← Chapters

အဲ့မှာဆပ်ပြာတစ်တုံးရှိတယ်

Vol. 48 Ch. ၆၆၉

အဲ့မှာဆပ်ပြာတစ်တုံးရှိတယ်

Vol. 48 Ch. ၆၆၉

ဘရိုင့်စ်မှာ ကောင်းကင်ဘုံကို ရောက်နေသလို အလွန်ပင် သာယာကျေနပ်နေသည်။

သူ၏သစ်ပင်ကိုယ်ထည်သည် အသက်ရှူသံနှင့်အတူ လှုပ်ရှားနေပြီး ဦးခေါင်းထက်မှ သစ်ရွက်စိမ်းများမှာလည်း ပျော်ရွှင်မှုကြောင့် ယမ်းခါနေသည်။

"မင်း.....မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။"

အချိန်အတန်ကြာမှ အသိစိတ် ပြန်ဝင်လာသော ဘရိုင့်စ်မှာ တိုဘိယအား စူးစိုက်ကြည့်ရှုလိုက်သည်။

တိုဘိယမှာ ခပ်ဖွဖွ ပြုံးလိုက်ပါသော်လည်း မည်သည့်စကားမှ မဆိုပေ။

ဘရိုင့်စ်မှာ အလွန်အမင်း စိတ်ရှုပ်ထွေးနေပါသော်လည်း ရိုးရိုးသားသားဖြင့် ထိုနေရာတွင်သာ ဆက်ရှိနေသည်။

သူသည် ကြုံတွေခဲ့ရသော ခံစားချက်အား မည်သို့မျှ မမေ့နိုင်ပေ။ အကန့်အသတ်မဲ့သော အသက်စွမ်းအင်များ ပါဝင်နေသည့် သန့်စင်ခြင်းစွမ်းအင်သည် သူ၏ဘဝတလျှောက်လုံး ရရှိခဲ့သော အခွင့်အရေးများတွင် အကောင်းမွန်ဆုံး ဖြစ်နေသောကြောင့် သူ့အနေဖြင့် လက်မလျှော့လိုက်နိုင်ပေ။

မကြာမီမှာပင် အနက်ရောင်ဝတ်စုံနှင့် သူစိမ်းတစ်ဦး ရောက်ရှိလာသည်။

ထိုအမျိုးသားသည် အလွန်တည်ငြိမ်နေပြီး ၎င်း၏အရှိန်အဝါအရ လူသားတစ်ဦးဖြစ်ကြောင်း ဘရိုင့်စ် သိရှိလိုက်သည်။

"မြင့်မြတ်ခေါင်းဆောင်...."

တိုဘိယ ရိုသေစွာ ဂါရဝပြုလိုက်သည်။

ဘရိုင့်စ်၏ အမူအရာမှာ ပြောင်းလဲသွားလေသည်။

သွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သောတမာန်တော်က လူသားတစ်ယောက်ကို မြင့်မြတ်ခေါင်းဆောင်လို့ခေါ်ပြီး အရိုအသေ ပေးနေတာလား.....

ဒီလူက ဘယ်သူလဲ.....

ထိုလူမှာ ခေါင်းဆောင်းအားဖယ်ကာ ချောမောခန့်ညားသော မျက်နှာအား ပြသလာသည်။

"ငါ့နာမည်က အန်လင်းပါ။"

"အန်လင်း....."

ဘရိုင့်စ်မှာ ထိုနာမည်အား ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ထို့နောက် ပြန်လည်အမှတ်ရလာကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"မင်းက သခင်လေး လေဒင်ကို ချီးထွက်ကျ.... ထွီး....မင်းက ဟွမ်းချန်မြို့မှာ သခင်လေး လေဒင်နဲ့ တိုက်ခဲ့တဲ့သူလား။"

"ဟုတ်တယ်။ မင်းခံစားလိုက်ရတဲ့ သန့်စင်ခြင်းအစွမ်းကလည်း ငါ့သွေးကပဲ။ အော်....ပြီးတော့ ကတ်စီဒီ၊ မာလင်၊ တိုဘိယ သုံးယောက်လုံးက ငါ့အစေခံတွေလေ။ သူတို့ကငါ့ကို မြင့်မြတ်ခေါင်းဆောင်လို့ ခေါ်ကြတယ်။"

အန်လင်းမှာ ကြောင်တောင်တောင်ဖြစ်နေသော ဘရိုင့်စ်အားကြည့်ကာ ပြုံးလိုက်သည်။

"အခုမင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ငါနဲ့အစေခံစာချုပ်ချုပ်လိုက်.....အဲ့ဒါဆိုရင် မင်းဘဝက အခုထက်ပိုပြီး မြင့်မားသွားလိမ့်မယ်။ နောက်တစ်ခုကတော့ မရဏလမ်းပဲ။"

ဘရိုင့်စ်မှာ အိမ်မက်မက်နေသလို ခံစားနေရသည်။

ဖြစ်ပျက်နေသော အရာအားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် လက်ခံနိုင်ရန်ပင် ခက်ခဲနေရလေသည်။

သွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သောတမာန်တော်တွေက အန်လင်း အစေခံတွေလား....ဒီသတင်းသာ ပြန့်သွားရင် ထိုက်ချူကုန်းမြေ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့မှာပဲ......

တိုဘိယမှာ ဘရိုင့်စ်အားကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ငါတို့ဘာလို့ မြင့်မြတ်သောတမာန်တော် ဖြစ်လာလဲသိလား။ အဲ့ဒါ မြင့်မြတ်ခေါင်းဆောင်ရဲ့ မြင့်မြတ်သွေးစက်ကြောင့်ပဲ။ မင်းသေသေချာချာ စဉ်းစားပေါ့။"

ဝုန်း.....

တိုဘိယ၏ စကားများကြောင့် ဘရိုင့်စ်၏ ခေါင်းထဲတွင် ဗုံးပေါက်သွားသလို ဖြစ်သွားရသည်။

အားလုံး အဓိပ္ပါယ် ရှိသွားပြီပဲ.....သူတို့သုံးယောက်က မြင့်မြတ်သောတမာန်တော်အဖြစ် ရွေးခံလိုက်ရတဲ့ အကြောင်းအရင်း.....သခင်လေး လေဒင်က ဟွမ်းချန်မြို့မှာ အပီသိပ်ခံလိုက်ရတဲ့ အကြောင်းအရင်း.....ဒီလူက ရုတ်တရတ်ကြီး ပေါ်လာရတဲ့ အကြောင်းအရင်း....

"ငါနားလည်ပြီ.....နားလည်ပြီ..."

ဘရိုင့်စ်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"မင်းက လမ်းမှန်ပဲ....မင်းကအမှန်တရား....မင်းကငါတို့ကို လမ်းပြပေးနိုင်မယ့် နတ်ဘုရားပဲ။"

"အဆင့်နိမ့် အစေခံ ဘရိုင်စ့်က မြင့်မြတ်ခေါင်းဆောင်ကို အရိုအသေ ပေးပါတယ်။"

ဘရိုင့်စ်မှာ အန်လင်းအား နှိမ့်ချစွာ ဂါရဝပြုလိုက်သည်။

သူသည် ခေါင်းမာသော ငတုံးတစ်ကောင် မဟုတ်ပေ။ ဤကမ္ဘာတွင်ရှိသော အခြားကျင့်ကြံသူများကဲ့သို့ပင် သူသည်လည်း အစစ်အမှန် တာအိုလမ်းစဉ်အတွက် အရာအားလုံးကို စတေးပစ်ရဲသည်။ ထို့ကြောင့် သူသည် စိတ်ဝိဉာဉ် တစ်ခုလုံးကိုပါ အန်လင်းထံ အပ်နှံလိုက်သည်။

ထိုသည်မှာ သူ၏ရွေးချယ်မှုတင်မကပဲ သွေးမျိုးနွယ်စုခေါင်းဆောင်၏ ရွေးချယ်မှုလည်း ဖြစ်သည်။

အန်လင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အရမ်းကောင်းတယ်။ မင်းက ဘယ်ဟာကို အရေးကြီးလဲဆိုတာ သေချာသိနေတာပဲ။"

ထိုသို့ဖြင့် အန်လင်းနှင့် ဘရိုင့်စ်မှာ အဆင်ပြေစွာနှင့်ပင် အစေခံစာချုပ် ချုပ်နိုင်ခဲ့သည်။

ဘရိုင့်စ်၏ အညံ့ခံမှုကြောင့် အန်လင်းမှာ အခြားသူများ အားလုံးကိုလည်း ထိုနေရာသို့ ခေါ်ဆောင်လိုက်သည်။

စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် အခြားသူများမှာ အန်လင်း၏ဘေးတွင် ရိုကျိုးစွာ ရှိနေသော ဘရိုင့်စ်အားကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေမိကြသည်။

"အန်လင်း နင်နောက်ထပ် အစေခံတစ်ယောက်ကို လိမ်ခေါ်လိုက်ပြန်ပြီလား။"

စုရှောင်လန်မှာ အလွန်အမင်း အံ့အားသင့်နေသည်။

"လိမ်တယ်လို့ ဘယ်ပြောလို့ရမလဲ။ သူက ငါ့အရှိန်အဝါတွေကနေ ရုန်းမထွက်နိုင်ပဲ ကိုယ်တိုင်ကိုယ်ကျ အစေခံ လာလုပ်တာ။"

အန်လင်း ဝံ့ကြွားစွာ ပြုံးလိုက်သည်။

"မြင့်မြတ်ခေါင်းဆောင်ကို ခစားရတာ ကျွန်တော့်အတွက် ဂုဏ်ယူရမယ့် အရာပါ။"

ဘရိုင့်စ်၏ ဦးခေါင်းထက်မှ သစ်ရွက်များသည်ပင် ထိုစကားအား လက်သင့်ခံဟန်ဖြင့် ယိမ်းနွဲ့နေသည်။

ဘရိုင့်စ်၏ ဦးခေါင်းမှာ ထူးခြားသောအသွင် ရှိသည်။ သူ၏မျက်နှာသည် လူသားများနှင့် ဆင်တူပါသော်လည်း သစ်ပင်အသွင်ရှိသော ဦးထုပ်တစ်လုံးအား ဆောင်းထားသည်။ ထိုဦးထုပ်မှ စိမ်းစိုနေသော သစ်ရွက်များ ဖြာကျနေသောကြောင့် ပတ်ဝန်းကျင်အတွက် ကောင်းမွန်လွန်းသည်ဟု ဆိုနိုင်ပေသည်။

အန်လင်းသည် ဘရိုင့်စ်၏ ဦးထုပ်အား ပွတ်ပေးလိုက်သောအခါ ပုံမှန်သစ်ရွက်များထက်ပင် ပိုမိုကောင်းမွန်ပြီး သင်းပျံ့သော ရနံ့များ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။

"ဘလေး.... မင်းအလင်းနဲ့ အစာချက်နိုင်လား။"

အန်လင်း ရုတ်ချည်းဆိုသလို မေးမြန်းလိုက်သည်။

ဘရိုင့်စ် ခေတ္တမျှ ကြောင်အမ်းအမ်းဖြစ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ သိပ်အဆင်မပြေဘူး။”

"မင်းကိုမိတ်ဆက်ပေးစရာ လူရှိတယ်။ သူမနဲ့တွေ့ပြီးရင် အလင်းနဲ့ အစာချက်တာ အေးဆေးဖြစ်သွားလိမ့်မယ်။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ဘရိုင့်စ်မှာ အူကြောင်ကြောင်နှင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် အလင်းနှင့်အစာချက်သော နည်းလမ်းအား ကြိုးစားခဲ့ဖူးပါသော်လည်း ရရှိလာသော စွမ်းအင်မှာ အကန့်အသတ်နှင့်သာ ဖြစ်သောကြောင့် ထိုနည်းလမ်းအား ဆက်မသုံးတော့ပေ။

ဘရိုင့်စ်ပါ ပူးပေါင်းပါဝင်လာသောကြောင့် အားလုံးမှာ လေဒင်အရေး ဆွေးနွေးလိုက်ကြသည်။

"အစစ်အမှန်သွေးရက်ရှာဆာယင်းဝင်္ကပါက လေဒင် ခန္ဓာကိုယ်ထဲက လျှပ်စီးစွမ်းအင်တွေကို ဖယ်ရှားပေးပြီးတော့ ဒဏ်ရာတွေကိုလည်း ကုသပေးတယ်။"

(ရက်ရှာဆာဆိုတာ အိန္ဒိယ ဒဏ္ဍာရီထဲကဖြစ်ပြီးတော့ ဗန်ပိုင်းယားလိုမျိုးပါပဲ။)

"အဲ့ဒါကြောင့် မွန်းတည့်ချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံးပဲ။"

"အနွေးဆုံးအချိန်မို့လို့လား။"

"စကားဖြတ်မပြောပါနဲ့ မြင့်မြတ်ခေါင်းဆောင်....ဘာလို့လဲဆိုတော့ မွန်းတည့်ချိန်က ယန်ဓာတ် အားအကောင်းဆုံး အချိန်ပဲ။ အဲ့ဒါကြောင့် ဝင်္ကပါက တခြားအချိန်တွေလိုမျိုး လေဒင်ရဲ့ ဒဏ်ရာတွေကို ဖိနှိပ်ထားပေးနိုင်မှာ မဟုတ်ဘူး။ အဲ့အချိန်က တကယ်ကို အသင့်တော်ဆုံးပဲ။"

ထိုအချိန်သည် လေဒင်သည် သူ့အားသတ်ဖြတ်ရန် ကြံစည်နေသော ဘရိုင်စ့်မှလွဲ၍ အခြားသူများအားလုံး အသတ်ခံလိုက်ရပြီကို မသိသေးပေ။

သူသည် ဝင်္ကပါ၏ အစွမ်းအား ပြည့်ပြည့်ဝဝ ရရှိနိုင်ရန် စည်းချက်မှန်မှန် အသက်ရှူနေသည်။

ဧကရာဇ်ရိတန်း၏ အံ့ဖွယ်ဆေးများသည် ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည် ဖြစ်သောကြောင့် ထိုအချိန် မတိုင်မီ ဧကရာဇ်ထျန်းဟောင်၏ လျှပ်စီးများအား ဖယ်ရှားထားရမည်ပင်။

အရာအားလုံးသည် တိတ်ဆိတ်ငြိမ်းချမ်းနေပြီး သူ၏အသက်ရှူသံကိုသာ ကြားနေရသည်။

ကမ္ဘာမြေသွေးကြောထဲမှ ယင်းစွမ်းအင်များသည် ဝဲဂယက်တစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲ စီးဝင်နေလေသည်။

"ရှပ်.....ရှပ်....ရှပ်..."

ရင်းနှီးနေသော ခြေသံအား ကြားလိုက်ရသည်။

လေဒင် မျက်လုံးဖွင့်လိုက်သောအခါ ဘရိုင့်စ်အား တွေ့လိုက်ရသည်။

သူသည် ဘရိုင့်စ်၏ သစ္စာခံမှုအား ရရှိနိုင်ရန် ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရပြီး များပြားလှသော ကိစ္စရပ်များကို လုပ်ပေးခဲ့ရသည်။

ထို့ကြောင့် လေဒင်မှာ ညင်သာစွာ ပြုံးပြလိုက်သည်။

"တစ်ခုခုဖြစ်လို့လား ဘရိုင့်စ်...."

"အင်း....ပြောစရာရှိလို့။"

ဘရိုင့်စ်မှာ အပြစ်ကင်းစင်သော အမူအရာဖြင့် ခေါင်းကုတ်လိုက်သည်။

"ပြောလေ...တွေဝေနေစရာ မလိုပါဘူး။"

လေဒင်မှာ ဒဏ်ရာများကို ကုသနေရင်း စကားဆိုလိုက်သည်။ စင်စစ်တွင်မူ သူသည်လည်း ဤနေရာတွင် ရှိနေရသည်မှာ ပျင်းရိလွန်းလှလေပြီ။

"အရေးကြီးတဲ့ ဝင်္ကပါဆုံမှတ်တွေ အားလုံးကို ကျုပ်ဖျက်စီးလိုက်ပြီ။"

ဘရိုင့်စ် စကားဆိုလိုက်သည်။

"မင်းဘာပြောလိုက်တယ်....."

လေဒင်မှာ နားကြားမှားသလို ခံစားလိုက်ရသည်။

"ဘာလို့လဲဆိုတော့ အဲ့နားမှာ ဆပ်ပြာတစ်တုံး ရှိနေတယ်လေ။"

ဘရိုင့်စ် တစ်နေရာအား ညွှန်ပြလိုက်သည်။

(အဲ့ဒါက လှောင်ပြောင်တဲ့ စကားမျိုးပါ။)

လေဒင်မှာ ဘရိုင့်စ် ညွှန်ပြသော နေရာအား ကြည့်လိုက်ပါသော်လည်း မည်သည့်အရာကိုမှ မတွေ့ပေ။

ဝှစ်....

ချွန်မြနေသော သစ်ကိုင်းတစ်ခုမှာ လေဒင်၏ နှလုံးသားအား ထိုးဖောက်သွားလေသည်။

တစ်ချိန်တည်းမှာပင် အစစ်အမှန်သွေးရက်ရှာဆာယင်းဝင်္ကပါမှာ ၎င်း၏စွမ်းအင်အရင်းအမြစ်အား ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၃ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)

All Chapters