တစ်သက်တာကျင့်ကြံခြင်းမှာ အဖန်တစ်ရာအသက်ရှုချိန်အတွက်သာ
Vol. 1 Ch. 9
ထိုအခိုက်တွင် သူသည် ထိုဓားချီများအားလုံးမှာ ပုံရိပ်ယောင်အလားရှိနေသော နေရာလွတ်၌ စုစည်းနေကြသည်ကို သူ မြင်၏။
ထိုနေရာကား အမှန်တကယ် သူ့နှလုံးသားရှိနေရာ ဖြစ်သည်။
ဓားချီများ သူ့နှလုံးကို ဝင်သွားသည်။ သူ အမှန်တကယ် သေဆုံးရတော့မည်လော။
အတွေးတစ်ချက်ဖြင့် ဓားချီများ အနည်းငယ် လှုပ်ရှားသွားသည်။
ထိုဓားချီများထံမှ စိတ်ခံစားချက်များ ထင်ဟပ်လာသည်ကို ဟန်မူယဲ့ ခံစားရသည်။ သူတို့မှာ စိတ်ဆိုးနေကြ၏။
‘ဓားချီမှာ စိတ်ခံစားချက်ရှိလို့လား’
‘စိတ်ဆိုးတာလား’
ထိုဓားချီများက သူ့တွင် သက်တန်း ၃လသာ ကျန်ရှိတော့သည်မှာ သူတို့နှင့်မသက်ဆိုင်သောကိစ္စဟု ပြောလိုကြသည်များလား။
သိသာစွာပင် ဟန်မူယဲ့က ထိုသို့တွေးလျှင် ဓားချီများက တဖန် တုန်ခါသွားပြန်သည်။
သူတို့မှာ အလွန်ဉာဏ်ကောင်းသည်။
ဟန်မူယဲ့ သက်ပြင်းချသည်။
သူ၏ချီးကျူးမှုကို ခံစားမိဟန်ဖြင့် ဓားချီများမှာ ပျော်ရွှင်စွာ လှုပ်ရှားကြ၏။
ဓားချီများ လှုပ်ရှားသွားလျှင် ဟန်မူယဲ့သည် သူ၏အကြောအရိုးများမှ လာသော ခွန်အားကို ခံစားမိ၏။
ဓားချီအငွေ့တချို့သည် ထိုပုံရိပ်ယောင်နေရာမှနေ၍ သူ၏သွေးကြောများထံသို့ စီးဝင်လာကြ၏။
အနီရောင်ဓားချီသည် အပူဓာတ်ကိုပါ သယ်ဆောင်လာခဲ့ကာ သူ့တကိုယ်လုံးအား နွေးထွေးသွားစေ၏။ ကမ္ဘာမြေဓာတ်ဓားချီသည် သူ့ကြွက်သားများနှင့် အရိုးများကို အဆုံးမဲ့သော ခွန်အားများကို ခံစားမိစေသည်။
အစိမ်းရောင်ဓားချီသည် သူ၏ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှုအတွက် ထောက်ပံ့ပေးနိုင်ဟန်ရသည်။ အေးစက်သော ဓားချီတစ်ခုမှာလည်း သူ့တစ်ကိုယ်လုံးကို စီးဆင်းကာ သူ့နှလုံးအား တည်ငြိမ်စေ၏။
ဤဓားချီများက သူ့ကို အမှန်တကယ် ထိခိုက်စေပါမည်လား။
ဟန်မူယဲ့က ဖြေးလေးစွာထရပ်ကာ များစွာသော သစ်သားဓားစင်များကို ကြည့်သည်။
ထိုအခိုက်တွင် ဓားများအားလုံးက သူ့ကို ခေါ်ဆိုနေကြသည်ဟု ခံစားမိ၏။
ဓားများအားလုံးသည် သူနှင့်ရင်းနှီးကြ၏။
ထိုဓားချီများက သူ့ကို မည်သို့ ထိခိုက်စေမည်နည်း။
အတွေးတစ်ချက်ဖြင့် ပုံရိပ်ယောင်နေရာမှာ ကွယ်ပျောက်သွားပြီး ဓားချီများအားလုံးမှာ သူ့ခန္ဓာကိုယ်၌ ရေပြင်အလား တည်ငြိမ်စွာ စုစည်းလာကြသည်။
“ညီလေးဟန်… နောက် ၂ရက်နေရင် အတွင်းစည်းဂိုဏ်းကိုသွားပြီးတော့ ခန္ဓာကိုယ်ကျင့်ကြံရေးနည်းစနစ်တစ်ခု သွားသင်လာခဲ့”
သစ်သားစင်ဘေးနားမှ ဟွမ်လောင်လျှိုက ဟန်မူယဲ့အား လှမ်းပြောသည်။
“အဲဒါက မင်းကို နည်းနည်းအသက်ရှည်ရှည်နေဖို့ အထောက်အကူပြုနိုင်မယ်ထင်တာပဲ”
ခန္ဓာကိုယ်ကျင့်ကြံရေးနည်းစနစ်…
ဟန်မူယဲ့ ခေါင်းညိတ်သည်။
အမှန်တကယ်လည်း သူ့တွင် ကျင့်ကြံခြင်းပညာရပ်တစ်ခု လိုအပ်နေသည်။
ထို့အပြင် သူသည် ကျင့်ကြံခြင်းလောကနှင့်ပတ်သက်၍ ဗဟုသုတများ ရှာမှီးရန် လိုအပ်၏။
“အစ်ကိုဟွမ်… မနေ့က လေ့ကျင့်ရေးမှူးလင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့် တန်ခိုးရှင်ရှိတယ်ဆိုပြီး ပြောတယ်”
“အကြီးအကဲက ကောင်းကင်ဘုံအဆင့်လား”
ကောင်းကင်ဘုံအဆင့်က မည်သို့သောပုံစံနည်း။
“အဓိပ္ပာယ်မရှိတာ။ သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အထင်ကြီးအောင် လျှောက်ပြောနေတာ”
ဟွမ်လောင်လျှိုက ဒေါသတကြီး ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဝိညာဉ်သူငယ်အဆင့်တန်ခိုးရှင် တစ်ယောက်မှ မရှိဘူး”
ဝိညာဉ်သူငယ်အဆင့်သည် ကောင်းကင်ဘုံအဆင့်၏ပထမအဆင့်ဖြစ်သည်။ ဝိညာဉ်သူငယ်မရှိဘဲ သူတို့က မည်သို့ ကောင်းကင်ဘုံအဆင့်သို့ ရောက်ပါမည်နည်း။
လေ့ကျင့်ရေးမှူးလင်းက အမှန်တကယ် လျှောက်ပြောနေသည်လား။
သို့သော်လည်း ယမန်နေ့က သူ့ပုံစံကို ကြည့်ရသည်မှာ ရိုးသားသူတစ်ဦး ဖြစ်ဟန်ရ၏။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုထားဦး… အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဝိညာဉ်သူငယ်အဆင့် သုံးယောက်ပဲရှိတယ်”
ဟွမ်လောင်လျှိုက နှာခေါင်းရှုံ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့် သုံးယောက်သာ ရှိသည်လား။
ဟန်မူယဲ့က လောကတွင် ကောင်းကင်ဘုံအဆင့် တန်ခိုးရှင် မြောက်များစွာရှိမည်ဟု ထင်မှတ်ထားခဲ့သည်။
ယမန်နေ့က သူသည် လေ့ကျင့်ရေးမှူးလင်း၏စကားများကြောင့် အကြီးအကျယ် တက်ကြွခဲ့၏။ ကြည့်ရသည်မှာ သူ့ အတွေးများ အလွန်တိမ်နေသေးသည်။
ဟွမ်လောင်လျှို၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။
“ဒါပေမဲ့ သူက လိမ်နေတာတော့ မဟုတ်ဘူး”
“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့် တန်ခိုးရှင်မရှိပေမဲ့ ပြီးပြည့်စုံတဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် တန်ခိုးရှင်တချို့ရှိတယ်။ သူတို့က ဝိညာဉ်သူငယ်အဆင့်ကို တစ်ဝက်ရောက်နှင့်ပြီးလူတွေပဲ။ ဓားစံအိမ်တတိယထပ်က အံ့ဖွယ်ကိုးပါးဓားရဲ့အစွမ်းနဲ့ဆိုရင် ငါတို့က ကောင်းကင်ဘုံအဆင့်တန်ခိုးရှင်ကို တိုက်ခိုက်နိုင်တယ်”
ထို့နောက်တွင် ဟွမ်လောင်လျှိုက သစ်သားစင်များထဲမှ ခေါင်းထုတ်ကာ တီးတိုးပြောသည်။
“ဓားစံအိမ်တတိယထပ်မှာ နတ်ဓားတစ်လက်ရှိတယ်။ အဲဒီဓားနဲ့ဆိုရင် တစ်စုံတစ်ယောက်ဟာ ကောင်းကင်ဘုံအဆင့်ကို ယှဉ်ချနိုင်တယ်”
ဓားစံအိမ်တွင် ထိုသို့သော ရတနာရှိသည်လား။
ဟန်မူယဲ့၏အမူအရာ ပြောင်းလဲသွားသည်။
“အဲဒီလို ရတနာက အလွယ်တကူ အသုံးပြုလို့ ဘယ်ရပါ့မလဲ”
“ဓားစံအိမ်ကို နှစ် ၆၀ အသက်မသေဘဲ စောင့်ကြပ်နိုင်ရင် ဓားထိန်းတစ်ယောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်ဓားချီတွေနဲ့ သက်ဝင်စေပြီးတော့ အဲဒီဓားကို ကြိမ်ဖန်တစ်ရာအသက်ရှုချိန်(အသက်ရှုရှိုက်သောအကြိမ်နှုန်းတစ်ရာ)အထိ သုံးနိုင်တယ်”
ထိုအခိုက်တွင် ဟွမ်လောင်လျှို၏အမူအရာက အနည်းငယ်လေးနက်သွားကာ တက်ကြွစွာ ပြောသည်။
“ကြိမ်ဖန်တစ်ရာအသက်ရှုချိန်အတွင်းမှာ မင်းက ကောင်းကင်ဘုံအဆင့်နဲ့ ယှဉ်ချနိုင်တယ်”
“ကြိမ်ဖန်တစ်ရာအသက်ရှုချိန်ကြာပြီးသွားရင်တော့ မင်းခန္ဓာကိုယ်ထဲက ဓားချီတွေ ခမ်းခြောက်သွားလိမ့်မယ်။ အဲဒါကို တဖန်ပြန်ပြီး စုဆောင်းချင်ရင်တော့ နောက်ထပ်နှစ် ၆၀ ကြာလိမ့်မယ်”
‘နောက်ထပ် နှစ် ၆၀’
၎င်းမှာ မဖြစ်နိုင်ကြောင်း ဟန်မူယဲ့ နားလည်သည်။
အကယ်၍ ဓားချီများသည်သာ ခမ်းခြောက်သွားပါက သူ၏ခွန်အားများအားလုံး ခမ်းခြောက်ကာ သာမန်လူတစ်ယောက် ဖြစ်သွားပေလိမ်မည်။ ထိုလူက နောက်ထပ် နှစ် ၆၀ မည်သို့ အသက်ရှင်နိုင်ဦးမည်နည်း။
သူက နောက်ထပ် နှစ် ၆၀ အသက်ရှည်သေးလျှင်ပင် ထိုသို့သော ဓားချီများကို စုဆောင်းနိုင်တော့မည် မဟုတ်ပါ။
တခြားတစ်နည်းဖြင့်ဆိုပါက ဓားထိန်းတစ်ဦးသည် ကြိမ်ဖန်တစ်ရာအသက်ရှုချိန်မျှကို ရရန်အတွက် အနှစ် ၆၀ ထက်မနည်း သီးခံရသည်။
နှစ် ၆၀သောကာလအား ကြိမ်ဖန်တစ်ရာအသက်ရှုချိန်နှင့် လဲလှယ်ရ၏။
သူ့ရှေ့မှ ဟွမ်လောင်လျှို၏အမူအရာကိုကြည့်ကာ ဟန်မူယဲ့က တီးတိုးမေးသည်။
“အစ်ကိုဟွမ်က ဓားစံအိမ်မှာ ဓားထိန်းလုပ်တာ ဒီအတွက်လား”
ဟွမ်လောင်လျှို ဆတ်ခနဲ တုန်သွားပြီးမှ အသာအယာ ခေါင်းညိတ်သည်။
“ကြိမ်ဖန်တစ်ရာအသက်ရှုချိန်ကောင်းကင်ဘုံအဆင့်”
“ငါ အရင်တုန်းက လူတစ်ယောက်ကို သေချာပေါက် ကောင်းကင်ဘုံရောက်ရမယ်လို့ ကြွားဝါဖူးတယ်”
“အဲဒါက ကြိမ်ဖန်တစ်ရာအသက်ရှုချိန်ပဲဆိုရင်တောင် ကောင်းကင်ဘုံပဲမလား”
ဟွမ်လောင်လျှိုက ဟက်ခနဲတစ်ချက်ရယ်ကာ ဓားများကို သန့်ရှင်းရေးဆက်လုပ်နေသည်။
တစ်ဘဝစာလုံးကို ကြိမ်ဖန်တစ်ရာအသက်ရှုချိန်ဖြင့် လဲလှယ်ခြင်းက ထိုက်တန်ပါသလော။
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်ကာ မည်သည့်စကားမှ မဆိုတော့ပါ။
‘လူသားတို့မည်သည် အသက်ရှင်နေစဉ် ရည်မှန်းချက်တစ်ခုခုတော့ ရှိသင့်သည်’
သို့ဆိုလျှင် သူကိုယ်တိုင်ကရော ဤလောက၌ မည်သည့်အရာကို လိုချင်ပါသနည်း။
နောက်လှည့်ကြည့်လျှင် သူက သစ်သားစင်များထက်မှ ဓားများကို မြင်သည်။
ဓားတစ်လက်စီက သူ့အား လှမ်းခေါ်နေဟန်ရ၏။
“ဓား…”
ဓားတစ်လက်…
အကြီးအကဲတောက်ရင်က မိုင်တစ်ရာပတ်လည်အား ဓားတစ်လက်ဖြင့် လောင်ကျွမ်းပြာကျစေခဲ့သည်ကို သူမြင်ခဲ့၏။
သူက ကျင့်ကြံခြင်းလောကသို့ ရောက်လာခြင်းမှာ ထိုသို့သော အစွမ်းကို ပိုင်ဆိုင်လိုသောကြောင့် မဟုတ်ပါလား။
လက်ထဲတွင် ဓားတစ်လက်ဖြင့် သူသည် တစ်လောကလုံးအား ခရီးနှင်နိုင်၏။
ထိုအခိုက်တွင် ဟန်မူယဲ့သည် ခွန်အားများ ပြည့်လာသည်ဟု ခံစားရ၏။
သူ့ခန္ဓာကိုယ်ထဲမှ ဓားချီများသည် အပြင်သို့ ထွက်လာတော့မည့်အလား လှုပ်ရှားသက်ဝင်လာကြသည်။
ဓားစံအိမ် ပထမထပ်မှ ၃၀၀၀၀ကျော်သော ဓားများသည် တဆတ်ဆတ် တုန်ခါလာကြ၏။
ဟွမ်လောင်လျှိုက တုန်ခါနေသောဓားအား ဆုပ်ကိုင်ကာ နားမလည်စွာဖြင့် ဒုတိယထပ်အား ကြည့်သည်။
“အကြီးအကဲက အံ့ဖွယ်ကိုးပါးဓားကို သန့်စင်နေတာများလား”
…
အနားယူရမည့်အစား ဟန်မူယဲ့သည် အဝတ်စကို ကောက်ကိုင်ကာ ဓားများကို သန့်ရှင်းရေး စလုပ်သည်။
ထိုအခိုက်တွင် သူသည် ဓားတစ်လက်စီမှ ပျော်ရွှင်မှုအား ခံစားရသည်။
ဓားသွားကို သုတ်ရင်းဖြင့် ထိုဓားထံမှ ရှက်ရွံ့မှုကို ခံစားရ၏။
၎င်းသည် ချစ်သူတစ်ဦး၏ညင်သာစွာ ထိတွေ့မှုကို ခံစားရသော မိန်းကလေးတစ်ဦးနှင့် ဆင်တူ၏။
မသိလိုက်ခင်၌ပင် ဓားအငွေ့တစ်ခုသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲကို စီးဆင်းသွားသည်။
ပုံရိပ်ယောင်နေရာမှ ဓားချီတစ်စသည် သူ့ခန္ဓာကိုယ်မှနေ၍ ဓားထံသို့ စီးဆင်းသွား၏။
ထိုအခိုက်တွင် ဟန်မူယဲ့သည် လက်ထဲမှဓား၏တုန်ခါမှုကို သိသာစွာ ခံစားရ၏။
၎င်းမှာ ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော သာယာမှု ဖြစ်သည်။
တူနှစ်ကိုယ်ကျင့်ကြံခြင်းလား…
ထိုအတွေး ခေါင်းထဲဝင်လာလျှင် ဓားစံအိမ်မှ ဓားများအားလုံး ပြင်းထန်စွာ တုန်ခါသွား၏။
ဟွမ်လောင်လျှိုက နားမလည်စွာ ရေရွက်ပြန်သည်။
“အကြီးအကဲက ဘာလုပ်နေတာလဲ။ သူက အားဖြည့်ဆေးတစ်လုံး စားလိုက်တာများလား”
…
ဓားပေါင်း ၃၀၀၀၀ကျော်အား တစ်ရက်တည်း၌ သန့်ရှင်းရေးလုပ်ကာ ဓားချီများအားလုံးကို ယူပြီးနောက်တွင် ဟွမ်လောင်လျှို၏မျက်နှာမှာ ပြာနှမ်းကာ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်နေ၏။ သူက ဝိုင်တစ်ကျိုက်နှစ်ကျိုက်ခန့်သောက်ပြီးနောက် သွားအိပ်သည်။
ဟန်မူယဲ့မှာလည်း သစ်သားကုတင်တွင်လဲလျောင်းကာ မျက်လုံးများကို မှိတ်ထားသည်။ သူ့အာရုံသည် ပုံရိပ်ယောင်နေရာလွတ်၌ရှိနေကာ မရေမတွက်နိုင်သောဓားချီများ လှည့်ပတ်နေသည်ကို ကြည့်နေ၏။
ဟွမ်လောင်လျှို အားပြတ်တော့မည်ကိုမြင်သော ဟန်မူယဲ့သည် ပိုမိုများပြားသောဓားများကို သန့်ရှင်းရေး လုပ်ခဲ့သည်။
ယနေ့တွင် သူသည် ဓားချီပေါင်း ၂၀၀၀ကျော် ရရှိခဲ့၏။
တချို့မှာ ခရမ်းမီးတောက်ဓားအစွမ်း၏ဆယ်ပုံတစ်ပုံခန့်ရှိသည်။
ထိုအခိုက်တွင် ဓားချီ ၂၀၀၀ကျော်မှာ လေဟာနယ်ထဲ၌ ပျော်ရွှင်စွာ လှည့်ပတ်နေကြ၏။
ထိုဓားချီများအပြင် ဟန်မူယဲ့သည် ဓားပညာရပ်များစွာကိုလည်း တတ်မြောက်ခဲ့၏။
အံ့ဖွယ်သဘာဝဓားသိုင်း ၃၁ မျိုး…
နံပါတ် ၁ အံ့ဖွယ်ဓားသိုင်း ၁၃ မျိုး…
နံပါတ် ၂ အံ့ဖွယ်ဓားသိုင်း ၃မျိုး…
နံပါတ်၃ အံ့ဖွယ်ဓားသိုင်းတစ်မျိုး…
ထို့အပြင် နံပါတ် ၅ အံ့ဖွယ်ဓားသိုင်းဖြစ်သော မီးလောင်ပြင်ဓားသိုင်း…
၎င်းတို့မှာ လုံလောက်ပေပြီ။
နံပါတ်၅ အံ့ဖွယ်ဓားသိုင်းအစွမ်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်မှ စွမ်းအားနှင့် ညီမျှသည်။
သူသည် ထိုသို့သောဓားသိုင်းကိုပင် တတ်မြောက်ပြီးဖြစ်သည်။ သူက စိတ်ကြေနပ်သင့်၏။
သစ်သားကုတင်တွင် လဲလျောင်းကာ ဟန်မူယဲ့ ပြုံးသည်။
ထိုဓားချီများနှင့် ဓားပညာရပ်များဖြင့်ဆိုပါက သူသည် ဓားသမားတစ်ဦးဟု ခေါ်နိုင်ပြီ မဟုတ်ပါလား။