမ်လီ နှစ်ယောက်တည်းမဟုတ်ဘဲ ၊ အခြားသောသိုင်းသူတော်စင်များလည်း ရှိနေသေး၏။

ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ က မလှုပ်ရှားဘဲ လက်ရှောင်မည်ဆိုလျှင်တောင်မှ ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ က နေသူတော်စင်ဂိုဏ်းကို အလွတ်ပေးမည် မဟုတ်ပေ။

သို့ဖြစ်ရာ ဤပြဿနာကို မဖြေရှင်းနိုင်သရွေ့ နေသူတော်စင်ဂိုဏ်းမှလူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်မည် မဟုတ်ပေ။

ဘိုးဘေးအကြီးအကဲတစ်ယောက်က နက်ရှိုင်းသောလေသံဖြင့်...

“အရှေ့ပင်လယ်ကိစ္စအတွက် ဘာနည်းလမ်းမှ မရှိတော့ဘူးလား”

ဟွမ်ရှုက ခေါင်းခါယမ်းရင်း...

“အဲဒီစည်းတံဆိပ်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာက စွမ်းအားအမြင့်မားဆုံး သိုင်းသူတော်စင် (၄)ယောက်က ပူးပေါင်းတည်ဆောက်ထားတာ ၊ အစီအရင်က နားမလည်နိုင်လောက်အောင် ထူးခြားလွန်းလို့ ဘယ်လိုမှ ဖြေရှင်းမရနိုင်ဘူး”

ခန်းမထဲမှ လူများအားလုံး တိတ်ဆိတ်သွားကြသည်။

ဟွမ်ရှုက အသေးစိတ်အချက်အလက်များကို ရှင်းမပြသော်လည်း အားလုံးက အခြေအနေကို နားလည်ထားကြသည်။

သူတို့ဆန္ဒအရဆိုလျှင် ရန်တိ ၊ စုန့်ဝူလျန်နှင့် အဘိုးအို’မော့’ တို့ကို အရှေ့ပင်လယ်တွင် ထာဝရမြှုပ်နှံပစ်လိုခြင်း ဖြစ်၏။

ထိုသူများအားလုံး ကျဆုံးသွားပြီး ဟွမ်ကွမ်လီတစ်ယောက်တည်း ပြန်လည်ရောက်ရှိလာပါက အရာအားလုံးက အကောင်းဆုံးဖြစ်လာပေမည်။

သို့သော် ထိုသို့မဖြစ်နိုင်လျှင်တော့...

လူတိုင်း ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်လိုက်မိကြသည်။

စိတ်ခံစားမှုကြောင့်ဖြစ်စေ ၊ နေသူတော်စင်ဂိုဏ်း၏အင်အားအတွက်ဖြစ်စေ ဟွမ်ကွမ်လီက အလွန်တရာ အရေးကြီးသော်လည်း ရန်တိနှင့် စုန့်ဝူလျန်ကို တစ်ယောက်တည်းရင်ဆိုင်ရန်မှာ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုရှုထောင့်မှကြည့်လျှင် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

သို့ပေသိ ရန်တိကို မည်သည့်နည်းနှင့်မှ မခုခံနိုင်ဘဲ နေသူတော်စင်ဂိုဏ်းတစ်ခုလုံး ပျက်ဆီးရမည်ဆိုလျှင် ဟွမ်ကွမ်လီတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်၍ အသုံးမဝင်လှပေ။

ဟွမ်ကွမ်လီတစ်ယောက်တည်း ပြန်လာနိုင်လျှင်တော့ နေသူတော်စင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို ချက်ချင်းသိမ်းပိုက်နိုင်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အဆိုးဆုံးအခြေအနေအတွက် ကြိုတင်စီစဉ်ထားရမည်သာပင်။

မိုးဖြိုပုဆိန် ရရှိစေရန် နည်းပေါင်းစုံအသုံးပြုပြီး ထူးကဲယင်သရဖူအတွက် အပြင်းအထန် တိုက်ပွဲဝင်ခဲ့သည်မှာလည်း ဤအတွက် ကြိုတင်ပြင်မှုတစ်ခုသာ ဖြစ်၏။

သို့သော် ယခုတော့ အရှေ့ပင်လယ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှာနိုင်တော့ဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်လာခဲ့သည်။

လက်ရှိအချိန် နေသူတော်စင်ဂိုဏ်း၏ ကြီးကျယ်ခမ်းနားမှုများသည် လေထဲဆောက်ထားသော တိုက်အိမ်ပမာသာ ဖြစ်သည်။

ဟွမ်ရှုက ဟွမ်ကျိကို လှည့်ကြည့်ရင်း...

“အခု ငါတို့ နောက်ဆုံးနည်းလမ်းကို အသုံးချရတော့မယ် ၊ ကွမ်းမင်ဂိုဏ်းကလူတွေကို ဆက်သွယ်ကြမလား...”

သူ့နှုတ်ဖျားမှ ထိုစကားလုံးများထွက်ပေါ်လာသော်လည်း မျက်နှာကတော့ မှောင်မှိုင်းလျှက် ရှိ၏။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ အင်အားကြီးသိုင်းဂိုဏ်းတစ်ခုနှင့် သူတို့ ဆက်ဆံရေးထူ‌ထောင်နိုင်ခဲ့ကြသည်။ ထိုအချက်က နေသူတော်စင်ဂိုဏ်းအတွက် အကျိုးရှိသလို တစ်ဖက်ကလည်း သူတို့ကို စမ်းသပ်စစ်ဆေးလျှက် ရှိသည်။

ယခု သူတို့က ကွမ်းမင်ဂိုဏ်းကို အကူအညီတောင်းမည်ဆိုလျှင် သူတို့ အရည်အချင်းမရှိသည်ကို ဝန်ခံရာရောက်ပေသည်။ သို့ဆိုလျှင် အထက်ဘုံကမ္ဘာမှလူများက သူတို့နှင့် ဆက်လက်ပူးပေါင်းပါမည်လား။ ပူပေါင်းသည်ဆိုဦးတော့ သူတို့အပေါ် ကြောက်စရာကောင်းလောက်အောင် အထင်အမြင်သေးသွားမည် ဖြစ်သည်။

ဟွမ်ကျိထံမှ အဖြေစကားမကြားရခင် ဟွမ်ရှုက ဆက်ပြောသည်။

“ငရဲကိုးထပ်တံခါးအက်ကွဲကြောင်းကို တံဆိပ်ခတ်ဖို့ အရင်က အသုံးပြုခဲ့တဲ့ ရတနာပစ္စည်းကို မင်း ရှာမတွေ့တော့တာ သေချာရဲ့လား ၊ အဲဒီရတနာပစ္စည်းကို ရမယ်ဆိုရင် ငါတို့အတွက် နည်းလမ်းတစ်ခု ရှိနိုင်တယ်”

ဟွမ်ကျိက...

“ပြီးခဲ့တဲ့လအတွင်း ကျွန်တော် မြေကမ္ဘာနယ်မြေတစ်ခုလုံး ပိုက်စိတ်တိုက် ရှာဖွေခဲ့တယ် ၊ ဒါပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး”

ဟွမ်ရှုက ခေါင်းခါယမ်းရင်း...

“ဒါဆို အဲဒီပစ္စည်းကို ချန်လီ ၊ ရန်ကျောက်ကဲနဲ့ ယွမ်ကျန်းဖုန်း... တစ်ယောက်ယောက် ရသွားတာ သေချာတယ်”

ခဏစဉ်းစားပြီးမှ သူက ဆက်ပြောသည်။

“ချန်လီတော့ မဖြစ်နိုင်ဘူး ၊ ရန်ကျောက်ကဲလက်ထဲ ရောက်သွားတယ်ဆိုရင်လည်း အရှေ့ပင်လယ်ကို သူ အဲဒီစည်းတံဆိပ်ယူလာမှာပဲ ၊ ဒါပေမဲ့ သူက အခု ဘယ်ရောက်နေမှန်းမသိဘူး ၊ ယွမ်ကျန်းဖုန်းရသွားရင်တော့ ပြောစရာမလိုတော့ဘူး ၊ သူနဲ့အတူ အဲဒီပစ္စည်းပါ ပျောက်ကွယ်သွားမှာပဲ ၊ ငါတို့ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး”

ထိုစကားကိုကြားတော့ ဟွမ်ကျိ ခဏမျှ တိတ်ဆိတ်သွားသည်။

ပြီးမှ...

“ဒါဆို ကျွန်တော်တို့အတွက် နောက်ဆုံးနည်းလမ်းတစ်ခုပဲ ရှိတော့တယ်”

အကြီးအကဲတစ်ယောက်က ချီတုံချတုံဖြင့်...

“ကွမ်းမင်ဂိုဏ်းက ငါတို့ဆန္ဒကို လိုက်လျောပါ့မလား”

သူက ဆက်ပြောသည်။

“ပြီးတော့ ဟွမ်ကျိ... မင်းပြောသလိုဆိုရင် အထက်ဘုံကမ္ဘာက သိုင်းသူတော်စင်စတုတ္ထအဆင့် ကျင့်ကြံသူတွေ ဆင်းသက်လာမယ်ဆိုရင် သူတို့ကို ထူးခြားတဲ့ ရတနာပစ္စည်းတစ်ခုခုနဲ့ ကာကွယ်ပေးထားရမှာမဟုတ်လား ၊ မဟုတ်ရင် သူတို့ အထက်ဘုံကမ္ဘာကို ဘယ်လိုလုပ်ပြန်တက်နိုင်တော့မလဲ ၊ ဆင်းလာပြီးမှ ပြန်မတက်နိုင်ရင် အစွန်းရောက်ရှစ်ပါးကမ္ဘာက သိုင်းပညာတွေကို သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်တဲ့အထိ ပြန်ကျင့်ကြံရမှာလား”

ဟွမ်ကျိက တည်ငြိမ်စွာဖြင့် ‌ခေါင်းခါယမ်းရင်း...

“သိုင်းသူတော်စင် တတိယအဆင့်ထက် ကျော်လွန်တဲ့သူတွေ ဒီကမ္ဘာကိုရောက်လာရင် ဒီကမ္ဘာမပျက်ဆီးဖို့အတွက် သူတို့စွမ်းအားတွေက သိုင်းသူတော်စင် တတိယအဆင့်အထိ ဖိနှိပ်ခံထားရလိမ့်မယ် ၊ အဲဒီလိုဖြစ်တာက သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်တယ် ၊ ဒါ့ကြောင့် ငရဲကိုးထပ်က မိစ္ဆာနတ်ဆိုးတွေကလွဲပြီး ဘယ်သူမှ ဒီကမ္ဘာကို မလာချင်ကြဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မြေကမ္ဘာနယ်မြေမှာ ပျောက်ကွယ်သွားတဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုတော့ သူတို့ သေချာပေါက် စိတ်ဝင်စားလိမ့်မယ် ၊ သူတို့အဲဒါကိုလိုချင်ရင် ဆင်းလာမှာပဲ ၊ ဒါပေမဲ့ ကျွန်တော်တို့ကမ္ဘာမှာ ရတနာပစ္စည်း ရှာဖွေချင်တယ်ဆိုရင် ဒီကမ္ဘာက ပြဿနာတွေကိုလည်း အရေးစိုက်ရမယ်လေ”

ထိုစကားကိုကြားတော့ နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲများ အတွေးနက်သွားချိန် လူငယ်က စကားဆက်ပြောသည်။

“တကယ်လို့ ရတနာပစ္စည်းကို တွေ့ခဲ့တယ်ဆိုရင်တော့ သူတို့ပဲ ရသွားမှာပေါ့ ၊ ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းက ရတော့မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ရန်သူကို ရှင်းပစ်နိုင်မယ်ဆိုရင် ဘယ်အရာကိုပဲ စွန့်လွှတ်ရပါစေ ၊ ဘယ်လိုနည်းလမ်း ဘယ်လိုစွမ်းအားကိုပဲ အသုံးပြုရပါစေ ကျွန်တော် အရေးမစိုက်ဘူး”

“ဒါပေမဲ့ ဒီနည်းလမ်းကို ဘာလို့ နောက်ဆုံးမှ အသုံးပြုရသလဲဆိုတော့ ဆိးကျိုးကြီးမားလွန်းတာကြောင့်ပါ ၊ အရင်ကတည်းက ကျွန်တော်တို့အ စွန်းရောက်ရှစ်ပါးကမ္ဘာမှာ ထိန်းသိမ်းထားတဲ့ ရတနာပစ္စည်းတွေအများကြီးရှိပြီး အထက်ဘုံကမ္ဘာသိရှိအောင် တစ်ခါမှ သတင်းမပို့ပေးခဲ့ဘူး ၊ အခု အဲဒီအချက်ကို ဖုံးကွယ်ထားဖို့ ခက်ခက်ခဲခဲ ဖိအားတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”

“ဒါပေမဲ့ ရန်တိနဲ့ တခြားသူတွေရဲ့ အန္တရယ်ကို ဖြေရှင်းဖို့ တခြားနည်းလမ်းမရှိတာကြောင့် ကွမ်းမင်ဂိုဏ်းကို အကူအညီတောင်းတာက ကျွန်တော်တို့အတွက် အန္တရယ်အနည်းဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ ၊ ရန်တိနဲ့ စုန့်ဝူလျန်ကို ရှင်းပစ်နိုင်ပြီး အဘိုးလည်း အန္တရယ်ကင်းကင်းနဲ့ ပြန်ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းက တဖြည်းဖြည်း အစွန်းရောက်ရှစ်ပါးကမ္ဘာကို အုပ်စိုးနိုင်လိမ့်မယ်”

သူ့စကားကို အားလုံးက ခေါင်းညိတ်သဘောတူလိုက်ကြစဉ် ဟွမ်ရှုက သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။

“ဒါဖြင့် အစီအစဉ်အတိုင်းသာ ဆက်လုပ်ပါ”

ဟွမ်ကျိက ချက်ချင်းပင် သူ့လက်ကောက်ဝတ်ကို ဖြတ်တောက်လိုက်ရာ သွေးများစီးဆင်းထွက်လာပြီး ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အလင်းတန်းများက ဟွမ်ကျိတစ်ကိုယ်လုံး လွှမ်းခြုံသွားပြီး သူ့လက်ကောက်ဝတ်မှသွေးများက ရွှေစင်ရွှေသားပမာ တောက်ပလာပြီး ရွှေမီးခွက်တစ်ခု ဖြစ်တည်လာသည်။

ဟွမ်ကျိက တစ်ချက်မတုံ့ဆိုင်းဘဲ လက်ကိုမြှောက်လျှက် ရွှေရောင်မီးအိမ်မှ အလင်းတန်းများကို လင်းဖြာစေကာ ကော်းကင်ထက်မှ ဝိညာဉ်အလင်းတန်းဖြင့် ဆက်သွယ်စေလိုက်သည်။

အလင်းတန်းများက ပင်မခန်းဆောင်ကြီးကို ဖောက်ထွက်သွားပြီး ကောင်းကင်ကိုးထပ်အထက်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ပိုမိုမြင့်မားသော နေရာတစ်ခုသို့ ရောက်ရှိသွားဟန်ပင်။

“မိုးမြေတစ်ခွင် အတိုင်းအဆမရှိတဲ့... ထာဝရ ‘ကွမ်းမင်’ အလင်းရောင်...”

ဟွမ်ကျိ ရေရွတ်လိုက်သည်။

ယခု ဟွမ်ကျိ ထွန်းညှိထားသော ရွှေရောင်မီးအိမ်သည် ယခင်က အရှေ့ပင်လယ်တွင် ဟွမ်ကွမ်လီနှင့် ဟွမ်ရှုအတွက် ပြုလုပ်ပေးခဲ့သော နတ်ဘုရားမီးအိမ်နှင့် တူညီခြင်း မရှိပေ။

ကောင်းကင်ထက် အမည်မသိနယ်မြေတစ်ခုမှ စိတ်ဆန္ဒတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

နေသူတော်စင်ဂိုဏ်းမှလူများအားလုံးမှာ သူတို့ဘဝတစ်လျှောက် ထိုမျှပြင်းထန်ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားကို မတွေ့မြင်ဖူးကြပေ။ ဟွမ်ကွမ်လီနှင့် အတိတ်တစ်ချိန်က လောကပထမဖြစ်ခဲ့ဖူးသူ ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ ထက်ပင် ထိုစွမ်းအားက ပိုမိုမြင့်မားလှသည်။

ဟွမ်ကျိက...

“ဆရာ အေးအေးဆေးဆေးကျင့်ကြံနေတာကို အနှောက်အယှက်ပေးမိတဲ့အတွက်... ဒီတပည့် စိုးရွံ့မိပါတယ်”

***

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မြောက်ပင်လယ်အပြင်ပိုင်းတစ်နေရာ။

ထိုနေရာတွင် အလွန်နက်ရှိုင်းသော ပင်လယ်ချောက်နက်ကြီးတစ်ခု ရှိနေလေသည်။

ထိုပင်လယ်တွင်း ချောက်နက်ကြီးက အလွန်တရာ နက်မှောင်ပြီး အတွင်းထဲတွင် မည်သည့်သက်ရှိမှ အသက်ရှင်နိုင်စွမ်း မရှိလောက်အောင် အေးစက်လျှက် ရှိသည်။

သို့သော်...

ယနေ့မှာတော့ ထိုပင်လယ်ချောက်နက်ကြီးထက်မှ ရေမျက်နှာပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် ‌ပင်လယ်ရေကိုထိုးခွင်းလျှက် အလင်းတန်းတစ်ခု လက်ခဲထွက်ပေါ်လာ၏။

အလင်းတန်းအတွင်းမှ ဖူအန်းစုနှင့် ရန်ကျောက်ကဲတို့၏ပုံရိပ်များ ထွက်ပေါ်လာပြီးနောက် ထိုအလင်းတန်းက ပျက်ပြယ်သွားလေသည်။

ပတ်ဝန်းကျင် မိုးမြေတစ်ခွင်မှ ဝိညာဉ်စွမ်းအား စီးဆင်းမှုကို အာရုံခံလိုက်ပြီး ရန်ကျောက်ကဲ ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်သည်။

“သေချာတယ် ... ဒါ အစွန်းရောက်ရှစ်ပါးကမ္ဘာပဲ ၊ ကျွန်တော်တို့ လမ်းမမှားဘူး”

ထို့နောက် သူက ရေရွတ်လိုက်သည်။

“နောက်ဆုံးတော့... ငါ ပြန်လာပြီ”

All Chapters