← Chapters

ငါ့ရဲ့ ကောင်းကင်ပလ္လင်ကို ဘယ်သိုင်းဆရာသခင်မှ မယှဉ်နိုင်ဘူး

Vol. 41 Ch. 571

ငါ့ရဲ့ ကောင်းကင်ပလ္လင်ကို ဘယ်သိုင်းဆရာသခင်မှ မယှဉ်နိုင်ဘူး

Vol. 41 Ch. 571

အခန်း (၅၇၁) ငါ့ရဲ့ ကောင်းကင်ပလ္လင်ကို ဘယ်သိုင်းဆရာသခင်မှ မယှဉ်နိုင်ဘူး

ရန်ကျောက်ကဲက မြောက်ပင်လယ်ထက်တွင် မတ်တတ်ရပ်ရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

“သမုဒ္ဒရာကမ္ဘာမှာကုန်ဆုံးသွားတဲ့ အချိန်ကာလအတိုင်းတွက်ချက်ကြည့်မယ်ဆိုရင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အချိန် (၂)လလောက်ပဲ ရှိဦးမယ် ၊ ဒါပေမဲ့... နဂါးသင်္ချိုင်းထဲမှာ နှေးလိုက် မြန်လိုက်ဖြစ်နေတဲ့ အချိန်စီးဆင်းမှုနဲ့ တွက်ချက်မယ်ဆိုရင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အချိန်ဘယ်လောက်ကြာသွားပြီလဲ ခန့်မှန်းရခက်တယ်”

ဤနေရာ မိုးမြေတစ်ခွင်မှ ရင်းနှီးသောချီစွမ်းအားစီးဆင်းမှုကို ခံစားရသည့်အခါ ဖူအန်းစုလည်း ဝမ်းသာရွှင်မြူးသွားခဲ့သည်။

သူမက...

“ဒီနေရာက မြောက်ပင်လယ်အပြင်ပိုင်းဒေသ ဖြစ်ရမယ် ၊ ငါတို့တွေ တောင်ပေါ် အရင်ပြန်ကြရအောင် ၊ တောင်ပေါ်အပြန်လမ်းမှာ ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိတဲ့ အရှေ့ပင်လယ်ကိုလည်းဖြတ်ရမှာဆိုတော့ မီးတောက်မိစ္ဆာကမ္ဘာကို စည်းတံဆိပ်ခတ်တဲ့နေရာမှာ ငါတို့ဂိုဏ်းကလူတွေလည်း ရှိနေမှာပဲ ၊ သူတို့ဆီကနေ အစွန်းရောက်ရှစ်ပါးကမ္ဘာအခြေအနေနဲ့ ယွင်ရှန်းနဲ့ လျိုဟွားတို့ အန္တရယ်ကင်းရဲ့လားဆိုတာကို စုံစမ်းရမယ်”

ရန်ကျောက်ကဲက ...

“အမှန်ပဲ ၊ ကျွန်တော်တို့ အဲဒီလိုပဲ လုပ်ကြရအောင်”

သူတို့နှစ်ယောက် ခရီးထွက်ခွာလာပြီး အရှေ့ပင်လယ်ကို ဖြတ်ကျော်လာစဉ် အဝေးမှ ဖြူဖွေးတောက်ပသော ထောင်ထွတ်ကြီးတစ်ခုကို တွေ့မြင်ရသည်။ ထိုတောင်ထွတ်ကြီးအောက်ခြေက ပင်လယ်ရေအောက်ကြမ်းပြင်အထိ နစ်မြုပ်နေပြီး တောင်ထွတ်ထိပ်ဖျားကတော့ ကောင်းကင်ထိတိုင် မြင့်မားသည်။

တောင်ထွတ်အထက် လေထုထဲတွင် ညံ့သက်သောရောင်ခြည်များဖြင့် လင်းလက်နေသော အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်သည့် စည်းတံဆိပ်တစ်ခု ရှိနေသည်။

ယခင်က အရှေ့ပင်လယ်နေရာအနှံ့ မီးတောက်မိစ္ဆာများနှင့် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များကို မတွေ့မြင်ရတော့ဘဲ ငြိမ်သက်အေးချမ်းနေပုံရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲနှင့် ဖူအန်းစုနှစ်ယောက်လုံး ဝမ်းသာသွားကြသည်။ သူတို့ကြိုးစားအားထုတ်ခဲ့သမျှ အချည်းနှီး မဖြစ်ခဲ့ပေ။

“အဖေနဲ့ တခြားသူတွေ စည်းတံဆိပ်ထဲက ထွက်လာဖို့ အချိန်တစ်ခု လိုသေးတယ်”

ရန်ကျောက်ကဲက စည်းတံဆိပ်ကို အမြင်အာရုံဖြင့်အကဲခတ်ရင်း သုံးသပ်လိုက်၏။

စည်းတံဆိပ်အနီးတစ်ဝိုက်တွင် ဝါဒတောင်မှ သိုင်းသမားအချို့ စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ သူတို့နှင့်အတူ ကျောက်စိမ်းပင်လယ်မြို့တော် ၊ လှိုင်းနက်ဂေဟာနှင့် ကောင်းကင်မိုးကြိုးခန်းမမှ လူများလည်း ရှိနေကြသည်။

“သေပြီ” ဟု ကောလဟလများထွက်ပေါ်နေသော ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ သူတို့မျက်စိရှေ့ရောက်လာသည့်အခါ အားလုံး အံ့အားသင့်သွားကြ၏။

ဝါဒတောင်သိုင်းသမားများကတော့ အစပိုင်း အံ့အားသင့်သွားပြီး နောက်ပိုင်းမှာ အလွန်တရာ ပျော်ရွှင်သွားကြသည်။

ကိုယ့်ဂိုဏ်းမှလူများကို တွေ့ရသဖြင့် ရန်ကျောက်ကဲနှင့် ဖူအန်းစုသည်လည်း ပျော်ရွှင်နေခဲ့ကြသည်။ အပြန်အလှန် နှုတ်ဆက်စကားဆိုကြပြီး လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာအခြေအနေကို မေးမြန်ကြသည်။

အရှေ့ပင်လယ် စည်းတံဆိပ်ခတ်ပြီးကတည်းကပင် ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ အန္တရယ်ကင်းစွာ တောင်ပေါ်ပြန်ရောက်နေကြကြောင်း သိရှိပြီးနောက် ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ အတော်လေး စိတ်သက်သာရာ ရသွားကြသည်။

မိုးဖြိုပုဆိန်ကို နေသူတော်စင်ဂိုဏ်း ရယူသွားကြောင်း သတင်းကြားရတော့ ရန်ကျောက်ကဲက အေးစက်စွာပြုံးရင်း...

“စားထားကြဦးပေါ့ ၊ နောက်မှ အကုန်ပြန်အန်ထုတ်ရအောင် လုပ်ပစ်မယ်”

ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...

“နေသူတော်စင်ဂိုဏ်းကလူတွေ မတွေ့ပါလား ၊ ဘာလဲ... သူတို့ရဲ့ ဆီလျော်မှုမရှိတဲ့ ဘိုးတော်ကြီး ‘ဟွမ်’ အတွက် စိတ်မပူကြဘူးလား”

ဝါဒတောင်မှ အရှေ့ပင်လယ် နယ်မြေစောင့်ကြည့်ရေးတာဝန်ခံ အကြီးအကဲက...

“သူတို့ ဒီမှာ စောင့်နေကြသေးတယ် ၊ လွန်ခဲ့တဲ့နှစ်ရက်ကမှ ပြန်သွားကြတာ”

ရန်ကျောက်ကဲက မျက်ခုံးများတွန့်ချိုးရင်း...

“ဒါဆို ပုံမှန်မဟုတ်တာတစ်ခုခု ဖြစ်နေတာ သေချာတယ် ၊ ကျွန်တော် တောင်ပေါ်ပြန်ရောက်ပြီးမှ ကမ္ဘာအလင်းတောင်ထွတ်ကို သွားတိုက်မယ်”

“ဂိုဏ်းချုပ် စည်းတံဆိပ်ထဲက ပြန်ထွက်လာတဲ့အထိ စောင့်သင့်တာ မဟုတ်ဘူးလား”

ရန်ကျောက်ကဲ၏ စကားကြီးကားကျယ်ကိုကြားတော့ နယ်မြေတာဝန်ခံ အကြီးအကဲက တွေးလိုက်သည်။ သို့သော် သူ စကားတစ်ခွန်းမှ ထုတ်မပြောခဲ့ပေ။

ထိုအချိန် နေရာမှ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာနေကြသော ကောင်းကင်မိုးကြိုးခန်းမ ဂိုဏ်းသားများကိုလှမ်းကြည့်ပြီး ရန်ကျောက်ကဲ မျက်နှာက မှောင်မှိုင်းသွားသည်။

“ကျောက်ကဲ... မင်း မြေကမ္ဘာနယ်မြေကထွက်ခွာပြီး အရှေ့ပင်လယ်ကိုမသွားခင်က... ကောင်းကင်မိုးကြိုးခန်မသခင် ‘ချန်လီ’ အန္တရယ်ကို ရင်မဆိုင်ဘဲ ထွက်ပြေးသွားလို့ အခြေအနေကို မထိန်းနိုင်ဘဲ ဂိုဏ်းချုပ်ဟောင်း ‘ယွမ်ကျန်းဖုန်း’က ငရဲကိုးထပ်ကို ချိတ်ပိတ်ဖို့ သူ့ကိုယ်သူစတေးခံခဲ့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား”

“နောက်တော့ မင်း အရှေ့ပင်လယ်မှာ ပျောက်ကွယ်သွားပြီး ဘာဖြစ်သွားမှန်းလည်း မသိတော့ဘူးလေ ၊ အဲဒီအချိန် အစိမ်းရောင်မိုးကြိုး ‘ချန်လီ’ က ဘာပြောသလဲဆိုတော့... မင်းက မြေကမ္ဘာနယ်မြေက ထူးခြားတဲ့ရတနာပစ္စည်းတစ်ခုကို လောဘတက်ပြီး ယူဖို့ကြိုးစားလို့ မြေကမ္ဘာနယ်မြေထဲက ကျင့်ကြံသူတွေအားလုံး အသက်ဆုံးခဲ့ရတယ်လို့ ပြောခဲ့တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ဒေါသတကြီးဖြင့် ရယ်မောလိုက်ရင်း...

“လုပ်ထားပေါ့ ထိပ်ပြောင်’ချန်လီ’ ရာ...”

ဝါဒတောင်မှ နယ်မြေစောင့်ကြည့်ရေး အကြီးအကဲက လေးလံသောအသံဖြင့်...

“အခု မင်း ပြန်လာပြီဆိုတော့ သူနဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းပြီး အမှန်တရားကို ကမ္ဘာကသိအောင် ထုတ်ဖော်ပေးပါဦး”

ရန်ကျောက်ကဲက သွားများပေါ်သည်အထိ ရယ်မောလိုက်ရင်း...

“မျက်နှာချင်းဆိုင်ဖြေရှင်းရမှာလား... ဘာလို့ အဲဒီလောက် စိတ်ရှုတ်ခံမနေမလဲ”

ရန်ကျောက်ကဲ၏ရယ်သံက ပတ်ဝန်းကျင်မှလူတိုင်းကို ကျောထဲစိမ့်သည်အထိ အေးခဲသွားစေသည်။

သူက ဖူအန်းစုကို လှည့်ကြည့်ရင်း...

“ဆရာဒေါ်လေး’ဖူ’ ... တောင်ပေါ်ကို အရင်ပြန်နှင့်ပါ ၊ ကျွန်တော် မိုးကြိုးနယ်မြေကို သွားလိုက်ဦးမယ်”

နယ်မြေစောင့်ကြည့်ရေးအကြီးအကဲက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိဟန်ဖြင့်...

“ဟုတ်တယ် အကြီးအကဲ’ဖူ’ ... မင်း တောင်ပေါ်ကို အမြန်ပြန်သင့်တယ် ၊ မင်းကို နေသူတော်စင်ဂိုဏ်းက တိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ပေါ်မှာ အတော်လေး ပြဿနာတက်နေတယ် ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမက အဲဒီကိစ္စကို စုံစမ်းနေတယ်လို့ သတင်းကြားတယ် ၊ ပြီးတော့ အဲဒီကိစ္စမှာ မင်းရဲ့ တပည့်နှစ်ယောက်ဖြစ်တဲ့ ဖန်းယွင်ရှန်းနဲ့ ယင်လျိုဟွားတို့လည်း ပတ်သက်နေတယ်တဲ့”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီးက အ‌ရှေ့ပင်လယ်ရောက်နေလို့ ဘာတွေဖြစ်သလဲ အတိအကျတော့ မသိပါဘူး ၊ ဒါပေမဲ့ မင်းရောက်သွားရင်တော့ အရာအားလုံး အလွယ်တကူ ဖြေရှင်းနိုင်မှာပါ”

ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ၊ ဒါဆို ငါ တောင်ပေါ်ကို အရင်ပြန်လိုက်မယ် ၊ ကျောက်ကဲ ... မင်းက မိုးကြိုးနယ်မြေကိုအမြန်သွားပြီး အမြန်ပြန်လာပါ”

ဖူအန်းစုစကားကိုကြားတော့ ဝါဒတောင်မှ သိုင်းသမားများအားလုံး တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။ ရောက်ကျောက်ကဲက စကားကြီးစကားကျယ်ပြောရုံသာမက ဖူအန်းစုကလည်း သူ့အပေါ် ယုံကြည်မှုအပြည့် ရှိနေဟန်ပင်။

လူတိုင်း အံ့အားသင့်သွားပြီးနောက် ရန်ကျောက်ကဲက စကားကြီးစကားကျယ် ပြောနေခြင်းမဟုတ်ကြောင်း သူတို့ သိရှိလိုက်သည်။

ရန်ကျောက်ကဲကို သေသေချာချာ လေ့လာကြည့်ပြီးနောက် သူတို့ နားမလည်နိုင်လောက်အောင် ခံစားလိုက်ကြရသည်။ ထိုလူငယ်သည် မီးတောက်မိစ္ဆာကမ္ဘာကို စည်းတံဆိပ်ခတ်စဉ် အရှေ့ပင်လယ်တိုက်ပွဲတုန်းကလို အမတဝိညာဉ်သိုင်းဆရာသခင်တစ်ယောက် မဟုတ်တော့သည်မှာ သေချာသည်။

သို့ဆိုလျှင် မည်သို့သော ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပြီလဲ။

အမတလက်ဖွဲ့ ကနဦးအဆင့်လား ။

သို့သော် အမတလက်ဖွဲ့ ကနဦးအဆင့် သိုင်းဆရာသခင်က မိုးကြိုးနယ်မြေကိုတိုက်ခိုက်မည် ၊ ကမ္ဘာအလင်းတောင်ထွတ်ကိုတိုက်ခိုက်မည်ဟု မည်သို့ ယုံကြည်နိုင်ပါမည်နည်း။

ဤသည်က သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တွေတောင် မဖြစ်နိုင်သည့်ကိစ္စပင်။

ဝါဒတောင်မှ ကျင့်ကြံသူများအားလုံး သူတို့ရှေ့မှ ဝါဒတောင်သခင်လေးကို နားမလည်နိုင်တော့သလို ခံစားလိုက်ကြရသည်။

ရန်ကျောက်ကဲက ဖူအန်းစုကို နှုတ်ဆက်ပြီး မိုးကြိုးနယ်မြေသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။

အရှေ့ပင်လယ်မှ ထွက်ခွာသွားသော ကောင်းကင်မိုးကြိုးခန်းမမှ ဂိုဏ်းသားများကို သူက အရေးမစိုက်ပေ။ ဘုန်းကြီးများထွက်ပြေးကြသည့်တိုင် ဘုန်းကြီးကျောင်းကတော့ ပြေးမလွတ်နိုင်ဘူး မဟုတ်လား။

ရန်သူက မည်သို့ကလိမ်ကကျစ်ကျမည်ကို မစဉ်းစားဘဲ ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အလွန်လျှင်မြန်သော အရှိန်အဟုန်ဖြင့် အရှေ့ပင်လယ်မှ ထွက်ခွာလာခဲ့သည်။  ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှလူအများကတော့ ရန်ကျောက်ကဲပြန်ရောက်လာသည့်သတင်း ဌာနချုပ်သို့ပေးပို့ရန် အလုပ်များလျှက် ကျန်ရစ်ခဲ့ကြ၏။

သိပ်မကြာခင်မှာပင် ရန်ကျောက်ကဲ ကုန်းတွင်းပိုင်း ၊ မိုးကြိုးနယ်မြေသို့ ရောက်ရှိလာသည်။

ကောင်းကင်မိုးကြိုးခန်းမတည်ရှိရာ မိုးကြိုးနယ်မြေ ၊ “ယိုကျိုး”နယ်အနီးသို့ ရောက်ရှိလာသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ အလင်းတန်းများထွက်ပေါ်လာပြီး နေရာမှာပင် ပျောက်ကွယ်သွားသည်။

ထို့နောက် ရန်ကျောက်ကဲက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လက်နှစ်ဖက်နောက်ပစ်လျှက် ကောင်းကင်မိုးကြိုးခန်းမ တည်ရှိရာသို့ လမ်းလျှောက်ထွက်လာသည်။

သူ့ခြေလှမ်းများက ဖြည်းဖြည်းမှန်မှန်ထင်မှတ်ရသော်လည်း အလွန်လျှင်မြန်ပြီး မကြာမီ မိုးကြိုးများလွှမ်းခြုံရစ်သိုင်းနေသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်.

မိုးကြိုးတိမ်တိုက်များအောက်တွင် မိုးကြိုးဧကရာဇ်၏နန်းတော်ပမာ မိုးကြိုးစွမ်းအားများ လွှမ်းခြုံနေသည့် စိမ်းပြာရောင် နန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုနန်းတော်ကြီး၏ အသွင်အပြင်က တွေ့မြင်ရသူတိုင်းကို တုန်လှုပ်ချောက်ချားစေမည် အမှန်ပင်။ ဤနေရာသို့ ခြေချလာသူ မည်သူမဆို ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များကြောင့် ပြာမှုံအဖြစ် တစ်ခဏအတွင်း ပြောင်းလဲသွားမည် ဖြစ်၏။

သို့ပေသိ ရန်ကျောက်ကဲကတော့ ထိုမိုးကြိုးတိမ်တိုက်များကို အရေးမစိုက်ဘဲ ပေါ့ပေါ့ပါးပါးပင် စိန်ခေါ်လိုက်သည်။

“ချန်လီ... မင်း ကိုယ့်ဟာကိုယ် ထွက်လာမလား ၊ ဒါမှမဟုတ် ငါ အတင်းဆွဲထုတ်ရမလား”

သူ့အသံက ထူးခြားမှုမရှိစွာ တည်ငြိမ်နေသော်လည်း မိုးမြေတစ်ခွင် တုန်လှုပ်သွားစေနိုင်သော ခေါင်းလောင်းထိုးသံနှင့် ဆင်တူပြီး မိုးခြိမ်းသံများကို ဖုံးလွှမ်းလျှက် ကောင်းကင်မိုးကြိုးခန်းမအတွင်းသို့ ပဲ့တင်ထပ် ဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မိုးကြိုးခန်းမအတွင်းမှ လျှပ်စီးတစ်ချက် လက်ခနဲ တောက်ပလာပြီး ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာ၏။ ထိုသူက ခရမ်းရောင်ဆံပင် ၊ ခရမ်းရောင်မုတ်ဆိတ်မွှေးများရှိသော အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူက ရန်ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ကောင်စုတ်လေး... မင်းတော့ သေချင်ပြီထင်တယ်”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“အင်း... ဒါပေမဲ့ သေချင်နေတာ ငါ မဟုတ်ဘူး ၊ ချန်လီနဲ့ မင်းတို့ ကောင်းကင်မိုးကြိုးခန်းမက လူတွေပဲ”

ခရမ်းရောင်ဆံပင်ပိုင်ရှင် အဘိုးကြီးက ဒေါသတကြီး ရယ်မောရင်း...

“ဘာလဲ... မင်းက မင်းကိုယ်မင်း ရန်တိလို့ ထင်နေတာလား”

သူ့စကားမဆုံးခင်မှာပင် ခရမ်းရောင်အလင်းတန်းများ လင်းလက်သွားသည်။

ကောင်းကင်မိုးကြိုးခန်းမ၏ အထွတ်ထိပ်သိုင်းပညာနှစ်ရပ်မှ တစ်ခုဖြစ်သော ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အလျှင်မြန်ဆုံးဓားသိုင်း “ကောင်းကင်လျှပ်စီးဧကရီ” ဓားသိုင်း ဖြစ်၏။ ထိုဓားသိုင်းက အလွန်တရာအဆင့်မြင့်ပြီး လျှင်မြန်လှသဖြင့် မည်သူမှ အချိန်မီ ခုခံကာကွယ်နိုင်ခြင်း မရှိပေ။

သို့ပေသိ ဓားရောင်လင်းလက်လာသည်နှင့် ရန်ကျောက်ကဲက သူ့ထက်လျှင်မြန်စွာ အဘိုးအိုရှေ့သို့ ရောက်ရှိသွားပြီး လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာ နတ်ဘုရားလှံရှည် ၊ ကောင်းကင်ကိုးထပ်ဆီ ဂဠုန်ပျံချီ။

အဘိုးကြီးစိတ်ထဲ ကတုန်ကယင်ဖြစ်သွားပြီး သူ၏ဆံပင်များမှာလည်း ဓာတ်လိုက်သည့်အလား ထောင်တက်သွားသည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အပြင်းအထန် မြင့်တက်လာပြီး သူ့အနောက်ဘက်တွင် ‘ကောင်းကင်လျှပ်စီးဧကရီ’ ကိုယ်ခွဲ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းပင် ဓားအလင်းတန်းသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာ၏။

ရန်ကျောက်ကဲ၏ သွေးကြောဆုံချက်များအားလုံး တုန်ခါသွားပြီး သူ၏ဦးခေါင်းထက်မှ မရေမတွက်နိုင်သော အမတအင်းသင်္ကေတများ ထွက်ပေါ်လာသည်။ ထို့နောက် စေတီတစ်ဆူနှင့်ဆင်တူသော ကောင်းကင်ပလ္လင်တစ်ခု ဖြစ်တည်လာ၏။

ချက်ချင်းပင် အလင်းတန်းတစ်ချက်လင်းလက်သွားပြီး ခရမ်းရောင်ဆံပင်ပိုင်ရှင် အဘိုးကြီးရှေ့သို့ ရောက်ရှိသွားကာ တုံ့ပြန်ရန်ပင် အချိန်မရဘဲ ‘ကောင်းကင်လျှပ်စီးဧကရီ’ ဓားအလင်းတန်း ဖယ်ရှားသုတ်သင်ခံလိုက်ရသည်။

မြင့်မြင့်မားမားနှင့် ခမ်းနားလှသော ကောင်းကင်လျှပ်စီးဧကရီ ကိုယ်ခွဲသည် ရန်ကျောက်ကဲ၏ လှံချက်အောက်တွင် ဝမ်းဗိုက်နှင့် ရင်ဘတ် ကွဲကြေလျှက် ကျိုးပဲ့ကြေမွသွား၏။

ထိုအချိန် ရန်ကျောက်ကဲ၏အသံက မိုးမြေတစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ငါ့ရဲ့ ကောင်းကင်ပလ္လင်ကို ဘယ်သိုင်းဆရာသခင်မှ မယှဉ်နိုင်ဘူး”

“ချန်လီ...  မင်း ထွက်လာစမ်း...”

All Chapters