← Chapters

ကြောက်မက်ဖွယ်မိုးကြိုးကပ်ဘေး

Vol. 48 Ch. 673

ကြောက်မက်ဖွယ်မိုးကြိုးကပ်ဘေး

Vol. 48 Ch. 673

ဟုတ်တယ်.....အဖေသာရှိနေရင် အားလုံးအဆင်ပြေမှာ....

အဖေက အရမ်းအစွမ်းထက်တော့ မိုးကြိုးကပ်ဘေးကို ဖျက်စီးပြီး ငါ့ကိုကယ်နိုင်မှာပဲ....

ကောင်ငယ်လေးမှာ မိုးကြိုးကပ်ဘေးအားကြည့်ကာ နောင်တမျက်ရည်များ ကျဆင်းလာတော့သည်။

ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာတာလဲ....သူဘာတွေ မှားသွားခဲ့တာလဲ......

လေဒင်မှာ အသက်ပြင်းပြင်းရှူကာ ကြောက်စိတ်အား ဖျောက်လိုက်ပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာ ချလိုက်သည်။

ဤကမ္ဘာတွင် မည်သည့်အရာမှ မသေချာပေ။ မျှော်လင့်ချက်ကင်းမဲ့သော မိုးကြိုးကပ်ဘေးဟူ၍လည်း မရှိပေ။ မည်မျှပင် ဒုက္ခရောက်နေစေကာမူ မျှော်လင်ချက်ဟူသည် အမြဲရှိစမြဲပင် ဖြစ်၏။ သူသည်လည်း ယခုမိုးကြိုးကပ်ဘေးအား ကျော်လွှားကာ အဓိပတိတာအိုအား ရရှိနိုင်လောက်သည်။

လေဒင်၏ စိတ်ထဲတွင် စိတ်အားထက်သန်ခြင်းများ ဖြစ်ပေါ်လာကာ စိတ်ဓာတ်ကျခြင်းများ ပျောက်ကွယ်သွားတော့သည်။

သူသည် အရှိန်အဝါများကို အပြည့်အဝ ထွက်ပေါ်စေကာ ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။

"လာစမ်းပါ.....မင်းဟာမင်း ဘာကြီးပဲဖြစ်ဖြစ် သခင်ကြီး လေဒင်က အားလုံးကို အမှုန့်ကြိတ်ပစ်မယ်။"

ဝုန်း....ဝုန်း....ဝုန်း....

ရွှေရောင်ဟာလာပြင်လျှပ်စီးများသည် ပင့်ကူအိမ်သဏ္ဍာန် ဖြစ်ပေါ်လာပြီး အလယ်တွင် ရွှေရောင်တောက်ပနေသော တွင်းကြီးတစ်ခု ဖြစ်လာလေသည်။

"ဝါး....."

အန်လင်းတို့သည်ပင် ပါးစပ်အဟောင်းသားနှင့် တစ်ကီလိုမီတာ အကွာသို့ ဆုတ်ခွာလိုက်ရသည်။

အကြောက်အလန့် ကင်းမဲ့နေသော လေဒင်အားကြည့်ကာ လေးစားစိတ်များလည်း ဖြစ်ပေါ်လာမိကြသည်။

"ဒီလိုမိုးကြိုးကပ်ဘေးကိုတောင် မကြောက်ပဲ နေနိုင်တာ လေဒင်က လေးစားစရာ ကောင်းသားပဲ။"

မာလင် လေးနက်စွာ ပြောလိုက်သည်။

"မရှုပ်သင့်တဲ့သူကို လာရှုပ်မိတာတော့ စိတ်မကောင်းစရာပေါ့ဟာ"

ကတ်စီဒီမှာ အန်လင်းအားကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ငါသူ့ရဲ့သတ္တိကို လေးစားလို့ ရင်ထဲထိစရာ မြင်ကွင်းလေးနဲ့ ဆိုးဆိုးရွားရွား ပေးသေဖို့ ဆုံးဖြတ်ထားတယ်။"

"ဘာကိုပြောချင်တာလဲ။"

အားလုံး မေးမြန်းလိုက်ကြသည်။

အန်လင်း ခပ်ဖွဖွပြုံးကာ ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။

"လျှပ်စီးချဲ့ထွင်နည်းစနစ်...."

မမြင်နိုင်သော စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ ရွှေရောင်ဟာလာပြင်လျှပ်စီးများသည် ပိုမိုလင်းလက်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်ကို ဖျက်စီးပစ်တော့မည့်အလား အရှိန်အဝါ ပိုမိုကြီးမားလာသည်။

ထိုအချိန်တွင် ရွှေရောင်ဟာလာပြင်လျှပ်စီးများမှာ သေမင်းတမာန်မိုးကြိုးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

အားလုံး: "....."

လေဒင်မှာ ကောင်းကင်အားကြည့်ကာ မျက်ရည်များ ဝိုင်းလာတော့သည်။

"ဘာလို့အဲ့လောက်တောင် အားပြင်းသွားတာလဲ။ အ....အဓိပ္ပါယ်မရှိဘူး။"

"အရေးမကြီးပါဘူး။ ငါက လောကနိယာမတွေကို ဆန့်ကျင်ပြီး ကမ္ဘာကိုတောင် အုပ်စိုးနိုင်မယ့် သခင်ကြီး လေဒင်ပဲ။ ဒီမိုးကြိုးကပ်ဘေးလောက်က ငါ့အတွက် ဘာမှမဟုတ်ဘူး။"

သူသည် သွေးနီရောင်ဓားအား ဆုပ်ကိုင်ကာ လျှို့ဝှက်ကျင့်စဉ်များအားလုံးကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် သွေးနီရောင်လှိုင်းများ ဖြာထွက်လာကာ ရွှေရောင်ဟာလာပြင်လျှပ်စီး၏ ရွှေရောင်အလင်းတန်းများအား ခုခံလာလေသည်။

ခရက်.....

ကောင်းကင်ထက်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်ကာ သေမင်းတမာန်မိုးကြိုးများ ဆင်းသက်လာသည်။

မျက်စိကျိန်းလောက်အောင် တောက်ပနေသော ရွှေရောင်အလင်းများသည် လောကကြီးအား ကမ္ဘာဦးအစအချိန်သို့ ပြန်လည်ခေါ်ဆောင်သွားတော့မလို ထင်မှတ်ရသည်။

လျှပ်စီးထဲတွင် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များအားလုံး ပါဝင်နေသလိုပင်။

သွေးနီရောင်ဓားမှာ လောင်ကျွမ်းသွားရလေပြီ။

ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုအလား လောင်ကျွမ်းပျောက်ကွယ်ကုန်သည်။

အဆုံးတွင်မူ ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ လေဒင်ကိုပါ ကမ္ဘာကြီးထံမှ ပျောက်ကွယ်သွားစေသည်။

ထို့အပြင် တစ်ကီလိုမီတာဝန်းကျင်ရှိ အရာအားလုံး အငွေ့ပျံကာ အဖြူရောင်နယ်မြေကျောက်တုံးသည်ပင် ပျက်စီးသွားရသည်။

ဝုန်း......

မိုးကြိုးပေါက်ကွဲသံ တစ်ခုတည်းကသာ အားလုံး၏နားထဲ၌ ပဲ့တင်ထပ်နေလေသည်။

ထိုအသံလှိုင်းသည် ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်နေပြီး လေဆင်နှာမောင်းများ ဖြစ်ပေါ်လာကာ သစ်ပင်များအား အမြစ်မှ ချွတ်ပစ်လိုက်သည်။ ကမ္ဘာပျက်ကပ် ဖြစ်ပေါ်လာသည့်အလား ပတ်ဝန်းကျင် တစ်ခုလုံး ဝုန်းဒိုင်းကြဲနေလေသည်။

ထို့နောက် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားတော့သည်။

ကောင်းကင်ထက်မှ လျှပ်စီးများနှင့် တိမ်တိုက်မည်းများလည်း ပျောက်ကွယ်သွားသည်။

နွေးထွေးသော နေရောင်ခြည်နှင့်အတူ ပတ်ဝန်းကျင်မှာ အရောင်အသွေးများ ပြန်လည်စုံလင်လာသည်။

အလွန်ကြောက်စရာကောင်းသော အဖြစ်အပျက်များအတွက် သက်သေဟူ၍ တွင်းကြီးတစ်တွင်းသာ ကျန်ရစ်ခဲ့သည်။

အန်လင်း၊ တိုဘိယ၊ ရှောင်ဇယ်၊ ကတ်စီဒီ၊ မာလင်တို့မှာ ထိုတွင်းကြီးအား ငုံ့ကြည့်လိုက်ကြသည်။

"ဒါက မိုးကြိုးကပ်ဘေးကြောင့် ဖြစ်သွားတာလား။"

တိုဘိယ မျက်နှာပျက်သွားသည်။

"လောကနိယာမကို ဆန့်ကျင်မယ်ဆိုတဲ့ကောင်က စကားတောင် ဆုံးလိုက်ရဲ့လား။"

ကတ်စီဒီ တိုးညင်းစွာ ရေရွတ်လိုက်သည်။

လူသားအသွင် ပြောင်းထားပြီးသော ရှောင်ဇယ်မှာ အုတ်ခဲနက်အား တင်းကြပ်စွာ ဖက်တွယ်ထားသည်။

"တော်သေးတာပေါ့။ ဆရာသာ မဖယ်ခိုင်းရင် ကျွန်တော်တော့ ဘဝကူးတော့မှာ။"

ထိုမျှကြမ်းတမ်းသော မိုးကြိုးကပ်ဘေးအား ဖရိုဖရဲ သတ္ထုအုတ်ခဲမှ ခံနိုင်ရည် မရှိလောက်ပေ။

ဖရိုဖရဲ သတ္ထုအုတ်ခဲသည် အရပ်မျက်နှာ တစ်ခုတည်းမှ တိုက်ခိုက်မှုကိုသာ ခုခံပေးနိုင်ပြီး သေမင်းတမာန်မိုးကြိုးသည် အရပ်မျက်နှာ အစုံမှ သက်ဆင်းလာသော ခြွင်းခြင်းမရှိ ကောင်းကင်ဘုံ၏ဒေါသဖြစ်သောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့်အောက်တွင် ရှိသူမှန်သမျှ သေဆုံးရပေလိမ့်မည်။

လျှပ်စီးအား အကြောက်အလန့် မရှိခဲ့သော အန်လင်းသည်ပင် ထိုမိုးကြိုးကပ်ဘေးအား သူ၏လျှပ်စီးခြယ်လှယ်နည်းစနစ်ဖြင့် ထိန်းချုပ်မရနိုင်ဟု ထင်မှတ်မိသည်။

"ဒီမိုးကြိုးနဲ့ဆိုရင်တော့ လေဒင် သေလောက်ပါပြီ။ ဒါပေမယ့် သေချာအောင် လုပ်ရမယ်။"

အန်လင်း စကားဆိုလိုက်သည်။

မည်သူကမှ ထိုစကားအား မငြင်းပယ်ခဲ့ပေ။ လေဒင်ထံတွင် သောက်ကျိုးနည်း ဝှက်ဖဲများစွာ ရှိနေသောကြောင့် သတ်ရန်အလွန်ခက်ခဲလှသည်။ ထို့ကြောင့် သေချာအောင် စစ်ဆေးခြင်းကသာ အကောင်းမွန်ဆုံး ဖြစ်လိမ့်မည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်.....

အားလုံးမှာ မည်သည့်အရာကိုမှ မတွေ့ရသောကြောင့် သက်ပြင်းချလိုက်ကြသည်။

လေဒင် တကယ်သေပြီပဲ.....

အန်လင်းတို့မှာ စုရှောင်လန်တို့ရှိရာသို့ ချက်ချင်းသွားလိုက်ကြသည်။

"ဘယ်လိုအခြေအနေရှိလဲ....လေဒင်သေပြီလား။"

အန်လင်းအား အကောင်းအတိုင်း တွေ့လိုက်ရမှသာ စုရှောင်လန် စိတ်အေးတော့သည်။

"အင်း....မိုးကြိုးကပ်ဘေးကြောင့် လျှောသွားပြီ။"

အန်လင်း ဝံ့ကြွားစွာ ပြုံးလိုက်သည်။

"မိုးကြိုးကပ်ဘေးကြောင့် သေတယ်...."

ဓားအင်မော်တယ်လင်းရှောင်နှင့် အခြားသူများအားလုံး နားမလည်နိုင် ဖြစ်သွားရသည်။

"အဲ့ဒါက နည်းနည်းရှုပ်တယ်။ ပြန်ရောက်မှ ရှင်းပြတော့မယ်။ ဒီက လျှပ်စီးထိန်းချုပ်သူနတ်ဘုရား မသတ်နိုင်တဲ့ ရန်သူဆိုတာ မရှိပါဘူး။"

အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။

အားလုံး: "......"

လေဒင်၏ သေဆုံးခြင်းကြောင့် အနက်ရောင်စိမ့်တော တစ်ခုလုံး ကမောက်ကမ ဖြစ်လာမည်မှာ သေချာသည်။

ကတ်စီဒီတို့သုံးဦးမှာ သံသယဖြစ်ခံရခြင်းမှ ကင်းဝေးရန်အတွက် သက်ဆိုင်ရာ ဂိုဏ်းများထံ ပြန်သွားရမည် ဖြစ်သည်။

လေဒင်၏ ကိုယ်ရံတော်ဖြစ်ခဲ့သော ဘရိုင့်စ်မှာ ပြန်သွားစရာ နေရာမရှိသောကြောင့် သစ်စေ့ငယ်လေးအဖြစ် ပြောင်းလဲကာ အန်လင်း၏ ခေါင်းပေါ်တွင် အနားယူနေလိုက်သည်။

ကတ်စီဒီတို့မှာ ဘရိုင့်စ်အား အားကျမနာလို ဖြစ်ကြရတော့သည်။

ဤသို့ဖြင့် ၎င်းတို့မှာ အုပ်စုနှစ်ခု ခွဲလိုက်ကြသည်။

.............

နတ်ဘုရားဘုံဋ္ဌာနေ၌

ကျောက်စိမ်းပြားတစ်ခုမှာ ရုတ်ချည်းဆိုသလို အက်ကွဲသွားသည်။

ဆန်းကြယ်သောကျင့်စဉ်တစ်ခုအား လေ့လာနေသည့် ဧကရာဇ်ရိတန်းမှာ အလွန်အမင်း ဒေါသထွက်သွားလေသည်။

ဝုန်း....

သွေးနီရောင် အလင်းတန်းတစ်ခုမှာ ကောင်းကင်ထက်တိုင် ထိုးတက်သွားသည်။

ကမ္ဘာမြေပြင် တုန်ဟီးမတတ် ကျယ်လောင်လွန်းသော ဟစ်ကြွေးသံတစ်ခု ပေါ်ထွက်လာသည်။

"ငါ့သားကို ဘယ်သူသတ်တာလဲ။"

"အဲ့ကောင်ရဲ့ တစ်မိသားစုလုံး ငရဲကိုပို့ပြီး တသက်လုံး နှိပ်စက်ပစ်မယ်။"

All Chapters