← Chapters

သတ်ပစ်

Vol. 6 Ch. 79

သတ်ပစ်

Vol. 6 Ch. 79

“အဆိပ်ဆေးလုံးလေးလုံး”မန်ဟိုက မအီမလည်မျက်နှာပေးနှင့် အသံမာမာပြောသည်။ “ကျုပ် ဒီဆေးလုံးစားရင် ခင်ဗျားတို့ကို လမ်းမပြပေးနိုင်မှာ စိုးရွံ့မိတယ်။ အဆိပ်တက်ရင် ကျုပ်သေလိမ့်မယ်။ အဆိပ်မတက်ရင် အကြီးအကဲတို့ ကျုပ်ကို နောက်ပိုင်း အဆိပ်ဘယ်လိုဖြေပေးမှာလဲ။ ဒါမှမဟုတ် အဲ့တာကို စဥ်းတောင်မစဥ်းစားထားဘူးလား”

“အမှန်ပဲ အဆိပ်ဖြေနည်းတစ်နည်းရှိတယ်” ဖုန်းဟန်ဂိုဏ်းမှ နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးက ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြောသည်။ “ယုံတာမယုံတာ မင်းအပိုင်းပဲ” ဤတစ်ခါတွင်တော့ သူသည် မန်ဟို့ဗျူဟာကို ပြန်သုံးလိုက်ခြင်းပင်။ ယခုတွင် ကိစ္စအရပ်ရပ်၏ ဆုံးဖြတ်ချက်အလုံးစုံသည် မန်ဟို့အပေါ် မူတည်သွား၏။

သူက တခဏ တိတ်ဆိတ်စွာ ရပ်နေသည်။ အဘိုးကြီးပြောခဲ့သည့်အတိုင်း ယုံကြည်ခြင်း၊ မယုံကြည်ခြင်းသည် သူ့တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည်။ ကံဆိုးစွာပင် သူ မယုံကြည်ရန် ရွေးချယ်လိုက်လျှင်တော့ လက်ရှိအခြေအနေအား ဘယ်တော့မှ ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။

မန်ဟို၏မျက်လုံးများက ဆေးလေးလုံးထံ ရောက်သွားသည်။ သူတို့ထဲက သုံးခုသည် သူ မှတ်မိသည်။ “ဒါက... ကင်းခြေနဂါးဆေးလုံး။ ဒီတစ်ခုက အေးခဲအလောင်းဆေးလုံး။ ဒါက သွေးခမ်းခြောက်ဆေးလုံး။ ဒီတစ်ခုကတော့...... “ ထျန်ကျီးအရှင်ထံမှ သုံးရောင်ခြယ်ဆေးလုံးမှာ သူယခင်က တစ်ခါမှမကြားခဲ့ဖူးသောအရာဖြစ်သည်။ ရှေးဟောင်းကျောက်စိမ်းပြားတွင် ၄င်းနှင့်ပတ်သက်၍ အချက်အလက်တစ်စုံတရာမရှိပေ။

“မှီခိုရာဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအခြေက မိုးကောင်းကင်တမျှ မြင့်မားတယ်” မန်ဟိုက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ “သူကတော့ အဲ့ဒီနည်းကို ရှာတွေ့နိုင်လောက်မှာပဲ” သူသည် အံတင်းတင်းကြိတ်ပြီးနောက် လက်ကိုမြှောက်ကာ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်လိုက်သည်။ ၄င်းမှာ အထဲတွင် အသက်ရှိနေသည့်အရာတစ်ခု ပါဝင်နေသကဲ့သို့ဖြစ်ပြီး လည်ချောင်းတစ်လျှောက် ကျဆင်းသွားစဥ် မန်ဟို့ကိို အသည်းခိုက်မတတ် နာကျင်မှုတစ်ခု ခံစားရစေရန် လုံလောက်သည်။ သို့ထိတိုင် နာကျင်မှုက သူ့ကိုတုံ့ဆိုင်းမနေစေပေ။ သူ၏မျက်လုံးများ သွေးချင်းနီနေပြီး သူက ဆေးလုံးအားလုံး ထည့်လိုက်သည်။ ထျန်ကျီးအရှင်ပေးသော ဆေးလုံးကို မြိုချနေစဥ် သူက ထိုလူ၏မျက်လုံးများကို ကြည့်လိုက်သည်။

ထျန်ကျီးအရှင်မှာ တစ်ချိန်လုံးပြုံးနေသည်။ မန်ဟိုကား နည်းနည်းလေးပင် တုံ့ဆိုင်းခြင်းမရှိ။ အားလုံး၏သံသယများ ပြေပျောက်စေရန် ဆေးလုံးများအား မြိုချမှဖြစ်မည်ကို သူသိသည်။

ထျန်ကျီးအရှင်၏ဆေးလုံး သူ့ပါးစပ်ထဲဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ၄င်းသည် ချီတစ်ခုအသွင် အရည်ပျော်ပြီး သူ့အသွေးအသားထဲသို့ စိမ့်ဝင်သွားသည်။ မန်ဟို ဆေးလေးလုံး ဆက်တိုက်မြိုချနေသည်ကို ကြည့်ရင်း လျှိုတောင်ယွင်ကား တော်တော်လေး အားရကျေနပ်နေသည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူဆယ်ယောက်ကျော်မှာ မန်ဟို့ကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ သူ၏ခိုင်မာပြတ်သားမှုက သူတို့ကို ပို၍သတိထားရန် လိုအပ်သည်ဆိုသော ခံစားချက်ကျန်စေခဲ့သည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူသည် တင်းမာနေသာမျက်နှာထားဖြင့် ပညာရှင်များကို မော့ကြည့်သည်။ သူဘာမှမပြောပေ။

“သွားကြစို့” အဘွားအိုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။ သူမက မန်ဟို့ထံ လက်ညှိုးဝှေ့ယမ်းလိုက်ပြီးနောက် ရောင်စုံသက်တန့်တစ်ခုအသွင်ပြောင်းကာ တဟုန်ထိုးထွက်သွားသည်။ အခြားကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် နောက်မှလိုက်ပါသွားသည်။ သူမ၏လက်ညှိုးဝှေ့ယမ်းမှုက မန်ဟို့ခြေထောက်ရှေ့က မြေကြီးပေါ်ကျနေသော သိုလှောင်အိတ်ကို ရုတ်တရက် ကြောက်မက်ဖွယ်မြူဝိညာဥ်အသွင်ပြောင်းသွားစေသည်။ ၄င်း၏ခန္ဓာကိုယ်သည် တဖျပ်ဖျက်လက်နေပြီး ၄င်းက မန်ဟို့ကိုရစ်ပတ်ကာ ကောင်းကင်ထံ ထိုးတက်သွား၏။

လျှိုတောက်ယွင်က မန်ဟို့ကို အေးစက်သောအပြုံးတစ်ခုဖြင့် ကြည့်ရင်း လိုက်ပါလာသည်။

“မင်းတော့သေပြီ” သူက မောက်မောက်မာမာပြောသည်။

မန်ဟိုက ပြန်မဖြေ။ သူသည် လျှိုတောက်ယွင်၏ရှုံ့မဲ့နေသောမျက်နှာကြီးကို အေးတိအေးစက်သာကြည့်နေသည်။

“မင်း ခေါင်းဆောင်ကြီးတွေကို ကျင့်ကြံခြင်းဂူထဲခေါ်သွားပြီးရင် ထွက်လာတဲ့အထိတော့ နေနှင့်ဦးပေါ့ကွာ။ မင်းသေချာပေါက်သေမှာ။ မင်းအဆိပ်ဖြေရင်တောင်မှ ငါမင်းကို အလွှတ်မပေးဘူး။ ကျိုးပြည်မှာ မင်း ထွက်ပြေးနိုင်တဲ့နေရာတစ်ခုမှမရှိတာကို မှတ်ထား။ စကားမစပ်၊ မင်းက မှီခိုရာဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်တာတောင်မှ မင်းရဲ့ဂိုဏ်းချုပ်ကို သတ်မယ့်လူတွေကို လမ်းပြပေးနေရတယ်။ ဘယ်လိုခံစားရလဲ” လျှိုတောက်ယွင်က ခနဲဲ့တဲ့တဲ့ သရော်နေချေသည်။

“ခင်ဗျား ငွေလှံတစ်ချောင်းအတွက် စွန်းဟွာကို သတ်ခဲ့တယ်။ ဘယ်လိုခံစားရသလဲ “ မန်ဟိုက သူ့အောက်ရှိ လျှိုတောက်ယွင်ကို ငုံ့ကြည့်ရင်း အေးစက်စွာဆိုသည်။ ကမ္ဘာမြေကြီးသည် သူ့အောက်တွင် တရိပ်ရိပ်ကျန်ခဲ့၏။ ဤသည်မှာ မန်ဟိုတစ်ခါမှ မခံစားဖူးသည့် အမြန်နှုန်းဖြစ်သည်။

လျှိုတောက်ယွင် မည်မျှလွန်လွန်၊ မန်ဟိုက သူ့ကို အဖက်ပင်မလုပ်ပေ။ သို့သော် မန်ဟို့စကားများကတော့ သူ့ကို အနာပေါ်တုတ်ကျသကဲ့သို့ ထိသွားသည်။ သူ၏မျက်လုံးများသည် ရဲသထက်ရဲလာပြီး သူက မန်ဟို့ကို ပြိုင်ဘက်ကင်းသောအမုန်းဖြင့် ကြည့်သည်။ သူ့မှာ သူ့ကို အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်လေသည်။ စွန်းဟွာနှင့်ပတ်သက်၍ မတော်တဆမှုသည် သူ့ဘဝတွင် ဖြစ်ခဲ့ဖူးသမျှထဲ အရှက်အကွဲရဆုံးဖြစ်သည်။ အမှန်ပင် ၄င်းက သူ၏ဂိုဏ်းအတွင်းရှိ မည်သည့်အနာဂတ်အလားအလာကိုမဆို ဖျက်စီးပစ်ခဲ့သည်။ သူ့မှာ အပယ်ခံဘဝနှင့် ချောင်ကပ်နေခဲ့ရသည်။ ယခုတွင် သူ၏မျက်လုံးများမှာ မီးတဝင်းဝင်းတောက်တော့မည်ပုံပင်ရသည်။ သူက မန်ဟို့ကို သတ်ဖြတ်တော့မသတ် စိုက်ကြည့်ရင်း လက်သီးကျစ်ကျစ်ပါအောင် အုပ်သည်။

မန်ဟို၏ခံစားချက်မဲ့သောမျက်နှာထားက သူ့ကို ရူးမတတ်ဒေါသထွက်သွားစေလောက်အောင် တတ်နိုင်သည်။ သူက လက်သီးဖြင့် လေထဲသို့ ထိုးချလိုက်သည်။

သူက ဒေါသတကြီး အသက်ရှူရင်း အချိန်အတော်ကြာ အံကြိတ်နေပြီးနောက် ပြောသည်။ “မင်း အဆိပ်ဆေးလုံးလေးလုံးသောက်ခဲ့တယ်။ အဆိပ်ထတဲ့အချိန်အထိ စောင့်တာပေါ့ကွာ။ မင်းရဲ့ခန္ဓာကိုယ် ပုပ်သိုးလာပြီးတော့ မင်းရဲ့နှလုံး တစစီစုတ်ဖြဲခံရလိမ့်မယ်”

“ဒီနေ့ ခင်ဗျား ကျုပ်ဓားချက်နဲ့ သေရမယ်” မန်ဟိုက ပျော်လည်းမပျော်၊ ဒေါသလည်းမထွက်သော အသံဖြင့် အေးစက်စွာ ပြောသည်။ သူသည် သူ့အောက်၌ တရိပ်ရိပ်ကျန်ခဲ့သော အထီးကျန်တောင်တန်းများကို ငုံကြည့်ပြီးနောက် အဝေးရှိ မှီခိုရာဂိုဏ်း၏ တောင်ထိပ်လေးခုကို လှမ်းကြည့်သည်။

“မင်းက တကယ် လေကြီးနိုင်တာပဲ” လျှိုတောက်ယွင်က ကောက်ကျစ်သောမျက်နှာထားနှင့် အေးစက်စက် ရယ်ကာပြောသည်။ သူသည် မန်ဟို့စကားလုံးများ တစ်စက်လေးပင် အလေးအနက်ထားဟန်မတူပေ။ “မင်းတစ်ယောက်ထဲ အားလုံးလုပ်မှာလား။ ငါတော့ အဆိပ်ထတာကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး”

သူ စကားပြောပြီးနောက် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာသည်။ အဖွဲ့သည် မှီခိုဂိုဏ်း ပင်မရင်ပြင်ကို ရောက်ရှိခဲ့ကြလေပြီ။ ၄င်းမှာ သုဿနာတစပြင်ပမာ တိတ်ဆိတ်နေပြီး သစ်ရွက်ကြွေများ၊ ငှက်ချေးများနှင့် ကြောက်လန့်တကြား ထွက်ပြေးသွားသည့် တိရစ္ဆာန်အနည်းငယ်သာ ရှိသည်။

လေကြမ်းတစ်ချက်က အဖွဲ့နှင့်အတူပါလာပြီး အပြင်စည်းဂိုဏ်းရင်ပြင်ကို လှဲကျင်း တိုက်ခတ်သွားသည်။ ဤနေရာကို မြင်ရခြင်းက မန်ဟို၏ မျက်နှာကို အမူအရာအမျိုးမျိုး ဖြတ်ပြေးသွားစေသည်။

“မင်းရဲ့ဂိုဏ်း ဒီလိုဖြစ်လာတာကို မြင်ရတာ ဘယ်လိုခံစားရလဲ” လျှိုတောက်ယွင်က လှောင်ပြုံးပြုံးရင်း မေးသည်။ သူပြောလိုက်သည်နှင့် မန်ဟိုက လှည့်ပြီး မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒထွက်ပေါ်နေလျက် သူ့ကို ကြည့်သည်။ သူက စတင်လှုပ်ရှားလာလေပြီ။ သူ၏လက်ကို မြှောက်လိုက်သည်တွင် လျှိုတောက်ယွင်ထံ တည့်တည့် ပျံထွက်သွားသော ဓားပျံငါးဆယ် ထွက်ပေါ်လာသည်။

“ဒီနေရာက ခင်ဗျားကို မြေမြှုပ်ပေးဖို့ အကောင်းဆုံးနေရာပဲ”

မန်ဟို တိုက်ခိုက်မည့် အရိပ်ယောင် စိုးစဥ်းမှမရှိခဲ့ပေ။ သူ၏စကားလုံးများ ပဲ့တင်ထပ်နေချိန်မှာပင် ဓားများက လျှိုတောက်ယွင်အပေါ် ရောက်နေလေပြီ။ သူ၏ မျက်နှာအမူအရာ ပြောင်းသွား၏။ ခေါင်းဆောင်ကြီးများအားလုံးရှေ့၌ မန်ဟို သူ့ကို တိုက်ခိုက်ရဲလိမ့်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။

သူက လျှာကိုက်ပြီး ပုလဲတစ်လုံးနှင့်အတူ သွေးတချို့ထွေးထုတ်ကာ ကပျာကယာ နောက်ဆုတ်လိုက်သည်။ ဤပုလဲမှာ သူယခင်က အသုံးပြုခဲ့ဖူးသည့် ရတနာများနှင့် မတူပေ။ ၄င်း သူ့ပါးစပ်မှ ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းသော အသတ်အဖြတ်အရှိန်အဝါတစ်ခု ထုတ်လွှတ်လာသည်။ ၄င်းက ကြောက်မက်ဖွယ် မကောင်းဆိုးဝါးမျက်နှာကြီးအသွင်ပြောင်းပြီးနောက် မန်ဟို၏ဓားပျံငါးဆယ်ကို ဝင်တိုက်သွားသည်။

မကောင်းဆိုးဝါး မျက်နှာကြီးက ဓားပျံအများစုကို ပိတ်ဆို့ကာဆီးလိုက်သဖြင့် ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားသည်။ သို့သော် ဓားပျံတစ်လက်က လေကိုခွင်း၍ လျှိုတောက်ယွင်ဆီ ဆက်လက်ပြေးဝင်လာသည်။

လျှိုတောက်ယွင်၏ မျက်နှာကြီး ရှုံ့မဲ့သွားသည်။ သူ့မှာ သေရေးရှင်ရေး အခြေအနေ၏ အရေးကြီးဆုံးအခိုက်အတန့်တွင် ဖြစ်ကြောင်း သူသိလေသည်။ သူက ဓားကို ကာကွယ်ရန် လက်ကိုမြှောက်ရင်း မာန်သွင်းဟိန်းဟောက်လိုက်သည်။ ဓားသည် သူ၏ညာပခုံးကို ထိုးဖောက်သွားကာ သွေးများ ဖွားခနဲ ပန်းထွက်သွားစေသည်။ ထိတ်လန့်ဖွယ် အော်သံကြီးတစ်သံ တိတ်ဆိတ်နေသော မှီခိုရာဂိုဏ်း တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ဓားက သူ့ပခုံးကို ထိုးစိုက်လိုက်ချိန်မှာပင် ရုတ်တရက် ပေါက်ကွဲသွားသဖြင့် လျှိုတောက်ယွင်၏ညာလက်ကား သွေးတိမ်တိုက်အသွင် ပျောက်ကွယ်သွားတော့သည်။ သူ့ပါးစပ်မှလည်း သွေးများ ပန်းထွက်သွားပြီး သူသည် ကြောက်လန့်အံသြခြင်းတို့ဖြင့် မျက်လုံးများတောက်ပနေရင်း မျက်နှာဖြူဖပ်လျက် နောက်ဆုတ်လိုက်သည်။

အရာအားလုံးကား မီးတစ်ခတ်စာလေးအတွင်း အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ သူ၏ညာလက် ဖျက်စီးခံလိုက်ရပြီး သူ၏ထိတ်လန့်ဖွယ်အော်သံများမှာ လေတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ပညာရှင်များက အေးစက်သောမျက်လုံးများဖြင့် တစ်ယောက်ပြီး တစ်ယောက် နောက်လှည့်ကြည့်လိုက်ကြသည်။ အထူးသဖြင့် ဖုန်းဟန်ဂိုဏ်းမှလူများပင်။

လျှိုတောက်ယွင်က အော်ဟစ်ဟိန်းဟော်ရင်း နောက်ဆုတ်သည်။

“ခေါင်းဆောင်ကြီး၊ ဒီကောင်......”

မန်ဟိုက အေးစက်သောမျက်နှာထားဖြင့် ရှေ့လျှောက်လာသည်။ လျှိုတောက်ယွင် စကားပြောနေဆဲမှာပင် မန်ဟိုက ညာလက်ကို မြှောက်လိုက်ပြီး ဓားပျံတစ်ရာသည် ရင်ပြင်တစ်ခုလုံးကို ဓားမိုးကြီးအသွင် ဖုံးလွှမ်းရင်း ထွက်ပေါ်လာသည်။ ၄င်းက လျှိုတောက်ယွင်ထံ ထိုးဆင်းသွား၏။ လျှိုတောက်ယွင်သည် စဦးချီဖွဲ့စည်းမှုအဆင့် ( ၉ ) တွင် ဖြစ်ပြီး မန်ဟိုလည်း အတူတူပင်။ ထိုမျှသာမက မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ မြင့်မြတ်သောဝိညာဥ်ကျမ်းစာအပေါ် အခြေခံပြီး သူ့တွင် ရွှေအမြုတေပင်လယ်ရှိသည်။ သူ့စိတ်ထဲတွင် စိတ်ဝိညာဥ်အာရုံအစတစ်စပင် ရှိသေးသည်။ ဤသည်က လျှိုတောက်ယွင်ကို ချေမှုန်းရန် လုံလောက်သည်ထက် ပိုလေသည်။ ဓားမိုးကြီးက လေကိုခွင်း၍ တဝီးဝီးအော်မြည်သွားသည်။ လျှိုတောက်ယွင်မှာ စကားပြောရန် အချိန်မရှိတော့ပေ။

ပေါက်ကွဲမှုနှင့်အတူ လျှိုတောက်ယွင် သွေးများထပ်အန်လိုက်ရသည်။ သူ၏သလင်းဓားက မန်ဟို၏ ဓားပျံတစ်ရာအင်အားကို ခုခံလိုက်သဖြင့် သူ့အရှေ့တွင် အလင်းရောင်တစ်ခု ဖြာထွက်တောက်ပသွားသည်။ သို့ထိတိုင် ဤအခြင်းအရာက ဟိန်းဟောက်ရင်း နောက်ဆုတ်သွားသော လီတောက်ယွင်ကို ပို၍ထိခိုက်ဒဏ်ရာရသွားစေသည်။

“ခေါင်းဆောင်ကြီးတို့၊ ကယ်ပါဦး”

“မန်ဟို မင်းရပ်လိုက်စမ်း” ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့်ပညာရှင်လေးယောက်ကြားမှ အသံတစ်သံထွက်ပေါ်လာသည်။ သူတို့သည် ဤလူအားလုံးအရှေ့၌ မန်ဟို့အား လျှိုတောက်ယွင်ကို သတ်ခွင့်မပေးလိုကြသဖြင့် မျက်မှောင်ကြုတ်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များက အလင်းတန်းများအသွင်ပြောင်းကာ တဟုန်ထိုး ဦးတည်လာကြသည်။

“ဒါက သူနဲ့ကျုပ်ကြားက ကိစ္စ” မန်ဟိုက ချီအခြေတည်အဆင့်ပညာရှင်များကို လှည့်ပင်မကြည့်ဘဲ ပြောသည်။ “အခုအချိန် ကျုပ် အဆိပ်တက်ရင်တောင်မှ ဒီလူ့ကို သတ်ပစ်မယ်” သူ၏အမူအရာသည် သတ်ဖြတ်လိိုခြင်းနှင့်အတူ ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ သတ်ချင်သည့်လူမှာ ဖုန်းဟန်ဂိုဏ်းက လျှိုတောက်ယွင်ဖြစ်သည်။ သို့သော် ဖုန်းဟန်ဂိုဏ်းအပြင် အခြားဂိုဏ်းကြီးသုံးဂိုဏ်းမှ လူများ ရှိသေးသည်။ သူတို့က အမှန်ပင် ကျင့်ကြံခြင်းဂူ မဖွင့်ခင် မန်ဟိုအဆိပ်တက်သေမည်ကို သည်အတိုင်း လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ အခြားဂိုဏ်းမှ အသေးအဖွဲကိစ္စလေးများအား သူတို့အကျိုးထိခိုက်ခွင့်မပေးနိုင်ပေ။

အခြားလူများ ပျံတက်လာကြပြီး ဖုန်းဟန်ဂိုဏ်းချီအခြေတည်အဆင့်ပညာရှင်များ၏လမ်းကို ပိတ်လိုက်ကြသည်။

“တာအိုရောင်ရင်းကျန်း၊ စဦးဖွဲ့စည်းမှုကျင့်ကြံသူတွေရဲ့ မဖြစ်စလောက်ကိစ္စတွေကို အာရုံစိုက်နေစရာ မလိုပါဘူး။ လာ လာ ၊ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ နှစ်နဲ့ချီနေပြီ။ အရင်ကနေ့ရက်တွေအကြောင်း ကျုပ်တို့ စကားနည်းနည်းပါးပါး ပြောကြတာပေါ့ဗျာ”

“မှန်တာပေါ့။ အစ်ကိုချန် ကျုပ်တို့မတွေ့ရတာ သုံးနှစ်တောင်ရှိပြီ။ ကျုပ်မှာ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ခင်ဗျားနဲ့ဆွေးနွေးချင်တဲ့ မေးခွန်းနည်းနည်းရှိတယ်” ဤစကားများကြားသော် ဖုန်းဟန်ဂိုဏ်း ချီအခြေတည်အဆင့်ကျင့်ကြံသူလေးယောက်၏မျက်နှာများ ညိုမည်းသွားသည်။ သူတို့ စကားပြောမည်အပြု ရုတ်တရက် လျှိုတောက်ယွင်၏ အသံနက်ကြီး ထွက်ပေါ်လာပြန်သည်။

မန်ဟို၏လက်ချောင်းသည် မန္တန်လက်ကွက်များဖြင့် တဖျပ်ဖျပ်လှုပ်ရှားသွားပြီး ဓားပျံနှစ်ရာ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ ၄င်းတို့က နားကွဲလုမတတ် တရွှီးရွှီးအော်မြည်ရင်း လျှိုတောက်ယွင်ထံ ထိုးဆင်းလာကြ၏။ မန်ဟိုက နောက်တစ်လှမ်းလှမ်းပြီး မန္တန်လက်ကွက်တစ်ကွက်ဖော်သည်။ မီတာဒါဇင်များစွာ ရှည်လျားသော မြွေမီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ၄င်းက ရင်ပြင်တွင် ဂယက်ရိုက်သွားသည့်တိုင်အောင် ဟိန်းဟောက်လိုက်သည်။ သလင်းဓား အစိတ်စိတ်အမြွှာမြွှာကျိုးကြေသွားသဖြင့် လျှိုတောက်ယွင်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူသည် မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် အဆက်မပြတ် နောက်ဆုတ်လိုက်သည်။

အခြားတစ်ဖက်တွင် မန်ဟို၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒနှင့် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပနေ၏။ သူက ရှေ့သို့ပျံတက်ပြီး ဓားတစ်လက် သူ၏ညာလက်ထဲတွင် ပေါ်လာသည်။ ၄င်းမှာ သစ်သားဓားဖြစ်ပြီး လျှိုတောက်ယွင်ဆီသို့ ရပ်တန့်၍မရသောအားကြီးဖြင့် တဟုန်ထိုးပြေးဝင်သွားသည်။

“ငါ့လမ်းက ဖယ်စမ်း” ချီအခြေတည်အဆင့်ပညာရှင်လေးယောက်၏ မျက်နှာများ ပြောင်းလဲသွားသည်။ သူတို့က မာန်သွင်းဟိန်းဟောက်ပြီး မန်ဟို့ကိုတားရန် ကြိုးစားလိုက်ကြသည်။

“ဒီလူက ကျုပ်ကို သတ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ ဒါက နှစ်ကိုယ်ကြားရန်ကြွေးပဲ။ ကျုပ်လမ်းမှာ တစ်ယောက်ယောက်ဝင်လာရင် ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းဂူကို မဖွင့်ခင် ကျုပ်ကိုကျုပ်သတ်သေပစ်မယ်” သူ၏အသံထွက်ပေါ်လာစဥ် သူသည် ချီအခြေတည်အဆင့်ပညာရှင်လေးယောက်ကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းခြင်းမရှိ၊ လျှိုတောက်ယွင်ကို သတ်ရန် သစ်သားဓားကို  ဆန့်တန်းရင်း ပြေးဝင်သွား၏။

“ခေါင်းဆောင်ကြီးတို့၊ ကယ်ပါဦး” လျှိုတောက်ယွင်က အလန့်တကြား အော်သည်။ ချီအခြေတည်အဆင့်ပညာရှင်များ တိုက်ခိုက်တော့မည့်အချိန်၊ ချောင်းဟန့်သံတစ်သံ ကြားလိုက်ရ၏။ ၄င်းက အဘွားကြီးထံမှ လာခြင်းဖြစ်သည်။ ပညာရှင်လေးဦး အံသြတုန်လှုပ်သွားပြီး မျက်နှာများဖြူဖျော့လျက် ချက်ချင်းရပ်လိုက်ကြသည်။ ချောင်းဟန့်သံက ကောင်းကင်းဘုံမှလာသော မိုးကြိုးသဖွယ် သူတို့၏နှလုံးသားများအား ဝင်ဆောင့်လိုက်ရာ စိတ်အစဥ်တို့ မူးဝေသွားစေသည်။

“ဒါများသွားပြီ” ဖုန်းဟန်ဂိုဏ်းမှ နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးက ပြောသည်။ သူက နှာမှုတ်လိုက်ပြီး အေးခဲအကြည့်တစ်ခု သူ၏မျက်လုံးထဲ ပေါ်လာကာ မန်ဟို့ တဟုန်ထိုးပြေးဝင်သည်။ ဤသို့ဖြစ်ပျက်သွားချိန်မှာပင် ထျန်ကျီးအရှင်က ရယ်လိုက်သည်။ သူက အင်္ကျီလက်စခါလိုက်ရာ မန်ဟိုထံပြေးဝင်သွားနေသော အေးခဲအကြည့်သည် ချက်ချင်း လွင့်စင်ပြိုကွဲသွား၏။

“မင်း” နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးက ဒေါသမီးတဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ပြောသည်။

***

All Chapters