← Chapters

ပူးပေါင်းတိုက်ခိုက်မှု

Vol. 48 Ch. 670

ပူးပေါင်းတိုက်ခိုက်မှု

Vol. 48 Ch. 670

ဝင်္ကပါဆုံမှတ်များသည် အမှန်တကယ် ဖြတ်တောက်ခံထားရခြင်းဖြစ်ပြီး ဘရိုင့်စ် လိမ်နေခြင်းမဟုတ်ကြောင်း လေဒင် သိရှိလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို ဧကရာဇ်ထျန်းဟောင်၏ မိုးကြိုးလျှပ်စီးများ ယင်းထလာကာ သူ၏ခန္ဓာကိုယ်အား ဒုက္ခပေးတော့သည်။

"မင်း...."

လေဒင် ဒေါသထွက်သွားသော အချိန်မှာပင် အဖြူရောင် ဓားတစ်လက်သည် သူ၏ရင်ဘတ်ထဲ ဖောက်ဝင်လာပြီး အားကောင်းလှသော စွမ်းအင်တစ်ခုမှာ သူ၏အသက်စွမ်းအင်များကို ချိပ်ပိတ်ပစ်လိုက်သည်။

ထိုသည်မှာ အကွက်ကျကျ စီစဉ်ထားသော လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် လေဒင်သည် အံ့ဖွယ်တာအိုနှင့်အတူ သွေးကြယ်စင်အား ထွက်ပေါ်စေကာ ပတ်ဝန်းကျင် တစ်ခုလုံးကို သွေးနီရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

သူသည် တာအိုအခြေခံအား အထိခိုက်ခံကာ အပြင်းထန်ဆုံး စွမ်းရည်အား အသုံးပြုရန် လျင်မြန်စွာ ဆုံးဖြတ်လိုက်ရသည်။

သွေးကြယ်စင်မှာ ပေါက်ကွဲသွားပြီးနောက် တစ်ကီလိုမီတာ ပတ်လည်ရှိ မြေပြင်အား လောင်ကျွမ်းသွားစေကာ ဘရိုင့်စ်သည်လည်း အဝေးသို့ လွင့်ထွက်သွားရပြီး သွေးပွက်ပွက်အန်ကာ သူ၏သစ်ခေါက်များ ကွာကျကုန်ရသည်။

ညှို့ငင်အားပြင်းသော ပုံရိပ်တစ်ခုမှာ လေဒင်၏ ရင်ဘတ်တွင် စိုက်နေသောဓား၏ အစွန်းတစ်ဖက်တွင် ဝေဝါးစွာ ပေါ်ထွက်လာသည်။

လေဒင် ဓားထုတ်ရန် ကြိုးစားလိုက်စဉ်မှာပင် အနက်ရောင် ပုတီးစေ့တစ်ခု ပေါ်ထွက်လာကာ အကန့်အသတ်မဲ့သော ဝိဉာဉ်စွမ်းအင်များ ဖြာထွက်လာပြီး သူ့အားရေတံခွန် တစ်ခုသဖွယ် လွှမ်းခြုံသွားသည်။

ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ပုခုံးပေါ် ကျဆင်းလာသလို ခံစားလိုက်ရကာ လေဒင်မှာ အသိစိတ် ပျောက်ချင်သလိုပင် ဖြစ်သွားရသည်။

လေဒင်၏စိတ်ထဲနှင့် ကုဋေနှင့်ချီသော ဝိဉာဉ်များ၏ နာနာကျင်ကျင် အော်ဟစ်သံများကသာ ပဲ့တင်ထပ်နေပြီး သူ၏ခန္ဓာကိုယ်မှာ အလိုအလျောက် နှေးကွေးသွားသည်။

ထိုသည်မှာ မာလင်၏ ဝိဉာဉ်ဖျက်စီးခြင်းပုတီးစေ့ဖြစ်ပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို ထုတ်ဖော်ပေးနိုင်သည်။

လေဒင်သည် ဓားအားဆုပ်ကိုင်လိုက်ပါသော်လည်း သူ၏အသွေးအသားများနှင့် ပေါင်းစပ်နေသောကြောင့် အချိန်တိုအတွင်း ဆွဲထုတ်နိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်။

သူသည် အမှောင်စွမ်းအင်များ ပြည့်နှက်နေသော သွေးကြယ်စင်ဓားအား ဆင့်ခေါ်လိုက်သည်။ ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ရန် လိုအပ်ကြောင်းလည်း သူကောင်းစွာ သိရှိနေသည်။

သွေးနီရောင်ဓားမှာ အမှောင်ထုအား ထိုးဖောက်ပစ်လိုက်သည်။ ပြင်းထန်လှသော ဖိအားများကြောင့် သွေးကြယ်စင်ဓားမှာ ပျက်စီးသွားရပြီး အမှောင်ထုလည်း အက်ကွဲကာ မှိန်ဖျော့ဖျော့ အလင်းများ ဝင်ရောက်လာသည်။

သူ၏အားအကောင်းဆုံး တိုက်ကွက်သည်ပင် ထင်ထားသလောက် အလုပ်မဖြစ်သောကြောင့် လေဒင်၏ အမူအရာ ပြောင်းလဲသွားရသည်။

ငါ့ကိုဘယ်သူက သတ်ချင်နေတာလဲ......

လေဒင်၏ နှလုံးသားထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ သစ္စာဖောက် ဘရိုင့်စ်မှလွဲ၍ လုပ်ကြံသတ်ဖြတ်သူများထဲတွင် မည်သူများ ပါဝင်နေသည်ကို မသိရပေ။

ဝှစ်.....

လေဒင်သည် သွေးကြယ်စင်ဓားအား ထပ်မံထုတ်ဖော်ကာ အမှောင်ထုအား ထပ်မံဖျက်စီးလိုက်စဉ်မှာပင် ကောင်းကင်ထက်မှ ပြင်းထန်လှသော စွမ်းအင်များ ကျဆင်းလာသည်။

ကြီးမားလှသော သွေးနီရောင် လက်သီးကြီးသည် အမှောင်ထုအား ဖျက်စီးသွားသည်။

အံ့ဖွယ်တာအို၏ ကြောက်မက်ဖွယ် အရှိန်အဝါမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။

ထိုလက်သီးထဲတွင် အကန့်အသတ်မဲ့သော စွမ်းအင်များ ပါဝင်နေပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် တိုက်စားပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်။

အရေးအကြီးဆုံးမှာ လေဒင်သည် ထိုတိုက်ခိုက်မှုထဲမှ သွေးမျိုးနွယ်စုခေါင်းဆောင်၏ အရှိန်အဝါအား ခံစားမိနေခြင်းပင်။ သွေးမျိုးနွယ်စုခေါင်းဆောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသလို ဆိုးရွားလှသော စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာရသည်။

ထိုသည်မှာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအင်ပင် ဖြစ်သည်။

လေဒင်မှာ လုပ်ကြံသတ်ဖြတ်သူများအား သိရှိသွားပြီပင်။

သွေးမျိုးနွယ်စုတွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှလွဲ၍ မြင့်မြတ်သောတမာန်တော်များကသာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအင်ကို ထုတ်ဖော်နိုင်သည်။

အဖြူရောင်ဓား၊ ဝိဉာဉ်ချိပ်စည်း၊ လက်သီး....

"ကတ်စီဒီ၊ မာလင်၊ တိုဘိယ ငါမင်းတို့အားလုံးကို သတ်ပစ်မယ်။"

လေဒင်မှာ ဒေါသထွက်လွန်းသောကြောင့် နဖူးသွေးကြောများပင် ထောင်ထလာရသည်။

လေဒင်သည် သွေးကြယ်စင်အံ့ဖွယ်တာအို၏ စွမ်းအင်များကို သွေးကြယ်စင်ဓားတွင် အကုန်အစင် ထည့်သွင်းလိုက်ပြီးနောက် သွေးနီရောင် လက်သီးကြီးအား တိုက်ခိုက်လိုက်သည်။

သူ့ထံတွင် အခြားသော ရွေးချယ်စရာ မရှိပေ။

ဓားနှင့်လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားပါသော်လည်း မည်သည့်ပေါက်ကွဲသံမှ ထွက်မလာခဲ့ပေ။

သွေးကြယ်စင်ဓားမှာ ပျက်စီးသွားရပြီးနောက် သွေးနီရောင် လက်သီးကြီးမှာ ဘာမှမဖြစ်သည့်အတိုင်း ဆက်လက်ကျဆင်းလာသည်။

လေဒင်မှာ ထိုလက်သီးနှင့်သာ တိုက်ခိုက်ခံရပါက ဘဝကူးသွားမည်ဖြစ်ကြောင်း ကောင်းစွာနားလည်နေသည်။

သူသည် လျှာကိုကိုက်ကာ ဆန်းကြယ်သောနည်းလမ်းတစ်ခုကို အတင်းအကြပ် အသက်သွင်းလိုက်သည်နှင့်အတူ သွေးကြယ်စင်မှာလည်း နောက်ကျောဘက်တွင် ထွက်ပေါ်လာသည်။

ဝုန်း.....

ကမ္ဘာမြေပြင် တစ်ခုလုံးလည်း တုန်ဟီးသွားလေသည်။

လေဒင်၏ ပတ်ပတ်လည်တွင် ရှိနေသော အမှောင်ထုမှာလည်း လက်သီး၏ အရှိန်အဝါကြောင့် လောင်ကျွမ်းကုန်ရသည်။

အဖျက်စွမ်းအင်များ ပေါက်ကွဲသွားသည်နှင့်အတူ သွေးမျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအင်များကြောင့် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး သွေးနီရောင်အဖြစ် ပြောင်းလဲသွားရသည်။

ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပေါ်လာသလိုပင်။

သွေးနီရောင် အလင်းများ ပျောက်ကွယ်သွားပြီးနောက် ဆယ့်ငါးကီလိုမီတာပတ်လည်သည် တွင်းကြီးတစ်ခု ဖြစ်ပေါ်နေကာ တောင်တန်းများ၊ တောအုပ်များအားလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်ထက်တွင် ရှိနေသော တိုဘိယမှာ မောဟိုက်နေလေသည်။

သူ၏အဝတ်အစားများ စုတ်ပြဲနေပြီး သွေးများလည်း ယိုစီးကျနေကာ ကြမ်းတမ်းလှသော တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သောကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရကြောင်း ထင်ရှားနေသည်။

"သူသေလောက်ပြီမလား။"

မာလင်မှာ ဝိဉာဉ်ဖျက်စီးခြင်းပုတီးစေ့အား သိမ်းဆည်းလိုက်ပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။

ကတ်စီဒီ ခပ်ဖွဖွ ပြုံးလိုက်သည်။

"သွေးကျိန်စာကြယ်ဓားကြောင့် လေဒင်ရဲ့ အသက်စွမ်းအင်က ကန့်သတ်ခံထားရတာလေ။ တိုဘိယရဲ့ တိုက်ခိုက်မှုကလည်း တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတစ်ပါးလောက်ရှိတယ်။ အဲ့ဒါကြောင့် အသက်မရှိလောက်တော့ပါဘူး။"

"အခြေအနေကို စစ်ကြည့်လိုက်ဦးမယ်။"

ဘရိုင့်စ်မှာ ပေါက်ကွဲမှု အလယ်သို့ ရောက်ရှိလာကာ သစ်မြစ်များအား ဖြန့်ကျက်လိုက်သည်။

"အင်း.....ဘာအရှိန်အဝါမှ မခံစားမိဘူး။ အသက်စွမ်းအင်ကတော့......"

ဘရိုင့်စ်၏ အမူအရာ ပြောင်းလဲကာ လျင်မြန်စွာ နောက်သို့ဆုတ်လိုက်သည်။

သို့သော် ကြောက်မက်ဖွယ် စွမ်းအင်မှာ ဘရိုင့်စ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းမိုးသွားပြီး မျက်စိတမှိတ် အတွင်းမှာပင် အရည်ပျော်ကျသွားစေသည်။

"ဘလေး...."

အန်လင်း ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် တွင်းကြီးထဲမှ သွေးနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အဝေးသို့ ပျံထွက်သွားသည်။

တီနာမှာ မဆိုင်းမတွနှင့် အဖြူရောင် အလုံးတစ်လုံးအား လေထဲသို့ ပစ်လွှတ်လိုက်သည်။

သွေးနီရောင် အလင်းတန်းမှာ အဖြူရောင်အလုံးထဲ ပိတ်မိသွားပြီး မည်သို့မှ မလွတ်မြောက်နိုင်တော့ပေ။

အားလုံးမှာလည်း ယခုမှသာ သေသေချာချာ ကြည့်ရှုလိုက်မိကြပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

နူးညံ့ဖြူစင်သော အသားအရေ၊ သေးငယ်သောဒွေးဂျိ၊ အူယားစရာ သွင်ပြင်နှင့် ရွှေရောင်ဆံနွယ်လေးများ....

ထိုသည်မှာ အသက်ငါးနှစ်ခန့်ရှိသော ဂွေးတန်းလန်းနှင့် ကလေးတစ်ဦးပင်။

"ဟ... ဘယ်သူကြီးတုန်း...."

အန်လင်း မယုံကြည်နိုင် ဖြစ်သွားရသည်။

"ဝရုန်းသုန်းကားဖြစ်အောင် ဂွေးတန်းလန်းနဲ့ လျှောက်ပြေးနေတာပဲ။"

စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။

"အပိုတွေ ပြောမနေနဲ့တော့။ အဲ့ကောင်လေးက သေးသေးကြီးကြီး သစ်ပင်သတ်သမားပဲ။"

"သစ်ပင်က မသေသေးပါဘူး။ အတန်းဖော် ရွှမ်းယွမ်ချန်က သူ့ကို သွားကယ်နေတယ်။ ဒီကလေးက သစ်ပင်ကိုသတ်ဖို့ ကြံစည်တဲ့သူပဲ။"

စုချန်းရန် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

ဓားအင်မော်တယ်လင်းရှောင် ရှုံ့မဲ့သွားရသည်။

"မင်းတို့လေးလေးနက်နက် တွေးလို့မရဘူးလား။"

ရှောင်ဇယ်၊ မာလင်၊ ကတ်စီဒီနှင့် တိုဘိယတို့မှာ ထိုကလေးငယ်အနားသို့ ရောက်နေကြလေပြီ။

"ဒါကလေဒင်လား။"

ရှောင်ဇယ် အံ့အားသင့်နေသည်။

"သံသယဖြစ်စရာ မလိုဘူး။ ဒီအရှိန်အဝါနဲ့ ဒီသောက်ခွက်က လေဒင်မှ လေဒင်ပဲ။"

ကတ်စီဒီ စကားဆိုလိုက်သည်။

"လေဒင်က ဘာလို့ဒီလိုဖြစ်လာရတာလဲ။"

မာလင် ကြောင်တောင်တောင် ဖြစ်နေမိသည်။

တိုဘိယ ရှင်းပြလိုက်သည်။

"ငါတို့မျိုးနွယ်စုရဲ့ လျှို့ဝှက်ကျမ်းကြီးထဲမှာ ပြန်လည်ငယ်ရွယ်ခြင်းလို့ခေါ်တဲ့ အံ့ဖွယ်စွမ်းရည်တစ်ခု ရှိတယ်။ အသုံးပြုတဲ့သူက အံ့ဖွယ်တာအိုကို စွန့်လွှတ်ရတယ်။ အဲ့အခါကြရင် အံ့ဖွယ်တာအိုထက် အားကောင်းတဲ့ အစွမ်းတစ်ခုက အသုံးပြုသူရဲ့ ဒဏ်ရာတွေအားလုံးကို ကောင်းသွားစေပြီး ကြောက်စရာကောင်းတဲ့ ကာကွယ်ရေးအစွမ်းတစ်မျိုးကိုလည်း ရလိမ့်မယ်။ ဒါပေမယ့် အချိန်အကန့်အသတ် ရှိတဲ့အပြင် ကျင့်ကြံရေးအခြေခံ ထိခိုက်ပြီး ကလေးပုံစံ ပြန်ဖြစ်သွားတယ်။"

"မင်းပြောတဲ့ဟာနဲ့ ကွက်တိပဲ။ အဲ့ဒါကြောင့် အသက်ရှင်နေသေးတာကိုး။"

မာလင် သက်ပြင်းချလိုက်သည်။

"အဲ့ဒါဆို လေဒင်က လက်ရှိမှာ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရှိမနေဘူးပေါ့။"

ရှောင်ဇယ် စိတ်လှုပ်ရှားသွားသည်။

ထိုစကားကြောင့် အားလုံးမှာ လူယုတ်မာ ရယ်သံနှင့် ရယ်လိုက်ကြလေသည်။

လေဒင်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာကာ ကြောက်ကြောက်လန့်လန့်နှင့် နံရံနား ကပ်နေမိတော့သည်။

All Chapters