ထိပ်ပြောင်ချန်လီ ပြေးဦးမလို့လား
Vol. 41 Ch. 573
အခန်း (၅၇၃) ထိပ်ပြောင်ချန်လီ ပြေးဦးမလို့လား
ချန်လီ ပါးစပ် ဟ လိုက်သည်။ သူ တစ်စုံတစ်ခု ပြောချင်သော်လည်း မည်သည့်အသံမှ ထွက်မလာပေ။
သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မည်သူမှန်းမသိသဖြင့် ရန်ကျောက်ကဲက သိုင်းသူတော်စင်တစ်ယောက်ကို အကူအညီတောင်း ဖိတ်ခေါ်လာသည်ဟု ထင်မှတ်မိခဲ့သည်။
ထို့ကြောင့် ချန်လီက ချက်ချင်းမတိုက်ခိုက်သေးဘဲ ရန်ကျောက်ကဲကို စကားလုံးများဖြင့် နှိမ့်ချပြောဆိုပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အာရုံထွေပြားသွားစေရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့စကားများကို တစ်ချက်ပင် အရေးမစိုက်ဘဲ ရန်ကျောက်ကဲက တိုက်ခိုက်ရန် တောင်းဆိုလိုက်သည်နှင့် သူ၏လက်သီးချက်က ချန်လီရှေ့သို့ ရောက်ရှိလာသည်။ ထိုအချက်ကြောင့် ချန်လီမှာ အလွန်အမင်းစိတ်ထဲတင်းကျပ်သွားပြီး မျက်နှာတစ်ခုလုံးလည်း မဲမှောင်သွားသည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တူညီသော မျက်နှာအမူအရာ ၊ မျက်ဝန်းများတွင်ထွက်ပေါ်နေသည့် တူညီသော အင်းသင်္ကေတများကို သေသေချာချာ ကြည့်လိုက်ပြီးနောက် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချန်လီ သဘောပေါက်သွားသည်။
“သိုင်းသူတော်စင်ကိုယ်ပွားတစ်ခုလား...”
ချန်လီ သွေးအန်လုမတတ် ဖြစ်သွား၏။
သူက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မှင်တက်စွာဖြင့် ကြည့်နေမိသည်။
“မင်းလို သိုင်းဆရာသခင်တစ်ယောက်က သိုင်းသူတော်စင်ကိုယ်ပွားကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ”
ရန်ကျောက်ကဲဆိုသည်က မကြာခဏဆိုသလို ပေါ့ပေါ့တန်တန် မဟုတ်သော အံ့အားသင့်စရာလုပ်ရပ်များကို ပြုလုပ်လေ့ ရှိသူပင်။
ဤသည်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ ထင်မြင်ယူဆချက် ဖြစ်သလို ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သော ‘ချန်လီ’ သည်ပင် ထိုအချက်ကို အသိအမှတ် ပြုလေသည်။
သို့သော် ချန်လီကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားပြီး အသိဉာဏ်ရှိသူတစ်ယောက်အတွက် သူ့ကို စကားမပြောနိုင်လောက်အောင် အံ့အားသင့်စေသောအရာက အနည်းငယ်မျှသာ ရှိ၏။
သို့သော် ယနေ့မှာတော့ ချန်လီ၏ အမြင်အာရုံ (၃)ပါး ဖျက်ဆီးခံရပြီး ကမ္ဘာကြီး ပြိုလဲသွားသည့်ပမာ ခံစားလိုက်ရသည်။
လက်သီးချက်က သူ့မျက်နှာတည့်တည့်ဝင်ရောက်လာပြီး သေခြင်းတရား၏ ခြိမ်းခြောက်မှုခံစားရသည့်အခါ ချန်လီတစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များမှ ချွေစများ စိမ့်ထွက်လာသည်။
ချက်ချင်းပင် သူ့ခန္ဓာကိုယ်က မိုးကြိုးသွားအဖြစ် ပြောင်းလဲသွားပြီး အလျှင်အမြန် နောက်ဆုတ်ရှောင်တိမ်းလိုက်ပြီးနောက် ရှေ့သို့တစ်ဖန် ခုန်ဝင်လိုက်၏။
သို့သော် သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဖြတ်ကျော်ပြီး ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်ခြင်း ဖြစ်သည်။
“ဒီကောင်လေးက သိုင်းသူတော်စင်တစ်ယောက်ကို ကိုယ်ပွားအဖြစ် သန့်စင်ထားတယ်ဆိုရင်တောင်မှ သူက သိုင်းဆရာသခင်အဆင့်ပဲ ရှိတာလေ ၊ ဒီကောင့်ကို သတ်လိုက်ရင် ဒီ သိုင်းသူတော်စင်ကိုယ်ပွားက ငါ့လက်ထဲ အလိုလိုရောက်လာပြီး ငါ့အပိုင် ဖြစ်သွားမှာ”
အတွေးနှင့်အတူ ချန်လီ လောဘတက်လာပြီး အရှိန်အဟုန်ဖြင့် မိုးကြိုးလျှပ်စီးပမာ လျှင်မြန်လွန်းသော ကောင်းကင်မိုးကြိုးခန်းမ၏ ထူးခြားသော သိုင်းစွမ်းအနှစ်သာရကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
တိုက်ပွဲရလဒ် တစ်ခဏအတွင်း အဖြေထွက်ခြင်း ၊ တိုက်ကွက် နှစ်ကွက် သုံးကွက်အတွင်း သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်ခြင်းတို့မှ ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ ပိုင်နိုင်ကျွမ်းကျင်သော တိုက်ပွဲပုံစံ ဖြစ်၏။
သို့သော် ချန်လီ မျက်လုံးရှေ့တွင် ရိပ်ခနဲလှုပ်ရှားမှုတစ်ချက် တွေ့မြင်လိုက်ရပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချက်ချင်း သူ့ရှေ့ရောက်လာသည်။ သံမဏိလှံချွန်တစ်ခုကဲ့သို့သော လက်သီးချက်က သူ့ကိုထိမှန်ရန် အလွန်နီးကပ်လာသည်။
မယုံကြည်စရာ နောက်ထပ်အဖြစ်အပျက်တစ်ခုကို တွေ့ကြုံရသဖြင့် ချန်လီမှာ အံ့သြတုန်လှုပ်သွားရပြန်သည်။ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ထက်ပင် ပိုမိုလျှင်မြန်နေသည်လား။
ထိုကိုယ်ပွား တင်းတင်းဆုပ်ထားသည့် လက်သီးမှ လက်ခလယ်ဒုတိယအဆစ်သည် ချွန်ထက်သောလံသွားပမာ ချန်လီ၏ မျက်ခုံးနှစ်ခုကြားဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာ၏။
ထို လှံချွန်ဖြင့်သာ ထိုးစိုက်ခံရပါက ချန်လီ၏နဖူးတွင် အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားမည် အမှန်ပင်။
ချန်လီ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ့မျက်နှာအမူအရာက တည်ကြည်လေးနက်နေသလို မျက်လုံးများကလည်း နက်ရှိုင်းနေသည်။
သူက တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့လက်များတွင် မိုးကြိုးလျှပ်စီးများ တစ်ဖန်ပြန်လည် တောက်ပလာသည်။
ညာဘက်လက်တွင် တစ်ဖက်သွားဓားတစ်လက်နှင့် သူ၏ဘယ်ဘက်လက်တွင် နှစ်ဖက်သွားဓားရှည်တစ်လက် ပေါ်လာ၏။
တစ်ဖက်သွားဓားက လေထဲတွင် ကိုးကြိမ်ကိုးခါတိတိ အလျားလိုက်လှည့်ပတ်သွားပြီး စိမ်းပြာရောင်မိုးကြိုးသွားများ လေထုထဲတွင် သိပ်သည်းဖြစ်ပေါ်လာသည်။ အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားက တိတ်ဆိတ်မှုကို ထိုးခွင်းထွက်ပေါ်လာ၏။
နှစ်ဖက်သွားဓားရှည်မှလည်း ဓားအလင်းတန်းတစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ အလွန်စွမ်းအားမြင့်မားသော သိုင်းသူတော်စင်တစ်ယောက်သည်ပင် ထိုဓားအလင်းတန်း၏လမ်းကြောင်းကို ခန့်မှန်းရန် ခက်ခဲပေမည်။ လျှင်မြန်လွန်းသဖြင့် အချိန်နှင့် ဗလာနယ်အာကာသကို ခုတ်ပိုင်းဖြတ်တောက်လိုက်သည့်အလား ထင်မှတ်ရသည်။
ချန်လီရှိနေသော ဗလာနယ်လေထုနေရာက နှစ်ခြိမ်းကွဲသွားပြီး တစ်ခြမ်းမှာ စိမ်းပြာရောင်မိုးခြိမ်းသံများ ပဲ့တင်ထပ်ထွက်ပေါ်နေပြီး ကျန်တစ်ခြမ်းတွင်တော့ ခရမ်းရောင်လျှပ်စီးများ တောက်ပလျှက် ရှိသည်။
စိမ်းပြာရောင်ဘက်ခြမ်းတွင် မိုးကြိုးဧကရာဇ်၏ ကြီးကျယ်ခမ်းနားသော ရုပ်သွင် ထွက်ပေါ်လာပြီး ခရမ်းရောင်ဘက်ခြမ်းတွင် ကောင်းကင်လျှပ်စီးဧကရီ၏ ခန့်မှန်းမရနိုင်သော အသွင်သဏ္ဌန် ထွက်ပေါ်လာသည်။
ချန်လီ၏လက်တစ်ဖက်တွင် အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုပေါ်လာပြီး တစ်ဖက်သွားဓားနှင့်ပေါင်းစပ်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ထိုးနှက်တိုက်ခိုက်လိုက်သည်။
စိမ်းပြာရောင်ကမ္ဘာနှင့် ခရမ်းရောင်ကမ္ဘာပေါင်းစပ်သွားသည်နှင့် တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာကာ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းများ ၊ မိုးကြိုးသွားများက ရေလွှမ်းမိုးမှုပမာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
မိုးကြိုးဘုရင်ဓားသိုင်း (၉)ကွက်။
ကောင်းကင်လျှပ်စီးဧကရီဓားသိုင်း။
မိုးကြိုးလျှပ်စီး ပေါင်းစည်းခြင်း။
ပြင်းထန်သော စွမ်းအားပေါင်းစည်းခြင်းက ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံး ပျက်ဆီးသွားစေသည်။ ပေါက်ကွဲစေသော စွမ်းအားတစ်ခုက ချက်ချင်းဆိုသလို ကောင်းကင်ယံထက်၌ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများက ရပ်တန့်သွားခြင်းမရှိဘဲ ပိုမိုကျယ်လောင်လာသည်။
ချန်လီက ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။
ကောင်းကင်မိုးကြိုးခန်းမ၏ သိုင်းပညာက အလွန်လျှင်မြန်သည့်အပြင် ကြီးမားသော စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည် အမှန်ပင်။
ရန်ကျောက်ကဲကတော့ ချန်လီကို တည်ငြိမ်စွာပင် ကြည့်နေသည်။
ချန်လီ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသံတစ်စက်မထွက်သလို တိုက်ခိုက်မှုလည်း ရပ်တန့်မသွားပေ။
မိုးမြေတစ်ခွင်ရှိ မိုးကြိုးသမုဒ္ဒရာအလယ်တွင် ဧရာမဂဠုန်ငှက်ကြီးတစ်ကောင်သည် ပင်လယ်ထဲထိုးဆင်းသွားပြီး ဝေလငါးကြီးအဖြစ် ပြောင်းလဲသွားသည်။
ထို ဝေလငါးကြီး ရေထဲမှခုန်တက်လိုက်သည်နှင့် ကြီးမားပြင်းထန်သော စွမ်းအားလှိုင်းလုံးကြီးများ ထွက်ပေါ်လာကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ဧရာမ ဝေလငါးကြီးက အမြီးတစ်ချက်ဝှေ့ယမ်းလိုက်ရာ ချန်လီ၏ မိုးကြိုးပင်လယ်ကြီး အက်ကွဲသွားသည်။
ချန်လီ မယုံကြည်နိုင်စွာကြည့်နေစဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လွှမ်းမိုးနိုင်စွမ်းမြင့်မားသော လက်သီးချက်က မိုးကြိုးလျှပ်စီးများကို ဖြတ်ကျော်ကာ သူ့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
ချန်လီက ရှိသမျှ စွမ်းအားကုန်သုံးလိုက်ပြီး သူ၏ အဆင့်မြင့်မှော်ဝင်ပစ္စည်းနှင့် ဓားသွားနှစ်လက်ကို အရှိန်မြှင့်ဝှေ့ယမ်းရင်း ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ပတ်ပတ်ပတ်လည်တွင် ကြီးမားသော ရေခဲပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို ရေခဲပင်လယ်ကြီးအတွင်း၌ ရေခဲနဂါးများစွာကူးခတ်နေပြီး ချန်လီ၏ ဓားသွားများကို တားဆီးထားလိုက်သည်။ ချက်ချင်းပင် မိုးကြိုးလျှပ်စီးစွမ်းအားများ အားနည်းသွားပြီး ဓားသွားများသည်လည်း မလှုပ်ရှားနိုင်တော့ပေ။
ရေခဲပင်လယ်ပြင်ကြောင့် ချန်လီ အရှိန်အဟုန်နှေးကွေးသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခဲယဉ်းသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မြောက်ပင်လယ်မှ ရေခဲပင်လယ်များကို မိုးကြိုးနယ်မြေသို့ ရွှေ့ပြောင်းလာသည့်အလား ခံစားရသည်။
သူ့လက်သီးချက်က ရွှီခနဲလေချွန်သံနှင့်အတူ ချန်လီ၏ နဖူးအား မညှာမတာ ထိုးဖောက်ဝင်ရောက်သွားသည်။
ကြောက်မက်ဖွယ်ရာ နာကျင်အော်ဟစ်သံကြီးနှင့်အတူ ချန်လီ၏ ဦးခေါင်းပြောင်ပြောင်မှ သွေးများ စီးကျလာသည်။
သို့ပေသိ သိုင်းသူတော်စင်များဆိုသည်က အသက်ဓာတ်စွမ်းအားမြင့်မားသူများ ဖြစ်လေရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်ထိမှန်ခံရသည့်တိုင် ချန်လီမှာ ဒဏ်ရာအပြင်းအထန်ရှိရုံသာဖြစ်ပြီး အသက်မသေခဲ့ပေ။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်သီးချက်ကို လှံရှည်ပမာ အသုံးပြုပြီး ချန်လီ၏ ရင်ဝသို့ နောက်တစ်ကြိမ် ထိုးစိုက်ချလိုက်သည်။
သွေးမှုံများက ကောင်းကင်တစ်ခုလုံး ပျံ့ကျဲသွားချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လှံရှည်က ချန်လီ၏ ရင်ဝမှ နောက်ကျောသို့ ထုတ်ချင်းပေါက် ဝင်ရောက်သွား၏။
အသွေးမှုံ အသားစများ ကောင်းကင်ထက်တွင်ပျံကျဲလျှက် ပြာမှုန့်ဖြစ်ကာ ပျောက်ကွယ်မသွားခင် ရေခဲပင်လယ်ထဲတွင် ခဏမျှ အေးခဲနေသည်။
သေလုမျောပါးဖြစ်နေသော ချန်လီက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏အရိပ်ကျုံ့အိတ်ကို ဖွင့်လိုက်သည်။ အရိပ်ကျုံ့အိတ်အတွင်းမှ မိုးကြိုးအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထို မိုးကြိုးအလင်းတန်းက အလွန်မတည်မငြိမ်ဖြစ်နေသော်လည်း ပြင်းထန်သောစွမ်းအားများ ပါဝင်နေသည်။
ကျောက်စိမ်းပင်လယ်မြို့တော်သာမက ကောင်းကင်မိုးကြိုးခန်းမနှင့် လှိုင်းနက်ဂေဟာတို့သည်လည်း သူတို့ကိုယ်ပိုင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ပြုလုပ်ရန် ကြိုးစားခဲ့ကြသည်။
ဤ မိုးကြိုးအလင်းတန်းသည် ကောင်းကင်မိုးကြိုးခန်းမအတွက် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ရန် ပြင်ဆင်ထားသော ရတနာပစ္စည်းတစ်ခု ဖြစ်၏။ သို့ဖြစ်ရာ ထိုပစ္စည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်သေးသော်လည်း စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။
ချန်လီက သူ့ရင်ဝမှ ဒဏ်ရာကို အရေးမစိုက်ဘဲ မိုးကြိုးအလင်းတန်းကို ပေါက်ကွဲထွက်စေလိုက်သည်။
ပြင်းထန်သောမိုးကြိုးပစ်သံများ ပတ်ဝန်းကျင်တွင် ရိုက်ခတ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တားဆီးလိုက်သည်။ ထို့နောက် ချန်လီက ရန်ကျောက်ကဲနှင့် ထပ်မံမတိုက်ခိုက်ဝံ့တော့ဘဲ ကောင်းကင်မိုးကြိုးခန်းမ တည်ရှိရာသို့ အမြန်ဆုံးနည်းဖြင့် ပြန်ပြေးသွားခဲ့သည်။
“ကောင်းကင်မိုးကြိုး” ပင်မအစီအရင်ကြီးက စောစောက တိုက်ခိုက်မှုတွင် စွမ်းအားများစွာအသုံးပြုခဲ့ရသဖြင့် မှေးမှိန်သွားသော်လည်း ယခု စွမ်းအားများ ပြန်လည်ပြည့်ဝလာပြီဖြစ်သည်။ ချန်လီက ပင်မအစီအရင်ကို အသုံးပြုပြီး ရန်ကျာက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ကို ဟန့်တားရန် ကြိုးစားလိုက်သည်။
ထို့နောက် သူက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး သွေးများက လေထဲတွင် ပျံသန်းလျှက် တောက်ပသော ဝိညာဉ်သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချန်လီက ကောင်းကင်မိုးကြိုးခန်းမအတွင်းမှ တစ်စုံတစ်ခုကို အသက်သွင်းလိုက်ခြင်းဖြစ်ပြီး ထိုအရာမှ အလင်းတန်းများ ထွက်ပေါ်လာသည်။
ကောင်းကင်မိုးကြိုးခန်းမ အပျက်အဆီးများအလယ်တွင် အလင်းရောင်များတောက်ပနေသည့် ခန်းမဆောင်တစ်ခု ထွက်ပေါ်လာပြီး ထိုခန်းမ၏ အလယ်ဗဟိုက တွင်းနက်ကြီးတစ်ခုပမာ နက်မှောင်လျှက် ရှိသည်။
ထို ခန်းမအလယ်ဗဟို နက်ရှိုင်းမှောင်မိုက်နေသောနေရာတွင် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ရုတ်တရက် ထင်ရှားထွက်ပေါ်လာသည်။
ချန်လီက ထိုလမ်းကြောင်းအတွင်း ပြေးဝင်ရန်ဟန်ပြင်လိုက်စဉ် သူ့အရှေ့တွင် အလင်းရောင်များတောက်ပလာပြီး နဂါးဟိန်းသံများထွက်ပေါ်လာကာ မိုးခြိမ်းသံများကိုပင် လွှမ်းခြုံသွားသည်။
ကြီးမားသော နန်းတော်ကြီးတစ်ခုက ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကို ပိတ်ဆို့တားဆီးထားသည်။
ချန်လီ အံ့သြမှင်တက်သွားချိန် ရန်ကျောက်ကဲ အသံ ထွက်ပေါ်လာသည်။
“လက်စသတ်တော့ ဒါကြောင့်ကိုး ၊ မြေကမ္ဘာနယ်မြေမှာတုန်းက မင်း ဘာလို့ထွက်ပြေးရတာလဲဆိုတာ ငါ အမြဲတွေးနေခဲ့တာ ၊ ငရဲကိုးထပ်သာ ငါတို့ကမ္ဘာကို ကျူးကျော်လာရင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ပျက်ဆီးသွားမှာ ၊ အသိုက်ပြိုရင် ဘယ်ဥမှမလွတ်နိုင်ဘူးလေ...”
အသင်္ချေနဂါးနန်းတော်ထက်တွင် ရန်ကျောက်ကဲ ပုံရိပ်ပေါ်လာပြီး သူက ချန်လီကို အေးစက်စွာကြည့်လိုက်သည်။
“ဟက်... မင်းက တခြားကမ္ဘာကိုသွားတဲ့ ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုကို ဖွင့်နိုင်တဲ့အစွမ်း ရှိနေတာကိုး ၊ မင်း ထွက်ပြေးချင်တာ အံ့သြစရာ မရှိတော့ပါဘူး ၊ ကောင်းတယ် ထိပ်ပြောင် ‘ချန်လီ’ ၊ မင်းက ပြေးတဲ့နေရာမှာတော့ သိပ်တော်တယ်”
“ဒါပေမဲ့... မင်း ငါ့လက်ကတော့ မလွတ်နိုင်ပါဘူး”