မြင့်မြတ်သွေးစက်၏စွမ်းအား
Vol. 48 Ch. 668
စက်ဝိုင်းသဏ္ဍာန် လွင့်မျောနေသော ကျောက်တုံးတစ်ခုပေါ်ဤ သွေးမျိုးနွယ်စု ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဆိုင်ရယ်မှာ တိတ်ဆိတ်စွာ တရားထိုင်နေသည်။
သူသည် အံ့ဖွယ်အာရုံအား ဖြန့်ကျက်ထားပြီး နှစ်ဆယ့်ငါးကီလိုမီတာအတွင်း ခြင်ကိုမဆိုထားနှင့် ပုရွက်ဆိတ်တစ်ကောင်သည်ပင် ဖြတ်သန်းသွားလာနိုင်မည် မဟုတ်ပေ။ လေဒင် လုံလုံခြုံခြုံ ရှိနေရခြင်းမှာ ဆိုင်ရယ်ကြောင့်ပင် ဖြစ်သည်။
အရှိန်အဝါ ဖုံးကွယ်ပေသည့် ဝတ်စုံအား ဆင်မြန်းထားသော ခြင်တစ်ကောင်မှာ မည်သူမှ မသိလိုက်ခင်မှာပင် သူ၏အနီးသို့ ပျံဝဲရောက်ရှိလာသည်။
ထိုခြင်သည် ညှို့ငင်အား ပြင်းလွန်းသော အမျိုးသမီး တစ်ဦးအဖြစ် ပြောင်းလဲသွားပြီး လက်ထဲတွင် သွေးများပေနေသော အဖြူရောင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။
ဆိုင်ရယ်၏ ခန္ဓာကိုယ် တုန်ခါလာကာ မည်သည်ကြောင့်မှန်း မသိပါသော်လည်း အလိုလိုသိစိတ်ကြောင့် ရှေ့သို့ထွက်လာမိသည်။
သို့သော် သူ၏လှုပ်ရှားမှုမှာ နှေးကွေးနေသောကြောင့် အဖြူရောင်ဓားမှာ သူ၏ရင်ဘတ်အား လျှပ်စီးအလား လျင်မြန်စွာ ဖောက်ဝင်သွားသည်။
သွေးများယိုစီးကျလာကာ အဖြူရောင်ဓားမှာလည်း အမျိုးသမီး လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
"ကတ်စီဒီ မင်း....မင်းဘာလုပ်နေတာလဲ။"
ဆိုင်ရယ် မယုံကြည်နိုင် ဖြစ်နေသည်။
သူ့အားဓားဖြင့် ထိုးလာသူသည် သွေးမျိုးနွယ်စု၏ မြင့်မြတ်သောတမာန်တော် ကတ်စီဒီပင် ဖြစ်သည်။ ကတ်စီဒီ လျှို့ဝှက်စွာပြုံးရင်း ဆိုင်ရယ်အနီးသို့ လျှောက်လှမ်းလာသည်။
"ကြောက်နေစရာ မလိုပါဘူး။ ငါကနင့်ကို စမ်းသပ်ရုံပါ။"
"စမ်းသပ်တယ်ဟုတ်လား။ မင်းငါ့ကို အရူးထင်နေတာလား။"
ဆိုင်ရယ်မှာ ရင်ဘတ်မှ ဒဏ်ရာကို လက်ဖြင့်ဖိထားရင်း အေးစက်စွာ ပြောလိုက်သည်။
ထိုမျှလောက်သော ဒဏ်ရာလေးသည် သူ့အတွက် မပြောပလောက်ပေ။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်သောတမာန်တော်တစ်ဦးဖြစ်သူ ကတ်စီဒီအနေဖြင့် သူ့အားခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသည်မှာ အနည်းငယ်မှ အဓိပ္ပါယ် မရှိပေ။
လျှို့ဝှက်ချက် တစ်ခုခု ရှိကိုရှိရမယ်.....
သို့သော် ထိုလျှို့ဝှက်ချက်၏ အကြောင်းအရင်းအား သူစဉ်းစားမရပေ။
ယခုကဲ့သို့သော တိုက်ခိုက်မှုအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းဟုပင် ခေါင်းစဉ်တပ်၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဤကဲ့သို့သော ဒဏ်ရာသည် မျက်စိတမှိတ် အတွင်းမှာပင် ပြန်လည်ကောင်းမွန်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် သခင်လေး လေဒင်သည် ဤနေရာတွင် ရှိနေပြီး နှင်းခရမ်းပြာတောင်တန်းမှာ ဧကရာဇ်ရိတန်း၏ ပိုင်နက် ဖြစ်နေသောကြောင့် မည်သူက လာရောက်နှောင့်ယှက်ရဲမည်နည်း။
ဆိုင်ရယ်မှာ နားမလည်နိုင် ဖြစ်နေပါသော်လည်း အားလုံးကို အသိပေးရန် လက်သင်္ကေတများ ပြောင်းလဲလိုက်သည်။
ကတ်စီဒီသည် ဆိုင်ရယ်အား အနီးကပ် စောင့်ကြည့်နေသည်။ သတင်းအချက်အလက် ပေးပို့ခြင်းနည်းလမ်းများကို အသုံးပြုခဲ့ပါက ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်မည်ပင်။
သို့ပေသော်ငြားလည်း သတင်းပေးပို့ရန် ပြုလုပ်ခြင်းများ မပြီးသေးခင်မှာပင် ဆိုင်ရယ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာကာ မျက်လုံးများ ပြူးကျယ်လာပြီး စကားတစ်လုံးမျှပင် မပြောနိုင်တော့ပေ။
သူ၏အသက်စွမ်းအင်များ ပျောက်ကွယ်လာပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားရသည်။
ဒုန်း......
မျက်စိတမှိတ် အတွင်းမှာပင် ဆိုင်ရယ်မှာ မြေပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွားလေသည်။
သူသည် မည်သည့်အော်ဟစ်သံမှပင် မပြုလုပ်နိုင်ပဲ သေခြင်းတရားကို လက်ခံလိုက်ရန်သာ ရှိတော့သည်။
ကတ်စီဒီမှာ ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ဆိုင်ရယ်အား ကြည့်ရှုလိုက်သည်။
"ဆိုင်ရယ်က ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ပဲ။"
မဟူရာအဆိပ်သခင်သည် အားနည်းလွန်းသောကြောင့် မဟုတ်ပဲ မြင့်မြတ်ခေါင်းဆောင် အန်လင်း၏သွေးမှာ ပိုမိုအားကောင်းလာခြင်း ဖြစ်ပုံရသည်။
သူမသည် ရရှိလာသော သတင်းအချက်အလက်အား အန်လင်းနှင့် အခြားသူများထံ လျင်မြန်စွာ ပေးပို့လိုက်သည်။
ကတ်စီဒီသည် လွင့်မျောနေသော ကျောက်တုံးပေါ်တွင်ထိုင်ရင်း သက်ပြင်းချလိုက်သည်။
"မြင့်မြတ်ခေါင်းဆောင်ရဲ့သွေးက အရမ်းအစွမ်းထက်လာပြီဆိုတော့ ငါဘာလုပ်သင့်လဲ။ ငါ့ကိုရော ဒီသွေးတွေက သတ်ပစ်လိုက်မှာလား။"
ထိုမေးခွန်းသည် အခြားသော သွေးမျိုးနွယ်စု အစေခံနှစ်ဦး၏ နှလုံးသားထဲတွင်လည်း ပဲ့တင်ထပ်နေတော့သည်။
............
အနက်ရောင်သစ်ပင်များ ပြည့်နှက်နေသော တောအုပ်တစ်ခု၌
သွေးနီရောင် မျက်ဝန်းများ ပိုင်ဆိုင်ထားသော သစ်ပင်လူသား တစ်ဦးသည် တိုဘိယ၏ ထိုးနှက်ချက်နှင့်အတူ အမြှောက်ဆံတစ်ခုအလား လွင့်ထွက်သွားရပြီးနောက် အဖြူရောင် အလုံးတစ်ခုထဲ ပိတ်မိသွားသည်။
ထိုအဖြူရောင်အလုံးသည် တီနာ၏လက်ချက်ဖြစ်ပြီး မည်သည့်အရာကိုမဆို ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှု ဖြတ်တောက်ပစ်နိုင်သည်။
ထို့ကြောင့် အဖြူရောင်ဘောလုံးထဲတွင် မည်မျှပင် အခြေအနေ ဆိုးရွားနေပါစေ ပြင်ပကမ္ဘာမှ သိရှိနိုင်မည် မဟုတ်ပေ။
"တိုဘိယ မင်းက မြင့်မြတ်သောတမာန်တော် ဖြစ်နေရင်တောင် ဧကရာဇ်ရိတန်းနဲ့ သခင်လေး လေဒင်ရဲ့ အမျက်ဒေါသကနေ လွတ်နိုင်မယ်ထင်လား။ အခု ငါ့ကိုလွှတ်ပေးလိုက်ရင် သူတို့ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်သေးတယ်။"
သစ်ပင်လူသား အံကြိတ်ကာ ပြောလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် သစ်ပင်ကိုယ်ထည်နှင့် မခြားပါသော်လည်း ရင်ဘတ်မှ အနီရောင်သွေးများ စီးကျနေသည်။
တိုဘိယ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ငါမင်းကို လွှတ်ပေးနိုင်ပါတယ်။ ဒီနေရာမှာ သုံးမိနစ်ထိ အသက်ရှင်ခဲ့ရင်ပေါ့။"
ဘရိုင့်စ်၏ အမူအရာ ပြောင်းလဲသွားရသည်။
"မင်းဘာပြောချင်တာလဲ။"
တိုဘိယ ပေါ့ပေါ့ပါးပါးပင် စကားဆိုလာသည်။
"ပြောတဲ့အတိုင်းပဲလေ။ ငါမင်းကို မတိုက်ခိုက်ဘူး။ ဒါပေမယ့် မင်းနောက်သုံးမိနစ်ထိ အသက်ရှင်နေရမယ်။"
တိုဘိယ၏ စကားမှာ ရှင်းလင်းလွန်းနေသောကြောင့် ဘရိုင့်စ်လည်း နားလည်သဘောပေါက်သွားသည်။
သို့သော် ထိုသည်ကပင် သူ့အားပိုမိုရှုပ်ထွေးစေသည်။
ဘာတွေဖြစ်နေတာလဲ.......
ဒီနေရာမှာ သုံးမိနစ်ထိ ရပ်နေရမယ်ဟုတ်လား.....စစ်တပ်ထဲက မတ်တပ်ရပ်တဲ့ လေ့ကျင့်နည်းမျိုးလား.....
ဘရိုင့်စ်မှာ စိတ်ရှုပ်လာသောကြောင့် ဦးခေါင်းထက်မှ အစိမ်းရောင် သစ်ရွက်များသည်ပင် တရမ်းရမ်း ဖြစ်နေသည်။
သူသည် အစစ်အမှန် သစ်ပင်လူသား မဟုတ်ပေ။ စင်စစ်တွင်မူ သူသည်လည်း ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသော သွေးမျိုးနွယ်စု ကျင့်ကြံသူသာ ဖြစ်သည်။ အမြဲစိမ်းတာအိုအား ကျင့်ကြံခဲ့သောကြောင့် သူ၏သွင်ပြင်မှာ သစ်ပင်တစ်ပင်နှင့် ဆင်တူနေရခြင်းသာ။
တိုဘိယသည် အမှန်တကယ် မတိုက်ခိုက်ပဲ အေးအေးဆေးဆေးသာ ရှိနေသည်။
"မင်းဘာတွေ ကြံစည်နေတာလဲ။"
ဘရိုင့်စ်မှာ စိတ်အေးလက်အေး မနေရဲပဲ သစ်မြစ်များအား ဖြန့်ကားကာ အဖြူရောင်အလုံးထဲမှ လွတ်မြောက်နိုင်မည့် နေရာအား ရှာဖွေနေမိသည်။
တိုဘိယသည် သူနှင့်ရန်ငြှိုး မရှိသည့်အပြင် သခင်လေး လေဒင်နှင့်လည်း မည်သည့်ပြဿနာမှ မရှိပေ။ ထို့အပြင် မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲတွင်လည်း တိုဘိယကသာ အနိုင်ရရှိခဲ့သောကြောင့် ၎င်းအနေဖြင့် သခင်လေး လေဒင်အား လာရောက်တိုက်ခိုက်နေစရာ မလိုအပ်ပေ။
ဘရိုင့်စ်မှာ အကြောင်းပြချက်အား ရူးမတတ် စဉ်းစားနေစဉ်မှာပင် ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးထံမှ အလွန်အားကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
"မင်း....မင်းဘာလုပ်လိုက်တာလဲ။"
ဘရိုင့်စ်မှာ ဆိုးရွားလွန်းသော အဖျက်စွမ်းအင်များကြောင့် မြေပြင်ပေါ် ဒူးထောက်ကျသွားရသည်။
ထိုအချိန်မှာပင် အကန့်အသတ်မဲ့သော အသက်စွမ်းအင်များ ဖြစ်ပေါ်လာကာ အဖျက်စွမ်းအင်များလည်း ပျောက်ကွယ်သွားပြီး ကောင်းချီးပေးခံလိုက်ရသလို သူ၏ဖြစ်တည်မှု တစ်ခုလုံး သန့်စင်သွားတော့သည်။
"အ့..."
ဘရိုင့်စ် ကူကယ်ရာမဲ့စွာဖြင့် ခပ်တိုးတိုး ငြီးငြူလိုက်မိသည်။
တိုဘိယလည်း စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်ဝန်းများ တောက်ပလာသည်။
"မင်းမသေဘူးပဲ။ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်က သခင့်ရဲ့ မြင့်မြတ်သွေးစက် အစွမ်းကို ခံနိုင်ရည် ရှိတာပေါ့။"
တိုဘိယမှာ ဝမ်းသာမျက်ရည်များပင် ကျဆင်းလာသည်။
ဘရိုင့်စ်မှာ တိုဘိယအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
ခံစားလို့ ကောင်းနေတာကငါလေ.... ဘာလို့ဒင်းက ငိုနေရတာလဲ....
တိုဘိယမှာ နတ်ဘုရားတစ်ပါး၏ အသိအမှတ်ပြုခြင်းကို ခံနေရသည့်အလား ခန္ဓာကိုယ် တစ်ခုလုံးပင် တုန်ခါနေသည်။
"အိုး....မြင့်မြတ်သွေးစက်ကို နောက်တစ်ကြိမ် သောက်လို့ရတော့မှာပေါ့။"
သူသည် ထိုသတင်းအား အန်လင်းတို့ထံ ချက်ချင်းပေးပို့ပေးလိုက်သည်။
"သွေးမျိုးနွယ်စုရဲ့ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်က မြင့်မြတ်ခေါင်းဆောင်ရဲ့ မြင့်မြတ်သွေးစက်ကို ခံနိုင်ရည် ရှိတယ်။ ငါတို့ဆက်ပြီး ကောင်းလို့ရပြီဟေ့။"
မာလင်နှင့် ကတ်စီဒီတို့လည်း ရူးမတတ် ပျော်ရွှင်သွားရသည်။
ထိုစကားကို ကြားရသည်နှင့် အန်လင်းမှာ တိုဘိယ ရှိရာသို့ သွားလိုက်သည်။
သူ၏ပုခုံးထက်မှ ဝန်ထုပ်ဝန်ပိုးများ ပြေလျော့သွားလေပြီ။
ဘရိုင့်စ်ကို ငါ့အစေခံ လုပ်ပစ်မယ်.....