← Chapters

ချန်လီကို သတ်ဖြတ်ခြင်း

Vol. 41 Ch. 574

ချန်လီကို သတ်ဖြတ်ခြင်း

Vol. 41 Ch. 574

အခန်း (၅၇၄) ချန်လီကို သတ်ဖြတ်ခြင်း

ရန်ကျောက်ကဲ ချန်လီကို အေးစက်စွာ စိုက်ကြည့်နေသည်။ အသင်္ချေနဂါးနန်းတော်အတွင်းမှ နဂါးဟိန်းသံများ အဆုံးမရှိထွက်ပေါ်လာပြီး နဂါးချီစွမ်းအားများက ပြည့်လျှံနေသည်။

အလင်းနဂါးများက နန်းတော်တဝိုက် ဝဲပျံနေကြပြီး မတည်မငြိမ်ဖြစ်နေသော ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကို ဖိနှိပ်ပိတ်ဆို့ထားသည်။

ကောင်းကင်မိုးကြိုးခန်းမမှလူတိုင်း အလွန်တရာ တုန်လှုပ်လျှက် ရှိကြသည်။

သူတို့ဂိုဏ်းသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်ပြီး နှစ်ပေါင်းများစွာ အခိုင်အမာ ရပ်တည်ခဲ့သည့်တိုင် ယနေ့မှာတော့ အဆုံးသတ်ရပေတော့မည်။

ကောင်းကင်မိုးကြိုးခန်းမ၏ နံပါတ် (၁) သိုင်းကျင့်ကြံသူ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အစွမ်းထက် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ‘ချန်လီ’ သည် ရန်ကျောက်ကဲရှေ့တွင် အလွန်တရာ အားနည်းဖျော့တော့လျှက် ရှိသည်။

အနက်ရောင်အိပ်မက်ဆိုးတောင် ပြိုလဲခဲ့ပြီးနောက်ပိုင်း ထိပ်သီသိုင်းဂိုဏ်းကြီးတစ်ဂိုဏ်း မပြိုလဲနိုင်ဆိုသော အာမခံချက် မရှိခဲ့ပေ။

သို့သော် သူတို့ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းသူမှာ အသက် (၃၀) ပင် မပြည့်သေးသော လူငယ်တစ်ယောက်ဖြစ်နေမည်ဟု ကောင်းကင်မိုးကြိုးခန်းမက သိုင်းသမားတိုင်း မျှော်လင့်မထားကြပေ။

အတိတ်တစ်ချိန်က ဟန်ထျန်းပုဂ္ဂိုလ်မြန် ‘ကျန်းဒေါင်ဂီ’ က ‘အနက်ရောင်အိပ်မက်ဆိုးတောင်’ ကို ဖျက်ဆီးပစ်ခဲ့စဉ်က ထိုအသက်အရွယ် မဟုတ်ခဲ့ပေ။

ကောင်းကင်မိုးကြိုးခန်းမမှ ရန်ကျောက်ကဲနှင့် သက်တူရွယ်တူ သိုင်းကျင့်ကြံသူများအားလုံး မှင်တက်လျှက် ရှိကြသည်။

ယခင်အချိန်ကပင် ရန်ကျောက်ကဲသည် သက်တူရွယ်တူများနှင့် အဆင့်အတန်း မတူညီတော့ကြောင်း တဖြည်းဖြည်း နားလည်ခဲ့ကြရသော်လည်း ယခုတော့ အလွန်တရာ ကွဟချက်ကြီးမားလွန်းသဖြင့် အစစ်အမှန်မှ ဟုတ်ပါလေစဟု ထင်ယောင်ထင်မှား ခံစားလာကြရသည်။

နောက်တစ်ချက်မှာ ချန်လီ ဖော်ထုတ်လိုက်သော ကမ္ဘာဖြတ်လမ်းကြေင်းအသွင်အပြင်က လူတိုင်းကို ထိတ်လန့်တခြား ဖြစ်သွားစေသည်။

ချန်လီသည် ဤ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့သဖြင့် ကောင်းကင်မိုးကြိုးခန်းမမှ မည်သူတစ်ဦးတစ်ယောက်မှ သိရှိခဲ့ခြင်း မရှိကြပေ။

မူလက ကောင်းကင်မိုးကြိုးခန်းမတစ်ခုလုံးက ချန်လီ၏ စကားများကို ယုံကြည်ခဲ့သည်။ ရန်ကျောက်ကဲ၏အမှားကြောင့် မြေကမ္ဘာနယ်မြေတွင် လူအများသေကြေခဲ့ကြရသည်ဟု သူတို့ လက်ခံခဲ့ကြသည်။

ဂုဏ်သိက္ခာရှိသော သိုင်းသူတော်စင် ‘ချန်လီ’ သည် အမှန်တကယ် ထွက်ပြေးလိမ့်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။

ယခုတော့ ချန်လီ၏ ယခင်လုပ်ရပ်များနှင့် ရန်ကျောက်ကဲ၏ စကားများကို ဆက်စပ်ကြည့်ရင်း ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုကိုလည်း တွေ့မြင်ရသည့်အခါ လူတိုင်းစိတ်ထဲ တုန်လှုပ်သွားကြသည်။

ကောင်းကင်မိုးကြိုးခန်းမဆိုသည်က နှစ်ပေါင်း ထောင်နှင့်ချီ ကြာမြင့်စွာ တည်ထေင်ခဲ့သော ၊ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားခဲ့သော ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည်။

ရန်သူနှင့် ရင်ဆိုင်ရလေတိုင်း ကောင်းကင်မိုးကြိုးခန်းမမှ တပည့်မျိုးဆက်များအားလုံး စည်းစည်းလုံးလုံးဖြင့် အဆုံးထိ တိုက်ပွဲဝင်ခဲ့ကြသည်။

သို့ပေသိ ယခုတော့ တက်တက်ကြွကြွ တိုက်ပွဲဝင်ခဲ့ကြသော ဂိုဏ်းသားများအားလုံး စိတ်ဓာတ်ကျသွားသည့်အပြင် ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းလည်း မရှိကြတော့ဘဲ မာနနှင့် ဇွဲသတ္တိများပင် ကျိုးကျေသွားသလို ခံစားလိုက်ကြရသည်။

သူတို့အားလုံး၏စိတ်ဓာတ်ကို ဖြိုခွဲလိုက်သူမှာ နဂိုကပင် ထွက်ပြေးရန်ကြံစည်ထားသော ကောင်းကင်မိုးကြိုးခန်မသခင် ‘ချန်လီ’ သာလျှင် ဖြစ်သည်။

ထိုခဏတွင် ကောင်းကင်မိုးကြိုးခန်းမမှ ကျင့်ကြံသူများအားလုံး၏ မျက်ဝန်းများထဲတွင် စိတ်ရှုတ်ထွေးမှုများဖြင့် ပြည့်နက်နေကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ထိုးနှက်ချက်ကို နှစ်ကြိမ်တိုင်တိုင်ခံထားရပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ သေလုဆဲဆဲဖြစ်နေသော ချန်လီကို ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်နှင့် ပိတ်ဆို့ထားခဲ့သည်။

ယခုတော့ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်သည် ဒေါသကိုချိုးနှိမ်ကာ မာန်လျှော့သွားပြီ ဖြစ်သည်။

သူ့မျက်နှာတစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီး စိတ်ပျက်အားလျော့နေသည့်တိုင် သတ်ဖြတ်လိုသောအငွေ့အသက်များလွှမ်းခြုံနေသော ရွံလျှာဟန်မျက်နှာထားဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ‘ကောင်းကင်မိုးကြိုး’ ပင်မအစီအရင်ကို ရေခဲချပ်ဝတ်ဖြင့် ခုခံကာကွယ်ပြီး ချန်လီအနားသို့ ချက်ချင်းရောက်ရှိလာကာ နောက်ထပ်လက်သီးတစ်ချက်ဖြင့် ထိုးစိုက်ချလိုက်သည်။

လှံချွန်ပမာ လက်သီးချက်က ချန်လီ၏ နောက်ကျောမှထိုးဖောက်လျှက် ရင်ဝဆီသို့ ထုတ်ချင်းဖောက်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လက်များကို ပြန်ဆွဲမထုတ်ဘဲ ချန်လီ၏ ခန္ဓာကိုယ်ကို လှံစွပ်တွင်ထိုးစိုက်ထားသည့်အလား လက်ကိုဆန့်တန်းကာ ကိုင်မြှောက်လိုက်သည်။

ချန်လီ သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး သူ၏မျက်နှာအမူအရာက ရှုံးနိမ့်ခြင်းနှင့် အရှက်တရားများ ပြည့်နက်နေစဉ် သူ့ခန္ဓာကိုယ်မှ ချီစွမ်းအားနှင့် သွေးစွမ်းအားများက လျှင်မြန်စွာပင် ယိုယွင်းပျက်ဆီးလျှက် ရှိသည်။

ရန်ကျောက်ကဲက ချန်လီကို အေးဆေးတည်ငြိမ်စွာ ကြည့်ရင်း...

“ထိပ်ပြောင် ‘ချန်လီ’ ၊ ငါတို့ဝါဒတောင်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း တိုက်ပွဲဖြစ်တုန်းက မင်းတို့ ကောင်းကင်မိုးကြိုးခန်းမက တိုက်ခိုက်ဖို့ ရောက်လာခဲ့တယ် ၊ လင်ထျန်းဖုန်းနဲ့ တခြားသူတွေ သေသွားရုံလောက်နဲ့ ငါတို့က မင်းတို့ ကောင်းကင်မိုးကြိုးခန်းမကို ကျေအေးမယ် ထင်နေသလား”

“ဒီနေ့တော သွေးကြွေးအဟောင်းရော သွေးကြွေးအသစ်ရော ပေါင်းပြီး ယူရမှာပဲ”

ချန်လီက ရန်ကျောက်ကဲကို ခက်ခက်ခဲခဲ လှမ်းကြည့်ရင်း...

“’ရန်’ အိမ်တော်က ကောင်လေး ၊ ဒီအဘိုးကြီး ဒီနေ့ မင်းလက်မှာ ကျဆုံးရပေမယ့် မင်းတို့ ဝါဒတောင်လည်း သက်ဆိုးရှည်မယ် မထင်နဲ့”

စကားပြောနေစဉ် ချန်လီ၏မျက်လုံးများက ထူးခြားစွာ အလင်းရောင်များတောက်ပလာပြီး အော်ဟစ်ရယ်မောလိုက်သည်။

“ဒီအဘိုးကြီး မင်းကို ငရဲမှာ စောင့်နေမယ်”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဘာလဲ ၊ မင်းက နေသူတော်စင်ဂိုဏ်းကို မျှော်လင့်နေတာလား ၊ နေသူတော်စင်ဂိုဏ်းက အဆုံးမဲ့တောင်တန်းရဲ့ မိုးဖြိုပုဆိန်ကိုယူသွားတာ ငါသိတယ် ၊ ဒါပေမဲ့ အဲဒီတော့ရော ဘာဖြစ်သလဲ”

“ငါ ပြောသလိုပဲ လူငယ်ပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ဒီတစ်ခါ သွေးကြွေးစာရင်းရှင်းမယ် ၊ ထွက်ပြေးဖို့ လုံးဝ မစဉ်းစားနဲ့”

ချန်လီက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“မိုက်မဲတဲ့ကောင်လေး ၊ မင်းက ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာ နားမလည်ဘူး”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း ထူးဆန်းစွာ ရယ်မောလိုက်ပြီး...

“မင်း အခုလိုမာန်တက်နေနိုင်တာဟာ ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာရှိတယ်ဆိုတာကို မသိသေးလို့ပါ ၊ အဲဒီ အထက်ဘုံကမ္ဘာက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ မီးတောက်မိစ္ဆာကမ္ဘာတွေထက် အများကြီး စွမ်းအားမြင့်မားတယ် ၊ စွမ်းအားမြင့်မားရုံတင်မကဘူး... အရမ်းကို ကြီးမြတ်လွန်းတယ် ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က လူသားကမ္ဘာနဲ့ ကောင်းကင်ဘုံနန်းတော်ကြီး တည်ရှိခဲ့တဲ့အတိုင်းပဲ ၊ အဲဒီ အထက်ဘုံကမ္ဘာမှာ ကမ္ဘာမြေပြင်လည်းရှိသလို ကောင်းကင်ဘုံလည်း တည်ရှိတယ်”

“ငါတို့ကမ္ဘာကလူတွေဟာ သိုင်းသူတော်စင် တတိယအဆင့်ကျော်လွန်မှသာ အထက်ဘုံကမ္ဘာကို သွားရောက်နိုင်တယ် ၊ ဒါကိုကြည့်ရင် သူတို့ဆီမှာ သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူတွေ ဘယ်လောက်ရှိမယ်ထင်သလဲ ၊ မင်း ထင်မှတ်မထားလောက်အောင် တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေ ဘယ်လောက်များမယ်ထင်သလဲ”

ချန်လီက ဆက်ပြောသည်။

“နေသူတော်စင်ဂိုဏ်းက ... ဟားဟား ... ၊ သူတို့က ဒီအကြောင်းတွေ ဒီအဘိုးကြီးကို ပြောပြတာ အကောင်းမဟုတ်ဘူး ၊ သူတို့မှာ နောက်ခံအင်အားဘယ်လောက်ကြီးကြောင်း ငါ့ကိုပြချင်တာ ၊ ဒီနှစ်ပိုင်းတွေမှာ ထိပ်သီးသိုင်းဂိုဏ်းကြီးတွေကြားမှာ ဖြစ်ပျက်ခဲ့တဲ့ပြဿနာတွေက တကယ်တော့ ဘာမှမဟုတ်ဘူး ၊ အဲဒါတွေအားလုံးက စစ်တုရင်ခုံထက်က ကစားကွက်တွေပါပဲ”

ရန်ကျောက်ကဲက ထိုစကားကိုနားထောင်ရင်း မျက်နှာတစ်ချက်မပျက်ဘဲ ခေါင်းညိတ်လိုက်သည်။

“နေသူတော်စင်ဂိုဏ်းက အထက်ဘုံကမ္ဘာကလူတွေ ဆင်းလာဖို့ ဖိတ်ခေါ်တာကလွဲလို့ ဘာလုပ်နိုင်မှာတဲ့လဲ ၊ မင်းရဲ့လေသံကြည့်ရတာ... သူတို့ ဖိတ်ခေါ်ထားတဲ့ အထက်ဘုံကမ္ဘာကလူတွေ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုတောင် ရောက်နေလောက်ပြီ”

ချန်လီက အံ့အားသင့်သွားပြီး...

“မင်းလည်း အထက်ဘုံကမ္ဘာအကြောင်းကို သိထားတာလား”

ပြီးမှ သူက ခေါင်းခါယမ်းရင်း...

“မင်း သိတယ်ဆိုရင်လည်း သူတို့ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ မသိသေးဘူးထင်တယ်”

“ဒီအဘိုးကြီး မင်းကို ပြောပြရမှာ မကြောက်ပါဘူး ၊ မင်း သတိအပြည့်ရှိနေတယ်ဆိုရင်တောင်မှ အဲဒီအထက်ဘုံကမ္ဘာနဲ့ပတ်သက်ပြီး မင်းတတ်နိုင်တာ ဘာမှမရှိဘူး”

ချန်လီက ရန်ကျောက်ကဲ၏ အေးဆေးတည်ငြိမ်နေဆဲမျက်နှာကို အကဲခတ်ရင်း...

“မင်း ဘာတွေတွေးနေသလဲဆိုတာ ဒီအဘိုးကြီး သိပါတယ် ၊ အထက်ဘုံကမ္ဘာက လူတွေဟာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကျူးကျော်လာတဲ့ ငရဲကိုးထပ်နဲ့ အတူတူပဲလို့ တွေးထင်နေတာမဟုတ်လား ၊ ဟုတ်တယ်... ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက သူတို့စွမ်းအားတွေကို လက်မခံနိုင်တဲ့အတွက် ဒီနေရာကိုရောက်လာရင် သူတို့ဘယ်လောက်ပဲ စွမ်းအားမြင့်မားပါစေ သိုင်းသူတော်စင် တတိယအဆင့်ထက် ပိုနိုင်မှာ မဟုတ်ဘူး”

“ဟုတ်တယ်... ဒါပေမဲ့ မင်းကို ပြောလိုက်မယ် ၊ အထက်ဘုံကမ္ဘာကလူတွေ ဒီကမ္ဘာကို ဘာကြောင့်ရောက်လာကြလဲ မင်း သိသလား ၊ သူတို့ရောက်လာတဲ့အကြောင်းရင်းက မင်းအဖေ ‘ရန်တိ’ ကို ရှင်းပစ်ဖို့ပဲ”

“ရန်တိက ကောင်းကင်ဘုံကချီးမြှင့်တဲ့ ပါရမီရှင်တစ်ယောက်ပါ ၊ သူ သိုင်းသူတော်စင်အဆင့် တက်ရောက်ချိန်မှာပဲ မဟာမီးတောက်မိစ္ဆာဘုရင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့တယ် ၊ ‘ရန်တိ’ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ဒီအဘိုးကြီး သိတယ် ၊ အေး... နေသူတော်စင်ဂိုဏ်းကလည်း သိတာပဲ ၊ အဲဒီတော့ အထက်ဘုံကမ္ဘာက ဆင်းလာတဲ့လူတွေလည်း မသိဘူးလို့ မင်းမထင်နဲ့”

“ဆိုတော့... ‘ရန်တိ’ လိုလူကို ရှင်းပစ်ဖို့ အင်အားဘယ်လောက်များများ ဆင်းလာကြမယ်ထင်သလဲ”

“ဒီ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မင်း ဆိုတဲ့ ရန်ကျောက်ကဲက ထိပ်တန်းအဆင့်တစ်ယောက်ဆိုတာ ဒီအဘိုးကြီး ဝန်ခံပါတယ် ၊ ဒါပေမဲ့ ရန်တိသေမှတော့ မင်းလည်း အသက်ရှင်နိုင်မယ် မထင်နဲ့”

ချန်လီက ပြုံးရင်း...

“ဒီတော့ မင်း ဘာလုပ်မလဲ ၊ ဒီ အဘိုးကြီးဖွင့်ထားတဲ့ ကမ္ဘာဖြတ်လမ်းကြောင်းကနေ လွတ်အောင်ပြေးပေတော့ ၊ အဲဒါ မင်း အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ ၊ ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက မင်း လွတ်အောင်ပြေးနိုင်တယ် ဆိုဦးတော့ အရှေ့ပင်လယ်စည်းတံဆိပ်ထဲမှာပိတ်မိနေတဲ့ ရန်တိကတော့ ပြေးနိုင်ရှာမယ် မထင်ဘူး”

“စောစောက ဒီ အဘိုးကြီး ကောင်းကင်မိုးကြိုးခန်းမက ဘာလို့ထွက်ခွာသွားသလဲ သိလား ၊ မင်းတို့ ဝါဒတောင်ကိုအမှုန့်ချေဖို့ နေသူတော်စင်ဂိုဏ်းက ငါ့ကို လှမ်းခေါ်တယ်လေ ၊ ဒါပေမဲ့ လမ်းတစ်ဝက်မှာပဲ မင်း လာသောင်းကြမ်းတယ်ဆိုတဲ့သတင်းရလို့ ပြန်လှည့်လာခဲ့တာ”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ မျက်ဝန်းများက အေးစက်သွားသည်။ သို့သော် လူငယ်၏မျက်ဝန်းထဲတွင် မည်သည့်အကြောက်တရားကိုမှ မတွေ့မြင်ရပေ။

“မင်း...”

ချန်လီ ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီး မည်သည့်စကားမှ မဆိုနိုင်ခင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ဦးခေါင်းကို လက်သီးဖြင့် နောက်တစ်ကြိမ်ထိုးခုတ်ချလိုက်ပြီး လက်ကိုဝှေ့ယမ်းလျှက် ကိုင်ပေါက်လိုက်လေရာ ခေါင်းတခြား ကိုယ်တခြား လွင့်စင်ထွက်သွားသည်။

ပြောင်နေသောခေါင်းက လေထဲလွင့်ပျံသွားပြီး ချန်လီ၏ အလျှော့မပေး ၊ နောင်တမရသောမျက်နှာသည် မြေပြင်ထက် တလိမ့်လိမ့်ကျဆင်းသွားလေသည်။

ထိုနေ့က...

ကောင်းကင်မိုးကြိုးခန်းမသခင် ၊ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ‘ချန်လီ’ ကို ကောင်းကင်မိုးကြိုးခန်းမ တည်ရှိရာနေရာမှာပင် ရန်ကျောက်ကဲက သတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် လူငယ်သည် အရေးမစိုက်ဟန်ဖြင့် ထွက်ခွာသွားပြီး ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ သူ့နောက်မှ လိုက်ပါသွားလေ၏။

ကောင်းကင်ယံထက်မှ မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်သွားပြီး နယ်မြေတစ်ခုလုံး မိုးခြိမ်းသံများထွက်ပေါ်လာသည်။

ထို့နောက်မှာတော့ တစ်နှစ်ပတ်လုံး မိုးကြိုးလျှပ်စီးများလွှမ်းခြုံလျှက် နေရောင်ခြည် မတွေ့မြင်ရသောဒေသတွင် နေရောင်ခြည် တစ်ဖန်ပြန်လည် ထွန်းလင်းလာသည်ကို လူအများ ခံစားထိတွေ့ကြရလေသည်။

All Chapters