ဆရာ ကောင်းကင်ပြစ်ဒဏ်ခံယူနိုင်ရန် ကူညီခြင်း၏ ဒုတိယအဆင့်
Vol. 1-8 Ch. 29
လမင်းကြီးသည် အနောက်ဘက်အရပ်တွင် ထိန်ထိန်သာနေပေသည်။ စားပွဲပုလေးပေါ်တွင် အရက်ခွက်များနှင့် ပန်းကန်များ ဖရိုဖရဲရှိနေကြ၏။
လီချန်ရှို့သည် ဆေးဖော်ဆောင်အဝတွင် ရပ်ကာ ကျိုးဝူပြန်သွားသည့်ဘက်သို့ ကြည့်နေလေသည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားလေ၏။
လတ်တလောတွင် သူသည် ဆရာဦးလေးအား ထိန်းချုပ်ထားနိုင်ခဲ့ပေပြီ။
မြောက်ကျွန်းတွင် ကျိုးဝူသည် သူ့အား တစ်ခုခုသိနေသည့်ဟန်ဖြင့် ကြည့်လိုက်စဉ်မှစ၍ ထိုပုကွကွနှင့် စေ့စပ်သော ဆရာဦးလေးသည် သူ့အကြောင်း စိတ်ဝင်စားနေကြောင်း လီချန်ရှို့ သိလိုက်သည်။
ထို့ပြင် ထိုအချိန်အတွင်း သူက ဆရာဒေါ်လေးကျိုးကျိုးနှင့်လည်း ပို၍ရင်းနှီးလာခဲ့သည်။ ဆရာဒေါ်လေးကျိုးကျိုးအား သူ၏ကိစ္စများတွင် ကူညီပေးခိုင်းပါက ဆရာဦးလေးကျိုးဝူ၏ အာရုံစိုက်မှုကိုခံရလိမ့်မည် ဖြစ်ကြောင်းကိုလည်း သူသိလေသည်။
ထိုစိတ်ဝင်စားမှုများသည် သံသယအဖြစ်သို့ အလွယ်တကူပြောင်းလဲသွားနိုင်သည်။ ထိုအရာသည် လီချန်ရှို့အတွက် လျှို့ဝှက်အန္တရာယ်တစ်ခုပင်။
‘ ဆရာဦးလေးရဲ့ အန္တရာယ်ကနေ ငါ ဘယ်လိုကာကွယ်ရမလဲ။ အဲဒါကတော့ရှင်းပါတယ်။ သူ့ကိုသတ်ပစ်လိုက်ရုံပေါ့။ အဟွတ်..အဟွတ်..နောက်တာ..နောက်တာ။ ဆရာဦးလေးကျိုးဝူနဲ့ ဘာရန်ညှိုးမှ မရှိတာ။ ပြီးတော့ ဆရာဦးလေးကျိုးဝူက တန်ခိုးကြီးတဲ့အပြင် ဂိုဏ်းထဲမှာလဲ အတော်လေး နာမည်ရှိတဲ့ စောင့်ရှောက်သူ တစ်ယောက်ပဲ။ ကျိုးနတ်ဝိဇ္ဇာကိုးပါးထဲကတစ်ယောက်သာ တစ်ခုခုဖြစ်သွားရင် ဂိုဏ်းထဲတော်တော်လှုပ်ခတ်သွားမှာ။ ဆရာဦးလေးကျိုးဝူကို သွားအကောက်ကြံရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားမှာပေါ့။ ကျန်တဲ့ရွေးချယ်စရာတွေထဲကမှ အသင့်တော်ဆုံးနဲ့ စိတ်အချရဆုံးက ဆရာဦးလေးကျိုးဝူကို ဖိတ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာပဲ ’
လီချန်ရှို့သည် ဂိုဏ်းသားများကို အန္တရာယ်ဖြစ်အောင် မည်သို့မျှပြုလုပ်မည် မဟုတ်ကြောင်း ဆရာဦးလေးကျိုးဝူ၏ ရှေ့တွင် ကျိန်ဆိုခဲ့ရလေသည်။
တချိန်တည်းမှာပင် သူ လျှို့ဝှက်ထားသည့် ကျင့်ကြံခြင်းအဆင့်ကိုလည်း အရိပ်အခြေမျှ ထုတ်ဖော်ပြလိုက်ရသည်။ ထိုမှသာ ဆရာဦးလေးကျိုးဝူသည် ဤတပည့်၏ အကြောင်းအား အူမချေးခါးမကျန်သိသည်ဟု ထင်သွားမည် မဟုတ်ပါလား။
ဤနည်းဖြင့် ကျိုးဝူသည် လီချန်ရှို့အပေါ် သိပ်၍သတိကြီးကြီးမထားနေတော့ဘဲ ပို၍ပင် သဘောကျလာနိုင်လေသည်။
အနာဂတ်တွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို ကာကွယ်နိုင်ရန် လီချန်ရှို့ဘက်မှ စတင်၍ ဖိတ်ခေါ်ဆွေးနွေးမှုပြုရပေမည် ဖြစ်သည်။
လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူနှင့် ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားလိုက်သည်။ အရာအားလုံး သူ၏ဦးနှောက်ထဲတွင် အနှေးပြကွက်များပမာ ပေါ်လာလေသည်။ ဇာတ်ကွက်တစ်ခုချင်းစီအလိုက် သူ၏သရုပ်ဆောင်ချက်များကို ပြန်၍သုံးသပ်နေလေသည်။
လီချန်ရှို့သည် စကားဝိုင်းတွင် သူတို့ပြောမည့် အကြောင်းအရာများ၊ စကားအသွားအလာနှင့် စကားလမ်းကြောင်းများအပြင် သူ၏မျက်နှာထားများ၊ လက်ဟန်ခြေဟန်များကိုပါ ထိုစကားဝိုင်းမစခင်ကတည်းက အကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်ထားခဲ့ပြီး ဖြစ်သည်။
သူသည် စကားဝိုင်းအား ထပ်မံလေ့လာသုံးသပ်လိုက်ပြီးနောက် သူ ဖော်ပြလိုသလောက်သာ ဖော်ပြခဲ့ကြောင်း အတည်ပြုလိုက်သည်။ ထို့ကြောင့် ဆရာဦးလေး အခြားဆက်နွယ်ပတ်သတ်မှုများကို ထပ်မံစုံစမ်းခြင်းမှ ကာကွယ်နိုင်ပေလိမ့်မည်။
‘ ငါပြောလိုက်တာတွေကြောင့် နားလည်မှုများ လွဲသွားလောက်လား ’
လီချန်ရှို့သည် စိတ်အေးအေးမထားနိုင်သေးချေ။
သူသည်စကားဝိုင်းကို ထပ်မံတွေးတောလိုက်ပြီး စကားတစ်လုံးစီ၊ စကားတစ်ခွန်းစီကို သေချာလေ့လာသုံးသပ်ပြန်လေသည်။
ထို့နောက် သူသည် ပါးအားထိကာ သူ၏မျက်နှာထားများ လက်ဟန်ခြေဟန်များအပြင် ဆရာဦးလေးကျိုးဝူ၏ အမြဲပြောင်းလဲနေသော အကြည့်များအကြောင်းကို ပြန်စဉ်းစားလိုက်သည်။
သူ အမှားမလုပ်မိခဲ့နိုင်ပေ။
သူ၏ မျက်လုံးထောင့်စွန်းမှနေ၍ ပန်းဆီရောင်ဝတ်စုံဝတ်ဆင်ထားသည့် သွယ်လျသောလူရိပ်ကလေးကို မြင်လိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ တိမ်စီး၍ ကောင်းကင်ကိုဖြတ်သန်းကာ လာနေသော လန်လင်းအယ်ကို တွေ့လိုက်ရလေသည်။
သူမ၏ ဆံနွယ်များသည် လေတွင် ညင်သာစွာလွင့်မျောနေပြီး ပန်းဆီရောင်အင်္ကျီလေးပေါ်ရှိ ပန်းပွင့်များသည်လည်း တောက်ပနေလေသည်။
သူမသည် မိုးမခအကိုင်းများဖြင့် ယက်လုပ်ထားသည့် ခြင်းတောင်းအလွတ်ကလေးကို ကိုင်ကာ လီချန်ရှို့အရှေ့သို့ ခုန်ချလာလေသည်။ သူမ၏မျက်နှာပြင်တွင် အမွှေးနံ့သာပါးပါးလေး လိမ်းကျံထားပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် သူမသည် မယုံနိုင်လောက်အောင် ကြော့ရှင်းလှပနေသည်။
“ ဆရာတူအစ်ကို ... ဘယ်လိုဖြစ်သွားလဲ။ ဆရာဦးလေးနဲ့ ပြဿနာဖြေရှင်းနိုင်လိုက်ပြီလား ”
“ အဲဒီလိုပြောလို့ရတယ်...”
လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ တကယ်တော့ အစ်ကိုရဲ့ မြောက်ကျွန်းခရီးစဉ်က ဘေးထွက်ဆိုးကျိုးလေးတွေ နည်းနည်းကျန်နေသေးတယ်။ ဒါပေမဲ့ အပြင်ကို နောက်တစ်ခေါက် ထပ်မသွားတော့ဘူးဆိုရင်တော့ သူ့လို တန်ခိုးကြီးတဲ့ အကြီးအကဲရဲ့ အာရုံစိုက်တာ ထပ်ခံရမှာ မဟုတ်ပါဘူး ”
လန်လင်းအယ် မျက်တောင်ခတ်လိုက်သည်။
“ ဆရာတူအစ်ကို ... အစ်ကိုဘယ်လိုရှင်းပြလိုက်လဲ။ ဆရာဦးလေးကျိုးဝူကို အစ်ကိုရဲ့ လျှို့ဝှက်ထားတဲ့ ကျင့်ကြံခြင်းအဆင့် အစစ်ကို ထုတ်ပြလိုက်လား ”
လီချန်ရှို့သည် ဆရာတူညီမလေးကို စိုက်ကြည့်လိုက်ပြီး စိတ်ပျက်သည့်ဟန်ဖြင့် အသံတစ်ခု ပို့လွှတ်လိုက်သည်။
“ တစ်စိတ်တစ်ပိုင်းပဲ ထုတ်ပြလိုက်တာပါ။ အဲဒီလိုမှ မလုပ်ရင် သူ့ကိုနားချနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ညီမလေးကို အစ်ကိုအကြိမ်ကြိမ် မပြောခဲ့ဘူးလား ... ဒီလိုဟာတွေကို ပါးစပ်က ထုတ်မပြောပါနဲ့လို့။ နံရံတွေမှာ နားတွေရှိတယ်။ ပြီးတော့ လေထဲမှာ နတ်အာရုံတွေရှိတယ်။ ဒီဆယ်နှစ်အတွင်း အစ်ကို့ရဲ့သင်ခန်းစာတွေကနေ ညီမလေး ဘာမှမသင်ယူထားဘူးပဲ။ သတင်းသမားတစ်ယောက်ယောက်က အစ်ကိုတို့ စကားပြောနေတာကို ချောင်းနားမထောင်နေဘူးလို့ အတပ်မပြောနိုင်ဘူးလေ ”
“ ဟွန်း... ”
လန်လင်းအယ်သည် နှုတ်ခမ်းဆူ၍ ညှိုးငယ်စွာ ပြောလိုက်သည်။
“ ညီမလေး တမင်ပြောလိုက်တာ မဟုတ်ပါဘူး။ အစ်ကို့အတွက် စိုးရိမ်လွန်ပြီး လွှတ်ခနဲ ထွက်သွားတာပါ။ အခု ညီမ ပန်းကန်တွေပဲ သွားသိမ်းလိုက်တော့မယ် ”
သူမသည် ဦးညွှတ်လိုက်ပြီး ရှေ့သို့ခြေနှစ်လှမ်း လှမ်းလိုက်သည်။ ရုတ်တရက် သူမသည် ခေါင်းပြန်လှည့်လိုက်ကာ ရှေ့သို့ကိုင်းလိုက်ပြီး သူမ၏ သွယ်ပြောင်းသည့် လက်ကလေးကို ဆရာတူအစ်ကို၏ ပုခုံးပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူမသည် လီချန်ရှို့၏နား နားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။
“ ဆရာတူအစ်ကို...အစ်ကိုရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရောက်ပြီလဲ။ ဆရာ့ကို မီသွားပြီလား။ မကြာခင် နတ်ဝိဇ္ဇာဖြစ်တော့မှာလား ”
“ မှန်းကြည့်ပေါ့ ”
လီချန်ရှို့သည် သူမအား မျက်စိစွေကြည့်လိုက်ပြီး တေးသွားတစ်ခုကို ညည်းနေလိုက်သည်။ သူ၏လက်များကို နောက်သို့ပစ်လိုက်ပြီး ဆေးဖော်ဆောင်အပြင်သို့ လျှောက်သွားလိုက်လေသည်။
လန်လင်းအယ်သည် လီချန်ရှို့၏နောက်ကျောအား ကြည့်ကာ ပြောင်ပြလိုက်လေသည်။ ထို့နောက် သူမသည် စားပွဲအပေါ်ရှိ ပန်းကန်အလွတ်များအား သိမ်းဆည်းလိုက်လေ၏။
ထိုစဥ် ကောင်းကင်ခွင်းတောင်ထိပ်သို့ပြန်နေသော တိမ်တိုက်တစ်ခု၏အပေါ်ဝယ် ...
“ ဒီအရက်က တော်တော်တော့ပြင်းတာပဲ။ ‘ဂင်္ဂါမြစ်ခမ်းအရက်’ အစစ်ပဲ။ ငါ့ခေါင်းတောင် နည်းနည်းနောက်ချင်သလို ဖြစ်သွားတယ်... ”
ကျိုးဝူ၏ မျက်နှာသည် နီရဲသွားပြီး မူးယစ်ရီဝေသည့်အရသာကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင်ဖြစ်နေသော်လည်း မျက်လုံးများမှာမူ ကြည်လင်နေသေးပေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူ၏မူလဝိညာဉ်အား အရက်မူးသည့်ဒဏ်မှ ကာကွယ်ရန် မှော်အစွမ်းတစ်ခုကို သုံးထားခြင်းကြောင့် ဖြစ်သည်။
ကောင်းကင်ခွင်းတောင်ထိပ်နှင့် နီးကပ်လာသောအခါ ကျိုးဝူသည် ညင်ညင်သာသာ ရယ်လိုက်သည်။ သူ၏ရင်ထဲမှာမူ ဝမ်းနည်းမှုများ ပြည့်နေလေသည်။
‘ ဒီဂိုဏ်းတူ တူလေးက ဗလာနတ္ထိပဥ္စမအဆင့်တောင် ရောက်နေပြီ။ သူ့မျိုးဆက်ထဲမှာ ထိပ်တန်းအဆင့်တပည့်တွေထဲက တစ်ယောက်ပဲ။ သူ ဒီနှစ်(၁၀၀)လေးအတွင်း အဲဒီလောက်အဆင့်ထိ တိုးတက်လာတာ တကယ့်ကို အလားအလာကောင်းတဲ့ ကောင်လေးပဲ။ သူ့ရဲ့ နားလည်နိုင်စွမ်းကလည်း အံ့မခန်းပဲ။ ငါခုနက သူ့ရဲ့မန္တန်အစီအရင်တာအိုကို အကဲဖြတ်တော့ ငါ ပြောနေတဲ့အကြောင်းတွေကို ရှင်းပြစရာမလိုဘဲ သူ အကုန်နားလည်နေတယ်။ အဲဒီထဲက အရှားပါးဆုံးကတော့ စိတ်ကောင်းနှလုံးကောင်း ရှိတာပဲ။ ယွမ်ချင်းလိုကောင်မျိုးနဲ့ယှဉ်ရင် သူက နွံထဲကကြာပဲ ”
ကျိုးဝူသည် ခေါင်းငုံ့ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ သူကတော့ ထုတ်မပြောဘူး။ ဒါပေမဲ့ သူ့ကျင့်ကြံခြင်းအဆင့်ကို ဘာလို့ဖုံးကွယ်ထားရတယ်ဆိုတာကို ငါသိတာပေါ့ ”
“ ငါတို့ အရက်သောက်နေတုန်း သူ ခဏခဏ ချီတုံချတုံဖြစ်ဖြစ်သွားတယ်။ သူ ဖုံးကွယ်ဖို့ လုပ်နေတဲ့ အဲ့သိမ်မွေ့တဲ့ မျက်နှာထားက သူ့ရင်ထဲက အားကိုးရာမဲ့နေတဲ့ ခံစားချက်တွေကို ဖော်ပြနေတာ ”
“ ဂိုဏ်းတူ တူလေးချန်ရှို့က သူ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာ ချုံတောင်လေးကို ဘာပြဿနာမှ မတက်စေချင်လို့ပဲ။ အခုတောင် လူတချို့က ပြဿနာရှာနေပြီလေ။ အဲဒီလိုဖုံးကွယ်ထားရင် သူ့ကို ဂိုဏ်းက သေချာပျိုးထောင်ပေးတာ၊ အလေးထားတာတွေ မရှိတော့မှာကို သိနေတာတောင် ဂိုဏ်းတူညီလေးချီယွမ်နဲ့ သူ့ဆရာတူညီမလေးတို့ အန္တရာယ်ကျမှာကိုပဲ ကာကွယ်ဖို့ သူ ဆုံးဖြတ်လိုက်တယ် ”
“ သိပ်လိမ္မာတဲ့တပည့်ပဲ...တကယ်တော်တယ် ”
“ တကယ်လို့သာ ဂိုဏ်းတူညီလေးချီယွမ် ကောင်းကင်ပြစ်ဒဏ်ကို မကျော်ဖြတ်နိုင်လိုက်ဘူးဆိုရင် အမှတ်တစ်အစ်မကြီးကိုဖြစ်ဖြစ် အစ်ကိုနှစ်ကိုဖြစ်ဖြစ် ပြောပြီး ဂိုဏ်းတူ တူလေးချန်ရှို့နဲ့ သူ့ညီမကို ကောင်းကင်ခွင်းတောင်ထိပ်ကို ခေါ်ခိုင်းရမယ် ”
ဤသို့ သူ စိတ်မကောင်းဖြစ်နေစဉ်မှာပင် ကောင်းကင်ခွင်းတောင်ထိပ်သည် မြင်ကွင်းအတွင်း ဝင်လာသည်။
ကျိုးဝူသည် ဆရာတူညီမလေး၏ အဆောက်အဦသို့ ကြည့်လိုက်ရာ သူမသည် ကာကွယ်မန္တန်အစီအရင်အား နှိုးထားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမ အနားယူနေခြင်း ဖြစ်နိုင်ပေသည်။
“ နောက်မှ ဆရာတူညီမလေးဆီ စာအုပ်တွေပေလိပ်တွေ ထပ်ယူသွားပြီး ဂိုဏ်းတူ တူလေးချန်ရှို့ဆီ ပေးခိုင်းရမယ် ”
“ အင်း ... ကျမ်းစာဆောင်အကြီးအကဲနဲ့ တစ်ရက်လောက်တော့ စကားစမြည်ပြောဖို့ သွားဦးမှပါ။ သူ့လို နတ်ဝိဇ္ဇာအလောင်းအလျာလေးအတွက် စိတ်တည်ငြိမ်သုတ္တန်ကို နတ်ဝိဇ္ဇာအဖြစ်မတက်လှမ်းခင် ကြိုပြီးလေ့လာထားတာ ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး ”
“ ချုံတောင်လေး ... ”
“ ဂိုဏ်းတူညီလေး ချီယွမ်မှာ တပည့်လိမ္မာလေးရှိတာပဲ။ ငါတော့ သူ့ကိုအားကျမိတယ် ”
ကျိုးဝူသည် ခေါင်းခါယမ်း၍ သက်ပြင်းချကာ သူ၏အဆောက်အဦသို့ ပြန်သွားလေတော့သည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များကို အသက်သွင်းကာ ကုတင်ဆီသို့ သွားလိုက်သည်။ ထိုကုတင်ပေါ်တွင် ကျိုးရှစ်၏ ကိုယ်သင်းရနံ့လေးများ စွဲကျန်နေသေး၏။ ကုတင်ပေါ်တွင် သူသည် တင်ပျဉ်ခွေထိုင်ကာ စတင်၍ တရားထိုင်လိုက်လေသည်။
***
လီချန်ရှို့နှင့် ကျိုးဝူတို့ စကားပြောခဲ့သောညမှနေ၍ နှစ်ရက်ကြာခဲ့လေပြီ။
လီချန်ရှို့သည် ထိုဆရာဦးလေးက သူ့အား ပြဿနာရှာမည် မဟုတ်ကြောင်း နောက်ဆုံးတွင် သေချာသိခဲ့ရပြီ ဖြစ်သည်။
ထို့ကြောင့် လီချန်ရှို့ စိတ်သက်သာရာရသွားရသည်။ သူ၏ကျင့်ကြံသူဘဝတွင် ငြိမ်းချမ်းမှုပြန်လည်ရရှိလာပြီး အရာအားလုံးသည် ပြီးခဲ့သော နှစ်(၁၀၀)ကာလကအတိုင်း ပြန်လည်ရောက်ရှိခဲ့ချေပြီ။
ဆိုရလျှင် ထိုကိစ္စအားလုံးသည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်ကြောင့်သာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးကိုလည်း သူ ဖော်စပ်ပြီးပြီဖြစ်သည်။ အနိမ့််အမြင့် အတက်အကျများလည်း ပြီးဆုံးသွားခဲ့ပေပြီ။ လီချန်ရှို့သည် လုပ်ငန်းစဉ်သာမက ရလာဒ်ကိုပါ ကျေနပ်နေသည်။
နေ့လယ်ခင်း၌ လီချန်ရှို့သည် ဆေးဖော်ဆောင်သို့ သွားကာ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးတစ်လုံးအား သကြားအလွှာပါးပါးဖြင့် အုပ်လိုက်လေသည်။
လောလောလတ်လတ်တွင် လီချန်ရှို့သည် ပထမအဆင့်အတွက် လိုအပ်သည်များကို ပြုလုပ်ခဲ့ပြီးပြီဟု ဆိုနိုင်ပေသည်။
သူသည် သူ ဖော်စပ်ထားသော နတ်ဝိဇ္ဇာပျော်ဝင်ဆေး အပို(၁၁)လုံးအား ကြည့်လိုက်ပြီး သုံးပုံခွဲလိုက်လေသည်။ ထို့နောက် ၎င်းတို့အား ဂရုတစိုက် သိမ်းလိုက်၏။
လူအနည်းငယ်သာ ဤကဲ့သို့သော ဆေးလုံးများကို ဖော်စပ်လေသည်။ သို့သော် ၎င်းတို့သည် နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းရန် မျှော်လင့်ချက်မရှိသော်လည်း ကောင်းကင်ပြစ်ဒဏ်ကို ရှောင်ရှားကာ အသက်ရှည်ရှည်နေလိုသူများအတွက် ရတနာတစ်ပါးပင် ဖြစ်လေသည်။ အကယ်၍ လီချန်ရှို့က အခွင့်အရေးရခဲ့လျှင် လူစည်သောဈေးတစ်ခုသို့သွားကာ ၎င်းဆေးလုံးအနည်းငယ်ကို မန္တန်အစီအရင်များ၏အောက်ခြေအတွက် ပို၍အသုံးဝင်သော ပစ္စည်းများနှင့် လဲလှယ်မည် ဖြစ်သည်။
သို့သော် နှစ်လုံးကိုမူ ချန်၍ထားရမည် ဖြစ်သည်။
လီချန်ရှို့သည် သူ၏ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ရန် (၈၀) ရာခိုင်နှုန်း သေချာနေပြီဖြစ်ကြောင်း သိလေသည်။ သူဆက်၍ ကျင့်ကြံလျှင် ထိုရာခိုင်နှုန်းသည် ပို၍တက်လာပေမည်။
ဆရာတူညီမလေးသည်လည်း အလျင်အမြန်ပင် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းရမည့်အချိန်သို့ ရောက်လာလိမ့်မည်ကို သူ သိသည်။ သူမ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်မည့် ဖြစ်နိုင်ချေသည် (၆၀)ရာခိုင်နှုန်းနှင့် အထက်ရှိပေလိမ့်မည်။
သို့သော်လည်း ထိုအရာများကို ကံသေကံမ မပြောနိုင်ချေ။ အနာဂတ်တွင် ဖြစ်လာမည့်အကြောင်းများကို မည်သူမှ အတပ်မပြောနိုင်သည် မဟုတ်ပါလား။
အနည်းဆုံး သူသည် နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးများအား သိမ်ဆည်းထားပါက ကောင်းကင်ပြစ်ဒဏ်ကို မခံနိုင်ဖြစ်ပြီး အသတ်ခံလိုက်ရမည့် အန္တရာယ်ကို ကြောက်စရာလိုမည် မဟုတ်တော့ပေ။
လီချန်ရှို့အနေဖြင့် ဆရာတူညီမလေးအတွက်လည်း တစ်လုံးပို၍ သိမ်းထားရမည် ဖြစ်သည်။
ယင်းက သူမအား ဆရာအလိုရှိသည့်အတိုင်း အသက်ရှည်ရှည်နေနိုင်စေပေလိမ့်မည်။
တပည့်တစ်ယောက်နှင့် အစ်ကိုတစ်ယောက်အနေဖြင့် ၎င်းသည် သူတို့အတွက် လီချန်ရှို့ အများဆုံး လုပ်ပေးနိုင်သည့်အရာ ဖြစ်လေသည်။
နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးများအား ထပ်၍ကြည့်မိရာ လီချန်ရှို့သည် နောက်တစ်ကြိမ် အတွေးနက်သွားပြန်သည်။
‘ တကယ်လို့ ... တကယ်လို့လို့ပြောတာနော်... ဆရာက ပထမဆုံးပြစ်ဒဏ်ကိုတောင် မခံနိုင်လိုက်ဘူး ဆိုရင်ရော ... ပထမမိုးကြိုးမှာတင် ပြာဖြစ်သွားရင် ငါ ဘယ်လိုလုပ်ရမလဲ။ ပထမအဆင့်တော့ပြီးပြီ။ ငါ အဲဒါအတွက် အဖြေရှာနေတုန်း ဒုတိယအဆင့်နဲ့ တတိယအဆင့်အတွက် စီစဥ်ထားရမယ်။ ဆရာ ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်သွားပြီး ကောင်းကင်အပြစ်ဒဏ်ကိုခံယူပြီး သာမန်နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့ ’
လီချန်ရှို့သည် သက်ပြင်းချကာ မတ်တတ်ရပ်လိုက်ပြီး သကြားအုပ်ထားသည့် နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးကို အင်္ကျီလက်အတွင်းသို့ ထည့်လိုက်လေသည်။
အမွှေးတိုင်တစ်တိုင်စာကြာပြီးနောက် ...
လီချန်ရှို့သည် သူ၏ဆရာ အခန်းအောင်းကျင့်နေသော အခန်းရှေ့တွင် ရပ်နေလေသည်။ သူသည် လည်ချောင်းရှင်းလိုက်ပြီး တံခါးဝအား အရိုအသေပေးလိုက်ပြီး အော်ပြောလိုက်သည်။
“ ဆရာ ... ကျွန်တော် ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ မေးခွန်းနည်းနည်းမေးချင်လို့ပါ။ ဆရာအခန်းအောင်းကျင့်ကြံနေတုန်း အခုလို အနှောင့်အယှက်ပေးရတာ တောင်းပန်ပါတယ် ”
ခေတ္တမျှကြာသောအခါ သစ်သားတံခါးသည် ပွင့်၍သွားပြီး တာအိုရသေ့အိုကြီးချီယွမ်တစ်ယောက် ပြုံး၍ ထွက်လာလေသည်။ သူသည် လီချန်ရှို့အား လက်ဝှေ့ရမ်းပြလိုက်သည်။
“ လာလေ ရေကန်လေးဘေးကို သွားကြတာပေါ့။ ဒီနှစ်ပိုင်းအတွင်း ဆရာ မင်းကိုသင်ပေးဖို့ ပျက်ကွက်နေတယ် ”
လီချန်ရှို့သည် ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ချလိုက်လေသည်။
‘ အင်း ... ဆရာတံခါးထဖွင့်တာ မြန်တယ်။ သူ တရားထိုင်နေတာ မဟုတ်တာ သေချာတယ်။ အခု သူ့အတွက် တရားထိုင်ဖို့ပါ ခက်ခဲနေပြီလား။ ကြည့်ရတာ ကောင်းကင်ပြစ်ဒဏ်ကတော့ လာတော့မယ်ထင်တယ် ’
သူတို့သည် ရေကန်ဘေးရှိ မိုးမခပင်ကြီးအောက်သို့ ရောက်ရှိလာကြသည်။ ချီယွမ်သည် တရားထိုင်ခုံလေးနှစ်ခုကို ထုတ်ပြီး လီချန်ရှို့နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ချီယွမ်သည် နွေးထွေးသော လေသံဖြင့် ပြောလိုက်သည်။
“ ငါ့ကို မင်းကြိုက်တဲ့ မေးခွန်းမေးလို့ရတယ် ... မေး ”
ထို့နောက် ချီယွမ်၏ အကြည့်များသည် မှုန်မှိုင်းသွားသည်။ သူသည် သက်ပြင်းချကာ ပြောလိုက်သည်။
“ ငါ ဒီကောင်းကင်ပြစ်ဒဏ်ကိုသာ မကျော်လွှားနိုင်ဘူးဆိုရင် နောက်ဆို မင်းရဲ့မေးခွန်းတွေကိုဖြေနိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး ”
“ ဆရာ... ဆရာဘာတွေပြောနေတာလဲ... ”
လီချန်ရှို့ပြုံးလိုက်သည်။
“ ဆရာ ကောင်းကင်ပြစ်ဒဏ်ကို သေချာပေါက်ကျော်လွှားနိုင်မှာပါ ”
“ ဆရာအမြဲပြောတယ်လေ...ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ် ကြီးမြတ်တဲ့တာအိုတရားကြီးကပေးတဲ့ အခက်အခဲတွေ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်မှာလဲ ”
“ သေရမှာဒီလောက်ကြောက်တဲ့ကောင်က ဆရာ့ကို ဆရာလာလုပ်နေတာပေါ့လေ ”
ချီယွမ်သည် မျက်နှာထားတည်တည်ဖြင့် လီချန်ရှို့အား ဆူလိုက်သည်။
လီချန်ရှို့သည် သွားဖြဲပြလိုက်ပြီး စကားစဖြတ်လိုက်လေတော့သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအတွက် လိုအပ်သော မေးခွန်းများကို စတင်မေးလိုက်လေသည်။
လီချန်ရှို့၏ အစပိုင်း မေးခွန်းသုံးခုသည် သာမန်ပင်ဖြစ်သည်။ ထိုမေးခွန်းများသည် ဗလာနတ္ထိအဆင့်သို့ရောက်နေသော ကျင့်ကြံသူတိုင်း သိရှိမည့်မေးခွန်းများဖြစ်သည်။ ချီယွမ်သည် မေးခွန်းများအား အသေးစိတ်ပြန်၍ ဖြေကြားပေးလေသည်။
လီချန်ရှို့၏ စတုတ္ထမြောက်မေးခွန်းသည် အောက်ပါအတိုင်းဖြစ်၏။
“ ‘ဝိညာဉ်တစ်ခုသည် ၎င်း၏ဝိညာဉ်ထံသို့သာ ပြန်လာပြီး ကိုယ်ရောင်ကိုယ်ဝါတစ်ခုသည် ၎င်း၏ ကိုယ်ရောင်ကိုယ်ဝါထံသို့သာ ပြန်လေသည်။ ဓာတ်ကြီးငါးပါးသည် သံသရာလည်ကာ လောကကြီးကို စီစဉ်တကျ ဖြစ်စေသည် ’ ဆိုတာ ဘာအဓိပ္ပာယ်လဲဆရာ ”
ချီယွမ် တုံ့ဆိုင်းသွားသည်။ ထို့နောက် ရေကန်လေးဆီသို့ လျှောက်သွားကာ အတွေးနက်နေလေသည်။
လီချန်ရှို့သည် မရပ်ဘဲ မေးခွန်းသုံးခုကို ဆက်၍မေးလိုက်သည်။ ထိုမေးခွန်းများသည် သင်ရိုးတွင်မပါသည့် မေးခွန်းများဖြစ်လေသည်။ ထိုအချိန်တွင် ချီယွမ်သည် လီချန်ရှို့အား မည်သို့ပြန်ဖြေရမည်မှန်း မသိပေ။
လီချန်ရှို့သည် သူ၏ဆရာမျက်နှာပျက်စေရန် တမင်တကာမေးနေခြင်း မဟုတ်ပေ။ သူသည် သူ၏ဆရာအား ကျင့်ကြံခြင်းလမ်းစဉ်တွင် အတားအဆီးကြုံနေရပါက ထိုအခြားနည်းလမ်းအနည်းငယ် ရှိနေသေးကြောင်း ပါးပါးနပ်နပ် သတိပေးလိုခြင်းသာ ဖြစ်သည်။
လောလောဆယ်တွင် ချီယွမ်သည် ကောင်းကင်ပြစ်ဒဏ်အား ကျော်လွှားနိုင်မည့် ဖြစ်နိုင်ချေမှာ နည်းပါးနေကြောင်း ကိုယ်တိုင်ကောင်းစွာသိရှိပြီး ဖြစ်လေသည်။ သူသည် အခွင့်အရေးရှိခိုက်တွင် သူ၏တပည့်ကို အကောင်းဆုံးသင်ပြသွားခဲ့လိုသည်။ သူသည် ထိုမေးခွန်းများအပေါ် သူ၏နားလည်မှုကို လေးလေးနက်နက် စဉ်းစား၍ နေလေသည်။ သူ၏တပည့်ကို လမ်းမှားသွားစေ၍ မဖြစ်ချေ။
ချီယွမ်သည် တဖြည်းဖြည်း နက်နက်ရှိုင်းရှိုင်း တွေးတောမိနေလေသည်။
ခေတ္တမျှကြာသောအခါ ချီယွမ်သည် စိတ်အာရုံစုစည်းရန် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။
ထိုအရာ၏နောက်ဆက်တွဲအဖြစ် တာအိုရသေ့အိုကြီး၏ ဘေးပတ်လည်တွင် ပန်းပွင့်ဖတ်များ ပေါ်ပေါက်လာလေသည်။ ထိုအခြင်းအရာသည် ကောင်းကင်ပြစ်ဒဏ်ခံယူရန် နီးကပ်နေသူတို့တွင် မြင်ရတတ်သော သာမန်အခြင်းအရာတစ်ခုဖြစ်၏။
သို့သော် ချီယွမ်၏ဘေးပတ်လည်ရှိ ပန်းပွင့်ဖတ်များသည် အလွန်မှေးမှိန်လှသည်။ ပွင့်ဖတ်များ၏ ပုံရိပ်သည်လည်း မသဲကွဲချေ။
လီချန်ရှို့သည် သူ့ဆရာ၏ ဘေးပတ်ဝန်းကျင်တွင် ဆူညံသံပယ်အလွှာလေးတစ်ခုကို သတိထား၍ ဖန်ဆင်းလိုက်လေသည်။ ထို့နောက် သူသည် နောက်လှည့်ကာ ကိုယ့်ကိုယ်ကိုအလုပ်ပေးရန် သူ၏တဲဆီသို့ ပြန်သွားလေသည်။
ထိုဖြစ်စဉ်များသည် ဒုတိယအဆင့်၏ အဓိကအစိတ်အပိုင်းများ ဖြစ်သည်။ သူသည် သူ့ဆရာ၏ အရည်အချင်းများနှင့် ကြီးမြတ်သောတာအိုတရားအပေါ် နားလည်မှုများကို တတ်နိုင်သမျှ ကြိုးစားမြှင့်တင်ပေးရမည် ဖြစ်သည်။
‘ ကျွတ်...ဆရာ့ကိုသာ ငါရဲ့ခဏခဏရနေတဲ့ ဉာဏ်အလင်းပွင့်မှုနည်းနည်းလောက်သာ ပေးလို့ရရင် ကောင်းမယ် ’
လီချန်ရှို့သည် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ထိုအဆင့်အတွက် လိုအပ်သော ပံ့ပိုးပေးမည့် အစီအစဥ်များအား ပြင်ဆင်လိုက်တော့၏။
ဒုတိယအဆင့်အတွက် ပံ့ပိုးပေးမည့်အစီအစဥ်များသည် အံ့ဩဖွယ်ကောင်းပေသည်။
လီချန်ရှို့သည် တက္ကိဗေဒ အမှတ် ( ၂၃ ) ဟု မှတ်သားထားသည့် အိတ်တစ်ခုကိုထုတ်ယူလိုက်သည်။ ထိုအိတ်အတွင်းမှနေ၍ ( ၃ ) ချီ ရှည်သည့် ခရမ်းရောင်သစ်ချောင်းများနှင့် ( ၆ ) ချီရှည်သည့် ရောင်စုံသတ္တုချောင်း ခြောက်ချောင်းအား ထုတ်လိုက်သည်။ သူသည် ထိုအချောင်းများကို လျင်မြန်စွာ တပ်ဆင်လိုက်သည်။
မိုးကြိုးလွှဲချောင်းများသည် လျှပ်စီးဓာတ်မန္တန်အစီအရင်ဆင်ရာတွင် သုံးလေ့သုံးထရှိသည့် သာမန်ပစ္စည်းများပင် ဖြစ်သည်။ ယင်းတို့သည် မိုးကြိုးနှင့် လျှပ်စီးတို့ကို လွှဲပေးနိုင်လေသည်။
နတ်လျှပ်စီးခုနစ်သွယ် သတ္တုသည်လည်း လျှပ်စီးဓာတ်မန္တန်အစီအရင်တွင် သုံးသည့် သာမန်ပစ္စည်းများပင် ဖြစ်သည်။ ၎င်းတို့သည် မိုးကြိုးနှင့်လျှပ်စီးတို့၏ စွမ်းအင်ကို ထိန်းသိမ်းပေးနိုင်လေသည်။
လီချန်ရှို့ သိရသရွေ့ ကောင်းကင်ပြစ်ဒဏ်ခံရာတွင် ကျင့်ကြံသူများအား ပျက်စီးသွားစေသည့်အရာမှာ အများအားဖြင့် မိုးကြိုးနှင့်လျှပ်စီးတို့၏ စွမ်းအင်များ ဖြစ်ပေသည်။ ကြီးမြတ်သောတာအိုတရား၏ တိုက်ခိုက်မှုများသည် အစိတ်အပိုင်း အနည်းငယ်သာ ပါဝင်လေသည်။
အကယ်၍ သူသာ နှစ်ကြိမ်လွှဲပေးနိုင်သည့် မိုးကြိုးလွှဲချောင်းအား တည်ဆောက်နိုင်ခဲ့ပါက ကျင့်ကြံသူများအား ကောင်းကင်ပြစ်ဒဏ်၏ထက်ဝက်အထိ ခံနိုင်ရန် အကူအညီပေးနိုင်မည် ဖြစ်သည်။ မိုးကြိုးပစ်ချသည့်အခါတွင် မိုးကြိုးနှင့် လျှပ်စီးတို့၏ စွမ်းအင်ထက်ဝက်ကျော်ကျော်ကို ကျင့်ကြံသူတို့၏ ခန္ဓာကိုယ်အပြင်ဘက်သို့ လွှဲပေးနိုင်မည် ဖြစ်ရာ ယင်းက ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်ပြစ်ဒဏ်အား ကျော်လွှားနိုင်မည့် ဖြစ်နိုင်ချေများကို တိုးမြှင့်ပေးလေသည်။
ထို့ပြင် ယူဆချက်များအရ ယင်းသည် ကောင်းကင်ပြစ်ဒဏ်၏စွမ်းအား တိုးတက်လာမည်ကို မဖြစ်စေနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ လီချန်ရှို့ ကြိုးစားကြည့်ရပေမည်။
***