နှင်းခရမ်းပြာတောင်တန်းပေါ်မှစွန့်စားခန်
Vol. 48 Ch. 667
ကောင်းကင်ဘုံခုံရုံး၏နန်းဆောင်၌
လှပသော ကောင်းကင်နတ်မိမယ်တစ်ဦးသည် စုတ်တံအားကိုင်ကာ ပိတ်ကားပေါ်မှ ပန်းချီကားအား ကြည့်ရှုနေသည်။ ခေတ္တမျှ ကြာမြင့်သွားပြီးနောက် ထိုပန်းချီကားမှာ ပျောက်ကွယ်သွားတော့သည်။
"အဖေ....အရှိန်အဝါ ဖုံးကွယ်ပေးတဲ့ ဝတ်စုံတွေ အန်လင်းဆီ ရောက်သွားပြီ။ ဒါပေမယ့် သူ့ရဲ့ကိစ္စကို တကယ်ပဲ ဝင်မပါတော့ဘူးလား။ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ သူတိုက်ရမယ့်သူက ဟင်းလင်းပြင်သို့အပြန် အဆင့်နော်။"
မိန်းမငယ်လေးမှာ အလိုမကျဟန်ဖြင့် မျက်မှောင်ကျုံ့နေသည်။
နန်းဆောင်ဝတ်ရုံနှင့် ချောမောခန့်ညားသော သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ရှောင်ဇီရယ်....သူ့ကိုမယုံဘူးလား။"
မိန်းမငယ်လေးမှာ အနည်းငယ် ရှက်သွေးဖြာသွားရသည်။
"သမီးက စိတ်ပူတာ မဟုတ်ပါဘူးနော်။ ပြီးတော့ ဘာကိစ္စနဲ့ သူ့ကိုယုံရမှာလဲ။ သူသေသွားရင် ခရမ်းကြယ်စင် အချက်အလက်တွေ မရလိုက်မှာကိုပဲ စိုးရိမ်မိတာ။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သမီးဖြစ်သူ၏ ဆင်ခြင်အား လျစ်လျူရှုထားသည်။
"အဖေတို့က အန်လင်းကို မကူညီချင်တာ မဟုတ်ပါဘူး။ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတွေပါ ဝင်ပါလိုက်ရင် ပြဿနာ ပိုကြီးကုန်လိမ့်မယ်။ သွေးမျိုးနွယ်စုက ဒီကိစ္စကို ရမယ်ရှာရင် အန်လင်းပဲ ပိုဒုက္ခများမှာ။"
"အဖေတို့သာ ဝင်မပါရင် ဒီကိစ္စက လူငယ်တွေကြားက ပြဿနာဆိုပြီး ခေါင်းစဉ်တပ်လိုက်လို့ရတယ်။ လေဒင်သေသွားရင်တောင် အန်လင်းထက် ညံ့လို့ပဲလေ။ အဲ့အချိန်ကြရင် ဧကရာဇ်ရိတန်းလည်း ဘာမှပြောနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကိုမှ ဧကရာဇ်ရိတန်းက မကျေမနပ်ဖြစ်ပြီး ဝင်ပါလာရင် ကောင်းကင်ဘုံခုံရုံးကလည်း ငြိမ်မနေပါဘူး။"
"ဦးလေးထျန်းဟောင်ရော သူတို့ကို ကူညီပေးမှာလား။"
မိန်းမငယ်လေး မေးမြန်းလိုက်သည်။
"အင်း....သူက အနက်ရောင်စိမ့်တောရဲ့ နယ်စပ်မှာ ရှိနေလိမ့်မယ်။ သွေးမျိုးနွယ်စု တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသာ ဝင်ပါလာရင် ချက်ချင်းလှုပ်ရှားမှာ မပူနဲ့။ အန်လင်းက နှစ်တစ်သောင်းမှတစ်ခါ တွေ့ရဖို့ မလွယ်တဲ့ ပါရမီရှင်မျိုးပဲ။ အဲ့ဒါကြောင့် သူ့ကို ဘာမှဖြစ်ခံမှာ မဟုတ်ဘူး။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်းအကြောင်း စကားဆိုရင်း စိတ်ကျေနပ်နေပုံ ရသည်။
ကောင်းကင်အရှင်သခင်သည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၌ ဧကရာဇ်ဇီဝေး ပယ်ပယ်နယ်နယ် အကြိတ်ခံရသည်ကို ယခုထိတိုင် အမှတ်ရနေသေးသည်။
.........
ဟွမ်းချန်မြို့တော်၌
လေဒင်အား အပြတ်ရှင်းရန် ဆုံးဖြတ်ပြီးကြပြီဖြစ်ပြီး ဝတ်စုံဆယ်စုံ ရှိသောကြောင့် လူဆယ်ယောက်အား ရွေးချယ်ရမည် ဖြစ်သည်။
ကတ်စီဒီ၊ မာလင်၊ တိုဘိယ၊ ရှောင်ဇယ်၊ တီနာ၊ အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်နှင့် ဓားအင်မော်တယ်လင်းရှောင်တို့ အတူတကွ သွားကြမည်ပင်။ တီနာ၏ လေဟာပြင်ခြယ်လှယ်ခြင်းစွမ်းရည်သည် ကောင်းမွန်လွန်းလှသောကြောင့် တစ်စုံတစ်ခု ဖြစ်လာပါက အန်လင်းတို့အား လျင်မြန်စွာ နေရာပြောင်းပေးရန် တာဝန်ယူထားသည်။
စီးတော်ယာဉ်ကြီး တပိုင်မှာမူ ယခုကဲ့သို့ အခြေအနေမျိုးတွင် လိုက်ပါရန် မသင့်တော်သောကြောင့် ကျန်ရစ်နေခဲ့ရသည်။
အရှိန်အဝါ ဖုံးကွယ်ပေးသော ဝတ်စုံအား ဝတ်ဆင်လိုက်သည်နှင့် ၎င်းတို့၏ အရှိန်အဝါများမှာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ်များသည် ပတ်ဝန်းကျင်နှင့် တသားတည်းကျနေပြီး နေရောင်သည်ပင် ၎င်းတို့အား အရိပ်မကျစေနိုင်ပေ။
ကောင်းကင်အရှင်သခင်၏ လက်ဆောင်မှာ အမှန်တကယ် အသုံးဝင်လှသည်။
"သွားရအောင်။"
ကတ်စီဒီတို့မှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ် ခြေချလိုက်သည်။
.......
အနက်ရောင်စိမ့်တော၏ နှင်းခရမ်းပြာတောင်တန်း၌
နှင်းခရမ်းပြာတောင်တန်းဟူသည် နှင်းပွင့်များ ခရမ်းပြာရောင် ဖြစ်နေခြင်းကို ဆိုလိုခြင်း မဟုတ်ပဲ တောင်တန်းပတ်လည် ကီလိုမီတာ ငါးရာသည် ခရမ်းပြာရောင် ဖြစ်နေသည်ကို ပြောလိုခြင်း ဖြစ်သည်။
ထိုပတ်ဝန်းကျင်ရှိ ကမ္ဘာမြေ သွေးကြောများတွင် အားကောင်းလွန်းသော ယင်းစွမ်းအင်များ ပါဝင်နေသောကြောင့် တစ်နှစ်ပတ်လုံး အပူချိန် ကျဆင်းနေတတ်သည်။ ထူထဲလှသော နှင်းလွှာများနှင့် ရေခဲထုများကသာ တောင်တန်းတလျှောက် ဖုံးလွှမ်းထားသဖြင့် မည်သည့်သွေးမျိုးနွယ်စု ကျင့်ကြံသူကမှ နှင်းခရမ်းပြာတောင်တန်းတွင် အခြေချနေထိုင်ခြင်း မရှိကြပေ။
သွေးနီရောင် ဝင်္ကပါ တစ်ခုမှာ တောင်ကြောတလျှောက်အား လွှမ်းခြုံထားသည်။
အကန့်အသတ်မဲ့သော သွေးများနှင့် ယင်းစွမ်းအင်များမှာ ဝင်္ကပါ အလယ်သို့ စီးဝင်နေပြီး အမျိုးသားတစ်ဦး၏ ဒဏ်ရာများကို ကုသပေးနေသည်။
ထိုအမျိုးသား၏ ရွှေရောင်ဆံနွယ်များသည် ခါးလယ်ခန့်ထိရှိပြီး ရုပ်ရည်မှာလည်း ချောမောခန့်ညားသည်။ ထိုသည်မှာ ဧကရာဇ်ထျန်းဟောင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သော လေဒင်ပင် ဖြစ်သည်။
ဝင်္ကပါ ပတ်ပတ်လည်တွင် သွေးမျိုးနွယ်စု ကျင့်ကြံသူ အယောက်ခြောက်ဆယ်ရှိနေပြီး အရေးကြီးသော ဝင်္ကပါဆုံမှတ်များကို ကာကွယ်နေကြသည်။
၎င်းတို့တွင် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ လေးဆယ့်ခြောက်ဦး၊ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ဦးနှင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူနှစ်ဦး ပါဝင်သည်။ ထိုသူများသည် အချက်ပေးသံ ကြားရသည်နှင့် ချက်ချင်းလှုပ်ရှားနိုင်ရန် သေသေချာချာ နေရာယူထားကြသည်။
"ဟေး....ကတ်လေး၊ မာလေး၊ တိုလေး ဒီကိစ္စမှာ မင်းတို့မပါဘူးဆိုတာ အလီဘိုင် ပြစရာရော ရှိရဲ့လား။"
"စိတ်မပူပါနဲ့ မြင့်မြင်ခေါင်းဆောင်.... သက်ဆိုင်ရာ ဂိုဏ်းတွေမှာ ကျွန်မတို့ ကိုယ်ပွားတွေ ထားခဲ့ပြီးပါပြီ။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသာ မဟုတ်ရင် ဘာကိုမှ သတိထားမိမှာ မဟုတ်ဘူး။"
"မိုက်လိုက်တာ။ ငါလည်း ကိုယ်ပွားထုတ်နည်းကို သင်ချင်တယ်။"
"ဒါက အသက်စွမ်းအင် အားကောင်းတဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ပဲ။ ကျွန်မတို့လည်း ကြီးမြတ်သောနယ်မြေကို ရောက်ပြီးမှ ဒီလိုထူးထူးဆန်းဆန်းတွေ သိလာတာ။ ဒါပေမယ့် ကန့်သတ်ချက်တွေ အများကြီးရှိလို့ အနည်းဆုံး ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုရောက်မှ သုံးနိုင်လိမ့်မယ်။"
အန်လင်းမှာ ခေတ္တမျှ စိတ်ပျက်သွားရပါသော်လည်း အံ့ဖွယ်အရည်ဖန်တီးခြင်းနည်းစနစ်မှာလည်း ကိုယ်ပွားထုတ်သလိုပင် ဖြစ်သောကြောင့် ဖြေသာသွားရသည်။
"သခင် ဒါကတည်နေရာပြမြေပုံပါ။ အရေးအကြီးဆုံး ဝင်္ကပါဆုံမှတ် ရှစ်ခုကိုပါ ပြထားတယ်။"
တိုဘိယမှာ အချက်အလက်များ စုံစမ်းခဲ့ပြီးနောက် ခြင်သဏ္ဍာန်ဖြင့် ပြန်ရောက်လာသည်။
ယခုကိစ္စအတွက် အခက်ခဲဆုံးမှာ လေဒင်အား သတ်ရန်မဟုတ်ပဲ မည်သူမှ မသိအောင် သတ်ဖြတ်ရန် ဖြစ်နေသည်။
သတင်းမပြန့်သွားစေရန်အတွက် ဝင်္ကပါအား စောင့်ရှောက်ပေးနေသူများကိုပါ အပြတ်ရှင်းရမည့်သဘော ရှိသည်။
"ငါ့ရဲ့သွေးကို မင်းတို့လက်နက်တွေမှာ သုတ်ထားလိုက်။ ဟင်းလင်းပြင်သို့အပြန် အဆင့်ထက်နိမ့်တဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူမှန်သမျှ အကုန်လျှောသွားလိမ့်မယ်။"
"တကယ်လား။"
"ဝါး... အရမ်းမိုက်တာပဲ။"
"နှမြောစရာကြီး မြင့်မြတ်ခေါင်းဆောင်ရယ် ကျွန်တော့်ရင်တွေ နာလိုက်တာ။"
အန်လင်းမှာ မဟာအဆိပ်တော်ကြီးကို ဝေမျှပေးလိုက်သည်။
အားလုံးသည် သွေးမျိုးနွယ်စု ကျင့်ကြံသူ ခြောက်ဆယ်လုံးအား တစ်ချိန်တည်းတွင် လက်စတုန်းရန် ကြိုတင်တိုင်ပင်ထားကြသည်။
.....
နှင်းခရမ်းပြာတောင်တန်း၏ တောင်ငယ်တစ်ခု၌
စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း ကျင့်ကြံသူ ဆယ့်ငါးဦးနှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ သုံးဦးတို့မှာ ငါးကီလိုမီတာအတွင်း ခြင်တစ်ကောင်ပင် ဖြတ်ပျံမသွားနိုင်အောင် သတိကြီးစွာ စောင့်ကြပ်နေကြသည်။
သို့သော် ခြင်တစ်ကောင်မှာ တိတ်တဆိတ် ပျံဝဲလာပြီးနောက် မာလင်အဖြစ် ပြောင်းလဲသွားကာ သူ၏သွေးနီရောင်ဆိုင်းပုဒ်မှ အမှောင်ထုများမှာ သွေးမျိုးနွယ်စု ကျင့်ကြံသူများအား လွှမ်းခြုံသွားတော့သည်။
...........
ရေခဲပြင်များ ဖုံးလွှမ်းထားသော နေရာ၌
စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း ကျင့်ကြံသူ ဆယ်ဦးနှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ဦးတို့မှာ အနီးနားရှိ ရေပြင်များအား စောင့်ကြည့်နေကြသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးမှာ မည်သည့်အသံမှ မထွက်ပဲ ၎င်းတို့အနီးသို့ ပျံဝဲလာလေသည်။
သူမသည် အင်မော်တယ်လက်နက် လစန္ဒာရောင်စဉ်ကွင်းအား ကိုင်တွယ်လိုက်သည်နှင့် တောက်ပသော အပြာရောင် အလင်းတန်းနှင့်အတူ ပေါ့ပါးသော လေပြေညှင်းတွင် အဖြူရောင် နှင်းပွင့်နှင်းစက်လေးများ တုန်ခါသွားရသည်။
စကားစမြည် ပြောနေကြသော သွေးမျိုးနွယ်စု ကျင့်ကြံသူ ဆယ့်တစ်ဦးမှာ မျက်လုံးအပြူးသားနှင့် ခေါင်းဖြတ်ခံလိုက်ရတော့သည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှာ ချက်ချင်းမသေသေးပဲ ခန္ဓာကိုယ်အား ပြန်ဆက်နိုင်ရန် ကြိုးစားလိုက်ပါသော်လည်း အန်လင်း၏ သွေးသန့်စင်ခြင်း အစွမ်းကြောင့် အသက်စွမ်းအင်မှာ ပျောက်ကွယ်သွားရသည်။
.........
အနက်ရောင် ဂူကြီးတစ်ဂူထဲ၌
ရေပြင်သည် ကောင်းကင်နှင့်မြေပြင်အား ထိစပ်ပေးနေသလို ထင်မှတ်ရပြီး လျှပ်စီးများ တဝုန်းဝုန်း ပေါက်ကွဲနေကာ မည်သူကမှ ရှင်သန်လွတ်မြောက်နိုင်မည်မဟုတ်ဟု ထင်မှတ်ရသည်။ ရှောင်ဇယ်သည် မျက်စိတမှိတ် အတွင်းမှာပင် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း ကျင့်ကြံသူ ဆယ့်နှစ်ဦးနှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ လေးဦးအား အမှုန့်ချေလိုက်လေပြီ။
..........
ယစ်ပုလ္လင်တစ်ခုပေါ်၌
အဖြူရောင်မီးလျှံများ လောင်ကျွမ်းနေသော ငှက်တစ်ကောင်မှာ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူများအားလုံးကို မီးလောင်တိုက်သွင်းပစ်လိုက်သည်။
ကျောက်စိမ်းဝတ်စုံနှင့် မိန်းမငယ်တစ်ဦးမှာ ငှက်ကျောပြင်ပေါ်တွင် ရှိနေပြီး ဓားပုံရိပ်ပေါင်းများစွာဖြင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ခုတ်ဖြတ်လိုက်သည်။
...........
တောင်တန်းကြီး နှစ်ခုကြားတွင် ရှည်လျားလှသော တံတားတစ်စင်း ရှိနေသည်။
ရွှမ်းယွမ်ချန် ခြေတစ်လှမ်း ချလိုက်သည်နှင့် တိမ်တိုက်နှင့်မြူခိုးများမှာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းမိုးသွားကာ ပြင်ပကမ္ဘာနှင့် စည်းခြားပစ်လိုက်သည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိရှိပြီး လှုပ်ရှားတော့မည့် အချိန်မှာပင် ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ကျသွားတော့သည်။
..........
စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်.....အရိပ်ကျား
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အန်လင်း၏ မိစ္ဆာရှင်းဓားဖြင့် အပြတ်ရှင်းခံလိုက်ရလေသည်။
........
တောင်ထိပ်တစ်ခုပေါ်၌
ဓားအင်မော်တယ်လင်းရှောင်မှာ သွေးမျိုးနွယ်စု ကျင့်ကြံသူ ခြောက်ဦးအား အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်လိုက်သည်။
...........
တစ်ချိန်တည်းမှာပင် ကတ်စီဒီ၊ တီနာနှင့် တိုဘိယတို့မှာလည်း ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ နှစ်ဦးအား တိုက်ခိုက်လိုက်ကြတော့သည်။