စကားတစ်ခွန်း
Vol. 104 Ch. 1445
မမြင်ရသောအတားအဆီး၏နောက်ကွယ်ရှိ ဝါးတားတားအရိပ်သည် ဆံပင်ရှည်ရှည်များရှိပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားဟန်တူ၏။ သို့သော် မျက်လုံးများမှအပ သူ၏မျက်နှာသွင်ပြင်ကို မမြင်ရပေ။
ထိုမျက်လုံးများသည် အကြင်နာတရားတစ်စက်မှ မရှိသည့်အလား၊ အသက်ကင်းမဲ့နေသည့်အလား၊ ဗလာကျင်းနေသည့်အလား... ဤအရိပ်မှာ လက်နက်တစ်ခုထက် မပိုသည့်အလား သွေးအေးပြီး ရက်စက်နေ၏။
လက်နက်.....
ယင်းက မမြင်ရသောအတားအဆီး၏နောက်ရှိ အရိပ်ကို မြင်လိုက်ရပြီးနောက် မန်ဟို ခံစားလိုက်ရသော စမ်းတဝါးဝါးခံစားချက် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အတားအဆီးသည် ဆက်လက်ကျဆင်းလာနေ၏။ လေဆင်နှာမောင်းမှာလည်း ပြိုကွဲနေပြီး တစ္ဆေများလည်း ပျောက်ကွယ်နေသည်။ မြေပြင်များ တဝုန်းဝုန်းတုန်ခါကာ အက်ကြောင်းများ ပွင့်ထွက်လာ၏။ တောင်တန်းမြစ်ချောင်းများ သောင်းကျန်းအုံကြွနေပြီး သလွန်ပင်အပါအဝင် အရာအားလုံး အက်ကွဲစပြုလာကာ ပျက်စီးတော့မည့်အရိပ်အယောင်များ ပြလာသည်။
အာကာပြင်ကျယ်ကျောင်းတော်မှ အုပ်စုမှာ ကြက်သေသေနေသော အခြေအနေသို့ ရောက်ရှိနေခဲ့၍ လက်ရှိအဖြစ်အပျက်ကို ခုခံဖို့ ကျင့်ကြံခြင်းအခြေခံများအား ကမန်းကတန်း လှည့်ပတ်လိုက်သော်လည်း အကြောင်းမထူးပေ။
ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟို့ကိုယ်ထဲရှိ ကြေးမီးအိမ်သည် အချိန်မရွေးပေါက်ကွဲတော့မည့် စွမ်းအားကို စုစည်းနေသကဲ့သို့ လင်းလက်တောက်ပလာ၏။
သို့သ်ော ထိုသို့မဖြစ်ခင် ... ဧရာမပလ္လင်ကြီးအပေါ်တွင် ပုဂ္ဂိုလ်တစ်ဦး ထိုင်နေသည်ကို မြင်ရနိုင်သော အဝေးရှိ နဝမမြေထုမှ အားပျော့ပျော့အခိုးအငွေ့များ စတင်ထွက်ပေါ်လာသည်။
အခိုးအငွေ့များသည် အားပျော့သော်လည်း ၎င်းတို့ပေါ်ထွက်လာသည့်အချိန်မှာပင် နဝမမြေထုမှ လာနေသောအသံတစ်သံကို မန်ဟို ကြားလိုက်ရသည်။ စစချင်း ၎င်းကို မကြားရသော်လည်း တခဏကြာသော် အသံသည် ကျယ်လောင်လာ၏။ နောက်ဆုံးတော့ စကားတစ်လုံးအား သဲ့သဲ့ကြားလိုက်ရသည်။ ၎င်းက ... ထွက်ဟု ပြောနေသယောင်ပင်။
စကားတစ်လုံးသာဖြစ်သော်လည်း ‘ထွက်’ ဟူသော ထိုအသံသည် သံစဉ်တစ်ခုနှင့် ဆင်နေ၏။
နဝမမြေထုမှ ထိုစကားတစ်လုံးသာ ထွက်လာပြီး ထိုစကားလုံးသည် ပျံ့လွင့်နေစဉ် အဋ္ဌမမြေထုအား တုန်ရီလာစေပြီး ထိုနေရာရှိ အရောင်အဝါများအား မှိန်ကျသွားစေသည်။ အဋ္ဌမမြေထု ကသောင်းကနင်းဖြစ်နေသည့်အချိန်မှာပင် အသံက သတ္တမမြေထုသို့ ရောက်ရှိသွားသည်။ ထို့နောက် ဆဋ္ဌမမြေထု။ မိုးကောင်းကင်သည် တုန်ရီနေပြီး တဝေါဝေါမြည်ဟည်းသံများက မြေပြင်များတွင် ပြည့်နှက်နေ၏။ အရာအားလုံး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းစွာ တုန်ခါနေလေသည်။ ထို့အပြင် အသံသည် မန်ဟို့နှင့် နီးသထက် နီးလာနေ၏....
ပဉ္စမမြေထုသို့ ရောက်သောအခါ အသံက ပြောင်းလဲသွားသယောင်ပင်။ ယခုတွင် မန်ဟိုကြားနေရသောအသံသည် ‘သွား’ ဟူသောအသံနှင့် ပိုတူလာ၏။
သွား
ယခုတွင် စကားနှစ်ခွန်းပြောနေသလို မထင်ရပေ။ လေတိုးသံများက အသံကို အဖော်ပြုလျက် ရောက်ရှိလာ၍ အရာရာတိုင်း လှုပ်ခတ်နေသည်။ အသံသည် ပဉ္စမမြေထုကို ဖြတ်၍ စတုတ္ထမြေထုတစ်လျှောက် တိုက်ခတ်ကာ တတိယနှင့် ဒုတိယမြေထုအား တုန်ခါသွားစေလေသည်....
ပထမမြေထုသို့ ရောက်သည့်အခါတွင်တော့ အသံအားလုံး ပေါင်းစည်းသွားသည်။ အသံသည် ‘ထွက်’ လည်းမဟုတ်, ‘သွား’ လည်းမဟုတ်။ စကားတစ်ခွန်းတည်း ဖြစ်သည်။
“ထွက်သွား”
“ထွက်သွား”
“ထွက်သွား”
အသံက အဆုံးမရှိသည့်အလား ပဲ့တင်ထပ်နေ၏။ ပေါက်ကွဲမှုကြီးအလား မိုးကောင်းကင်ကို လှုပ်ခတ်နေစေသည်။
ကြည့်ရသရွေ့ အသံသည် စကားတစ်ခွန်းတည်းသာ ဖြစ်ခဲ့သော်လည်း အဝေးမှပြောလိုက်ပြီး လျင်မြန်စွာ ပျံ့လွင့်သွားရ၍ လမ်းတစ်လျှောက်တွင် နှစ်ပိုင်းကွဲသွားခဲ့ပုံပင်။ သို့သော် ယခု ဤပထမမြေထုသို့ ရောက်သည့်အခါ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ထိုစွမ်းအားသည် မိုးကောင်းကင်ကို ဖျက်စီး၍ ကမ္ဘာမြေကို ချုပ်ငြိမ်းစေနိုင်၏။
တဂျုန်းဂျုန်းထစ်ချုန်းသံများ ပထမမြေထုတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ တောင်တန်းများ၊ မြစ်ချောင်းများ ယိမ်းခါကုန်ပြီး လေမုန်တိုင်းတစ်လုံး တိုက်ခတ်သွား၏။ စူးရှသောအရောင်အဝါများ မိုးနှင့်မြေတစ်ခွင် ပြိုးပြက်လက်လာသည်။
စကားတစ်ခွန်းက အရာခပ်သိမ်းအား ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည့်တိုင်အောင် ဩဇာကြီးမားလှလေသည်။
စကားတစ်ခွန်းက မိုးကောင်းကင်၏အင်အားကို ဖြိုခွင်းလိုက်သည်။
စကားတစ်ခွန်းက ဖြစ်တည်မှုအားလုံးကို တုန်လှုပ်သွားစေသည်။
စကားတစ်ခွန်းက မမြင်ရသောအတားအဆီးကို တုန်ခါလာစေပြီးနောက် အက်ရာများထလာစေ၏။ တခဏကြာသော် အတားအဆီးမှာ လုံးဝဥဿုံ ကြေမွသွားတော့သည်။
ထိုစကားတစ်ခွန်းကပင် မိုးကောင်းကင်ကို ကိုင်လှုပ်ကာ ဝါးတားတားအရိပ်အား ဧရာမလေဆင်နှာမောင်းကြီးဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ပုံပျက်တွန့်လိမ်လာစေသည်။ ထို့နောက် ၎င်းသည် မှေးမှိန်ပျောက်ကွယ်သွားတော့၏။
ဤသည်မှာ စကားလေးတစ်ခွန်းကြောင့် ဖြစ်ပျက်သွားခဲ့သော အံ့မခန်းလိလိမြင်ကွင်းများပင်။
ဧရာမပလ္လင်ကြီးထက်ရှိ ပုဂ္ဂိုလ်မှ ပြောလိုက်သော စကားတစ်ခွန်းသည် အရာအားလုံးကို ပြောင်းပြန်ပြောင်းလဲသွားစေခဲ့၏။ လောကပါလနတ်မင်း၏ ချေမှုန်းခြင်းဖိအားလည်း ပျောက်ကွယ်ကာ အတားအဆီးလည်း ကြေမွသွားခဲ့ချေပြီ။
ထိုစကားတစ်ခွန်းသည် မိုးနှင့်မြေကို ဖြတ်ရိုက်လိုက်သော ဧရာမလက်ကြီးတစ်ဖက်အလား သင်္ချိုင်းဗိမာန်၏အစိတ်အပိုင်းမဟုတ်သမျှ အရာအားလုံးကို ချေမှုန်းပစ်လိုက်၏။ လောကပါလနတ်မင်း၏စိတ်ဆန္ဒပင် မရပ်တည်နိုင်ဘဲ နှင်ထုတ်ခံလိုက်ရသည်။
ဤမြင်ကွင်းက မန်ဟို့အား ချာချာလည်သွားစေသည်။ သူသည် အံ့ဩမှင်သက်စွာဖြင့် နဝမမြေထုအား လှမ်းကြည့်လိုက်၏။
သို့သော် ထိုအသံအား ... သူတစ်ယောက်သာ ကြားခဲ့ရသည်။ ဂိုဏ်းချုပ်နှင့်ကျန်ရှိသူများမှာ ၎င်းကို မခံစားခဲ့ရပေ။ မှန်သည်၊ သူတို့သည် တုန်လှုပ်ချောက်ချားနေသေး၏။ အသံကြောင့်မဟုတ်၊ ဖြစ်ပျက်နေသမျှအရာအားလုံးက မန်ဟို့ကြောင့်ဖြစ်သည်ဟု အထင်မှားယုံကြည်နေကြ၍ပင်။
မန်ဟိုသည် နဝမမြေထုကို လှမ်းကြည့်ရင်း ထိုစကားတစ်ခွန်းကို ပြောခဲ့သော ပုဂ္ဂိုလ်အား သွားကြည့်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာ၏။
ထိုလူက မည်သူနည်း။
အဆုံးမဲ့သောစွမ်းအားကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်သည် .... တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ကိုဖြစ်ရမည်။
“အာကာပြင်ကျယ်ဂိုဏ်းချုပ်များလား...” မန်ဟိုက အသက်ပြင်းပြင်းရှူရင်း တွေးလိုက်သည်။ လောလောဆယ်တော့ ထိုသို့သာ သူ ခန့်မှန်းနိုင်သည်။
အတန်ကြာသော် မန်ဟိုသည် အင်္ကျီလက်စကို ခါ၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပြန်ရုတ်သိမ်းလိုက်၏။
မိုးကောင်းကင်သည် တည်ငြိမ်သွားပြီး မြေပြင်များလည်း ငြိမ်သက်သွားသည်။ စောစောက ကြောက်ခမန်းလိလိလေဆင်နှာမောင်းကြီးတစ်လုံး သောင်းကျန်းနေခဲ့သော်လည်း ယခုတော့ မည်သည့်အရာမှမဖြစ်ခဲ့သည့်အလား အကုန်လုံး ပုံမှန်ဖြစ်သွားချေပြီ။
မန်ဟိုက မျက်လုံးပိတ်လိုက်ပြီး သူ့နှလုံးသားမှာ လှိုင်းထန်နေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့၍ စောစောက ‘ထွက်သွား’ ဟု ပြောခဲ့သူကိုလည်း သူ သိချင်စိတ်ပြင်းပြနေသည်။
လောကပါလနတ်မင်းက ဘာကြောင့်အင်မော်တယ်ကို ကြောက်သနည်း။
အတုမရှိမိစ္ဆာပေါ်ထွန်းလာမှုက မည်သည်ကို ဆိုလိုသနည်း။
မိစ္ဆာက လောကပါလနတ်မင်းနှင့် မည်သို့ပတ်သက်နေသနည်း။
ဘာကြောင့် သူတို့နှစ်ယောက်၏ဇစ်မြစ်က ဆင်တူနေသနည်း။
ထို့ထက်ပို၍ သူ သိချင်သည်ကတော့ .... ဘာကြောင့်တောင်ပင်လယ်တွင် အဖျက်စီးခံရဖို့ ကံကြမ္မာပါနေသနည်း။ ဖြစ်ရပ်များ၏နောက်ကွယ်၌ ကြိုးကိုင်ခြယ်လှယ်နေသော ဖြစ်တည်မှုတစ်ခုရှိသည်။ ထိုဖြစ်တည်မှုက ... လောကပါနတ်မင်းမှတစ်ပါး အခြားမဟုတ်ပေ။
မည်သို့ဆိုစေ လောကပါလနတ်မင်း ဆိုသော နာမည်ကား မန်ဟို၏စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် ခတ်နှိပ်ခံထားရလေပြီ။ မန်ဟို့အတွက် ယင်းက သဲလွန်စတစ်ခု ဖြစ်သည်။
သူသည် တခဏတိတ်ဆိတ်စွာ ထိုင်နေပြီးနောက်မှ မျက်လုံးဖွင့်လိုက်၏။ ထိုအခါ အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများကို မြင်လိုက်ရသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် သူတို့အနေဖြင့် မည်သို့မျှဣန္ဒြေမဆည်နိုင်တော့ပေ။
ပထမ ဆယ့်ခြောက်ရက်ကြာ ဉာဏ်အလင်းရှာနိုင်မှု၊ ဒုတိယ မိုးကောင်းကင်ကို ကိုင်လှုပ်ခဲ့သော တန်ခိုးရှင်အရှိန်အဝါ။ ထို့နောက် သူတို့အပေါ် ဖိနှိပ်ခဲ့သော ကောင်းကင်ဘုံလာအင်အားကြီး သက်ရောက်လာသည်။ ထိုအရာအားလုံးက သူတို့အား မန်ဟို့ကို လုံးလုံးလျားလျား ကြောက်လန့်သွားစေလေသည်။
မန်ဟို့အတွက် စိတ်ပြန်ထိန်းရန် တခဏကြာသော်လည်း နဝမမြေထုကို ပြန်လှည့်ကြည့်လိုက်ပြန်သည်။ ထို့နောက် သူ၏တတိယမျက်လုံးသည် ဖြေးညင်းစွာ ပိတ်သွား၏။ သူ၏အမြင်အာရုံ ပုံမှန်ပြန်ဖြစ်သွားလျှင် သူက သလွန်ပေါ်မှ ဆင်းလာသည်။
ထိုအခိုက်အတန့်တွင် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများသည် တွေဝေရှုပ်ထွေးသောခံစားချက်များဖြင့် သူ့ကို ကြည့်နေကြလေပြီ။
တအောင့်တိတ်ဆိတ်နေပြီးနောက် ဂိုဏ်းချုပ်က ချောင်းဟန့်ကာ တစ်ခုခုပြောဖို့ ပြင်သည်။ ထိုအချိန်မှာပဲ မြေထုတစ်ခုလုံး ယိမ်းခါသွား၏။ လှိုင်းဂယက်များက ကောင်းကင်ထက်သို့ ဖြာထွက်သွားပြီး ခမ်းနားကြီးသောအရောင်အဝါတို့ ဖြာဆင်းလာသည်။ ထိုအရောင်အဝါတွင် ပထမမြေထုအပေါ်ရှိ အအေးဓာတ်အား တစတစလျော့နည်းလာစေသော အနွေးဓာတ်ပါရှိသည်။
သို့သော် ယင်းက သိပ်အရေးမကြီးသေး။ မန်ဟိုနှင့် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူအားလုံးအတွက် အံ့ဩစရာအကောင်းဆုံးမှာတော့ ... သူတို့ခြေထောက်အောက်ရှိ မြေကြီးမှ မြက်များပေါက်လာခြင်းပင်။ မျက်စိတစ်မှိတ်အတွင်း သူတို့ပတ်ဝန်းကျင်သည် မြစိမ်းရောင်ကတ္တီပါဖြင့် လွှမ်းခြုံခံလိုက်ရသကဲ့သို့ စိမ်းစိုလာ၏။
မြို့တစ်မြို့ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။ အဝေးရှိ တချို့နေရာများတွင် တောင်များ၊ မြစ်များကို မြင်လာရသည်....
သူတို့၏အနီးနားရှိ ပတ်ဝန်းကျင်သာမဟုတ်။ မြေထုတစ်ခုလုံးကား အံ့ဩဘနန်း ပြောင်းလဲနေလေပြီ။
ဤဆန်းပြားသောအပြောင်းအလဲက ဂိုဏ်းချုပ်အား မျက်နှာပျက်သွားစေသည်။
“အချိန်စေ့ပြီ။ ငါတို့ ဒီထက်ပိုနေလို့ မရတော့ဘူး။ ဆက်နေရင် .... သေရလိမ့်မယ်။ မန်ဟို ဒီကတစ္ဆေတွေကို မင်း အမိန့်ပေးရင်တောင်မှ မင်းလည်း သေရလိမ့်မယ်
“သွား အားလုံးသွားကြတော့ အခုချက်ချင်း” ဂိုဏ်းချုပ်သည် အဝေးသို့ အမြန်ဆုံးထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။
ကျန်ပါရာဂွန်များလည်း ဖြစ်ပျက်နေသောအရာကို သိရှိထားပုံပေါ်သည်။ ကျင်ယွင်ရှန်းနှင့် ရှကျုံတုံးတို့အပါအဝင် အကုန်လုံး တဟုန်ထိုး ပျံထွက်သွားကြသည်။
မန်ဟို၏မျက်လုံးများ လင်းလက်သွားသည်။ တစ်ချိန်တည်းမှာပင် ကြေးမီးအိမ်၏မီးတောက် အားနည်းလာနေပြီး သူနှင့်တစ္ဆေများ၏ ဆက်သွယ်မှုလည်း ပျောက်ကွယ်လာနေသည်ကို သူ ခံစားလိုက်ရ၏။
သူသည် တွန့်ဆုတ်မနေဘဲ လေပေါ်ပျံတက်ကာ ဂိုဏ်းချုပ်တို့နှင့်အတူ မြေထု၏အထွက်ဖြစ်သော တံတားထံ ဦးတည်လိုက်၏။
သူတို့ပျံသန်းနေကြစဉ် ဂိုဏ်းချုပ်က မန်ဟို့ကို ရှင်းပြသည်။ “သင်္ချိုင်းဗိမာန်ပွင့်လာရင် အချိန်က အကန့်အသတ်ရှိတယ်။ ဆယ်ရက်အတွင်း ပထမမြေထုကို မရောက်ရင် အဲဒီမြေထုရဲ့အပြင်မှာ ထူးဆန်းတာတွေ ဖြစ်လာလိမ့်မယ်။ အချိန်အကန့်အသတ်ကို ငါတို့ကျော်သွားတာနဲ့ ... မြေထုအပြင်က အပျက်စီးတွေဟာ ရှေးခေတ်ကို ပြန်ရောက်သွားရော။ တစ္ဆေတွေတောင် သက်ရှိလူတွေပြန်ဖြစ်ကုန်တာ။ ဒါပေမဲ့ ထူးဆန်းတာတစ်ခု ဖြစ်လာတယ်။ အဲဒီထူးဆန်းတာက သူတို့အားလုံးသေကုန်တာပဲ
“အဲဒီအချိန်ကျ ငါတို့လူတချို့လည်း သေကြရတယ်..
“ပထမမြေထုကို ရောက်တာနဲ့ အချိန် တစ်လရမယ်။ ဒုတိယမြေထုဆီ တစ်လအတွင်း မသွားနိုင်ရင် သင်္ချိုင်းဗိမာန်ကနေ ထွက်သွားရလိမ့်မယ်
“အချိန်ပြည့်သွားလို့ မြေထုရဲ့အပြင်မှာ ဖြစ်တာတဲ့ ထူးထူးဆန်းဆန်းအရာတွေကို ထည့်တွက်ရင် မြေထုတွေထဲမှာ ဘာတွေဖြစ်လာမလဲ တွေးကြည့်လိုက်
“ဒီသင်္ချိုင်းဗိမာန်က အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံးရဲ့ အန္တရာယ်အများဆုံးနေရာတွေထဲက တစ်နေရာလို့ ပြောရင်တောင် ချဲ့ကားရာမရောက်ဘူး။ ဒီနေရာက အနှစ်သာရ ၉ ခုအဆင့်တွေအတွက်တောင် တားမြစ်နေရာတစ်နေရာပဲ
“အခု ငါတို့အနေနဲ့ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ အမြန်ဆုံး တစ်နှစ်နေရင် ငါတို့ပြန်လာနိုင်လိမ့်မယ်.... ပြီးရင် ဒုတိယမြေထုကို ရောက်မယ်လို့ မျှော်လင့်ရတာပဲ။ ရောက်နိုင်ရင်တော့ ငါတို့အထဲမှာ ပိုကြာကြာနေနိုင်လိမ့်မယ်”
မန်ဟို ဂိုဏ်းချုပ်ရှင်းပြသည်ကို နားထောင်နေစဉ် တစ္ဆေများနှင့် ဆက်သွယ်မှု ပျောက်ကွယ်နေသည်ကို ခံစားနေရသည်။ မကြာမီ ၎င်းသည် ပျောက်ဆုံးသွားပြီး ကြေးမီးအိမ်လည်း မှောင်ကျသွားခဲ့လေပြီ။
သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ .....
သူ့စိတ်သည် ချာချာလည်သွား၏။ အပျက်အစီးအားလုံး မူလပကတိအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်ကို သူ မြင်လိုက်ရသည်။ မြေပြင်ထက်တွင် ခံညားစွာ ရပ်တည်နေသော မြို့များကို သူ တွေ့လိုက်ရ၏။ ရုပ်တုများ ရုတ်တရက် ပေါ်လာကာ စောစောကမရှိခဲ့သည့် တောင်တန်းများ သွယ်တန်းနေသည်ကိုလည်း မြင်လိုက်ရလေသည်။