← Chapters

အစ်ကိုကြီးချန်အားကူညီခြင်း

Vol. 48 Ch. 664

အစ်ကိုကြီးချန်အားကူညီခြင်း

Vol. 48 Ch. 664

အနက်ရောင်စိမ့်တော၌

အနက်ရောင် ခြင်သုံးကောင်သည် အရှိန်အဝါများအား ဖိနှိပ်ကာ အဝေးရှိ မြို့ကြီးတစ်မြို့ထံ ပျံဝဲနေကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်များမှာ မည်းနက်နေပြီး ပျံသန်းနေသော အရှိန်မှာ နှေးကွေးသည်ဟု ထင်မှတ်ရပါသော်လည်း စင်စစ်တွင်မူ လွန်စွာလျင်မြန်နေခြင်းပင်။

အဖြူနှင့်အမည်း လျှပ်စီးကြောင်းတစ်ခုမှာ ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

ထိုလျှပ်စီးထံမှ မျက်ဝန်းတစ်စုံ ရုပ်လုံးပေါ်လာကာ ကြောက်မက်ဖွယ် အရှိန်အဝါများလည်း ဖြာထွက်လာပြီး ခြင်သုံးကောင်အား ချက်ချင်းဖျက်စီးပစ်တော့မလို ထင်မှတ်ရသည်။

ခြင်သုံးကောင်မှာ ထိတ်လန့်လွန်းသောကြောင့် ထိုနေရာတွင်ပင် ရပ်တန့်လိုက်ကြသည်။

"စီနီယာ ကျွန်တော်တို့က သခင်အန်လင်းရဲ့ အစေခံတွေပါ။"

ခြင်တစ်ကောင်မှ လေးစားရိုသေစွာ စကားဆိုလိုက်သည်။

ထိုမျက်ဝန်းမှာ ၎င်းတို့အား အချိန်အတန်ကြာ စူးစိုက်ကြည့်ရှုနေပြီးနောက် ဘယ်သောအခါမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားတော့သည်။

ခြင်သုံးကောင်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် တစ်ဦးကိုတစ်ဦးကြည့်ကာ ဟွမ်းချန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

ရာသီဥတုမှာ အတော်ပင် ကောင်းမွန်ပြီး နွေးထွေးသော နေရောင်ခြည်မှာ မြေပြင်တခွင် ဖြာကျလို့နေသည်။

အန်လင်းမှာ ချောမောခန့်ညားသော အမျိုးသားတစ်ဦးနှင့်အတူ ဟွမ်းချန်မြို့ အပြင်ဘက်တွင် ရှိနေသည်။

မီတာရာချီ အကွာအဝေးတွင်မူ လူပေါင်းများစွာ ရှိနေပြီး ၎င်းတို့နှစ်ဦးအား စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။

"အစ်ကိုကြီးချန်....စိတ်မလှုပ်ရှားနဲ့နော်။ အေးအေးဆေးဆေးပဲနေ။"

အန်လင်းမှာ ထိုစကားနှင့်အတူ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်ယူလိုက်သည်။

ရွှမ်းယွမ်ချန်သည် စိတ်အနှောင့်အယှက် ဖြစ်နေဟန်ဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"အတန်းဖော်အန်လင်းလည်း စိတ်မသက်မသာ ဖြစ်မနေပါနဲ့။ မင်းက ဒီလောက်အရေထူတာ မသေနိုင်ပါဘူး။"

"မသေနိုင်ပေမယ့် နာတတ်တယ်ဗျ။ ကျွန်တော်က အရမ်းခံစားချက်လွယ်တာ။"

အန်လင်း တုံ့ပြန်လိုက်သည်။

"အစ်ကိုကြီးချန်ရဲ့ နယ်ပယ်ကို ဖြည်းဖြည်းချင်းထုတ်ပြီး စိတ်ထဲမှာလည်း အရမ်းလှပတဲ့ ကမ္ဘာတစ်ခုကို တွေးနေနော်။ ဘာပဲဖြစ်ဖြစ် စိတ်ကိုတည်ငြိမ်အောင် ထားဖို့လည်း သတိမလွတ်စေနဲ့။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ရွှမ်းယွမ်ချန်သည် ဘာမှလုပ်စရာ မရှိသောကြောင့် ပျင်းရိလာပြီး သူ၏နယ်ပယ်အား ပြီးပြည့်စုံအောင် ပြုပြင်ရာတွင် အကူအညီပေးရန် အန်လင်းအား တောင်းဆိုခဲ့သည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားပါက နယ်ပယ်နှင့်ပက်သတ်၍ ဘာမှလုပ်နိုင်တော့မည် မဟုတ်သောကြောင့် ယခုကတည်းက ကြိုးစားကြည့်ထားရန် လိုအပ်သည်။

ရွှမ်းယွမ်ချန်မှာ အန်လင်းကိုသာ အာရုံစိုက်ထားပြီး အဖြူရောင် စွမ်းအင်မျှင်များမှာ ပေတစ်ထောင် ပတ်ပတ်လည်သို့ ဖြည်းညင်းစွာ ပြန့်ကားထွက်ပေါ်လာသည်။

သူ၏နယ်ပယ်မှာ တိမ်တိုက်မြူခိုးများ လွှမ်းခြုံနေပြီး အသွင်အမျိုးမျိုး ပြောင်းလဲကာ အသင်္ချေစိတ်ဝိဉာဉ်ထိုက်ချိထံမှ ပြည့်ဝလှသော အသက်စွမ်းအင်များ ထွက်ပေါ်နေသည်။ ခြောက်သွေ့ကွဲအက်နေသော မြေပြင်သည် ရွှမ်းယွမ်ချန် နယ်ပယ်၏ အကျိုးသက်ရောက်မှုကြောင့် စိမ်းစိုသော အပင်များ စတင်ပေါက်ရောက်လာကာ အသက်စွမ်းအင်များ ပြည့်လျှံလာသည်။

"ကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒေါသမထွက်စေနဲ့နော်။ အခု အစ်ကိုကြီးချန် လုပ်နေတာ အရမ်းကောင်းတယ်။"

အန်လင်းမှာ ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်မှ ခေါင်းထောင်ကြည့်ကာ ရွှမ်းယွမ်ချန်အား အားပေးလိုက်သည်။

အချို့သော ကျောင်းသူများမှာ တိမ်တိုက်မြူခိုးများကြား ခန့်ညားထည်ဝါစွာ ရှိသော အဖြူရောင်ဝတ်စုံနှင့် ရွှမ်းယွမ်ချန်အား ကြည့်မဝနိုင် ဖြစ်နေကြသည်။ ရွှမ်းယွမ်ချန်မှာ စုစည်းညီညွတ်ခြင်းကျောင်းတော်၏ အချောဆုံးကျောင်းသား ဖြစ်နေဆဲပင်။

အန်လင်း တံထွေးမြိုချကာ စကားဆိုလိုက်သည်။

"အစ်ကိုကြီးချန် ကျွန်တော် စတိုက်တော့မယ်နော်။"

"ကောင်းပြီ။ စလိုက်တော့။"

ရွှမ်းယွမ်ချန်မှာလည်း အသက်ရှူသံများ မြန်ဆန်နေပြီး စိတ်လှုပ်ရှားနေကြောင်း ထင်ရှားလှသည်။

"အစ်ကိုကြီးချန်ရေ လာပြီဟေ့။"

အန်လင်း ဟစ်ကြွေးကာ လက်သီးပုံရိပ်တစ်ခုအား ထုတ်ဖော်လိုက်သည်။

လက်သီးကြီးမှာ ရွှမ်းယွမ်ချန်ထံ ဦးတည်ပျံဝဲသွားလေသည်။

ရွှမ်းယွမ်ချန်သည် အသင်္ချေစိတ်ဝိဉာဉ်ထိုက်ချိဖြင့် အန်လင်း၏ တိုက်ခိုက်မှုအား လမ်းလွှဲကာ မြေပြင်ထံ ပို့ဆောင်လိုက်သည်။ မြေပြင်တွင် မီတာဆယ်နှင့်ချီသော အက်ကွဲကြောင်းများ ဖြစ်သွားရလေသည်။

"ထပ်တိုက်လို့ရသေးတယ် အတန်းဖော်အန်လင်း..."

"အင်း....အခု နည်းနည်းပိုကြမ်းလိုက်မယ် အစ်ကိုကြီးချန်။"

ဘန်း.....ဘန်း....ဘန်း....

အန်လင်းမှာ အထွဋ်အထိပ်မြေကြာပန်းအတတ်အား အသက်သွင်းလိုက်သည်နှင့် ရွှေရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

ရွှမ်းယွမ်ချန်သည် ဓားအားကိုင်ကာ အန်လင်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများအား ခုခံနေပါသော်လည်း သူ၏ဓားချက်များသည် စစ်နတ်ဘုရား ခန္ဓာအား ခြစ်ရာမျှပင် မထင်စေနိုင်ခဲ့ပေ။

"အစ်ကိုကြီးချန် ကျွန်တော် မိုးကြိုးသုံးတော့မယ်။"

ဝုန်း....

မိုးကြိုးလျှပ်စီးများ ကောင်းကင်ထက်မှ သက်ဆင်းလာသည်။

ရွှမ်းယွမ်ချန်မှာ ရှောင်ရှားရန်ပင် အချိန်မရလိုက်သောကြောင့် ဘယ်ဘက်ပုခုံးမှာ မိုးကြိုးပစ်ခံလိုက်ရပြီး အဝတ်အစားများ စုတ်ပြဲကာ အသားအရေလည်း မည်းတူးသွားတော့သည်။

ဆိုးရွားလှသော နာကျင်မှုကြောင့် နှလုံးခုန်သံများ မြင့်တက်လာကာ အဖျက်စွမ်းအင်များ ထုတ်ဖော်ပစ်လိုက်ချင်ပါသော်လည်း အဆုံးတွင်မူ ဒေါသအား ထိန်းချုပ်နိုင်ခဲ့သည်။

အန်လင်းမှာ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ဒိုင်းအဖြစ်ထားကာ တိုက်ခိုက်မှုများကို ပြုလုပ်နေသည်။

ရွှမ်းယွမ်ချန်သည် အန်လင်း၏ ဖိနှိပ်မှုအား ခံနေရပြီး သူ၏နယ်ပယ်မှာ ဖြည်းညင်းစွာဖြင့် ကြမ်းတမ်းမှု လက္ခဏာများ ပြသလာသည်။

"အစ်ကိုကြီးချန် အသက်ပြင်းပြင်းရှူပြီး စိတ်ကိုထိန်းထားနော်။"

အန်လင်း သတိပေးလိုက်သည်။

"ပါးစပ်ပိတ်ပြီး ငါ့ကိုသာ ဆော်စမ်းပါ။"

ရွှမ်းယွမ်ချန်၏ မျက်ဝန်းများမှာ မီးဟုန်းဟုန်းတောက်နေသည်။

အန်လင်းသည် ရွှမ်းယွမ်ချန်၏ အမူအရာအား ကြောက်ရွံ့သွားသောကြောင့် တိုက်ခိုက်ခြင်း စွမ်းအင်များအား ရုတ်သိမ်းကာ ဖရိုဖရဲ သတ္ထုအုတ်ခဲကိုသာ အာရုံစိုက်လိုက်သည်။

"အတန်းဖော်အန်လင်း မင်းတိုက်တာတွေက ဘာလို့အားနည်းလာရတာလဲ။ ငါ့ကို အကန့်အသတ် ရောက်တဲ့အထိ ဖိအားပေးစမ်းပါ။"

ရွှမ်းယွမ်ချန်မှာ အန်လင်းအား အဆက်မပြတ် တိုက်ခိုက်နေပြီး ဓားပုံရိပ်ပေါင်းများစွာမှာ မြေပြင်ကိုပင် လောင်ကျွမ်းစေနေပြီ ဖြစ်သည်။

ရွှမ်းယွမ်ချန်၏ တောင်းဆိုမှုကြောင့် အန်လင်းမှာ အံကြိတ်ဆုံးဖြတ်လိုက်သည်။

"အစ်ကိုကြီးချန် ကျွန်တော် အပီသိပ်ပြီနော်။ သတိထားတော့။"

"လာစမ်းပါ။"

ရွှမ်းယွမ်ချန်မှာ စိတ်ခံစားချက် ကောင်းမွန်နေသောကြောင့် နယ်ပယ်အား ထိန်းချုပ်ရာတွင်ပင် တိုးတက်လာသည်။

ထိုအချိန်မှာပင် မီးတောက်မီးလျှံများ လောင်ကျွမ်းနေသော မြှားတစ်စင်း ထွက်ပေါ်လာကာ ရွှမ်းယွမ်ချန်၏ နယ်ပယ်အား ဖြတ်ကျော်ကာ ၎င်း၏ရင်ဘတ်ထံ ပျံဝဲလာသည်။

ရွှမ်းယွမ်ချန်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မြှားအားဓားဖြင့် ခုခံလိုက်သည်။

သို့သော် မြှားအားထိတွေ့လိုက်သည်နှင့် မီးတောက်မီးလျှံများမှာ ဓားမှတဆင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးအား လောင်ကျွမ်းသွားစေပြီး ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် ရွှမ်းယွမ်ချန်မှာ တုန်ခါလာရသည်။

စောင့်ကြည့်နေသော ကျောင်းသားများအားလုံး စိတ်မသက်မသာ ဖြစ်နေကြစဉ်မှာပင် တိုက်ပွဲထဲသို့ ခြင်သုံးကောင် ရောက်ရှိလာသည်။

"မြင့်မြတ်ခေါင်းဆောင်က အဝတ်အစားတွေ စုတ်ပြတ်နေပေမယ့် ခန္ဓာကိုယ်ကတော့ အကောင်းအတိုင်းပဲ။"

ခြင်ကတ်စီဒီ စကားဆိုလိုက်သည်။

"အသံသိပ်မကျယ်နဲ့ ကတ်စီဒီ....မြင့်မြတ်ခေါင်းဆောင် အံ့သြသွားရအောင်လို့။"

ခြင်မာလင်မှ သတိပေးလိုက်သည်။

ခြင်တိုဘိယ အနည်းငယ် တွေဝေနေသည်။

"ငါတို့ ရုတ်တရက်ကြိး ရောက်လာရင် မြင့်မြတ်ခေါင်းဆောင် အရမ်းလန့်သွားလိမ့်မယ်။ ပုံမှန်အတိုင်းပဲ သွားတွေ့တာ မကောင်းဘူးလား။ ခံစားချက် သိပ်မကောင်းနေဘူး။"

"စိတ်မပူပါနဲ့.....မြင့်မြတ်ခေါင်းဆောင်ဆီ ဒီပုံစံနဲ့သွားပြီး အာဘွားတစ်ချက်စီ ပေးလိုက်ကြတာပေါ့။ သွေးလေးလည်း စုပ်ရင်းနဲ့လေ။"

ခြင်ကတ်စီဒီ၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေသည်။

"မိုက်တယ်ကွာ။ အဲ့ဒါကြောင့် ခြင်ပုံစံပြောင်းဖို့ ပြောခဲ့တာလား။"

ခြင်မာလင်မှာ ခေါင်းညိတ်ထောက်ခံလိုက်သည်။

ခြင်တိုဘိယမှာ ခေတ္တမျှ တွေးတောပြီးနောက် မြင့်မြတ်သွေးစက်အား မငြင်းဆန်နိုင်သောကြောင့် ပါးစပ်ပိတ်နေလိုက်ရသည်။

ထိုသို့ဖြင့် ခြင်သုံးကောင်မှာ အန်လင်းအနား ရောက်ရှိလာကြသည်။

"အန်... အန်လင်း ငါမထိန်းနိုင်တော့ဘူး။"

ရုတ်ချည်းဆန်သော အော်ဟစ်သံကြောင့် ခြင်သုံးကောင် လန့်ဖြန့်သွားရလေသည်။

ထို့နောက် အကန့်အသတ်မဲ့သော မီးတောက်မီးလျှံများမှာ ခြင်သုံးကောင်အား လွှမ်းမိုးသွားတော့သည်။

ဝုန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ကမ္ဘာမြေသည်လည်း တုန်ဟီးသွားရသည်။

တစ်ကီလိုမီတာ ပတ်ပတ်လည်တွင် မှိုပွင့်သဏ္ဍာန် တိမ်တိုက်ကြီးမှာလည်း ကောင်းကင်ထက်သို့ ထိုးတက်လာတော့သည်။

All Chapters