← Chapters

ဓားလဲလှယ်ခြင်း

Vol. 1 Ch. 10

ဓားလဲလှယ်ခြင်း

Vol. 1 Ch. 10

နောက်တစ်နေ့နံနက်တွင် ဟန်မူယဲ့သည် ဓားတစ်လက်အား ခုံထက်တွင် တွေ့သည်။

ဓားမှာ ၂ပေနှင့် ၈လကမသာ ရှည်သည်။ ၎င်းမှ စိမ်းဖန့်ဖန့် အရောင်ထွက်နေ၏။

ဓားလက်ကိုင်ကို ထိမိသည်နှင့် ဟန်မူယဲ့ မှင်တက်သွားသည်။

ခရမ်းမီးတောက်…

ဓားမှာ အကြီးအကဲတောက်ရင်၏ခရမ်းမီးတောက် ဖြစ်သည်။

သို့သော်လည်း ဓား၏ပုံပန်းသွင်ပြင်မှာ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ အပြင်လူတစ်ဦးသာဆိုပါက ဓားကို မည်သို့မှ မှတ်မိတော့မည် မဟုတ်ပါ။

ဓားသည် သာမန်ဖြစ်သော်လည်း ဟန်မူယဲ့က ဓားကို ကိုင်လိုက်သည်နှင့် ပူပြင်းသောမီးတောက်ဓားချီကို ခံစားရသည်။

နွေးထွေးသောအငွေ့အသက်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်။

“မင်းက ဘယ်သူလဲ… ငါ့နောက်ကို လိုက်ချင်တာလား”

တီးတိုးရေရွက်ရင်း ဟန်မူယဲ့သည် ဓားကို ကောက်ကိုင်ကာ ဓားသိုင်းလေ့ကျင့်ရန် ထွက်လာသည်။

ဓားကို အသုံးပြု၍ ဓားသိုင်းတချို့ လှုပ်ရှားလိုက်၏။

ဓားအလင်းတချို့မှာ လေးလံပြီး တချို့မှာ ပေါ့ပါး၏။ တစ်ခါတစ်ရံ ပူပြင်းကာ တစ်ခါတစ်ရံ အေးစက်၏။

ဓားသိုင်းအမျိုးမျိုးနှင့် ဓားသဘောတရား မျိုးစုံတို့အား တခြားလူတစ်ဦးကသာ လေ့ကျင့်မည်ဆိုပါက သူတို့၏သွေးကြောများ ပေါက်ထွက်သွားနိုင်၏။

သို့သော်လည်း ဟန်မူယဲ့၏လက်ထဲတွင် ထိုဓားသိုင်းများမှာ အချုပ်အနှောင်ကင်းကာ လွတ်လပ်စွာ လှုပ်ရှားနေကြ၏။

ပုံရိပ်ယောင်နေရာ၌ ဓားချီများမှာလည်း သူ၏သိုင်းကွက်များအတိုင်း လှုပ်ရှားနေကြကာ သွေးကြောများ၌ ရွေ့လျားနေကြ၏။

ထိုခံစားချက်မှာ အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။

အပြင်သို့ထွက်လာသောဟွမ်လောင်လျှိုက ဟန်မူယဲ့အားကြည့်ကာ ခေါင်းယမ်းသည်။

ဟန်မူယဲ့က အဘယ်ကြောင့် ဓားဖြင့် ဟိုဟိုဒီဒီဝှေ့ယမ်းနေသည်ကို သူ နားမလည်ပါ။

သို့သော်လည်း သူက ဟန်မူယဲ့အား တားဆီးခြင်း မပြုပေ။

ဟန်မူယဲ့မှာ ၃လခန့်သာ အသက်ရှင်နိုင်တော့မည်။ သူက စိတ်တိုင်းကျ ပြုမူနေနိုင်၏။

နံနက်ပိုင်းတွင် မည်သူမှ ဓားစံအိမ်သို့ ရောက်မလာပါ။ ဟန်မူယဲ့က ဟွမ်လောင်လျှိုအနားသို့ကပ်ကာ ကျင့်ကြံခြင်းလောကနှင့်ပတ်သက်သည်များအား မေးမြန်း၏။

ဟွမ်လောင်လျှိုသည် ဓားစံအိမ်တွင်ရှိနေသည်မှာ ၇နှစ်ကြာမြင့်ပြီဖြစ်ကာ ဗဟုသုတအတော်အတန်ကြွယ်ဝ၏။

ဥမာအားဖြင့် သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ကျင့်ကြံခြင်းဂိုဏ်း အရေအတွက်၊ အံ့ဖွယ်ကိုးပါးဂိုဏ်း၏ မိတ်ဆက်နှင့် ရန်ဘက်ဂိုဏ်းများအကြောင်းကို ပြောပြ၏။

ထို့အပြင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မည်သူတို့က အမြင့်ဆုံးကျင့်ကြံဆင့်များရှိသည်၊ မည်သည့်ဂိုဏ်းက နောက်ကွယ်တွင် ပြဿနာများရှာတည်သည်တို့လည်း ပါဝင်၏။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဟန်မူယဲ့က စိတ်အားထက်သန်စွာ နားထောင်သည်။

ကျင့်ကြံခြင်းလောကမှာလည်း လူသားများကဲ့သို့ အလိုလောဘများနှင့် လောကီကိစ္စအရှုပ်အထွေးများစွာရှိသည်ကို  သူတွေ့ရ၏။

ကျင့်ကြံခြင်းလောကပြီးလျှင် အံ့ဖွယ်ကိုးပါးဂိုဏ်းနှင့်ပတ်သက်၍ ပြောပြရန် ဟွမ်လောင်လျှိုအား ဟန်မူယဲ့က ပူဆာသည်။

ဟွမ်လောင်လျှိုက အံ့ဖွယ်ကိုးပါးဂိုဏ်း၏အကြီးအကဲများ၊ တိုက်ရိုက်တပည့်များနှင့် ပင်မဂိုဏ်းသားများအကြောင်းကို ပြောပြ၏။

“ငါတို့က အဲဒီလူတွေကို ရန်မစသရွေ့ ဂိုဏ်းအတွင်းမှာ ကြောက်စရာဘာမှ မရှိဘူး”

“ငါတို့ဘဝက အဆုံးသတ်ကို ရောက်နေပြီးသားပဲ။ ဘာမှ ကြောက်စရာမရှိတော့ဘူး”

ဟွမ်လောင်လျှိုက ပျင်းရိစွာ ထရပ်သည်။ သူက ပြောသည်။

“ငါ သွားအိပ်တော့မယ်။ မနေ့က ဓားတွေကို သန့်ရှင်းရေးလုပ်တာ ငါ့ခွန်အားတွေ တော်တော်ခမ်းသွားတယ်”

ထို့နောက် သူက ဟန်မူယဲ့အား စိတ်ဝင်တစားကြည့်ကာ ပြောသည်။

“မင်းက ဘာလို့ အခြေအနေကောင်းနေရတာလဲ”

အမှန်တကယ်လည်း ဟန်မူယဲ့မှာ ပင်ပန်းနွမ်းနယ်နေဟန်မတူပါ။

ထို့အပြင် သူသည် ဓားချီကြောင့် သတိလစ်ခဲ့ရသူလည်း ဖြစ်သည်။

ဟန်မူယဲ့ကိုယ်တိုင်လည်း နားမလည်ပါ။

“အဲဒါက အရည်အသွေးမြင့်ကာယအားဖြည့်ဆေးကြောင့် ဖြစ်မယ်”

ဟန်မူယဲ့ ဝေခွဲမရသေးခင်တွင်ပင် ဟွမ်လောင်လျှိုက အကြောင်းအရင်းကို တွေးမိဟန်ဖြင့် ပြောသည်။

“နောက်လ ငါ့လစာရရင် အရည်အသွေးမြင့်ကာယအားဖြည့်ဆေး သွားဝယ်စားကြည့်ရမယ်”

ဟွမ်လောင်လျှိုက ထိုသို့ပြောကာ သူ၏အခန်းသို့ ပြန်သွား၏။

ဟန်မူယဲ့က ခေါင်းယမ်းကာ ထရပ်သည်။ သူက သစ်သားစင်များထံသို့ လှမ်းသွားလိုက်၏။

သူက ဓားရှည်တစ်လက်၏လက်ကိုင်ကို ဖမ်းဆုပ်ကာ ဆွဲထုတ်လိုက်၏။

ဓားသည် ပျော်ရွှင်စွာဖြင့် တုန်ခါနေ၏။

ဓားကိုသုတ်သင်သန့်ရှင်းသော အဝတ်စကြမ်းဖြင့်ပင် သူက ဓားသွားကို ပွတ်တိုက်ကာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ဓားကို သန့်ရှင်းနေစဉ် သူ့ခန္ဓာကိုယ်ထဲမှ ဓားထံသို့ စီးဆင်းသွားသော ဓားချီများအား သိသာစွာ ခံစားမိသည်။ ထို့အတူ ဓားထံမှ သူ့ကိုယ်ထဲသို့ စီးဝင်လာသော ဓားချီကိုလည်း ခံစားမိ၏။

ဓားချီနှင့်ပေါင်းစပ်သွားသောဓားမှာ ပို၍ပင် ထက်ရှလာ၏။ သူ့ခန္ဓာကိုယ်တွင်လည်း နောက်ထပ်ဓားချီတစ်စ ဖြစ်တည်လာသည်။

၎င်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကိစ္စဖြစ်၏။

သစ်သားစင်ထံသို့ လှမ်းသွားကာ ဟန်မူယဲ့သည် ယမန်နေ့က ဟွမ်လောင်လျှို သန့်ရှင်းရေးလုပ်ခဲ့သောဓားများအား ထပ်မံ၍ သန့်ရှင်း၏။

သူ့တွင် တခြားလုပ်စရာလည်း ရှိမနေပါ။ သူက နောက်ထပ်ဓားချီများအား စုဆောင်းလိုသည်။ အကယ်၍ ပိုင်ရှင်ရှိဖူးသောဓားတစ်လက်နှင့်ကြုံပါက သူက ဓားပညာတချို့ကိုလည်း တတ်မြောက်နိုင်သည်။

ဤနည်းဖြင့် တစ်နာရီခန့် ကြာသွားသည်။ သူက ဓား ၁၀၀ခန့် သန့်ရှင်းရေးလုပ်ပြီးကာ ဓားသိုင်း ၃မျိုးအား တတ်မြောက်ခဲ့၏။

အဆင့်နိမ့်တပည့်များသုံးသောဓားများမှာ ဆင်တူသောဓားသိုင်းများသာ ရှိပေသည်။

သို့သော်လည်း ဓားပညာကို ဆင်ခြင်သောဖြစ်စဉ်၌ ဟန်မူယဲ့၏နားလည်မှုမှာ ဓားပိုင်ရှင်များ၏နားလည်မှုကိုလိုက်၍ ကွဲပြားသည်။

အံ့ဖွယ်သဘာဝဓားသိုင်း ရွက်ကြွေဓားကို ကြည့်ပါလေ။ တချို့က ၎င်းကို ပေါ့ပါးသော သစ်ရွက်ကြွေတစ်စအလား အသုံးပြု၏။ တချို့ကမူ ၎င်းအား အသက်ဓာတ်ပြည့်ဝနေသော ရွက်စိမ်းတစ်ရွက်အလား အသုံးပြု၏။

ဓားများကို သန့်ရှင်းရင်းဖြင့် ဟန်မူယဲ့၏ဓားပညာမှာ ပိုမိုနက်နဲလာ၏။

“ဟွမ်လောင်…”

သူက ဓားများကို သန့်ရှင်းရေးလုပ်နေစဉ် တံခါးဝမှ ခေါ်သံတစ်ခုကို ကြားရ၏။

ဟန်မူယဲ့က နောက်လှည့်ကြည့်လျှင် အတွင်းစည်းဂိုဏ်းဝင်ဝတ်စုံဖြင့် လူငယ်တစ်ဦး ဟိုဟိုဒီဒီ ကြည့်နေသည်ကိုမြင်၏။

အကျိုးအမြတ်ကိစ္စတစ်ခု ရောက်လာသည်များလား။

“အဟမ်း…”

ခြောင်းတစ်ချက်ဟန့်ကာ ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပိုက်၍ လျှောက်သွားလိုက်သည်။

“ဓားစံအိမ်ထဲမှာ မဆူညံပါနဲ့”

လူငယ်က အံ့အားသင့်သွားကာ ဟန်မူယဲ့အား ခြေဆုံးခေါင်းဆုံး ကြည့်သည်။

“ဟွမ်လောင် မဟုတ်ဘူးလား။ ဓားစံအိမ်မှာ လူသစ် ဘယ်တုန်းက ရောက်နေတာလဲ”

သူက ထိုသို့ရေရွက်ကာ ဖျင်ကြမ်းအိတ်တစ်လုံးအား ကမ်းပေးသည်။

“မင်းက အသစ်လား”

“ငါ ဓားလာလဲတာ”

“ဓားလဲတာလား”

ဓားစံအိမ်တွင် ဓားတစ်လက်အား လဲလှယ်ရန် ကြီးမားသော အကျိုးဆောင်မှုတစ်ခု သို့မဟုတ် အကြီးအကဲတစ်ဦး၏ထောက်ခံမှုတစ်ခုခု လိုအပ်၏။

ဟန်မူယဲ့က မျက်မှောင်ကြုတ်ကာ အိတ်ကို ယူကာ ဖွင့်ကြည့်လိုက်၏။ သူ၏အမူအရာ ပြောင်းလဲသွားသည်။

အိတ်ထဲတွင်ကား ဓားကျိုးတစ်လက်…

ဓားကျိုး၏ကိုယ်ထည်တွင် အခေါင်းပေါက်များ…

ဓားလက်ကိုင်ကို ထိမိသည်နှင့် သူ့အာရုံတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

အဖြူရောင်ဝတ်လူငယ်တစ်ဦးက ဓားရှည်တစ်လက်ကို အေးစက်သောအမူအရာဖြင့် ကိုင်ထားသည်။

သူက ကျောက်တုံးတစ်တုံးအား ဓားဖြင့် အဆက်မပြတ် ခုတ်နေသည်။ ဓားချက်တိုင်းက တစ်နေရာတည်းကို ထိသည်။

နံပါတ်၂ အံ့ဖွယ်ဓားသိုင်း၊ ရွှေပစ်မှတ်ဓား။

ဓားပညာရပ်အား တတ်မြောက်ပြီးနောက်တွင် ဟန်မူယဲ့၏အမူအရာက ပို၍ ထူးဆန်းလာသည်။

ရွှေပစ်မှတ်ဓား၏အနှစ်သာရမှာ လိုအပ်ပါက ရပ်တန့်ရန် ဖြစ်သည်။ ဓားသည် ကျောက်တုံးအား အမှန်တကယ် ခုတ်မိရန် မလိုပါ။

သို့သော်လည်း ဓားမှာ ကျိုးပျက်သွားသလို ဓားကိုယ်ထည်တွင်လည်း အပေါက်များစွာ ဖြစ်နေသည်။

“ဓားက ဘယ်လိုကျိုးသွားတာလဲ”

ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။

ဓားလာရောက်လဲလှယ်သော လူငယ်က မျက်တောင်ပင့်လိုက်သည်။

“ကောင်လေး… မင်းက အရမ်းစပ်စုတာပဲ… မင်းကို ဓားလဲခိုင်းရင် ဒီအတိုင်း လဲပေးလိုက်”

ဟန်မူယဲ့က ရှေ့မှ ခုံတန်းရှည်တွင် ထိုင်လိုက်ကာ လက်ဖြန့်သည်။

“ခင်ဗျားက ဓားကျိုးသွားတဲ့အကြောင်းအရင်းကို မပြောဘဲ ကျုပ်က ဘယ်လိုလဲပေးလို့ရမလဲ”

သူ၏စကားကိုကြားလျှင် လူငယ်က နှာခေါင်းရှုံ့သည်။

“ဓားက စီနီယာအစ်ကိုလော့ထျန်းကြောင့် ကျိုးသွားတာ။ မင်းမလဲပေးချင်ရင် ငါ သူ့ကို ပြန်သွားပြောပေးမယ်”

‘လော့ထျန်း…’

ဟန်မူယဲ့ ခဏမျှ တွေးလိုက်ကာ ခေါင်းယမ်းသည်။

သူသည် အကြီးအကဲမဟုတ်သလို တိုက်ရိုက်တပည့်တစ်ဦးလည်း မဟုတ်ပါ။

သို့ဆိုလျှင် ပြဿနာသိပ်မရှိနိုင်။

ဟန်မူယဲ့ ခေါင်းယမ်းသည်ကိုမြင်လျှင် လူငယ်၏မျက်နှာ နက်မှောင်သွားသည်။ သူက ဟန်မူယဲ့အား ဒေါသတကြီး ပြောသည်။

“ကောင်းပြီ ကောင်းပြီ ကောင်လေး။ နောက်တစ်ခေါက် ငါ့လက်ထဲ မရောက်လာစေနဲ့…”

ထို့နောက် သူက ဓားကျိုးထံသို့ လက်လှမ်းလိုက်သည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ တားဆီးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ဓားက ကျိုးသွားပြီ။ ပြီးတော့ ဓားစံအိမ်ထဲကို ပြန်ရောက်လာတဲ့ဓားကျိုးကို ကျုပ်က စာရင်းမှတ်ပြီး ဖျက်ဆီးပစ်ဖို့တာဝန်ရှိတယ်”

“မင်း…”

လူငယ်က ဟန်မူယဲ့အား လက်ညိုးထိုးကာ အံကြိတ်သည်။

“ကောင်လေး… ဒီဓားက စီနီယာအစ်ကိုလော့ထျန်းပိုင်တာ…”

“ဂိုဏ်းချုပ်ရဲ့ဓားတောင်မှ ဓားစံအိမ်ထဲကို ရောက်လာရင် စာရင်းမှတ်ရတယ်”

ဟန်မူယဲ့က စာအုပ်ကို ဖွင့်ကာ စတင်၍ ရေးသားလိုက်သည်။

‘အတွင်းစည်းဂိုဏ်းသားလော့ထျန်းက ဓားကို အကြောင်းရင်းမရှိဘဲ ပျက်စီးစေခဲ့တယ်။ အဲဒါက အခု ဓားစံအိမ်မှာ သိမ်းဆည်းထားတယ်’

သူက ရေးသားပြီးနောက်တွင် ခေါင်းမော့ကာ ပြောသည်။

“ခင်ဗျား နာမည်…”

လူငယ်က နားမလည်စွာ မေးသည်။

“ဘာအတွက်လဲ…”

ဟန်မူယဲ့က ပြုံးလျှက် ပြောသည်။

“ဓားကို အကြောင်းရင်းမရှိဘဲ ပျက်စီးစေခဲ့ရင် အဲဒီလူက ဓားစံအိမ်ထဲကို ၃နှစ်တိတိ ဝင်ခွင့်ပိတ်ခံရမယ်။ ၃နှစ်ပြည့်ပြီးလို့ ဓားတစ်လက်လိုချင်တယ်ဆိုရင်လည်း ဓားကို လဲလှယ်ရမယ့် အကျိုးဆောင်အမှတ်ဟာ ၂ဆဖြစ်လိမ့်မယ်”

“ခင်ဗျားနာမည် ဘာလဲ… ကျုပ် မှတ်သားထားမယ်”

လူငယ်၏အမူအရာ ပြောင်းလဲသွားသည်။ သူက ဒေါသတကြီး နောက်လှည့်ကာ အလျင်အမြန် ထွက်သွား၏။

ဟန်မူယဲ့က တစ်ချက်ရယ်ကာ စာအုပ်တွင် စာလုံးတချို့ ရေးလိုက်သည်။

ခရမ်းမီးတောက်…။

All Chapters