အဝေးမှလက်ဆောင်
Vol. 48 Ch. 666
"အန်လင်း......လေဒင်က ဧကရာဇ်ရိတန်းရဲ့ သားတော်ဆိုတာ မမေ့နဲ့ဦး။"
စုရှောင်လန် မျက်မှောင်ကျုံ့ကာ သတိပေးလိုက်သည်။
အန်လင်းသည် လေဒင်အား အမှောက်သိပ်နိုင်လောက်ပါသော်လည်း ဧကရာဇ်ရိတန်းသည် တာအိုပေါင်းစည်းခြင်းအဆင့် ရှိသောကြောင့် ပေါ့ပေါ့တန်တန် မတွေးတောသင့်ပေ။
"တခြားနည်းလမ်း မရှိဘူးလေ။ ကိုဘယ်သူလဲဆိုတာ လေဒင်က အနှေးနဲ့အမြန် သိသွားပဲလေ။ သူပြန်ကောင်းသွားတဲ့ အချိန်ကြရင် ကို့ကိုလာရှာလိမ့်မယ်။ အဲ့ဒါကြောင့် အခုတည်းက ရှင်းထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ။"
စုရှောင်လန်၏ စိုးရိမ်ပူပန်မှုကြောင့် အန်လင်းမှာ နှလုံးသားများ အရည်ပျော်ကျနေပါသော်လည်း အမူအရာမှာ လေးနက်တည်ကြည်နေသည်။
"အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ။ လေဒင့်ဆီမှာ ဝှက်ဖဲတွေ အများကြီးပဲ။ ဧကရာဇ်ထျန်းဟောင်တောင် သူ့ကိုမသတ်နိုင်ခဲ့ဘူး။ အဲ့ဒါကို ငါတို့က သတ်နိုင်မှာတဲ့လား။"
"လေဒင်က အနက်ရောင်စိမ့်တောရဲ့ ဗဟိုဒေသမှာ ဆိုတာလည်း မမေ့နဲ့ဦး။ သူ့ကို အချိန်တိုအတွင်း အပြတ်ရှင်းရမယ့်အပြင် စစ်ကူတွေ မရောက်လာခင် လွတ်အောင်ပြေးနိုင်မှရမယ်။ ဒီကိစ္စကို ဖြစ်အောင်လုပ်ဖို့ တကယ်မလွယ်ဘူး။ အဲ့ဒါကြောင့် အရင်ဆုံး သေသေချာချာ စဉ်းစားစေချင်တယ်။"
ဓားအင်မော်တယ်လင်းရှောင်သည် အခြေအနေအား ကောင်းစွာနားလည်နေသောကြောင့် အန်လင်းကို မစွန့်စားစေလိုပေ။
လေဒင်သည် ဆိုးဆိုးရွားရွား ထိခိုက်ထားစေကာမူ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ဖြစ်သောကြောင့် အသက်အန္တရာယ်အတွက် ရေကုန်ရေခမ်း ခုခံတိုက်ခိုက်လာပါက သတ်ဖြတ်ရန် လွယ်မည်မဟုတ်ပေ။
"သူ့ကို မြင့်မြတ်သွေးစက် သုံးလိုက်ရင်ရော ဘယ်လိုလဲ။"
မာလင် တွေဝေစွာ အကြံပေးလိုက်သည်။
အန်လင်း မဆိုင်းမတွ ခေါင်းခါပြလိုက်သည်။
"အဲ့လို အုတ်ကြားမြက်ပေါက်ကောင်ကို မတော်တဆ အနေနဲ့တောင် အစေခံဖြစ်လာမှာ မလိုချင်ဘူး။ အဲ့သုံးစားမရတဲ့ကောင်က ငါ့တပည်နဲ့ သူငယ်ချင်းတွေကို သတ်မလို့ လုပ်ခဲ့တာ။ အဲ့ကောင် သေကိုသေရမယ်။"
မိုက်လိုက်တာ.....
သွေးမျိုးနွယ်စု အစေခံ သုံးဦးမှာ ရင်ထဲထိသွားရပြီး တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်ကြသည်။
ကတ်စီဒီ စကားဆိုလိုက်သည်။
"ကျွန်မ ကြီးမြတ်သောနယ်မြေကနေ သွေးကျိန်စာကြယ်ဓားကို ယူလာခဲ့တယ်။ ဒါက လေဒင်ရဲ့ အားကောင်းလွန်းတဲ့ အသက်စွမ်းအင်ကို ခဏလောက် ဖိနှိပ်ထားပေးနိုင်တယ်။ အဲ့ဒါကြောင့် တစ်ခုခု ဖြစ်သွားရင် ချက်ချင်းပြန်ကောင်းလာနိုင်မှာ မဟုတ်ဘူး။"
မာလင်လည်း စကားဝိုင်းထဲ ဝင်ရောက်လာသည်။
"ကျွန်တော်လည်း ကြီးမြတ်သောနယ်မြေကနေ ဝိဉာဉ်ဖျက်စီးခြင်းပုတီးစေ့ ရလာတယ်။ ဒီဟာက ဝိဉာဉ်စွမ်းအင်တွေထုတ်ပြီး ချိပ်ပိတ်တဲ့ ဝင်္ကပါတစ်ခု လုပ်ပေးနိုင်တယ်။ လေဒင်က အံ့ဖွယ်တာအိုအစွမ်းကို ထုတ်သုံးရင်တောင် ဒီဝင်္ကပါကနေ အချိန်အတိုင်းအတာ တစ်ခုထိ လွတ်နိုင်မှာ မဟုတ်ဘူး။"
တိုလိယလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော့်မှာလည်း သွေးမျိုးနွယ်စုခေါင်းဆောင်ရဲ့ သွေးတစ်စက် ပါလာတယ်။ အဲ့ဒါကို မန္တာန်တစ်ခုနဲ့ပေါင်းပြီး သုံးလို့ရတယ်။ မြင့်မြတ်သောတမာန်တော်တွေသာသုံးရင် သွေးမျိုးနွယ်စုခေါင်းဆောင်ရဲ့ အစွမ်းကို ခဏလောက်ရပြီး တာအိုပေါင်းစည်းခြင်းအဆင့်နဲ့တောင် တိုက်နိုင်လိမ့်မယ်။"
အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။
"သောက်ရမ်းမိုက်တဲ့ ရတနာတွေပဲ။"
အန်လင်းလည်း အံ့အားသင့်သွားမိသည်။
မြင့်မြတ်ခေါင်းဆောင်၏ ချီးကျူးမှုအား ခံလိုက်ရသောကြောင့် သွေးမျိုးနွယ်စု အစေခံ သုံးဦးမှာ စိတ်ကျေနပ်သွားရသည်။
"သွေးမျိုးနွယ်စုရဲ့ ကြီးမြတ်သောနယ်မြေကရတဲ့ ရတနာတွေကိုသုံးပြီး မြင့်မြတ်သောတမာန်တော် ဖြစ်လာဖို့ အလားအလာ အကောင်းဆုံး ဖြစ်ခဲ့ဖူးတဲ့သူကို ဆော်ပလော်တီးမှာပေါ့။ အရမ်းမိုက်တာပဲ။"
စုရှောင်လန်၏ ကံတရား၏ ဆန်းကြယ်ပုံကို အံ့အားသင့်နေမိသည်။
မြင့်မြတ်သခင်မ၏ သဘောကျမှုကြောင့် အစေခံ သုံးဦးမှာ ပြုံးရယ်မိကြပြန်သည်။
"ဒါကရှယ်ဝှက်ဖဲတွေပဲ။ သူ့ကိုချောင်ပိတ်ဖမ်းပြီးမှ သတ်ပစ်ရမယ်။ လေဒင်အတွက် နောက်ဆုံးအစာသုံးနပ်ပေါ့။"
အန်လင်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
သို့သော် ချက်ချင်းဆိုသလို ငြိမ်ကျသွားပြန်သည်။
"မဟုတ်သေးဘူး။ ဒီကိစ္စပြီးရင် မင်းတို့သရုပ်မှန်တွေပေါ်ပြီး အနက်ရောင်စိမ့်တောမှာ ဆက်နေလို့ ရမှာမဟုတ်ဘူး။ သွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သောတမာန်တော်ဆိုတာ နယ်နယ်ရရမှ မဟုတ်တာ။ ဒီလိုပြဿနာလောက်နဲ့ ရှုပ်ကုန်လို့ မဖြစ်ဘူး။"
သွေးမျိုးနွယ်စု အစေခံ သုံးဦးမှာ မရမက ငြင်းဆန်လာကြသည်။
"မြင့်မြတ်ခေါင်းဆောင်ကို စော်ကားတဲ့သူ မှန်သမျှ သေကိုသေရမယ်။ လုံးဝသက်ညှာမပေးဘူး။"
တိုဘိယ စကားဆိုလိုက်သည်။
"မှန်တယ်။"
ကတ်စီဒီလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"မြင့်မြတ်ခေါင်းဆောင် အတွက်ဆိုရင် ဒီလောက်လေး အနစ်နာခံရတာက မပြောပလောက်ပါဘူး။"
"မြင့်မြတ်သောတမာန်တော် ရာထူးက မြင့်မြတ်ခေါင်းဆောင်ရဲ့ အစေခံဖြစ်ခွင့်ရတာနဲ့ ယှဉ်လို့တောင် မရပါဘူး။ မြင့်မြတ်ခေါင်းဆောင်အတွက်ဆို ဘာမဆို ပေးဆပ်ရဲပါတယ်။"
မာလင်လည်း လေးလေးနက်နက် တုံ့ပြန်လိုက်သည်။
အန်လင်းမှာ ဘာမှထပ်မပြောတော့ပေ။ သူ၏အစေခံများသည် အနစ်နာခံရန် ဆန္ဒရှိကြပါသော်လည်း ထိုသည်ကို သူလက်မခံနိုင်ပေ။
သွေးမျိုးနွယ်စု၏ မြင့်မြတ်သောတမာန်တော် ရာထူးမှာ တာအိုပေါင်းစည်းခြင်း အဆင့်များကပင် အားကျမနာလို ဖြစ်ရသော ဘွဲ့ထူးဂုဏ်ထူး ဖြစ်သောကြောင့် သူ့အနေဖြင့် အစေခံများအား ကောင်းမွန်သော အခွင့်အရေးကို လက်မလွှတ်စေလိုပေ။
အန်လင်းမှာ ပိုမိုအဆင်ပြေမည့် နည်းလမ်းအား တွေးတောနေစဉ်မှာပင် ကြိုးကြာဖြူတစ်ကောင်မှာ ရုတ်ချည်းဆိုသလို ပျံဝဲလာသည်။
ကြိုးကြာအော်သံသည် ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုအား ဖြိုခွင်းပစ်လိုက်သည်။
အန်လင်းတို့ မော့ကြည့်လိုက်သောအခါ ထိုကြိုးကြာဖြူသည် ကောင်းကင်ထက်တွင် စက်ဝိုင်းသဏ္ဍာန် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
ထိုကြိုးကြာဖြူသည် ခမ်းနားလွန်းပြီး ၎င်း၏ငှက်မွှေးများ နေရောင်အောက်တွင် တောက်ပနေသည်မှာ ကျက်သရေ ရှိလွန်းလှသည်။
ဖရဲသီးထက်ကြီးသော မျက်ဝန်းများမှလွဲ၍ ကြိုးကြာဖြူမှာ အမှန်တကယ် လှပပေသည်။
အားလုံးမှာ အသက်ရှူရန်ပင် မေ့လျော့မိရလောက်အောင် ထိုမြင်ကွင်းကိုသာ ငေးမောနေမိကြသည်။
အန်လင်းမှာ ထိုကြိုးကြာ၏ ပိုင်ရှင်အား ချက်ချင်းဆိုသလို ရိပ်မိလိုက်လေသည်။
ထိုမျက်လုံးကြီးများမှာ အလွန်ပင် သိသာလွန်းနေသည် မဟုတ်လော။
ဘန်း.....
ကြိုးကြာဖြူမှာ ရုတ်တရက် မှင်ရည်များအဖြစ် ပေါက်ကွဲသွားပြီးနောက် မျက်လုံးကြီးများမှာ အန်လင်းရှေ့သို့ ပြုတ်ကျလာကာ မှိတ်တုတ်မှိတ်တုတ် လုပ်နေသည်။
ထိုသည်မှာ အူကြောင်ကြောင်နိုင်လှသော မြင်ကွင်းတစ်ခုပင်။
"မြင့်မြတ်ခေါင်းဆောင် သတိထား....အဲ့ဒါဗုံးတွေပဲ။"
"မြင့်မြတ်ခေါင်းဆောင်ကို ဘယ်သူကများ ကြံစည်ရဲတာလဲ။"
"မြန်မြန်အဲ့မျက်လုံးတွေနားက ခွာလိုက်။ ကျိန်စာတွေဘာတွေ ပါနိုင်တယ်။"
သွေးမျိုးနွယ်စု အစေခံ သုံးဦးမှာ ကို့ရို့ကားယားဖြင့် အန်လင်းအား ကာကွယ်ပေးနေချိန်တွင် ကိုယ်တော်ချော အန်လင်းမှာ မျက်လုံးများကိုကြည့်ကာ လေးလေးနက်နက် တွေးတောနေသည်။
"ဘာမှမဖြစ်ပါဘူး။ ဒီမျက်လုံးတွေက တော်တော်လေး ရုပ်ဆိုးနေရုံပါပဲ။"
အန်လင်းမှာ အစေခံ သုံးဦးအား ကျော်ခွကာ မျက်လုံးများကို ကောက်ယူလိုက်သည်။
လင်ကျွင်းကျွင်း လက်ချက်ပဲဖြစ်မှာ.....
"မလုပ်ပါနဲ့ မြင့်မြတ်ခေါင်းဆောင်။"
"အန္တရာယ်ရှိတယ်။"
မည်သို့ပင်ဆိုစေကာမူ မျက်လုံးနှစ်လုံး ပေါက်ကွဲသွားသောကြောင့် ၎င်းတို့၏ စကားသံများအား မကြားရတော့ပေ။
ဘန်း.....
အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ချက်ချင်းပင် စာတစ်ဆောင်နှင့်အတူ အနက်ရောင်ဝတ်စုံ ဆယ်စုံ ထွက်ပေါ်လာသည်။
"အရှိန်အဝါ ဖုံးကွယ်ပေးသော ဝတ်စုံဖြစ်ပြီး အနက်ရောင်စိမ့်တော၏ လေထုညစ်ညမ်းမှုအား ခံနိုင်ရည်ရှိစေကာ တာအိုပေါင်းစည်းခြင်း အဆင့်များ၏ အာရုံခံမှုမှလည်း လွတ်မြောက်နိုင်သည်။ ကောင်းကင်အရှင်သခင်မှ ချီးမြှင့်လိုက်ခြင်းဖြစ်ပြီး သက်တမ်းသုံးရက်အထိ အသုံးပြုနိုင်သည်။"
အန်လင်းမှာ စာထဲတွင် ရေးသားထားသော အကြောင်းအရာအား ဖတ်ပြလိုက်သည်။
ထိုစကားကြောင့် အားလုံးမှာ ကိုယ့်နားကိုယ်ပင် မယုံနိုင် ဖြစ်ကုန်သည်။
"ကောင်းကင်အရှင်သခင်က ချီးမြှင့်လိုက်တာဟုတ်လား။"
ရွှမ်းယွမ်ချန် စိတ်လှုပ်ရှားနေသည်။
"အရှိန်အဝါ ဖုံးကွယ်ပေးတဲ့ ဝတ်စုံက အချိန်ကိုက် ရောက်လာတာပဲ။ ကောင်းကင်အရှင်သခင်က ငါတို့အကြံကိုများ သိနေတာလား မသိဘူး။"
ဓားအင်မော်တယ်လင်းရှောင်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ကတ်စီဒီ စကားဆိုလိုက်သည်။
"ကျွန်မတို့လာတဲ့လမ်းမှာ ကောင်းကင်ဘုံခုံရုံးက တစ်ယောက်နဲ့ တိုးခဲ့သေးတယ်။ အဲ့ဒါကြောင့်များလား မသိဘူး။"
ထို့နောက် သူမသည် ကြောက်မက်ဖွယ် လျှပ်စီးမျက်ဝန်းတစ်စုံအကြောင်း ရှင်းပြလိုက်သည်။
လူတိုင်းမှာ ရုတ်ချည်းဆိုသလို အခြေအနေအား နားလည်သွားကြသည်။
"အဲ့ဒါဆို ဧကရာဇ်ထျန်းဟောင်က ကောင်းကင်အရှင်သခင်ကို သတင်းပို့လိုက်တာပေါ့။"
"ကြည့်ရတာ ကောင်းကင်ဘုံခုံရုံးက ငါတို့အကြံကို သဘောတူပုံရတယ်။"
"အထောက်အပံ့တွေတောင် ပေးလာမှတော့ မေးနေစရာ လိုသေးလို့လား။"
"ငါတို့ဘာလုပ်ကြမလဲ။"
"ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး။"
အန်လင်းတို့မှာ အချိန်အနည်းငယ်မျှ ဆွေးနွေးပြီးသည့်နောက် လေဒင်အား အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။