← Chapters

ကျိန်ခိုင်းခြင်း

Vol. 104 Ch. 1444

ကျိန်ခိုင်းခြင်း

Vol. 104 Ch. 1444

(၁၆) ရက်

မန်ဟို တန်ခိုးရှင်စင်မြင့်ထက်၌ ဆယ့်ခြောက်ရက်တိုင်တိုင် နေနိုင်ခဲ့သော အချက်က ကြည့်နေသူတိုင်းအား လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။

ကျင်ယွင်ရှန်း၊ ရှကျုံတုံး၊ ဂိုဏ်းချုပ်။ သူတို့အားလုံး ထိတ်လန့်မှင်သက်နေကြလေသည်။

ထို့နောက် မန်ဟိုက မျက်လုံးဖွင့်၍ တန်ခိုးရှင်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်အခါ လူတိုင်း ရင်တဒိန်းဒိန်းခုန်လာသည်ကို ခံစားလိုက်ကြရသည်။ ထိုသွေးရောင်မျက်လုံးများတွင် စကားလုံးများဖြင့် ပြောမပြနိုင်သော ရက်စက်ခက်ထန်မှုတို့ ပါရှိနေရာ သူတို့အား ရှေးခေတ်မှ သားရဲကြီးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားရစေသည်။

တကယ်တော့ မန်ဟိုသည် တန်ခိုးရှင်အဆင့်မတက်ခဲ့သည့်အပြင် သူ၏နဝမမန္တန်လည်း သုံးကြိမ်ဆက်တိုက် ပြိုကွဲသွားခဲ့၏။ သို့သော် တတိယပြိုကွဲမှုဖြစ်ပွား၍ မန်ဟို မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ၏အသိစိတ်ကား တန်ခိုးရှင်စင်မြင့်မှ ထွက်ခွာသွားလေပြီ။ တစ်ချိန်တည်းမှာပင် တန်ခိုးရှင်အရှိန်အဝါက လေပွေသဖွယ် သူ့ကို လှည့်ပတ်ရစ်သိုင်းရင်း ပတ်ဝန်းကျင်တွင် ပြည့်နှက်လာ၏။

လေပွေသည် မိုးကောင်းကင်နှင့် ထိတော့မတတ် မြင့်သထက် မြင့်မားလာ၏။ ထိုမြင်ကွင်းကား လုံးလုံးလျားလျား အံ့ဩမှင်သက်ဖွယ်ကောင်းပေသည်။

အဆုံးမဲ့လေပြင်းများ တိုက်ခတ်အော်မြည်လာသည့်အခါ ဂိုဏ်းချုပ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက နောက်ဆုတ်လိုက်သည်။ ကျင်ယွင်ရှန်းနှင့် ရှကျုံတုံးလည်း တွန့်ဆုတ်မနေသလို၊ လူတိုင်းလည်း အလားတူ လုပ်လိုက်ကြ၏။ အကုန်လုံး သလွန်မှ မီတာသုံးသောင်းအကွာသို့ ဆုတ်လိုက်သည့်အချိန်မှာပင် ထိုအရပ်မျက်နှာမှ ဝုန်းဒိုင်းကြဲသောင်းကျန်းနေသော အရှိန်အဝါကို သူတို့ ခံစားလိုက်ကြရသည်။

လေပွေသည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲသို့ ထိုးခွင်းဝင်ရောက်တော့မည့်အလား လွန်စွာ မြင့်မားလာသဖြင့် လေဆင်နှာမောင်းကြီးသဖွယ် ဖြစ်လာကာ တဝေါဝေါမြည်ဟည်းသံများ ဆူညံနေတော့၏။

လေဆင်နှာမောင်း၏အလယ်တွင် မိုးကောင်းကင်အား ခက်ထန်စွာ စိုက်ကြည့်နေသော မန်ဟိုရှိသည်။ သူသည် အာကာပြင်ကျယ်စကြဝဠာကို ထိုးဖောက်မြင်နိုင်၍ ၎င်းအလွန်ရှိ မည်သူမျှမမြင်ရသည့် ဖြစ်တည်မှုကို စိုက်ကြည့်နေသည့်အလားပင်။

“မင်းကိုး ....” သူက မျက်ထောင့်နီကြီးဖြင့် ပြောသည်။

နဝမမန္တန်၏ ပထမဆုံးပြိုကွဲမှုကြောင့် သူ ဇဝေဇဝါ ဖြစ်ခဲ့သည်။ ဒုတိယပြိုကွဲမှုကြောင့် တုန်လှုပ်ခဲ့ရသည်။ သို့သ်ော တတိယအကြိမ်က ... သူ၏သံသယများကို ခိုင်မာစေခဲ့ပြီး သူရှာနေသော အဖြေကို ပေးခဲ့လေသည်။

သူ၏ကျင့်စဉ်ကို တိတ်တဆိတ်နှောင့်ယှက်နေသော တစ်စုံတစ်ခု အမှန်တကယ်ရှိနေကြောင်း သူ အတည်ပြုနိုင်ခဲ့၏။ အနန္တတန်ခိုးရှင်တစ်ဦးက သူ၏နဝမမန္တန်ဖြစ်ပေါ်မလာအောင် ဟန့်တားနေသကဲ့သို့ပင်။

တိတိကျကျဆိုရလျှင် ထိုပုဂ္ဂိုလ်သည် နဝမမန္တန်ကို တားမြစ်နေခြင်းမဟုတ်၊ မန်ဟို အတုမရှိမိစ္ဆာအဖြစ်မှ အင်မော်တယ်အဖြစ်သို့ ပြန်ပြောင်းလဲသွားမည်ကို မလိုလားခြင်းဖြစ်သည်။

အကြောင်းရင်းကတော့ ....

“လောကပါလ,က အင်မော်တယ်ကို ကြောက်တယ်” သူက မာမာထန်ထန် ရေရွတ်လိုက်သည်။ ယခုတွင် အကြောင်းစုံ သူ နားလည်လိုက်လေပြီ။ ထိုဥမင်ကို ဖြတ်၍ လောကပါလနတ်မင်းနှင့်ပတ်သက်သော ပန်းချီများကို မမြင်ခဲ့လျှင် ၊ လောကပါလနတ်မင်း လက်ချောင်းတစ်ချောင်းတည်းနှင့် ကမ္ဘာတစ်ကမ္ဘာအား ဖျက်စီးခဲ့သည်ကို မတွေ့ခဲ့ရလျှင်... နဝမမန္တန် အနှောင့်ယှက်ခံနေရသည့် အကြောင်းရင်းအစစ်အမှန်ကို သူ ဘယ်တော့မှ ဆက်စပ်စဉ်းစားနိုင်ခဲ့မည်မဟုတ်ပေ။

ယခုတော့ နဝမမန္တန်၏ပြီးမြောက်မှုကို ဟန့်တားနေသော အားလှိုင်း နှင့် ..... လောကပါလနတ်မင်း ထိုကမ္ဘာကို ဖျက်စီးခဲ့တုန်းက သူ ခံစားခဲ့ရသော အရှိန်အဝါကား ထပ်တူညီကြောင်း .... မန်ဟို အခိုင်အမာဆုံးဖြတ်နိုင်သွားသည်။

၎င်းတို့က အမျိုးအစားတူညီသော အားလှိုင်းဖြစ်၏။

အမှန်တွင် .... နဝမမန္တန်၏ သုံးကြိမ်ကျရှုံးမှုကြောင့် မန်ဟိုသည် အလွန်ကြောက်မက်ဖွယ်‌ကောင်းသော တစ်စုံတစ်ခုကိုလည်း မထင်မှတ်ဘဲ တွေ့ရှိခဲ့၏။

လောကပါလနတ်မင်း၏ ဤစွမ်းအားက ... အတုမရှိမိစ္ဆာနှင့် ဇစ်မြစ်တူနေသယောင် ရှိလေသည်။

လောကပါလနတ်မင်းက နဝမမန္တန်ပြိုကွဲသွားအောင် နှောင့်ယှက်ခဲ့သည်ဟု ဆိုမည့်အစား ... ထိုလုပ်ရပ်ကို လောကပါလနတ်မင်းနှင့် သူ့ကိုယ်ထဲရှိ မိစ္ဆာစွမ်းအားနှစ်မျိုးလုံးမှ လုပ်‌ဆောင်ခဲ့သည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

“လောကပါလနတ်မင်း ...” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။ လောကပါလနတ်မင်းနှင့်ပတ်သက်၍ မေးခွန်းများနှင့် သံသယများစွာ သူ့တွင် ရှိသည်။ ထို့အပြင် အဖြေတစ်ခုမှမရှိပေ။ သူ့ရင်ထဲတွင်တော့ ပန်းချီများမှတစ်ဆင့် မြင်ခဲ့ရသော မြင်ကွင်းများကြောင့် ခန့်မှန်းချက်များ ပေါက်ဖွားခဲ့နေပြီဖြစ်သည်။

ထိုခန့်မှန်းချက်များက‌ တောင်ပင်လယ်လောက၊ အင်မော်တယ်နတ်ဘုရားကမ္ဘာ၊ နတ်ဆိုးလောကနှင့် အာကာပြင်ကျယ်ဂြိုဟ်တို့နှင့် ပတ်သက်သည်။

ကံဆိုးစွာနှင့် သူ၏မေးခွန်းများအတွက် အဖြေမရှိသေးသလို၊ စဉ်းစားရန် သဲလွန်စများပင် မရှိပေ။ မန်ဟို့နှလုံးသားထဲ၌ မယုံနိုင်မှုအနည်းငယ်ပင် ကိန်းအောင်းနေသေးသည်။ သူသည် ကျင့်ကြံသူလောကအတွက် လူသစ်လေးမဟုတ်တော့ပေ။ မိမိမျက်စိဖြင့် မြင်ရသောအရာများပင် ရံဖန်ရံခါ အစစ်အမှန်မဟုတ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။

သို့သော် ယခုမူ လောကပါလနတ်မင်း၏တည်ရှိမှုနှင့် ပတ်သက်၍ သူ သေချာသွားခဲ့ပြီ။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် ... လောကပါနတ်မင်းဟူသော နာမည်နှင့် ဖြစ်တည်မှုတစ်ခု ဧကန်တည်ရှိ၏။

ထို့အပြင် လောကပါလနတ်မင်းဟုခေါ်သော အဆိုပါဖြစ်တည်မှုနှင့် သူ၏အကြားတွင် ဆက်စပ်မှုတချို့ ရှိနေသည်။ အနည်းဆုံးတော့ .... တစ်စုံတစ်ခုက သူ့ကို အင်မော်တယ်မှ မိစ္ဆာဘဝရောက်အောင် တွန်းပို့ပေးနေခဲ့ကြောင်း မန်ဟို သေချာသွားပြီဖြစ်သည်။

မန်ဟိုသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ထရပ်၏။ ထိုအခိုက်၌ မိုးထစ်ချုန်းသံများ တဂျိန်းဂျိန်းညံသွားပြီး မယုံနိုင်လောက်အောင် အင်အားကြီးမားသော အဖျက်အားကြီးတစ်ရပ် သက်ဆင်းလာသကဲ့သို့ လေဆင်နှာမောင်းသည် ပြိုကွဲစပြုလာ၏။

တန်ခိုးရှင်အရှိန်အဝါ လွင့်ပျယ်သွားပြီး သလွန်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ပြင်းထန်သောဖိအားက အာကာပြင်ကျယ်ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ စွမ်းအား သက်ဆင်းလာသည့်အလား ဖိနှိပ်နေသည်။

အာကာပြင်ကျယ်ကျောင်းတော်မှ လူတိုင်း သွေးအန်လိုက်ရ၏။ ဂိုဏ်းချုပ်၊ ရှကျုံတုံးနှင့် ကျင်ယွင်ရှန်းပင် မကျန်ပေ။ သူတို့သည် ထိတ်လန့်နေသောအမူအရာများဖြင့် နောက်ထပ်မီတာသုံးသောင်း ဆုတ်သွားကြသည်။

ပထမမြေထုတစ်ခုလုံးမှာ အသံမဲ့အားလှိုင်းများဖြင့် ပြည့်နှက်လျက် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသည့်အလား ထင်ရ၏။

မန်ဟိုက ပြင်းထန်သောဖိအားကို မျက်နှာမူလျက် သလွန်ထက်၌ ရပ်နေပြီး သူလည်း သွေးတစ်လုပ်အန်လိုက်ရသည်။ ဖိအားက သူ့ကို အညံ့ခံခိုင်းရန် ကြိုးစားနေသည်။ မိုးကောင်းကင်းအား ဒူးထောက်ရန် အတင်းအကြပ် ခိုင်းစေခံနေရသကဲ့သို့ သူ့ခြေထောက်နှစ်ချောင်းလုံး တဆတ်ဆတ် တုန်နေလေသည်။

သို့သော် ထို့ထက်ပိုသည်။ မန်ဟို့အမြင်အရ ဤဖိအားသည် ‘မိစ္ဆာမှ အင်မော်တယ်အဖြစ် ပြောင်းလဲဖို့ ဘယ်တော့မှ အားမထုတ်တော့ပါ’ဟု သူ့အား ကျိန်ခိုင်းရန် ကြိုးစားနေပုံပေါ်၏။

ဖိအားတိုးများလာသည်နှင့်အမျှ မန်ဟို့မျက်နှာမှာ ခက်ထန်တင်းမာလာသည်။ သူသည် သိသိသာသာ တုန်ရီနေပြီး သူ့အရိုးများလည်း ကျိုးတော့မတတ် ကွေးညွတ်နေလေပြီ။

သို့သော် သူက ရုတ်တရက် ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်သည်။ သူ၏မျက်လုံးများ နီရဲတောက်လာစဉ် မိစ္ဆာချီသည် အလိပ်လိပ်ထလာ၏။

“ငါ့ကို ခြိမ်းခြောက်နေတာလား” သူက မထီမဲ့မြင် ရယ်ပြီးနောက် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏တတိယမျက်လုံး ပွင့်လာ၏။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ရှိ တစ္ဆေများ ဘွားခနဲ ပေါ်လာသည်။

မိုးကောင်းကင်၏ဖိအားအောက်တွင် တစ္ဆေများလည်း တုန်ရီနေသည်။ သို့ထိုတိုင် ၎င်းတို့၏မျက်နှာ‌ပေါ်တွင် မုန်းတီးနာကြည်းမှုနှင့် ကမ္ဘာမကြေသော အငြိုးအမျက်တို့အား မြင်ရနိုင်၏။

ယခုတွင် ဖိအား၏အရှိန်အဝါက လောကပါလနတ်မင်း ဤကမ္ဘာကို ဖျက်စီးခဲ့တုန်းကအတိုင်း ဖြစ်ကြောင်း မန်ဟိုပင် ခံစားနေရပြီမဟုတ်ပါလော။ လောကပါလနတ်မင်း၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရသော ဤပုဂ္ဂိုလ်များလည်း ထိုအရာကို မည်ကဲ့သို့မခံစားရဘဲ ရှိမည်နည်း။

“ငါ မန်ဟိုက တစ်ဘဝလုံး အပူအပင်မရှိ ကျင့်ကြံအားထုတ်လာခဲ့တာ။ ငါဟာ တောင်ပင်လယ်တွေရဲ့ တာအိုကို လိုက်စားခဲ့တယ်။ လောကပါလနတ်မင်း၊ မင်းတောင်မှ ငါ့ကို ခြိမ်းခြောက်ဖို့ အရည်အချင်းမရှိဘူး” သူ၏ပမာမခန့်ရယ်သံ ပဲ့တင်ထပ်နေစဉ် မန်ဟိုသည် လက်နှစ်ဖက်လုံးကို အရှေ့တွင် ဝှေ့ယမ်းလိုက်၏။

ပတ်ဝန်းကျင်ရှိ တစ္ဆေများလည်း မန်ဟို၏ စိတ်ဆန္ဒနှင့် ခိုင်မာပြတ်သားမှုကို ခံစားလိုက်ရသောအခါ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်ကြသည်။ ကျင့်ကြံသူတစ်ယောက်မှ တစ္ဆေများကို မမြင်ရသော်လည်း ရုတ်တရက် အေးစိမ့်လာသည်ကိုတော့ ခံစားကြရလေသည်။

တစ္ဆေများသည် မရေမတွက်နိုင်အောင် များပြားပြီး တစ်ပြိုင်တည်း ဟိန်းဟောက်နေကြ၏။ ဤဖိအားကြောင့် သေဆုံးပြီးနောက် ဘာကြောင့်တစ္ဆေဖြစ်လာခဲ့မှန်း ၎င်းတို့ မသိသလို၊ လူ့ဘဝထက် တစ္ဆေဘဝတွင် ဘာကြောင့်အစွမ်းပိုထက်နေမှန်းလည်း နားမလည်ပေ။ သို့သော် အသက်ရှိစဉ်တုန်းက ဤဖိအားကို ပြန်မတိုက်ခိုက်နိုင်ခဲ့လျှင်တောင်မှ ယခုတစ္ဆေဘဝတွင် ... ၎င်းအား မုချပြန်တိုက်ခိုက်သည်ကိုတော့ ၎င်းတို့ သိ၏။

မည်သည့်တစ္ဆေက အရင်လုပ်လိုက်သလဲ ပြောရန် မဖြစ်နိုင်သော်လည်း မကြာခင် ၎င်းတို့အားလုံးသည် မန်ဟို့ကို ရစ်သိုင်းလည်ပတ်နေသော လေဆင်နှာမောင်းထံ ပျံသန်းနေကြလေပြီ။ မျက်စိတစ်မှိတ်အတွင်း တစ္ဆေအုပ်ကြီးက သူ့ဆီ ပျံသန်းလာကြရာ လေဆင်နှာမောင်းသည် ပိုမိုကြီးမားလာပြီး အားကောင်းလာ၏။

မရေမတွက်နိုင်သောတစ္ဆေများကြောင့် လေဆင်နှာမောင်းကား လျင်မြန်စွာ ပြန့်ကားလာသည်။ မီတာသုံးရာ၊ မီတာသုံးထောင်၊ မီတာသုံးသောင်း၊ မီတာသုံးသိန်း၊ မီတာသုံးသန်း၊ မီတာသုံးကုဋေ....

၎င်းသည် သလွန်ကို ဗဟိုပြုလျက် အဆုံးမရှိသည့်အလား ပြန့်ကားနေ၏။ နောက်ဆုံးတော့ ပထမမြေထုတစ်ခုလုံးကို လွှမ်းခြုံသွားသော ကြောက်မက်ဖွယ်လေဆင်နှာမောင်းကြီး ဖြစ်သွားချေပြီ။

ဧရာမလေဆင်နှာမောင်းကြီးက မြေပြင်များကို ဖြတ်တိုက်နေရာ တောင်တန်းများ တုန်ရီနေပြီး မြစ်ချောင်းများ တဖွေးဖွေးလှုပ်နေတော့သည်။

တဝေါဝေါတိုက်ခတ်နေသော လေပြင်းများအကြားရှိ အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများမှာတော့ ပတ်ဝန်းကျင်ကို မှင်သက်စွာ ကြည့်ရင်း တုန်ရီနေကြ၏။ ခပ်သဲ့သဲ့ဟိန်းဟောက်သံများကိုပင် သူတို့ ကြားလာရသည်။

“ကလဲ့စားချေကြ ကလဲ့စားချေကြ”

“ငါတို့က လောကပါလနတ်မင်းရဲ့လက်ချောင်းကြောင့် သေဆုံးခဲ့ရတာ။ ဒါကြောင့် တစ္ဆေဘဝမှာ လောကပါလနတ်မင်းကို ငါတို့ ကွပ်မျက်နိုင်သင့်တယ်”

“အာကာပြင်ကျယ်တိုက်ကြီးရဲ့ အငြိုးတရားက မိုးကောင်းကင်တောင်မှ မငြှိမ်းနိုင်တဲ့ မီးတောက်တစ်တောက်လိုပဲ” အော်သံများက တစ်ကမ္ဘာလုံး၏ ဟိန်းသံများသဖွယ် ပဲ့တင်ထပ်နေရာ လေဆင်နှာမောင်းအတွင်း၌ ဧရာမအသံလှိုင်းကြီးတစ်လှိုင်း ထကြွလာစေသည်။ ထို့နောက် မန်ဟိုက လက်နှစ်ဖက်လုံးကို မြှောက်ကာ မိုးကောင်းကင်အား ချိန်ရွယ်လိုက်၏။ တုံ့ပြန်သည့်အနေဖြင့် လေဆင်နှာမောင်းသည် ဟိန်းဟောက်နေသောတစ္ဆေများနှင့်အတူ လေပေါ် မြောက်တက်စပြုလာတော့သည်။

တစ္ဆေများကား ကြီးကျယ်ခမ်းနားသည့် စစ်တပ်ကြီးပမာ မိုးကောင်းကင်ထက်သို့ ချီတက်သွားကြသည်။ ထိုမြင်ကွင်းအား မည်သူမှ မေ့နိုင်မည်မဟုတ်ပေ။

မြေထုတစ်ခုလုံး၏အင်အားနှင့် ထိုနေရာ၌ တည်ရှိသော တစ္ဆေအားလုံးသည် အာကာပြင်ကျယ်စကြဝဠာအား ဖျောက်ဖျက်ပစ်တော့မည့်အလား အပေါ် ထိုးတက်သွားကြ၏။ ထို့နောက် လူတိုင်းကြည့်နေစဉ် ခေါင်းအထက်ရှိ ကောင်းကင်မှာ လေဆင်နှာမောင်းကြီးကြောင့် နှစ်ခြမ်းကွဲထွက်သွားလေပြီ။

ဤကမ္ဘာ၏ကောင်းကင်အနောက်ရှိ ကြယ်တာရာကောင်းကင်နှင့် အာကာာပြင်ကျယ်စကြဝဠာပေါ်လာသည့်တိုင် လေဆင်နှာမောင်းကြီးကား ဆက်လက်ထိုးတက်နေဆဲပင်။ ရုတ်တရက် ကွဲထွက်သွားသော ကောင်းကင်ပေါင်းမိုး၏ အစအနများအတွင်း၌ အရိပ်တစ်ခုပေါ်လာသည်။ အရိပ်မှာ ဝေဝါးနေသဖြင့် မည်သူမည်ဝါမှန်း သဲသဲကွဲကွဲမမြင်ရပေ။ အခိုးအငွေ့များမှ ဖြစ်‌ပေါ်လာသည့် သူသည် အဆုံးမဲ့တစ္ဆေစစ်တပ်ကြီးကို ကြည့်လျက် ရပ်နေပြီးနောက် အောက်သို့ဖိချနေသောလက်ဟန် လုပ်၏။

ထိုအရိပ်၏အရှေ့၌ မမြင်ရသော အတားအဆီးတစ်ခု ရှိနေသယောင်ပင်။ ထိုအတားအဆီးက တဂျုန်းဂျုန်းမြည်လျက် ကျဆင်းသွားသည်။

တစ္ဆေများမှာ ထိုအတားအဆီးကို ဝင်တိုက်လိုက်လျှင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကုန်ကြကာ ၎င်းအား ဘာဆိုဘာမှမလုပ်နိုင်ကြပေ။

စွမ်းအားကွာခြားမှုက ကြီးမားလှသဖြင့် ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ချက်မရှိသော အသူရာချောက်ကြီးတစ်ချောက်နှင့် တူသည်။

“တန်ခိုးရှင်” ဂိုဏ်းချုပ်က တအံ့တဩပြောသည်။ “အဲ့ဒါ ... တန်ခိုးရှင်စွမ်းအားပဲ” လူတိုင်းလည်း အလားတူ တုန်လှုပ်နေသည်။

မန်ဟိုသည် တန်ခိုးရှင်အရှိန်အဝါတချို့ကို ထုတ်လွှတ်နိုင်ကောင်း ထုတ်လွှတ်နိုင်ခဲ့လိမ့်မည်။ သို့သော် ကံကောင်းထောက်မ၍သာ ထိုသို့ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤပုဂ္ဂိုလ်ကမူ လက်ကလေး ဆန့်ထုတ်လိုက်ရုံနှင့် အစစ်အမှန်တန်ခိုးရှင်စွမ်းအားကို ... ပေါ်ထွက်လာစေခဲ့၏။

မန်ဟိုမှာ ဖြစ်ပျက်နေသောအရာအားလုံးကို ကြည့်လျက် သလွန်ပေါ်တွင် ရပ်နေသည်။ စိတ်ထဲတွင် သူ တုန်လှုပ်မိသွားသည်။ တန်ခိုးရှင်စွမ်းအားကို သူလည်း ခံစားနေရ၍ သူ ဖန်ဆင်းခဲ့သော လေဆင်နှာမောင်းနှင့် ၎င်းအတွင်းရှိ တစ္ဆေများအနေဖြင့် ဤမမြင်ရသောအတားအဆီးကို တွန်းလှန်ဖို့အသာထား၊ လှုပ်ပင်လှုပ်အောင် မစွမ်းဆောင်နိုင်ကြောင်း သိလိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်း အတားအဆီးက လေဆင်နှာမောင်း၏တစ်ဝက်ကို ဖျက်စီးပြီး မရပ်မနား ကျဆင်းလာသည်။ ၎င်းကား မန်ဟိုနှင့် နီးသထက် နီးလာချေပြီ။

ဘွင်းဘွင်းရှင်းရှင်း မြင်ရအောင် ပမာနှိုင်းပြရပါက တန်ခိုးရှင်စွမ်းအားသည် တန်ခိုးရှင့်အဆင့်မတက်ရသော ကျင့်ကြံသူတစ်ယောက်နှင့်ယှဉ်လျှင် .... ရေစက်တစ်စက်ကို မြူငွေ့များနှင့် ယှဉ်နေသကဲ့သို့ ဖြစ်၏။

မြူဘယ်လောက်ဆိုင်းနေဆိုင်းနေ၊ ထိုရေစက် ထိုးဖောက်မလာနိုင်အောင် ဟန့်မတားနိုင်သည်သာ။

ထို့ကြောင့် လေဆင်နှာမောင်းနှင့် တစ္ဆေများသည် မြူများနှင့်တူပြီး မမြင်ရသော အတားအဆီးကမူ ရေစက်ဖြစ်သည်။ ၎င်းက မြူများကို ထိုးဖောက်လာသည်သာမက အရာအားလုံးကို ချေမှုန်းနေလေသည်။

All Chapters